Saturday, July 4, 2009

အတွေးသစ်

ဘင်

Sunday, February 22, 2009

အပ်၂ချောင်း မထိကြရလေအောင်..

(မြန်မာကျူးပစ်ဂျာနယ် အမှတ် ၆ တွင် ဖေါ်ပြခဲ့ ပြီးသော ဆောင်ပါးဖြစ်ပါသည်။)

ကျနော်တို့ ငယ်ငယ်တုန်းက ကလေးဘာဝ ကြံကြံဖန်ဖန် ကစားတဲ့နည်းတစ်ခု ရှိပါတယ်။ မြေကြီးပေါ်မှာရှိတဲ့ နို့ဆီခွက်ထဲကို ပါးစပ်ထဲက ဇီးစေ့နဲ့ အိမ်အပေါ်ထပ် ပြတင်းပေါက်ကနေလှမ်းထွေးတာပါပဲ။ တကြိမ်တလေလောက် ကံစွပ်ပြီး (ကြက်ကန်းတိုးပြီး) ၀င်သွားတာကလွဲရင် ဇီးစေ့တစေ့ နို့ဆီခွက်ထဲ ၀င်ဖို့ဆိုတာ အလွန်ခက်ပါတယ်။ ကလေးဘ၀တုန်းတော့ အဲသလို ကျနော်ထင်ခဲ့မိပါတယ်။

ဒီလိုနဲ့ပဲ အသက်ကတဖြည်းဖြည်းကြီးလာတော့ စာတိုပေစတွေ ဖတ်ဖြစ်ရင်းက ဗြဟ္မာ့ပြည်က အပ်တစ်စင်း နဲ့ လူ့ပြည်က အပ်တစင်း အကြောင်းကိုသိလာပါရော။ သြော် လူ့ဘ၀.. ဒုလ’ဘ ရခဲလှစွာ၏။ အဲသလို မှတ်သားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒါပေမယ့် ပေါ့ဗျာ..။ ဟိုးအရင်အပ်ရှားတဲ့ ခေတ်တုန်းကတော့ ဟုတ်တာပေါ့ဗျာ။ ပန်းပဲဆရာက သံတုံးကို အချိန်ယူ မီးမြိုက် ထုထောင်း သွေးယူ မှ အပ်တစ်ချောင်းဖြစ်တာကိုး။ အခုခေတ်ကတော့ အပ် တွေပေါလိုက်သမှ တစ်ရာဖိုး ၅ချောင်း ၁၀ချောင်းလောက် ရပါတယ်။ ဒီတော့လည်း ဗြဟ္မာပြည်က အဆုပ်လိုက် အဆုပ်လိုက် ကျကျလာတဲ့ အပ်တွေနဲ့ လူ့ပြည်က မြေကြီးပေါ် သုံးလေးထပ်လောက် အပြည့်ခင်းထားတဲ့ အပ်တွေနဲ့ နေ့နေ့ညည တဖြုတ်ဖြုတ် ထိကုန်ကြတာ မဆန်းပေဘူးပေါ့။

ဒီလို အပ်မိုးတွေ ရွာနေတဲ့အချိန်မှာ အပ်စူးချင်သလောက် စူးပါစေ မွေးပြစ်လိုက်မယ် ဆိုပြီး တစ်ဗိုက်ပြီး တစ်ဗိုက် တဖြွတ်ဖြွတ်မွေးတဲ့ ရှင်မွေးလွန်းတွေ ရှိသလို တဖက်မှာလည်း စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အကြောင်းတစ်ခုခုကြောင့် သားသမီး မယူလိုသူတွေလည်း ရှိပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ပရိသတ်ရဲ့တောင်းဆိုမှုအရ ပေါ်လာတာကတော့ ပဋိသန္ဓေတားခြင်း ပဲဖြစ်ပါတယ်။

ပဋိသန္ဓေတားခြင်း အကြောင်းကတော့ တစ်ချို့လူတွေအတွက်ဆို ဖတ်ဖူး ကြားဖူးဖန်များလွန်းလို့ ညီးငွေ့စရာ ဓါတ်ပြားဟောင်းသာသာ ဖြစ်နေလောက်ပါပြီ။ သို့သော်လည်းပဲ မသိသေးသူတွေလည်း သိပါစေ၊ သိပြီးသူတွေလည်း ပိုပိုသိလာစေရန် ရည်ရွယ်ပြီး ဓါတ်ပြားဟောင်းကိုပဲ ဖုန်သုတ် စတစ်ကာအသစ်ကပ်ပြီး လျှော့ဈေးနှင့် ရောင်းပေးလိုက်ပါတော့မယ် ဖတ်ရှုအားပေးကြပါကုန်..

ပြောရင် ယုံချင်မှ ယုံကြလိမ့်မယ်။ ရှေးရှေးကလူတွေဟာ လိင်ဆက်ဆံခြင်းနဲ့ ကိုယ်ဝန်ရခြင်း ဆက်စပ်နေတယ်ဆိုတာ မသိကြဘူးတဲ့။ ဒါကြောင့်လည်း ကလေးလိုချင်ရင် ဘာမှမဆိုင်တဲ့ ရွာထိပ်ညောင်ပင်က ရုက္ခစိုးကို သွားသွားအပူကပ်ကြတာလေ။ ထားပါတော့လေ.. နောက်ဆုံးကြတော့ အမည်မသိရှေးပညာရှိတစ်ယောက်က လိင်ဆက်ဆံခြင်းနဲ့ ကိုယ်ဝန်ရခြင်း ဆက်စပ်မှုရှိကြောင်းကို မတော်တဆ ရှာဖွေတွေ့ရှိသွားပါတယ်။ သူ့ခေတ် သူ့အခါအရဆို ဆေးပညာနိုဗယ်ဆုတောင် ချီးမြှင့်သင့်ပါတယ်။ ဒါတောင် သူ့ခမျာ ယောက်ျားတွေရဲ့ သုက်ရည်ဟာ ကိုယ်ဝန်ဖြစ်စေဖို့ အရေးပါတယ်ဆိုတာ မသိသွားပါဘူး။ အဲသလိုနဲ့ ရမ်းသမ်းမှန်းသမ်း ဆင်ကန်းတောတိုးလာခဲ့ကြတာ ၁၇ရာစုနှောင်းပိုင်း အဏုကြည့်မှန်ဘီလူး ပေါ်တော့မှပဲ သုက်ရည်မှာ ပါတဲ့ သုက်ကောင်လေးတွေကို တွေ့ရှိပါတော့တယ်။

