Monday, June 2, 2008

ခါးအရိုးနုပြားကျွံခြင်း

Prolapsed Disc (သို့) အရိုးနုပြားကျွံခြင်း

လူရဲ့ ကျောရိုးမကြီးဆိုတာ ကျောရိုးဆစ်ကလေးတွေ တစ်ခုနဲ့တစ်ခုဆက်ထားသလိုမျိုး ဖြစ်နေတာကိုသိကြပါလိမ့်မယ်။ အဲဒီကျောရိုးဆစ်ကလေးတွေ တစ်ခုနဲ့တစ်ခုကြားမှာတော့ အရိုးနုပြားလေးတွေရှိပါတယ်။ အရိုးနုပြားကလေးတွေက ၀ါရှာသဘောမျိုး ကျောရိုးဆစ်နှစ်ခုကြားမှာခံထားပေးခြင်းဖြင့် ကျောရိုးတွေရဲ့လှုပ်ရှားမှုကို လွယ်ကူစေပြီး ကျောရိုးဆစ်များပွန်းစားမှုကို သက်သာစေပါတယ်။ အရိုးနုပြားရဲ့ အပြင်ဖက်
(fibrous outer ring of disc) ဟာပိုမာပြီး အတွင်းဖက် (middle of disc) ကတော့ ဂျယ်လီလိုပျော့စိစိပါ။ ပုံကိုကြည့်ပါ။




အခန့်မသင့်ရင် အရိုးနုပြားရဲ့ အတွင်းဖက် ဂျယ်လီလိုအပိုင်းဟာ အပြင်ဖက်ကို ကျွံထွက်လာတတ်ပါတယ်။ ကျွံထွက်လာတဲ့ အပိုင်းက အနီးအ၀ိုက်မှာရှိတဲ့ အာရုံကြောတစ်ခုကို ဖိမိထားခြင်းကြောင့် ခါးနာခြင်း စသည့်လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။ အရိုးနုပြားကျွံတာများရင် များများနာပြီး ကျွံတာနဲရင် နဲနဲနာပါတယ်။

ဒီရောဂါဟာ အသက် ၃၀ - ၅၀ ကြား ယောက်ျားတွေမှာပိုဖြစ်တတ်ပါတယ်။ အလေးအပင်မခြင်းနဲ့ ဆိုင်တယ်လို့ဆိုပေမယ့် အခြားအကြောင်းအချက်များလည်း ပါဝင်နိုင်ပါတယ်။ အလေးမရတဲ့ အလုပ်တူတူလုပ်တာတောင် ဖြစ်ချင်တဲ့သူပဲဖြစ်တာပါ။ အနေအထားမမှန်စွာထိုင်ခြင်း (ကိုယ်ခန္ဓာကို ခွေခေါက်ထိုင်တာ)၊ အရှေ့ကိုကုန်းရာမှ အခန့်မသင့်သွားခြင်း၊ ၀ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စတာတွေလည်း ပါပါတယ်။ နှာချေတာ ကြမ်းကြမ်းချေရင်တောင်မှ အခန့်မသင့်ရင် အရိုးနုပြားကျွံနိုင်တယ်လို့ဆိုပါတယ်။

ရောဂါလက္ခဏာများ
၁။ ခါးနာခြင်း - ရုတ်တရက်ပိုပိုဆိုးတတ်ပါတယ်။ ခါးလှည့်လိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကြောင့် ပိုဆိုးပါတယ်။ ပက်လက်လှဲပြီး ခပ်စန့်စန့် အိပ်ချလိုက်ရင် သက်သာသွားတတ်ပါတယ်။

၂။ အာရုံကြောညပ်ခြင်း - တစ်ချို့လူတွေမှာတော့ ခါးနာတာထက် အာရုံကြောညပ်လို့ နာတာပိုဆိုးပါတယ်။ ကျနော်အပေါ်မှာပြောခဲ့သလို အာရုံကြောတစ်ခုခုကို အရိုးနုပြားကဖိမိတဲ့အခါ အဲဒီအာရုံကြောနဲ့ ဆိုင်တဲ့နေရာမှာ နာပါတယ်။ များသောအားဖြင့် ခြေထောက်ကိုသွားတဲ့ အာရုံကြောညပ်လေ့ရှိပြီး အဲဒီအာရုံကြောနဲ့ဆိုင်တဲ့ ခြေထောက် ပေါင်ရင်း၊ပေါင်နောက်၊ ခြေသလုံးနောက်၊ ခြေဖ၀ါး စသည်နေရာတို့မှာ နာပါတယ်။

