Friday, May 30, 2008

အော်လံတိုနှင့် တုံတုံယမ်း စွန့်စားခန်းကြီး

အခန်း (၁)

... တုံ တုံ တုံ... တုံ တုံ တုံ...

အဝေးကလွင့်ပျံလာသော အသံက သူ့ကို လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။ ဒီကျွန်းကို ရောက်နေတာ တစ်လလောက် ကြာသွားပြီဆိုတော့ ဒီအသံကို အော်လံတို တစ်ယောက် နားရည်ဝနေပါပြီ။ ထုံးစံအတိုင်း “တုံတုံယမ်းမ” တွေ ဗုံတီးကခုန် နေကြတာနေမှာပါ။

တောင်ပစိဖိတ် သမုဒ္ဒရာ ထဲက ပေါ်လီနီးရှမ်း ကျွန်းစုကို လက်ထပ်ပြီးစ ချစ်သူနဲ့ အတူ ပျားရည်ဆမ်းခရီး ထွက်လာရင်းနဲ့ သဘောင်္ပျက်ပြီး ပင်လယ်ထဲမှာ ယက်ကန်ယက်ကန် နဲ့ လက်ပစ်ကူး၊ ဖားကူး၊ ခွေးကူး၊ ၀က်ကူး တတ်သမျှ မှတ်သမျှ နည်းမျိုးစုံနဲ့ ဇနက္ကမင်းသား ထုံးနှလုံးမူပြီး လက်ဦးတည့်ရာ ကူးနေရင်း သုံးရက်လောက်အကြာ ခြေကုန်လက်ပန်းကျ သတိလစ်သွားပြီး နိုးလာတော့ ဒီကျွန်းကိုရောက်နေခဲ့တာ။

သတိပြန်လည်လာကစ မျက်စေ့နှစ်လုံးပွင့်တော့ စတွေ့လိုက်ရတာက ဖြူနီညိုနက်မိန်းမလှလေးတွေ။ အုန်းရွက်ဘီကနီ ဆင်မြန်းထားတဲ့ မိန်းကလေးတွေကတော့ သူသတိပြန်ရလာတာ မြင်တာနဲ့ ၀မ်းသာ အားရ သူနားမလည်တဲ့ စကားတွေပြော၊ ဗုံတွေတီးပြီး သောင်ပြင်ဖြူလွလွပေါ်မှာ ကခုန် ကြပါလေရောလား။ ကိုယ့်ကိုယ်ကိုတောင် သေပြီး နတ်ပြည်ရောက်လာပြီလို့ ထင်နေတာ။ အင်း.. သူတို့ပြောနေတာက နတ်ပြည်မှာသုံးတဲ့ မာဂဓ ဘာသာစကား ပဲဖြစ်ရမယ်။ ကြည့်လေ.. တစ်ကျွန်းလုံးမှာ ယောက်ျားဆိုလို့ သူတစ်ယောက်ထဲပဲ။ ကျန်တာကတော့ အရွယ်စုံ၊ ဆိုက်စုံ၊ အရောင်စုံ။ တစ်ယောက်တစ်မျိုး မြန်မာမ၊ တရုတ်မ၊ ကုလားမ၊ ဘိုမ၊ နီဂရိုးမ ခပ်ဆင်ဆင်တွေ ကာလာစုံ၊ တစ်ကျွန်းလုံးပေါင်းရင် လေး ငါးရာ လောက် ရှိမယ်။ ဟုတ်တယ်.. ဒါဟာ နတ်ပြည်ပဲ ဖြစ်ရမယ်။ ငါ့နှယ် အသေနောက်ကျလှချည်ရဲ့ လို့တွေးရင်း ကောင်မလေးတစ်ယောက် လာချပေးသွားတဲ့ အုန်းစိမ်းဘီယာကို သောက်ရင်း ပြန်အိပ်ပျော်သွားခဲ့တယ်။

အနီးကပ်ပြုစုမှု၊ ကောင်းပေ့ဆိုတဲ့ အစားအသောက်များနဲ့ အစွမ်းထက်တဲ့ ဆေးဝါးများကြောင့် နောက်တစ်ရက်နှစ်ရက် အတွင်းမှာတော့ အော်လံတို တစ်ယောက် ပုံမှန်အတိုင်းပြန်လည် ကျန်းမာ သန်စွမ်းလာခဲ့ပါသည်။ သူ့အမေက ကိုယ်ဝန်ရှိစဉ်တုန်းက အော်လံ (အော်ပီကျယ်) အတို ကလေးတစ်ခု ကောက်ရတယ်လို့ အိပ်မက်လို့ သူ့ကို ဒီလို အမည်သညာ မှည့်ခေါ်ခဲ့ပေမဲ့ အော်လံတိုမှာ နာမည်နဲ့မလိုက်စွာ ထွားထွားကြိုင်းကြိုင်း ထောင်ထောင်မောင်းမောင်း ဖြစ်ပေ၏။ နေလောင်သဖြင့် တဖြည်းဖြည်း ကြေးနီရောင်သန်းလာသော သူ့အသားအရည်၊ ဆားဓါတ်ပါသော ပင်လယ်လေကြောင့် ခပ်ကြမ်းကြမ်း အရိုင်းဆန်ဆန်ဖွာလန်ကျနေတဲ့ ဆံပင်များ နှင့် ယောက်ျားပီသသော သူ့ရဲ့ခန္ဓာကိုယ် ကိုတော့ တုံတုံယမ်း မများအရမ်းနှစ်သက်နေတာ ကတော့သူ့ကိုယ်တွေ့ပင်။