ကိုယ်ဝန်ရှိလာခြင်းဟာ သုက်ရည်မှာပါတဲ့ သုက်ကောင်တွေ အမျိုးသမီးရဲ့ သားအိမ်ထဲ ရောက်သွားလို့ ဆိုတဲ့ အကြောင်းသိလာပြီးတဲ့ နောက်ပိုင်းမှာတော့ သားအိမ်ထဲ သန္ဓေအောင်စေတဲ့ သုက်ပိုး မ၀င်စေအောင် နည်းမျိုးစုံ ရှာကြံခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းကတော့ လူကြိုက်အများဆုံးနည်းက Coitus Interrupts လို့ခေါ်တဲ့ သုက်ကို မိန်းမကိုယ်ပြင်ပမှာလွှတ် တဲ့နည်းပါပဲ။ တကယ်ကိုပဲ တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် လိုက်နာနိုင် မယ်ဆိုရင်တော့ တော်တော်လေးကို စိတ်ချရတဲ့နည်းပါ။ ဒါပေမယ့် စိတ်မနိုင်တဲ့ ယောက်ျားတွေ အတွက်တော့ ဒီနည်းဟာ အလုပ်မဖြစ်လှပါဘူး။ သန္ဓေမျိုးစေ့ပါတဲ့ သုက်ရည်ကို အခုလို အလဟဿ ဖြုံးတီးခြင်းဟာ ရဟူဒီလူမျိုးတွေအတွက် ငရဲကြီးစေတယ်လို့ဆိုပါတယ်။ နည်းအမျိုးမျိုးနဲ့ ဖြုန်းတီးလိုက်တဲ့ ကိုယ့်ရဲ့သုက်ရည်တွေဟာ ဒယ်အိုးကြီးတစ်ခုထဲ သွားစုနေပြီး သေလွန်သွားတဲ့အခါမှာ အဲဒီဒယ်အိုးထဲမှာ ကိုယ်တိုင် အကြော်ခံရတယ်ဆိုလားပဲ။

နောက်တစ်နည်းကတော့ အရင်ခေတ်က သိပ်ခေတ်မစားခဲ့ပေမယ့် မျက်မှောက်ခေတ်မှာ အလွန်အသုံးများတဲ့ Condom ခေါ် French Letter (FL) ခေါ် လိင်တံအစွပ် ပဲဖြစ်ပါတယ်။ ကနဦးမှာတော့ သိုး၊ ဆိတ်၊ ၀က် စတဲ့ တိရိစ္ဆာန်အူ နဲ့ ပြုလုပ်ကြပါတယ်။ တီထွင်သူဟာ ၀က်အူချောင်းစားရင်း အကြံရသွားတာ အများကြီးဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်တားခြင်းထက်စာရင် ကာလသားရောဂါ ကာကွယ်ဖို့အတွက် ပိုအသုံးပြုခဲ့ကြပါတယ်။ အစွမ်းထက် ပဋိဇီဝဆေးများ မပေါ်သေးတဲ့ခေတ်မှာ ကာလသားရောဂါဟာ တကယ့်ကို ကြောက်စရာပါ။ အခုခေတ်မှာတော့ အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ လိင်တံအစွပ်တွေကို လွယ်လွယ်ကူကူ ၀ယ်လို့ရနေပါပြီ။ ကြုံတုန်းပြောရရင် condom ၀ယ်တာဟာ ရှက်စရာမဟုတ်ပါဘူး (ကျန်းမာရေး အမြင်ရှိကြောင်း သိသာပါတယ်)၊ ဆေးလိပ်ဝယ်တာပို ရှက်ဖို့ကောင်းပါတယ် (ကျန်းမာရေး ထိခိုက်စေတယ်လေ)။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီး အိပ်ထဲမှာ condom တွေ့တာနဲ့ စီးကရက်တွေ့တာ ဘယ်ဟာကို ဆုံးမ ရမလဲဆိုတာ သိသင့်ပါတယ်။ condom ကို နည်းစနစ်မှန်မှန်နဲ့ သုံးမယ်ဆိုရင်တော့ ကိုယ်ဝန်တားခြင်းအတွက် ၉၈% စိတ်ချရပါတယ်တဲ့။

Female Condom ခေါ် Diaphragm လို့ခေါ်တဲ့ အမျိုးသမီး သားအိမ်ခေါင်းစွပ် ဆိုတာလည်းရှိပါတယ်။ မြန်မာပြည်မှာတော့ သုံးတာ သိပ်မတွေ့ဖူးပါဘူး။ မိန်းမအင်္ဂါအတွင်းက သားအိမ်ခေါင်းကို သုက်ပိုးများမ၀င်နိုင်အောင် အကာအကွယ်ပေးပါတယ်။ သုံးနေကြမဟုတ်တဲ့သူဆိုရင် ထည့် တဲ့အခါမှာ နည်းပညာပိုင်း အခက်အခဲတွေ့နိုင်ပါတယ်။ စိတ်ချရမှုဟာလည်း အမျိုးသားလိင်တံအစွပ်လောက် မကောင်းပါဘူး။

