Sunday, June 29, 2008

ဝါယောင်္ဂ၀ိဇ္ဇာ ဆြာဟ၀ှါ ၏ ထူးခြားဆန်းကြယ် ဖြစ်ရပ်မှန်

အခန်း ၁။ ဆြာဟ၀ှါ ၏ ပြဿနာများ

ဆြာဟ၀ှါ ဆိုသည်မှာကား အသက်လေးဆယ်ခန့် ရှိပြီဖြစ်ပြီး ကုမ္ပဏီကြီးကြီးတစ်ခု၏ မန်နေဂျာတစ်ဦးပင်ဖြစ်သည်။ သူ၏ ၀ိသေသမှာ စကားကို ဟိုဒင်း နဲ့ ဟ၀ှါ မပါအောင် မပြောတတ်ချေ။

“ဟေ့.. မောင်ဟိုဒင်းရေ.. မင်းမနေ့တုန်းက ဟ၀ှါပြုထားတဲ့ ဟိုဒင်းစာရင်းတွေ အဆင်သင့်ဖြစ်ပြီလားဟေ့.. တော်တော်ကြာ ဒီညနေ အစည်းအဝေးကျမှ ဟိုဒင်းဟ၀ှါတွေ တောင်မမှီမြောက်မမှီ ဖြစ်ကုန်ဦးမယ်”

ဤသို့ဖြင့် ရုံးရောက်ကာစ ကတည်းကပင် သူသည် ကိုဟိုဒင်းဟ၀ှါ ဟူသော နာမည်ပြောင်ကို တစ်ဦးတည်းမူပိုင် ရသွားလေသည်။ လုပ်သက်ကြာ၍ မန်နေဂျာအဆင့်သို့ ရောက်လာသော်လည်း ဒီနာမည်ပြောင်မှာ မတိမ်မြုပ်သွားပေ။ ယခုဆိုလျှင် မနေ့တနေ့ကမှ ရုံးရောက်လာသော လက်အောက်ငယ်သားများကပင် အများသံယောင်လိုက်၍ ဆြာဟ၀ှါ ဟုပေါ်ပေါ်တင်တင် ခေါ်ဝေါ်ကြလေ၏။ ကြာလာတော့လည်း တဖြည်းဖြည်းနဲ့ အောင်ကြီး ဆိုတဲ့ နံမည် အရင်းတောင် မေ့တေ့တေ့ဖြစ်နေပေပြီ။ ဗေဒင်ဆရာတစ်ယောက် ဟောဘူးတာကတော့ အောင်ကြီးဆိုတဲ့ သူ့နာမည်ကြောင့် ကက်ကင်းကျပြီး အိမ်ထောင်ရေးမှာ ဒုက္ခရောက်မယ်ဆိုလားပဲ။ သူ့အတွက်ကတော့ ဒီကိစ္စက ပြဿနာမဟုတ်ပါချေ။

သူ့အတွက် လောလောလတ်လတ် ဖြေရှင်းစရာ ပြဿနာ နှစ်ခုရှိနေသည်။ ပြဿနာနှစ်ခု အနက် တစ်ခုကိုကား အသိဥာဏ်ရှိသူ မည်သူမဆို မှန်ကန်အောင် ခန့်မှန်းနိုင်ပါသည်။ အသက်လေးဆယ်အရွယ် အလုပ်အကိုင်ရှိပြီး ၀င်ငွေကောင်းသော (အခြောက်မဟုတ်သော) လူပျိုကြီးတစ်ယောက်တွင် မည်သည့် ပြဿနာ ရှိပါသနည်း။ ဒီလောက်ဆို စာဖတ်သူလည်း ပထမ ပြဿနာကို ခန့်မှန်း၍ရလောက်ပြီ။ ဒါဆို ဒုတိယ ပြဿနာကကော ဘာလည်း။

ဒုတိယပြဿနာကတော့ သိမ်မွေ့နက်နဲသည်ပဲ ပြောရမလား၊ ရှုပ်ထွေး နက်ရှိုင်းသည်ပဲ ပြောရမလား၊ ထူးဆန်းအံ့ဖွယ်ဖြစ်သည်ပဲ ပြောရမလား သူ့ဖာသာသူ မသိချေ။ ဘယ်သူမျှ ယုံကြည်နိုင်ဖွယ်ရာမရှိ၍ ယခုအချိန်ထိ မည်သူ့ကိုမှ ပြောမပြဘူးချေ။ သူကိုယ်တိုင်ပင် ၄င်းအရာသည် ထူးဆန်းသည့် အတတ်ပညာတစ်ရပ်လား၊ ဆဌမအာရုံတစ်ခုလား ဝေေ၀၀ါးဝါးပင်။ သူဟာ အာရုံပေါက်နေသူတစ်ယောက်လား၊ မှော်အောင်နေသူတစ်ယောက်လား။ ကဲ.. စာဖတ်သူတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့။ ဇာတ်လမ်းက ဒီလို..