တစ်နေ့ ပင်လယ်ထဲ ရေဆင်းကူးရင်း ငါးပူတင်း အတွတ်ခံရကတည်းက ဒါဟာနတ်ပြည်စစ်စစ်တော့ မဟုတ်နိုင်ဘူးဆိုတာ သူသဘောပေါက်သွားခဲ့ပါတယ်။ နတ်ပြည်မှာ ငါးပူတင်းတော့ မရှိလောက်ဘူး။ ဒါပေမဲ့လည်း အခုလိုမျိုး စားချင်ရင်စား၊ အိပ်ချင်ရင်အိပ်၊ လုပ်ချင်တာလုပ်နဲ့ လက်ညိုးညွှန်ရာ ရေဖြစ်နေတဲ့ ကျွန်းပေါ်မှာနေရတာကိုပဲ အော်လံတိုတစ်ယောက် ယစ်မူးနေခဲ့ပါပြီ။ အထူးသဖြင့် ညဖက်တွေဆို ဗုံတွေကို တတုံတုံတီးပြီး လှုပ်ယမ်းကခုန်တတ်တဲ့ ကျွန်းသူတွေကိုတော့ တုံတုံယမ်းမတွေ လို့ သူ့ဟာသူ ကင်ပွန်းတပ်ထားပါတယ်။ မိန်းမများသာရှိတဲ့ ဒီကျွန်းမှာ ဘယ်လိုများ မျိုးဆက်ပြန့်ပွား ကြပါလိမ့်ဆိုတဲ့ ပဟေဠိဟာ သူရောက်ပြီး သုံးရက်မြောက်နေ့မှာပဲ သူ့ဖာသာ ဖြေရှင်းပြီးသား ဖြစ်သွားပါတယ်။ သြော်.. ဂလိုကိုး.. အရင့် အရင်ကလည်း သဘောင်္ပျက်တဲ့ ယောက်ျားတွေ ရှိခဲ့ဘူးမှာပဲ။ အခုတော့ သူကိုယ်တိုင် တစ်တပ်တစ်အား ၀င်နွဲနေရပြီလေ။ အင်တာနက် နဲ့ မိုဘိုင်းဖုန်း မရှိတဲ့ ဒီကျွန်းပေါ်မှာ အားအားရှိ ဆားငန်ရေ ချည်းပဲလှိမ့်သောက်တာ အခုလောက်ဆို ကမ္ဘာ့ စံချိန်တောင် ကျိုးနေလောက်ပြီ။ အိမ်း.. ငါဟဲ့ယောက်ျား... ။

ဒီနေ့တော့ သူဒီကျွန်းကိုရောက်နေတာ မှတ်မှတ်ရရ တစ်လတိတိရှိခဲ့ပါပြီ။ ဗုံသံနဲ့ အတူနိုးလာတဲ့ သူ့အနားကို တုံတုံယမ်းမတွေ ခဏအတွင်းရောက်လာပြီး တစ်ကိုယ်လုံးကို ပျားရည်နဲ့ နှိပ်နယ်ပေးပါတယ်။ ကပ်စီးစီး ယားကျိကျိ ဖြစ်ပေမယ့် ခံကောင်းကောင်းနဲ့ ငြိမ်ခံနေတာ တစ်နာရီလောက်တောင်ကြာသွားတယ်။ တစ်ကိုယ်လုံး ပျားရည်နှံ့တာနဲ့ တုံတုံယမ်းမ ခြောက်ယောက်က သူ့ကို ထမ်းပြီး တဲအပြင်ထုတ်သွားပါတယ်။ အင်း... ငါ့ကိုဘယ်လိုများ ပြုစုကြဦးမလို့လဲ ဆိုပြီး မျက်လုံးလေးမှိတ်၊ စိတ်ကူးယဉ် ပြီး တုံတုံယမ်းမများ ပင့်ဆောင်ရာကိုလိုက်သွားပါတယ်။