ရှောင်လင်သိုင်းကျင့်ခြင်း လို့ခေါ်တဲ့ ပြက္ခဒိန်နည်း(လင်ရှောင်ခြင်း ဟာလည်း ကိုယ်ဝန်တားခြင်း တစ်မျိုးပါပဲ။ ရာသီပန်း စပေါ်တဲ့နေရဲ့ ဟိုဖက် ဒီဖက် ၇ရက်ကို စိတ်ချရတယ်လို့ ပြောပါတယ်။ ဥပမာ ၂၈ရက်တကြိမ် သွေးပေါ်နေကျ အမျိုးသမီးတစ်ယောက်ဟာ ဖေဖေါ်ဝါရီလ ၈ရက်နေ့မှာ ရာသီစလာတယ်ဆိုပါတော့ (ရာသီ စ ပေါ် တဲ့နေ့ကိုပဲ ကြည့်တာပါ) အဲဒီအမျိုးသမီးအတွက် (ကိုယ်ဝန်မရအောင်) စိတ်ချရတဲ့ ကာလဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကနေ ဖေဖေါ်ဝါရီ ၁၄ရက်နေ့ဖြစ်ပါတယ်။ နောက်တမျိုးလှည့်ပြောရရင် ဖေဖေါ်ဝါရီ ၁၅ရက်နေ့ကနေ မတ်လ ၁ရက်နေ့အတွင်း ဆက်ဆံမိရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

နောက်တမျိုးထပ်ရှင်းပါဦးမယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတွေဟာ တစ်လတစ်ကြိမ် သွေးပေါ်ပါတယ် (တချို့ကလည်း ၂၈ရက်တကြိမ်၊ တချို့ကလည်း ၂၉ရက် တကြိမ်၊ တချို့ကလည်း ရက်၃၀ တကြိမ်.. ကွဲပြားကြပါတယ်။) သွေးပေါ်ခြင်းဟာ မျိုးဥကြွေခြင်းရဲ့ နောက်ဆက်တွဲပါပဲ။ မျိုးဥကြွေပြီး ၁၄ရက်တိတိ အကြာမှာ သွေးပေါ်တာပါ။ ဒီတော့ အပေါ်က ဥပမာကို ပြန်ပေးရရင် ဖေဖေါ်ဝါရီ ၈ရက်နေ့မှာ သွေးပေါ်တဲ့အမျိုးသမီးဟာ ဇန်န၀ါရီလ ၂၄ရက်တုန်းက မျိုးဥကြွေခဲ့တာပါ။ (သူမဟာ ၂၈ရက်တကြိမ် သွေးပေါ်တဲ့သူဖြစ်တဲ့အတွက်) နောက်တကြိမ် မျိုးဥကြွေမှာက ဖေဖေါ်ဝါရီ ၂၂ရက်မှာပါ။ အဲဒီတော့ မျိုးဥမကြွေခင် ဟိုဖက် ဒီဖက် ၇ရက် ဟာစိတ်မချရပါဘူး (ဖေဖေါ်ဝါရီ ၁၅ ကနေ မတ်လ ၁ရက် အထိ ဖြစ်ပါတယ်)။ ပြက္ခဒိန်လေးနဲ့ ချကြည့်မှ ကျနော်ပြောတာ ရှင်းမှာဖြစ်ပါတယ်။

အခုပြောပြီးခဲ့တာတွေကတော့ လူကိုဘေးဥပဒ် အနည်းဆုံးသော နည်းတွေပါပဲ။ ဆေးထိုး ဆေးသောက်ရန်မလို၊ ခန္ဓာကိုယ်ထဲ ဘာမှ ထည့်ထားစရာမလိုတဲ့ သန္ဓေတားနည်းတွေပေါ့။ ဆက်ပြီးပြောမယ့်နည်းတွေကတော့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တနည်းမဟုတ်တနည်း ကိုယ်ဝန်မရှိသွားအောင် ပြောင်းလဲပေးတဲ့နည်းတွေပါ။

ကျနော် အထက်မှာ ရှင်းပြခဲ့တဲ့ ရာသီလာခြင်း၊ မျိုးဥကြွေခြင်း စတဲ့ဖြစ်စဉ်တွေကို ၂၀ရာစု အဦးပိုင်းအထိ ဘယ်သူမှ ရေရေရာရာ မသိခဲ့ပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေ ရာသီပန်းပွင့်စေရာမှာ အရေးကြီးတဲ့ အက်စထရိုဂျင် နဲ့ ပရိုဂျက်စရုန်း မဟော်မုန်း ၂မျိုးရဲ့ အခန်းကဏ္ဌကို တိတိကျကျ မပြောနိုင်ကြပါဘူး။ ၁၉၅၀ခုနှစ်လောက်ကျမှပဲ မဟော်မုန်းတွေနဲ့ ရာသီလာခြင်း ကိုယ်ဝန်ရှိခြင်း ကို မှန်မှန်ကန်ကန် ဆက်စပ်မိသွားကြပါတယ်။ ၁၉၆၀ခုနှစ်လောက်မှာတော့ ဟော်မုန်း နည်းပညာနဲ့ ကိုယ်ဝန်တားခြင်းတွေ စတင်ခေတ်စားလာခဲ့ပါတယ်။ မဟော်မုန်း ၂မျိုးဖြစ်တဲ့ အက်စထရိုဂျင် နဲ့ ပရိုဂျက်စရုန်း ကိုပဲ ပုံသဏ္ဌာန်အမျိုးမျိုး အချိုးအမျိုးမျိုးနဲ့ သုံးကြတာပါပဲ။ အလွယ်ဆုံးဥပမာကတော့ တားဆေးကဒ်ပါပဲ။