အခန်း ၂။ ဆြာဟ၀ှါနဲ့ ၀ါယောင်္ဂ၀ိဇ္ဇာ ပညာ

မောင်ဟ၀ှါသည် ငယ်စဉ်ကတည်းက ဂန္ဓာရုံဟုခေါ်သော အနံ့အာရုံကို အများထက်ထူးပြီး ကောင်းသူဖြစ်သည်။ ဥပမာ သာမန်လူတို့သည် အိမ်ရှေ့ခန်း၌ထိုင်နေစဉ်ပင် နောက်ဖေးမီးဖိုချောင်တွင် ဘာဟင်းချက်နေသည်ကို အနံ့ခံ၍ခွဲနိုင်ကြသည်။ မောင်ဟ၀ှါသည်ကား ရပ်ကွက်ထဲ လမ်းလျှောက်သွားလျှင်ပင် ဘယ်အိမ်က ဘယ်ဟင်း ချက်သလဲကို လမ်းပေါ်မှပင် တိတိကျကျ ပြောနိုင်ပါသတဲ့။ ဤကဲ့သို့ အနံ့ခံအာရုံကောင်းခြင်းကို မောင်ဟ၀ှါသည် ဂုဏ်လည်းယူသည် တန်ဖိုးလည်းထားလေသည်။ ဒီလိုနဲ့ ကိုဟ၀ှါဘ၀ ရောက်သောအခါတွင်လည်း အနံ့အာရုံ နှင့်ပါတ်သက်ပြီး ပို၍တိုးတက်လာအောင်လည်း တတ်သမျှ မှတ်သမျှ လေ့ကျင့်လေတော့သည်။ လောကဓါတ်တခွင် ရှိသော အနံ့အမျိုးမျိုးကို အချိန်အားရှိသရွေ့ စူးစမ်းဖေါ်ထုတ်လေသည်။ ရေမွှေးနံ့၊ စီးကရက်နံ့၊ မိတ်ကပ်နံ့၊ ကြက်သားဟင်းနံ့၊ ငပိရည်နံ့ စသည်တို့ကိုပင် အမျိုးအစား အမျိုးမျိုး ခွဲခြားသိနိုင်လာသည်။ ဤသို့ဖြင့် ရက်ကိုလစား၊ လကိုနှစ်စား သောအခါ ဆြာဟ၀ှါဘ၀သို့ရောက်လေပြီ။ အသက်ကလေးက စကားပြောလာပြီဖြစ်သဖြင့် ငယ်ငယ်တုန်းကလို ရေမွှေးနံ့တွေအစား လူတွေရဲ့အနံ့ကို ပို၍စိတ်ဝင်စားလာလေသည်။

အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ ဆိုတဲ့ စကားပုံတောင်ရှိတာပဲ။ ငါလည်း လူတွေရဲ့ အနံ့ကို အခြေခံပြီး ဒီလူရဲ့ အတွင်းသဘောကို သိအောင်လုပ်နိုင်ရမယ် ဟု သံဓိဌာန်ချပြီး လူအမျိုးမျိုးရဲ့ အနံ့ အထွေထွေနဲ့ အဲဒီလူတွေရဲ့ အတွင်းစိတ်ကို ဖေါ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ သို့သော်လည်း လူတို့မည်သည် အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချေးခံ ဆိုသည့်အတိုင်း သူတို့၏ ပကတိ အတွင်းရနံ့ကို မပေါ်အောင် ဆပ်ပြာ၊ ရေမွှေး၊ ဘော်ဒီစပရေး၊ စသည့် ပြင်ပ အမွှေးနံ့သာများ ဖြင့် လှိုင်လှိုင်ဖုံးကြသောကြောင့် လူတွေရဲ့ ပကတိသဘောကို ပကတိအနံ့မှ တဆင့် ခွဲခြမ်းလေ့လာချင်သော ကျနုပ်တို့၏ ဇာတ်လိုက်ကြီး ဆြာဟ၀ှါအတွက် များစွာ ခက်ခဲမှုများ ဖြစ်စေလေသည်။