မီးခိုးနံ့တွေရပြီး အပူရှိန်ဟပ်လာတော့မှ မျက်စေ့ကိုယောင်ယမ်း ဖွင့်ကြည့်လိုက်တော့.. အားလားလား... နဲတဲ့မီးပုံကြီးမဟုတ်ဘူး... မီးပုံဘေးမှာထောင်ထားတာက တံစို့ကြီးတစ်ခု၊ တစ်သက်နဲ့တစ်ကိုယ် အော်လံတို ဘ၀မှာ အကြီးဆုံးမြင်ဘူးတဲ့ တံစို့။ ဗုံသံတွေကလည်း ဆူညံလို့။ အောင်မငီး... မိုးနတ်မင်းကယ်ပါ၊ ယောက္ခမဖက်က နတ်များကယ်ပါ။ ကျောချမှ ဓါးပြမှန်းသိတယ်... ကျုပ်ကို တစ်ကိုယ်လုံး ပျားရည်သုတ်ပြီး ဘဲလိုကင်ကြတော့မလို့ကိုး.. လူရိုင်းဆိုတာ လူရိုင်းပဲ.. မျက်စေ့ထဲမှာလည်း ငယ်ငယ်ကကြည့်ခဲ့ဘူးတဲ့ လူရိုင်းကားတွေမြင်ယောင်ပြီး ကျောရိုးထဲစိမ့်လာပြီး ရှူရှူးများတောင် ထွက်ကြလာပါတယ်။ မဖြစ်ဘူး.. ငါ့ဘ၀ ရေတိမ်နစ်တော့မယ်.. ပြေးမှ။

မည်သို့မည်ပုံ ပြုလုပ်လိုက်သည်မသိ ကျနုပ်တို့ရဲ့ ဇာတ်လိုက်ကြီးမှာ အခုတော့ တုံတုံယမ်းကျွန်းနှင့် ဝေး ရာ ပင်လယ်ထဲတွင် ရေပြန်ကူးနေလေပြီ။ တစ်လတိတိ တုံတုံယမ်းမများနှင့် ဝေလေလေ လုပ်နေခဲ့တဲ့ ဒါဏ်တွေကြောင့် မကြာမှီအချိန်အတွင်းမှာ အော်လံတိုတစ်ယောက် သက်လုံမစေ့တော့ပဲ မေ့မျော သွားခဲ့ပါသည်။


အခန်း (၂)


မှုန်ဝါးဝါးကနေ တဖြည်းဖြည်း အမြင်ကြည်လင်လာတော့ တွေ့လိုက် ရတာကတော့ သူရဲ့ပူပူနွေးနွေး လက်ထပ်ထားတဲ့ ပျားရည်ဆမ်းဇနီးလေး။ ပျားရည်ဆိုလို့ တုံတုံယမ်းမတွေကို ပြန်သတိရပြီး ကျောချမ်းသွားသေးတယ်။ အခုတော့လည်း အားလုံးပြီးသွားပါပြီ။ လုံခြုံစိတ်ချရတဲ့ ပင်လယ်ကူး သဘောင်္ကြီး တစ်စီးပေါ်ပြန်ရောက်နေပါပြီ။

“၀မ်းသာလိုက်တာ တိုတိုရယ်... မသေကောင်း မပျောက်ကောင်း..”
“အချစ်ရယ်... တိုလည်း တိုတို့နှစ်ယောက် သေကွဲကွဲ ပြီထင်နေတာ..”

အော်လံတိုကို သူ့ဇနီးက တိုတို ဟုအဖျားဆွတ်ခေါ်ခြင်းက အနည်းငယ် ရယ်စရာကောင်းနေသည်မှ အပ ချစ်သူနှစ်ဦးပြန်ပေါင်းခန်းကတော့ ဆွတ်ပျံ့ဖွယ်ကောင်းလှပါသည်။ နှစ်ဦးစလုံးရဲ့ ဘယ်ဖက်ပါးပြင်တွေကနေ မျက်ရည်များစီးကျ နေသော်လည်း နှစ်ယောက်လုံးမှာ အပြုံးပန်းများလှိုင်လှိုင် ပွင့်နေကြပါသည်။ အော်လံတိုလည်း လွန်လေပြီးတဲ့ မင်းတုန်းမင်း စည်းစိမ်ကို မေ့ပျောက်သွားပါပြီ။ လူအများ ရှေ့တွင်ဖြစ်သော်လည်း တစ်ဦးကိုတစ်ဦး တင်းတင်းကြပ်ကြပ် ဖက်ထားကြပါသည်။ နှစ်ဦးစလုံး အသက်ရှုနဲနဲ ကြပ်လာသော အချိန်လောက်ကြမှ ဖက်ခြင်းကိစ္စဆုံးခန်းတိုင် သွားပါသည်။ မဒမ်တိုက ရှက်တွန့်တွန့် မျက်နှာလေးနှင့် မစ္စတာတို ကိုမော့ကြည့်လိုက်ပြီး..

“တိုတို့ ကို ပြောပြရဦးမယ်.. သဘောင်္ပျက်ပြီး ချစ်ရောက်သွားတဲ့ ကျွန်းက တစ်ကျွန်းလုံး ယောက်ျားတွေချည်းပဲသိလား.. သူတို့ကဗုံတီးလည်း အရမ်းကောင်းတာ..”

“ဟေ....”


... တုံ တုံ တုံ ...


ဲပြီးပါပြီ။

(အိမ်မက်များဘလော့ဂ် ၂၆/၀၉/၀၆ တွင်တင်ပြီးဖြစ်သည်)