Oral Contraceptive Pill, OC Pill, The Pills လို့ အမျိုးမျိုးခေါ်ကြတဲ့ တားဆေးကဒ်ဟာ အဓိကအားဖြင့် ၂မျိုးရှိပါတယ်။ အက်စထရိုဂျင် နဲ့ ပရိုဂျက်စရုန်း ၂မျိုးပေါင်းထားတဲ့ ဆေးပေါင်းကဒ် Combined Oral Contraceptive (COC) ကတော့ မြန်မာပြည်မှာ အသုံးအများဆုံးပါပဲ။ မျှားကဒ်၊ လက်ညိုးကဒ် စသည်ဖြင့် အရပ်ထဲမှာ ခေါ်ကြပါတယ်။ တမျိုးမကြိုက် နောက်တမျိုးပြောင်းနဲ့ မြန်မာအမျိုးသမီးတွေ တော်တော် အလုပ်ရှုပ်ကြရပါတယ်။ တကယ်တော့ ပါဝင်တဲ့ အချိုးအစားတွေက အတူတူပါပဲ။ ကွာလတီကောင်းကောင်းကို သုံးချင်တယ်ဆိုရင်တော့ Marvelon-28 ကိုသုံးပါလို့ ညွှန်းပါရစေ။ ဒီဆေးပေါင်းကဒ် (COC) က ကိုယ်ဝန်တားခြင်းအပြင် အခြားကောင်းတဲ့ အချက်ကလေးတွေလည်းရှိပါသေးတယ်။ ရာသီပန်းကို မှန်မှန်ပွင့်စေတယ်၊ ရာသီလာစဉ်ကိုက်ခဲခြင်းကို သက်သာစေတယ်၊ ကင်ဆာရောဂါတချို့ကို ကာကွယ်ပေးတယ်၊ ၀က်ခြံပျောက်စေတယ် စသည်ဖြင့်ပါပဲ။ မကောင်းတဲ့ အချက်တွေကတော့ နေ့စဉ်ဆေးသောက်ရခြင်း၊ အချို့သော နှလုံး သွေးကြော ရောဂါရှိသူများ၊ ခေါင်းတခြမ်းကိုက်တတ်သူများ၊ အသက်၃၅နှစ်ကျော်များ၊ ဆေးလိပ်သောက်သူများ၊ နို့တိုက်မိခင်များ သောက်သုံးရန်မသင့်ခြင်းတို့ပဲဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ ဆေးကြောင့် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း၊ သွေးပြခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ ဆေးသောက်မယ်ဆိုရင်တော့ ရာသီလာတဲ့ ပထမဆုံးနေ့မှာ စသောက်လို့ရပါတယ်။ ဆေးကဒ်ပြောင်းချင်တယ်ဆိုရင်တော့ သောက်လက်စ ဆေးကဒ်ကုန်မှ တခြားကဒ်အမျိုးအစားကို ပြောင်းရမှာပါ။ အရင်က တားဆေး ထိုးထားတယ် (သုံးလဆေး၊ ဒီပို) ဆိုရင်တော့ ကြိုက်တဲ့ အချိန်စသောက်လို့ ရပါတယ်။ ဆေးကဒ်ရဲ့နောက်ပိုင်းမှာ မျှားနဲ့ညွှန်ထားတဲ့ အတိုင်းသောက်ရပါမယ်။ နေ့စဉ် အချိန်မှန်မှန် သောက်ရပါမယ်။ ဆေးကို ရက်မလွတ်စေပဲ သေသေချာချာသောက်ရင် ထိထိရောက်ရောက် ကိုယ်ဝန်တားပေးနိုင်ပါတယ်။

ပရိုဂျက်စရုန်းတစ်မျိုးထဲပါတဲ့ Progestrogen Only Pill (POP) လို့ခေါ်တဲ့ဆေးကဒ်ကတော့ ဆေးပေါင်းကဒ် (COC) သောက်လို့မရသောသူတွေအတွက်ပါ။ ဥပမာ နို့တိုက်မိခင်များ၊ နှလုံးရောဂါရှိသူများ၊ သွေးပျစ်ခဲရောဂါဖြစ်ဖူးသူများ စသည်ဖြင့် အထက်မှာ ဖေါ်ပြထားတဲ့သူတွေပါပဲ။ ဒီ POP ကတော့ နေ့စဉ် အချိန်ပါ မှန်မှန်သောက်ဖို့လိုပါတယ်။ ဥပမာ နေ့စဉ် ည၁၀နာရီဆို အမြဲတန်း ည၁၀နာရီသောက်ရပါမယ်။ နောက်တချက်က POP သောက်နေစဉ် ရာသီ သွေးစက်လေးတွေ လာလိုက် ပျောက်လိုက်ဖြစ်တတ်ပါတယ်။ တကယ်တမ်းယှဉ်ပြောရရင် ဆေးပေါင်းကဒ် COC လောက် ကိုယ်ဝန်တားခြင်းအစွမ်းမထက်ပါဘူး။ အ၀လွန်အမျိုးသမီးများတွေသောက်ရင် ပိုပြီး အစွမ်းကျ တတ်ပါတယ်။

သောက်ဆေး နောက်တမျိုးကတော့ အရေးပေါ်ကိုယ်ဝန်တားခြင်း ခေါ် Emergency Contraception ပဲဖြစ်ပါတယ်။ Morning After Pill လို့လဲခေါ်ပါတယ် မြန်မာပြည်မှာတော့ Postinor-2 အမည်နဲ့ဈေးကွက်ထဲမှာရှိပါတယ်။ စုစုပေါင်း ၂ကြိမ်သောက်ရပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂နာရီအတွင်းမှာ တကြိမ်သောက်ရပါမယ်၊ ပထမဆေးလုံးသောက်ပြီး ၁၂နာရီအကြာမှာ နောက်တကြိမ်သောက်ရပါမယ်။ ဒါဟာ အရေးပေါ်အတွက်ပဲဖြစ်လို့ ပုံမှန်အသုံးမပြုသင့်ပါဘူး။ (ကျမတို့က တစ်လမှ လေးကြိမ်လောက်ပဲ အရေးပေါ်တာဆိုတော့ နေ့တိုင်းသောက်ရမယ့် COC တို့ POP တို့ မသောက်ချင်ပါဘူး။ ဖြစ်လာမှပဲ ကြုံသလို After Pill သောက်ပါတယ်။) အဲသလို မဟုတ်ဘူးနော်။ After Pill မှာ သာမန် တားဆေးတွေထက် ဘေးထွက်ဆိုးကျိုးတွေ ပိုရှိတဲ့အပြင် ကိုယ်ဝန်ရှိသွားနိုင်ဖို့ အခွင့်အရေးလည်း ပိုများပါတယ်။ အဆိုးဆုံးကတော့ သားအိမ်ပြင်ပ သန္ဓေတည် Ectopic Pregnancy ဖို့ အခွင့်အလမ်းပိုများတယ်ဆိုတာပါပဲ။