၃။ အာရုံကြောညပ်ရင် နာတာအပြင် ညပ်တဲ့အာရုံကြောနဲ့ဆိုင်တဲ့ နေရာတွေမှာ ထုံတာ၊ ကျင်တာ၊ အားနည်းသွားတာ တွေလည်းဖြစ်တတ်ပါတယ်။

၎။ သတိထားရမယ့်အချက် - အပေါ်ကနာတာတွေအပြင် ရုတ်တရက် ဆီးသွားလို့မရတော့တာ၊ ၀မ်းသွားလို့မရတော့တာ မျိုးဆိုရင် ဆေးရုံကို တန်း ပြေးပါ။

၅။ အရိုးနုပြားကျွံသော်ငြားလည်း အာရုံကြောကိုသွားမဖိ ဘူးဆိုရင် ဘာရောဂါလက္ခဏာမျိုးမှ မပြပါဘူး။

များသောအားဖြင့်တော့ ကျွံထွက်နေတဲ့ အရိုးနုပြားဟာ တဖြည်းဖြည်းနဲ့ ကျုံ့ကျုံ့ ပြီး အထဲကိုပြန်ဝင်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့် တပါတ်ကနေ ၆ပါတ်ကြာတတ်ပါတယ်။ ၆ပါတ်ထက်ပိုပြီး နာနေရင်တော့ တမျိုးစဉ်းစားရပါမယ်။

သက်သာစေမယ့်ကုထုံးများ
၁။ များများသွားလာ လှုပ်ရှားပါ။ အရင်တုံးကတော့ ဒီလိုရောဂါမျိုးကို များများနားဖို့ ပြောကြပေမယ့် နောက်ပိုင်းတွေ့ရှိချက်များအရ လှုပ်လှုပ်ရှားရှားနေလိုက်ရင် နောက်ဆက်တွဲ နာတာရှည်ခါးနာရောဂါကျန်ခဲ့မယ့် ရာနှုန်းနည်းသွားတယ်ဆိုပါတယ်။ လှုပ်လှုပ်ရှားရှားနေတယ်ဆိုတော့ လှုပ်ရှားမှုကြောင့် နဲနဲတော့နာပါမယ်။ သို့သော်လည်း အလွန်တရာနာကျင်စေမယ့် ကိစ္စမျိုးကိုတော့ ဇွတ်မှိတ်မလုပ်ပါနဲ့။

၂။ သက်တောင်သက်သာ ဖြစ်စေမယ့် အိပ်ရာ၊ အနေအထားနဲ့ အိပ်ပါ။ အရင်ကတော့ ကြမ်းပြင် (သို့) မှို့ယာ အမာပေါ်မှာ အိပ်ခိုင်းပါတယ်။ အခုတော့ အဲဒီအယူအဆ ခေတ်မစားတော့ပါဘူး။

၃။ အကိုက်အခဲပျောက်ဆေးများ - ပါရာစီတမော အပါအ၀င် အကိုက်အခဲပျောက်ဆေးများ ကို ကိုယ်နဲ့ကိုက်ညီမယ့်ဆေးကိုသောက်နိုင်ပါတယ်။ နာမှသောက်မယ့်အစား ပုံမှန် တစ်ရက်ကို သုံးကြီမ်၊ လေးကြီမ်၊ စသည်ဖြင့် အညွှန်းအတိုင်း သောက်သင့်ပါတယ်။

၎။ ကြွက်သားတွေ အရမ်းတင်းနာနေရင်တော့ ကြွက်သားပျော့အောင် ဒိုင်ယာစီပင် တစ်ရက်၊နှစ်ရက်ခန့်သောက်နိုင်ပါတယ်။

၅။ လေ့ကျင့်ခန်းကုထုံးများ
physiotherapist, chiropractor, or osteopath for manipulation နဲ့လည်း ရောဂါကိုသက်သာအောင်လုပ်နိုင်ပါတယ်။

နောက်ဆုံးဘာနဲ့မှ မသက်သာဘူး၊ နာတာလည်း ကာလရှည်လာပြီဆိုရင်တော့ - ခွဲစိတ်မှုလုပ်ရပါမယ်။ ခွဲစိတ်တဲ့ ရည်ရွယ်ချက်ကတော့ ကျွံထွက်နေတဲ့ အရိုးနုပြားအပိုင်းကလေးကို ဖြတ်ထုတ်ပစ်လိုက်တာပါပဲ။



original content
http://www.patient.co.uk/showdoc/27000885/