သို့သော်.. လိုလျှင်ကြံဆ နည်းလမ်းရ ပင်တည်း။ နောက်ဆုံးတွင်တော့ ဆြာဟ၀ှါသည် လူတို့၏ အတွင်းရနံ့၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားလေတော့သည်။ သူ၏ ရှာဖွေတွေ့ရှိချက်ကို ဆြာဟ၀ှါတစ်ယောက် မည်သူ့ကိုမှမပြောပဲ လျှို့ဝှက်ထားခဲ့သည်။ နောင်နှစ်ပေါင်းများစွာ ဆြာဟ၀ှါ မကွယ်လွန်မီ အင်တာဗျူးတစ်ခုတွင်မှ ဤသို့ဖြေဆိုခဲ့လေသည်။

“လူတွေရဲ့ ဟ၀ှါအတွင်းစိတ်ဆိုတာ ဟိုဒင်းရင်ညွန့်နားက ဟဒယနှလုံးအိမ်မှာ တည်တာပဲကွ။ ဒီတော့ အဲဒီ ဟ၀ှါဟဒယကို ပွတ်သပ်ထိမိလာတဲ့ ၀ါယောဓါတ်ဟာ ဟိုဒင်းအတွင်းစိတ်ရဲ့ ဟ၀ှါရနံ့ကို ရာနှုန်းပြည့် သယ်ဆောင်လာတာပေါ့ကွာ။”

“အဲဒီ ၀ါယောဓါတ်ကို ဘယ်လိုရမလဲ မိန့်ပါဦး ဆရာကြီး”

“ရင်ညွန့်နားက ဟိုဒင်းဟဒယကို တိုက်ရိုက်ပွတ်သပ်ထိ လာတဲ့ ဟ၀ှါ ၀ါယောဓါတ်ဟာ အစာအိမ်၊ အူသိမ်၊ အူမတို့ကို ဖြတ်ပြီး ဟိုဒင်း စအိုဝကနေ နောက်ဆုံးထွက်လာတော့ ဟ၀ှါ လေလည်တာလို့ခေါ်တာပေါ့ကွာ။ ရှင်းရှင်းပြောရရင်တော့ ဟ၀ှါ မင်းတို့ပြောပြောနေတဲ့ ဟိုဒင်း အီးပေါက်တာပေါ့ကွာ”

“အင်.. ဒါဆို ဆရာကြီးရဲ့ ပညာက အီးရှူပြီး လူတွေရဲ့ စိတ်ကိုသိအောင်လုပ်တာပေါ့နော်”

“ဟုတ်ပါ့ မောင်ဟိုဒင်းရာ.. ဒါကြောင့်လည်း ဟ၀ှါ ဒီပညာကို ၀ါယော နဲ့ အင်္ဂါဝိဇ္ဇာ ပေါင်းထားလို့ ၀ါယောင်္ဂ၀ိဇ္ဇာ လို့ ခေါ်ပေတာပေါ့ကွဲ့”


အခန်း ၃။ ဆြာဟ၀ှါ၏ အိမ်ထောင်ဖက် ရွေးခန်း

ထားပါတော့။ အတိတ်အကြောင်းကို ပြန်ဆက်ရရင် ဆြာဟ၀ှါတစ်ယောက် အီးမှော်အောင်သွားတာနဲ့ သူ့ရဲ့ ပထမပြဿနာဖက်ကို ခြေဦးလှည့်လာပြန်ရော။ အသက်လေးဆယ်ကျော်ပြီလေ၊ ဆေးပေးမီးယူ ကြင်သူသက်ထား တိုင်ပင်ဖေါ်တိုင်ပင်ဖက် ဇနီးမယားတစ်ယောက်တော့ ရှာဦးမှ။ အစွယ်ရှိသောသူသည် အစွယ်ကိုအားကိုးသည်၊ လက်နက်ရှိသောသူသည် လက်နက်ကိုအားကိုးသည်၊ ဆြာဟ၀ှါသည်ကော ဘာကို အားကိုးမည်နည်း။ ဟုတ်ပါသည်.. ဆြာဟ၀ှါသည် သူကျွမ်းကျင်ရာ ၀ါယောင်္ဂ၀ိဇ္ဇာ ကို အခြေခံ၍ သူ့အတွက် သတို့သမီးလောင်းကို ရှာလေတော့သည်။ မျက်မှန်းတည့်ရာ ရုံးက စာရေးမတွေနား ကုန်းကုန်းဖြင့် ဟဒယအနံ့ အရှာကောင်းသောကြောင့် ခဏခဏ အတိုင်ခံရပြီးလေပြီ။ တစ်နေ့ကလည်း ဈေးထဲမှာ ရလိုက်တဲ့ ဟဒယအနံ့ကောင်းလေး တစ်ခုကို ကုန်းကုန်းကွကွ နှာခေါင်းလေး တမမနဲ့ရှာနေတုန်း..