သဘာဝနည်းလည်း မကြိုက် ဆေးသောက်ရမှာ ပျင်းတဲ့ အမျိုးကောင်းသမီးတွေကိုတော့ နောက်ထပ်မေးရမယ့် မေးခွန်းကတော့ 'ကပ်မလား၊ ထိုးမလား၊ မြုပ်မလား၊ ထည့်မလား' ပါပဲ။ ရှင်းပြပါ့မယ်၊ ဆန္ဒတွေစောပြီး တလွဲတွေမတွေးကြပါနဲ့။

ကပ် ရမှာကတော့ Patch လို့ခေါ်တဲ့ ဆေးပလာစတာမျိုးမှာ မဟော်မုန်း ၂မျိုး အချိုးကျစပ်ထည့်ထားပါတယ်။ အရေပြားပေါ်မှာ ကပ်ထားလိုက်ခြင်းဖြင့် ဟော်မုန်းတွေဟာ ဆေးပလာစတာကနေ အရေပြားကို ဖြတ်ပြီး ကိုယ်ခန္ဓာထဲကို တနေကုန် တစိမ့်စိမ့်ဝင်ပါသတဲ့။ လက်မောင်းအတွင်းဖက်၊ ပေါင်ရင်း၊ ဗိုက် ကြိုက်တဲ့နေရာမှာ ကပ်ထားလိုက်ရုံပါပဲ။ ၇ရက်တခါ အဟောင်းကိုခွာပြီး Patch အသစ် ကို အခြားနေရာမှာ ကပ်ရပါတယ်။ ၇ရက် ၃ခါ ကပ်ပြီးရင် ၄ကြိမ်မြောက် ၇ရက်ကို ဘာမှမကပ်ပဲ ထားရပါတယ်။ Evra Transdermal Patch က အသုံးများပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ COC ဆေးပေါင်းကဒ်နဲ့ အတူတူပါပဲ။ တနေ့တခါ ဆေးသောက်စရာမလိုတဲ့ အချက်ကသာသွားပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ အရေပြားနဲ့ ဆေးပလာစတာမတည့်လို့ သုံးလို့မရပါဘူး။ တချို့ ဇီဇာကြောင်တဲ့သူတွေကြတော့လည်း Patch ကပ်ထားရင် သူများတွေ မြင်ကုန်မယ်ဆိုပြီး မသုံးကြပါဘူး။ ပေါင်ရင်းမှာ ကပ်ထားတာ ဘယ်သူက တွေ့မလဲနော်.. အဲ.. တစ်ယောက်ယောက်က တွေ့သွားခဲ့ရင်လည်း တွေ့သွားတဲ့သူကိုတော့ ရှက်စရာ မရှိလောက်တော့ပါဘူး။ မြန်မာပြည်မှာ သိပ်မတွင်ကျယ်သေးပါဘူး။

တားဆေးထိုးမယ်ဆိုရင်တော့ သုံးလခံဆေး (နာမည်ကြီးကလည်း၊ သုံးလဆေးဆိုတော်သေး) လို့ခေါ်တဲ့ Depoprovera ခေါ် Depo ဆိုတာရှိပါတယ်။ မြန်မာပြည်မှာ အဖုံးခရမ်းရောင်၊ အဖုံးစိမ်း၊ အဖုံးနီ စသည်ဖြင့် အမျိုးမျိုးဖြစ်နေပေမယ့်လည်း ပါဝင်တာက အတူတူပါပဲ။ Depo မှာ ပရိုဂျက်စရုန်း တစ်မျိုးထဲပါတဲ့ အတွက် ယေဘူယျအားဖြင့် အထက်မှာ ဖေါ်ပြခဲ့တဲ့ POP နဲ့ ဂုဏ်သတ္တိ ၊ သုံးနိုင်တဲ့အခြေအနေတွေ တူပါတယ်။ ကောင်းတဲ့အချက်က နေ့စဉ်ဆေးသောက်ခြင်း သို့မဟုတ် တပါတ်တခါ ပလာစတာ ကပ်ခွာလုပ်ခြင်း မလိုတော့ပါဘူး။ သုံးလမှတစ်ခါ လမ်းထိပ်ဆေးခန်းက ဆရာဝန်ကို ပိုက်ဆံ ၂၀၀၀ကျပ် သွားပေးရုံပါ။ ဆေးထိုးတဲ့ အခါမှာ ပြောချင်တာတစ်ခုက ဆေးထိုးပြီးရင် မချေပဲမနေပါနဲ့၊ ချေပါ၊ အရပ်ပြောနဲ့ သုံးလဆေးကိုချေလိုက်ရင် အာနိသင်ပျယ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ (လေးဖက်နာအတွက် ပင်နယ်စလင် တလတကြိမ်ထိုးတဲ့သူတွေလည်း ချေတာပဲ၊ အာနိသင်ပျယ်ပြီး ၂ပါတ်လောက်ပဲ ခံတယ်လို့ ဘယ်သူမှ မပြောကြပါဘူး။) မကောင်းတဲ့အချက်ကတော့ ဆေးထိုးနေရင်းနဲ့ ကိုယ်ဝန်လိုချင်လာလို့ ဆေးထိုးရပ်လိုက်သော်လည်း ကိုယ်ဝန်ချက်ခြင်းရချင်မှ ရပါတယ်။ တချို့ဆို တစ်နှစ်လောက် စောင့်သွားရတတ်ပါတယ်။ တားဆေးကဒ်တွေကတော့ ဒီလရပ်လိုက်ရင် နောက်လဆို ကိုယ်ဝန်ဆောင်ဖို့ ready ပါပဲ။

Noristerat ဆိုတဲ့ ၈ပါတ်တခါထိုးရတဲ့ဆေးလည်း ရှိပါတယ်။ မြန်မာပြည်မှာတော့ မတွေ့ဖူးခဲ့ပါဘူး။

ထူးထူးခြားခြား တရုတ်ကလာတဲ့ တစ်လဆေးဆိုတာ မြန်မာပြည်ကို ၀င်ပါတယ်။ ဈေးချိုလို့ တော်တော်များများ သုံးကြပါတယ်။ ဘာဆေးမျိုးမှန်းမသိတဲ့အတွက် ကျနော့်အနေနဲ့ ဘာမှ မှတ်ချက် မပေးလိုပါဘူး။

မကပ်ဘူး၊ မထိုးဘူး၊ မြုပ်မယ်ဆိုတာကတော့ အရေပြားအောက်မှာမြုပ်လို့ရတဲ့ Implanon လို့ခေါ်တဲ့ ပရိုဂျက်စရုန်း ဖြည်းဖြည်းချင်းလွှတ်ပေးတဲ့ အရာလေးပါပဲ။ တခါထည့်ရင် ၃နှစ်အထိခံပါတယ်။ အသုံးပြုပုံ၊ ဘေးထွက်ဆိုးကျိုးတွေကတော့ အခြား ပရိုဂျက်စရုန်း တမျိုးထဲပါတဲ့ POP, Depo injection စတာတို့နဲ့ အတူတူပါပဲ။ အရေပြားကို ထုံဆေးလေးပေးပြီး အရေပြားအောက်မှာ Implanon ဆိုတဲ့ဟာလေးကို မြုပ်ထားလိုက်ရုံပါပဲ။ ပလာစတာလို မမြင်ရတော့ဘူးပေါ့.. အဲ.. အားအားယားယား လက်နဲ့လိုက်စမ်းရင်တော့ တွေ့မှာပေါ့နော..။

ရှေးခေတ်က အာရပ်လူမျိုးတွေဟာ သဲကန္တာရကို ဖြတ်ပြီးခရီးသွားတဲ့အချိန်မှာ သူတို့ရဲ့ ကုလားအုပ်မတွေ ဇီးမတင်သွားအောင် ကျောက်စရစ်ခဲ သေးသေးလေးတွေကို ကုလားအုပ်မတွေရဲ့ သားအိမ်ထဲကို ထည့်ထားခဲ့ကြတယ်ဆိုပဲ။ ဒါဟာ ယုံတမ်းစကားလား တကယ်ပဲလား ခွဲရခက်ပေမယ့် ပြောနိုင်တာကတော့ ဖြစ်နိုင်ချေရှိတယ်ဆိုတာပဲ။ သားအိမ်ဆိုတဲ့ အမျိုးဟာ သူ့ထဲမှာ သဘာဝမဟုတ်တဲ့ ပစ္စည်း တစ်ခုခုရှိနေရင် သန္ဓေသားကို လက်မခံနိုင်ပါဘူး။ ဒီအချက်ကို အခြေခံပြီး လူသားမိန်းမတွေရဲ့ သားအိမ်ထဲကိုလည်း ပစ္စည်းအမျိုးစုံ ထည့်ခဲ့ကြသတဲ့။ ပုတီးစေ့၊ သံလိုက်ချောင်း စတာတွေပေါ့။ သားအိမ်ရဲ့ ကြွက်သားကြုံ့ပွ လှုပ်ရှား ၀ါးမြိုနိုင်တဲ့ အစွမ်းသတ္တိကြောင့် ပြန်ထုတ်လို့မရတော့ပဲ ပျောက်ဆုံးသွားရတဲ့ ပုတီးစေ့တွေလည်း မနည်းမနောဆိုပဲ။ ကာလကြာမြင့်လာသည်နှင့်အမျှ စမ်းသပ်မှုတွေ အမျိုးမျိုးလုပ် လာခဲ့တာ အခုခေတ်အသုံးပြုနေတဲ့ အရာတွေကတော့ ထည့်ရ ထုတ်ရ လွယ်သွားပါပြီ။ တွန့်လိမ်လိမ်ပုံ ဒါမှမဟုတ် အင်္ဂလိပ်အက္ခရာ တီ ပုံသဏ္ဌာန်တွေ အသုံးများပါတယ်။ အရပ်စကား 'ကွင်းထည့်' ထားတယ်လို့ပြောကြတဲ့ Intrauterine Contraceptive Device (IUCD) ဆိုတာတွေက အခုခေတ်မှာ ၉၉% ကျော် အောင် စိတ်ချမှုကိုပေးနေပါပြီ။ 'ကွင်း' ချည်းပဲ မဟုတ်ပဲ သုက်ကောင်သတ်ဆေး၊ ပရိုဂျက်စရုန်း စတာတွေပါ IUCD တွေမှာ ထည့်သွင်းထားတာကြောင့် အလွန် အစွမ်းထက်လှပါတယ်။ IUCD ရဲ့ကောင်းတဲ့ အချက်ကတော့ ကိုယ်ဝန်လိုချင်တဲ့အချိန်ကျရင် ချက်ချင်း ထုတ်ပစ်လိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ Patch တို့ Implanon တို့လို မမြင်လည်း မမြင်ရ (သာမန်) စမ်းကြည့် လို့လည်း မတွေ့နိုင်ဘူးလေ။