“ရှင်..ရှင်.. ကုန်းကုန်း ကုန်းကုန်းနဲ့ ဘာလုပ်နေတာလဲ.. လူကြီးက င်္သချိုင်းကုန်းတောင် ခြေနှစ်ဖက်လုံးရောက်နေပြီ.. ၀ါသနာကိုက..” ဘာညာနဲ့ ၀ိုင်းတွယ်လိုက်တာ ထိပ်ပေါက်ခေါင်းကွဲကို ဖြစ်လို့။

ဒီလိုနဲ့ပဲ ဆြာဟ၀ှါလည်း သူရဲ့ ကြုံတိုင်းရှူ နည်းဗျူဟာကို စွန့်လွှတ်လိုက်ပါတယ်။ လူကြီးလူကောင်းပီပီ ဣနြေ္ဒရရပဲ ရှာပါတော့တယ်။ ကိုယ်စိတ်ဝင်စားတဲ့ အပျိုကြီးတွေအိမ်ကို အလည်သွားတာပါ။ တပါတ်မှ တအိမ် နှစ်အိမ်လောက်ပဲ ရောက်နိုင်ပေမယ့် ဒီနည်းက တော်တော် အလုပ်ဖြစ်ပါတယ်။ သူ့အတွက် အဖြေမရမချင်း မျက်နှာပြောင်တိုက်ပြီး မပြန်ပဲနေရုံပဲ။ မိန်းမဆိုတာမျိုးကလည်း တစိမ်းယောက်ျားရှေ့မှာ တော်ရုံနဲ့တော့ လေလည်လေ့မရှိဘူး။ ဒီတော့ နည်းနည်းတော့ စိတ်ရှည်ရတာပေါ့။ အဲ.. အားတက်သရော ကြိုးစားလိုက်တာ ပြီးခဲ့တဲ့လမှာ အပျိုကြီး ငါးယောက်ကို လေ့လာပြီးသွားပါပြီ။ ၀ါယောင်္ဂ၀ိဇ္ဇာ အရ တစ်ယောက်မှ မရွေးဖြစ်ပါဘူး။ ဒီမိန်းမကြီးတွေ အပြင်မှာတော့ လှတပတနဲ့ အတွင်းစိတ်တွေက တယ်ပုပ်သကိုး။

ဒီနေ့တော့ ရုံးပိတ်တယ်။ ရေလာမြောင်းပေးနေတဲ့ အပျိုကြီးတစ်ယောက်က အိမ်မှာ နေ့လည်စာ လာစားပါလို့ ချိန်းထားတယ်။ အိမ်ရောက်တော့ အပျိုကြီးက ထမင်း ဟင်းတွေ ချက်ပြီးတဲ့ အပြင် ရေမိုးချိုး သနပ်ခါးလိမ်း မှုံနံ့သာတောင် ချယ်ကာသပြီးနေပြီ။ မီးဖိုထဲက ဟင်းအနံ့လည်း ရနေတယ် .. ငါးရံ့အူဆီပြန် ပဲ.. ကောင်းလေစွ။ ဗိုက်ထဲ တကြုပ်ကြုပ်ဆာနေတာတောင် အိမ်ရှင်က မဟသေးတော့ ဧည့်ခန်းထဲက ရေနွေးကြမ်းပဲ လှိမ့်သောက်နေရတယ်။ အပျိုကြီးကတော့ ဆက်တီခုံမှာထိုင်ရင်း ကြောင်တစ်ကောင်ကို ပေါင်ပေါ်တင် ပွတ်သီးပွတ်သပ်လုပ်ရင်း ဆြာဟ၀ှါနဲ့ အလာပ သလာပ တွေပြောနေလေရဲ့။ အပျိုကြီးတွေ ကြောင်ချစ်တတ်တယ်ဆိုတာ တကယ်ပါလား။ ကြောင်ကိုတောင် ဘာမဆိုင် ညာမဆိုင် သ၀န်တိုပြီး ဘုကြည့်ကြည့်တော့ ကြောင်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။