ကိုယ်ဝန်တားနည်းတွေ အကြောင်းပြောတာ တော်တော်လေးတော့ ပြည့်စုံသွားပါပြီ။ ကျန်သေးတာဆိုလို့ Female Sterilisation လို့ခေါ်တဲ့ သားကြောဖြတ်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်ညာ တဖက်တစ်ခုရှိတဲ့ မမျိုးဥအိမ် ၂ခုနဲ့ သားအိမ်နဲ့ ဆက်ထားတဲ့ ပြွန် ၂ချောင်းကို ထုံးဖြတ်ဖြတ်ပစ်လိုက်တာပါပဲ။ ရာသက်ပန် သန္ဓေတားပြီးဖြစ်သွားပါတယ်။ အင်မတန်မှ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးမှာတော့ ပြတ်နေတဲ့ ပြွန် အလိုလိုပြန်ဆက်သွားပြီး ကိုယ်ဝန်ရနိုင်ပါသေးသတဲ့။ ကြံကြံဖန်ဖန်နော်။ မြန်မာပြည်မှာတော့ ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကလေး ၃ယောက် အရှင်လတ်လတ် မရှိသေးသရွေ့ တရားဝင် သားကြောဖြတ်ခွင့်မရှိပါဘူး။ သားကြောဖြတ်တယ်ဆိုပေမယ့် သဘောပေါက်ရမှာက သမီးကြောပါ ပြတ်သွားတယ်ဆိုတာပါပဲ။ တော်တော်ကြာ သားကြောဖြတ်ထားပေမယ့် သမီးလေးများထပ်ရဦးမလား မျှော်နေဦးမယ်။

မြန်မာပြည်မှာ တရားမ၀င်တဲ့ နောက်တစ်နည်းကတော့ ယောက်ျားသားကြောဖြတ်ခြင်း (Male Sterilisation) ပဲဖြစ်ပါတယ်။ ဘယ်ညာ သုက်ကြော ၂ခု ကို ဖြတ်လိုက်တာပါပဲ။ ယောက်ျားအနေနဲ့ကတော့ ကလေးဘယ်နှစ်ယောက်ရှိရှိ တရားဝင်သားကြောဖြတ်ခွင့် မရှိပါဘူး။ တကယ်လုပ်ရင်တော့ ၁၅မိနစ်တောင် မကြာပါဘူး။ ရန်ကုန်က ဆေးရုံတစ်ရုံရဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်က သူ့ကို ဘရိတ်ဓါးတစ်လက်ပဲပေး ၅မိနစ်နဲ့ ပြီးအောင်လုပ်ပြမယ်ဆိုပြီး ကျနော့်ကိုကြွားဖူးပါတယ်။ သူလုပ်ပေးခဲ့တဲ့ လူစာရင်းကိုတောင်လာရွတ်ပြနေလို့ ခင်ဗျားကို ရဲသွားတိုင်မယ်လို့ ပြောလွှတ်လိုက်ရတယ်။

တကယ်ကို ပြည့်စုံသွားပါပြီ။ ဒီလောက်သိရင် ဆေးကျောင်း နောက်ဆုံးနှစ် အပိုင်း (ခ) မှာတောင် ဂုဏ်ထူးမှတ်ရမှာပါ။ကဲ နောက်ဆုံးအနေနဲ့ ပြန်ချုပ်ကြည့်ရအောင်.. အားလုံး လိုက်ဆိုကြပါ..

သန္ဓေတားနည်းများ

၁။ မိန်းမကိုယ်ပြင်ပ သုက်လွှတ်ခြင်း (Coitus Interrupts)
၂။ လိင်တံအစွပ် (Condom)
၃။ သားအိမ်ခေါင်းအစွပ် (Diaphragm)
၎။ ပြက္ခဒိန်နည်း (Calendar Method)
၅။ တားဆေးကဒ် (Oral Contraceptive Pill)
- ဆေးပေါင်းကဒ် (COC)
- ပရိုဂျက်စရုန်း တမျိုးထဲကဒ် (POP)
၆။ အရေးပေါ်ကိုယ်ဝန်တားဆေး (Emergency Contraceptive)
၇။ ဆေးပလာစတာကပ်ခြင်း (Patch)
၈။ တားဆေးထိုးခြင်း
- သုံးလဆေး ခေါ် (Depo)
၉။ အရေပြားအောက်မြုပ်သော Implanon
၁၀။ သားအိမ်ထဲထည့်သော "ကွင်း" များ (IUCD)
၁၁။ အမျိုးသမီး သားကြောဖြတ်ခြင်း (Female Sterilisation)
၁၂။ အမျိုးသား သားကြောဖြတ်ခြင်း (Male Sterilisation) စတာတွေပါပဲ။

ကိုယ်နဲ့ ကိုက်ညီမယ့် နည်းကို သေသေချာချာလေ့လာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး အသုံးပြု မယ်ဆိုရင်ဖြင့် မလိုလားအပ်တဲ့ အချိန်အခါ အခြေအနေတွေမှာ အပ် ၂ချောင်းထိသွားခြင်းမှ ကင်းဝေးစေမှာဖြစ်ပါတယ်ခင်ဗျား။

Wednesday, December 31, 2008

New Year Resolutions 2009

၂၀၀၉ နှစ်သစ်မှ စ၍ ကျနော်သည်..

၁။ ၂၀၀၈ ပြက္ခဒိန်အဟောင်းကို ဖြုတ်၍ ၂၀၀၉ ပြက္ခဒိန် အသစ်ကို ချိတ်ပါမည်။ (အီလက်ထရောနစ် ပြက္ခဒိန်များ အကျုံးမ၀င်ပါ..)

၂။ အင်တာနက်၌ အချိန်ကုန်ခြင်းကို ၄ဆ တိတိ လျှော့ချပါမည်။ (ယခုထက် နှစ်ဆပိုမြန်သော ကွန်ပြူတာ နှင့် နှစ်ဆပိုမြန်သော ဘရော့ဘင်း စပိ ကို သုံးခြင်း ဖြင့် ၄ဆ လောက် အချိန်ကုန် သက်သာသွားသည်ပေါ့..)

၃။ ဟိုဝက်ဆိုဒ် များကို သွား မကြည့်တော့ပါ။ (အီးမေးလ် ဖြင့် subscribe လုပ်လိုက်ပါတော့မယ်..)