ဒီအချိန်မှာပဲ လွန်စွာမှ အပြစ်ကင်းတဲ့ ဟဒယရနံ့ကို ဆြာဟ၀ှါတစ်ယောက် ရှူရှိုက်လိုက်ရပါတယ်။ ရိုးသားသန့်စင် ဖြူစင်သန့်ရှင်း ဟန်ဆောင်မှုကင်း မုသားမဆို သစ္စာလည်းရှိ .. အို အင်မတန်ကို ကောင်းလွန်းနေပါလား။ ဒါဟာ ငါ့ဆီကမဟုတ်ရင် အပျိုကြီးဆီကပဲ.. ဟုတ်ပါတယ်.. ငါးဟင်းနံ့လေးတောင် နဲနဲသင်းနေသေးတယ်.. ကြည့်စမ်း.. ညင်သာလိုက်တာ.. အသံတောင် မထွက်လိုက်ဘူး.. မျက်နှာကိုလည်းကြည့်ပါဦး.. ဣနြေ္ဒတချက်မပျက်ဘူး.. အဲဒါပေါ့.. ပညာရဲ့ရင့် ပွဲလယ်တင့်ဆိုတာ.. ။

ဆြာဟ၀ှါကတော့ အပျိုကြီးကို တော်တော် အထင်ကြီး လေးစားပြီး သကာလ.. ကဲ ကဲ .. စာဖတ်သူများ သဘောပေါက်လောက်ပါပြီ.. သူတို့နှစ်ယောက် ညားသွားကြတယ် ဆိုပါတော့။ (မင်္ဂလာဆောင်ဖိတ်စာမှတော့ နာမည်အရင်း အောင်ကြီး နဲ့ပဲ ထည့်ပါတယ်။ ။စကားချပ်)


အခန်း ၄။ ဇာတ်သိမ်း

မင်္ဂလာဆောင်ပြီး တစ်ပါတ်လောက် အကြာမှာတော့ လင်မယား နှစ်ယောက် တီဗွီထိုင်ကြည့်နေစဉ်မှာ ဆြာဟ၀ှါတစ်ယောက် အင်မတန် ဆိုးဝါး ဖေါက်ပြား လိမ်ညာ ကောက်ကျစ်တဲ့ ဟဒယအနံ့ကို ရပြန်ပါတယ်။ ဟေ.. ဘယ့်နှာကြောင့် ငါ့မိန်းမ အကောင်းစား ကနေ ဒီလောက်ဆိုးဝါးလှတဲ့ လေလည်နေရတုန်း။ ဒီမေးခွန်းကို ဆြာဟ၀ှါမဖြေတတ်တော့ပါဘူး။ အဲဒီအချိန်ကနေစပြီး နောက်ပိုင်း သူ့မိန်းမလည်သမျှ လေတိုင်းဟာ ၀ါယောင်္ဂ၀ိဇ္ဇာ အရ အင်မတန်ဆိုးဝါးပါတယ်။ အပြင်လောကမှာလည်း သူ့မိန်းမဟာ တကယ်ကို သြချလောက်အောင် ဆိုးရွားပါတယ်။ ဆြာဟ၀ှါလည်း မိန်းမဆိုးသမျှကို မခံနိုင်တဲ့ အဆုံး လူဝတ်ကြောင်ကို စွန့် ရသေ့ဝတ်ပြီး ဗိဿခေတ္တရာ တောအုပ်ထဲမှာ တစ်ကိုယ်တည်း နေပါတော့သတဲ့။ အဲ.. ၀ါယောင်္ဂ၀ိဇ္ဇာ ပညာကိုလည်း စိတ်နာပြီး ဒီတသက် အသုံးမပြုတော့ပါဘူးတဲ့။


နောက်ဆက်တွဲ

ဗိဿခေတ္တရာအပိုင် ရန်ပယ်ချောင်း တ၀ိုက်မှာ ရံဖန်ရံခါ ရသေ့အိုကြီးတစ်ယောက်ကို တွေ့ရတတ်ပါသတဲ့။ ကြေးစည်ကို တနောင်နောင်ထုပြီး လူအများ နားမလည်သော ဂါထာလိုလို အတိတ်တဘောင်လိုလို အောက်ပါ စာသားကိုရွတ်တတ်ပါသတဲ့။

အိမ်း.. အောင်ကြီး.. အောင်ကြီး.. ကြောင်အီး ကြောင့် ဟိုဒင်း အိမ်ထောင်ရေး ဒုက္ခရောက်မယ်လို့ ဟ၀ှါ ဆရာသမားတွေ ပြောထားတာကို ဟိုဒင်းက ဂရုမှမစိုက်တာကိုး.. ကြောင်အီး.. ကြောင်ရဲ့အီး.. ကြောင်ရဲ့အီးကြောင့် ငါမှားခဲ့ပါပေါ့..အိမ်း..