၎။ အမှန်အကန် ပိန် သွားအောင် ကြိုးစားမည်။ (လူမပိန်ရင်တောင် စိတ်ပိန်၊ စိတ်မပိန်ရင်တောင် ပိုက်ဆံအိပ် ပိန် သွားစေရမယ်..)

၅။ အရင်ထက်ပို၍ ပြုံး ပါမည်။ (အရစ်ပြုံးခြင်း..)

၆။ ဆေးလိပ်ဖြတ်ပါမည်။ (နှစ်စဉ် ပြုလုပ်မြဲအတိုင်း..)

၇။ အရက်လည်း ဘယ်တော့မှ မသောက်တော့ပါ။ (အရက်နာကျနေတုန်း ဆုံးဖြတ်မြဲအတိုင်း..)

၈။ အိမ်သာသွားပြီးတိုင်း လက်ဆေးပါမည်။ (ဟိုဟာကိုတော့ စက္ကူနဲ့ပဲ သုတ်လိုက်တယ်..)

၉။ မိန်းမနှင့် ရန်မဖြစ်တော့ပါ။ (ရေမှန်မှန်ချိုးခြင်းဖြင့်..)

၁၀။ ဘလော့ဂ်ပေါ်သို့ ဆယ်မိနစ်တခါ တက်ပြီး ဗစ်ဇစ်တာကောင့် ကြည့်ခြင်း မလုပ်တော့ပါ။ (ငါးမိနစ်တခါ ကြည့်ပါမည်..)

Wednesday, November 26, 2008

နာရီဝက်

ဒါ တရုတ်စကားပန်းပင်ပဲပေါ့.. အပွင့်လေးတွေကို ရေနွေးဖျော.. ပြီးတော့..

ဒီပိုးဟတ်သေးသေးလေးတွေက ဘယ်နားကနေ ထွက်ထွက်လာပြန်ပြီလည်း..

ရှားစောင်းလက်ပတ်ဂျယ်ကို ခေါင်းမှာလိမ်းလိုက်ရင် ဆံပင်သန်မှာလား..

ဟို တရုတ်မပဲ ဖြစ်ရမယ်..

အခုအချိန်ပြတဲ့ တီဗွီ ပရိုဂရမ်တွေက ပျင်းစရာချည်းပါကွာ..

အော်.. အပြင်မှာ မိုးမှုန်မှုန်လေး ကျနေတာကိုး..

လှေကားတက်သွားတဲ့ ဒေါက်ဖိနပ်သံက ကျယ်လိုက်တာ..

ဘေဂွန်ပန်းဆေးဘူးအပြာရောင် က အစိမ်းရောင်လောက် မကောင်းဘူး..

ဗိုက်တောင် ဆာလာသလိုလိုရှိတယ်..

နှာစေးနေတာ ဘယ်တော့မှ ပျောက်မှာလည်း..

ဒီနေ့တော့ ပန်းပင်လေးတွေ ရေလောင်းစရာ မလိုလောက်သေးပါဘူး..

ကျောကုန်း ဒီနား ပဲ ယားယားနေတယ်..

မိုဘိုင်းဖုန်းက ဘက်ထရီ ဖလက်နေတာပဲ..

ရထားလက်မှတ် ဒီည ၀ယ်ဖြစ်အောင် ၀ယ်ရမယ်..

စကင်းကင်ဆာ ဖြစ်ချင်နေလား မသိ..

ဘာမှနားမလည်ပါလားတဲ့.. ဟိုမှာ ကွန်မင့်ထဲ ရေးထားတယ်..

စိန်ပန်းပြာတဲ့.. အခုမှမြင်ဖူးတယ်.. စိန်ပန်းနီကတော့ ကိုယ်တို့ကျောင်းရဲ့ ထရိတ်မတ် လေ..

မီးပူတိုက်ရဦးမှာပဲ..

ကြက်ဥကျော်နဲ့ပဲ စားတော့မယ်..

ဖယောင်းတိုင် ထွန်းရမှာလား..

ပစ္စည်းတွေ ဘယ်တော့လာချမှာလဲ..

စတီဖင်ကင်း ၀တ္ထုလည်း မပြီးသေးဘူး..

မနက်ဖြန်ည ငါခရီးသွားရတော့မှာပဲ..

ဘယ်သူပါလိမ့်..

နာရီဝက်အတွင်းရောက်မယ်ဆိုပါလား..

Wednesday, November 12, 2008

ဂွကျခြင်း

စက်ပြင်ဆရာ (မက္ကင်းနစ်) တစ်ယောက် အတွက် ဂွကျခြင်းမှာ အန္တရယ်များလှစွာ၏။ အနှီသို့သော စကားကို အရင်းအဖျားမရှိ ပြောတတ်သော ကျနုပ်၏ ဥာဉ်အတိုင်း ပြောလိုက်သည့်အတွက် အသင်စာရှုသူများ၏ အတွေးကို နောက်ကျိရှုပ်ထွေးစေမည်ဖြစ်သည်။ ထို့ကြောင့် လင်းပေဦးအံ့။ စာရှုသူတို့အနေဖြင့် ရှေးဦးစွာ ဂွကျတတ်သော စက်ပြင်ဆရာ၏ လက်အောက်မှ လူများ၏ ဘ၀ကို ကိုယ်ချင်းစာနိုင်ရမည် ဖြစ်သည်။ စက်ပြင်ဆရာလက်မှ ကျလာသော ဂွသည် နံပါတ် ၁၄ ဂွ ထက်ကြီးလျှင်သော်၎င်း၊ ဂဏန်းလက်မ၊ ဘော့စပန်နာ စသော ဂွကြီးများဆိုလျှင်တော့ လက်အောက်နေသူများအဖို့ မထောင်းတာလှပေ။ သို့သော်ငြားလည်း အသင်စာရှုသူသည် စက်ပြင်ဆရာတစ်ဦး မဟုတ်ခဲ့လျှင်ကား သင်၏ဂွကျခြင်းသည် အများသူငါကို ထိပ်ပေါက်၊ ခေါင်းကွဲ၊ ဆေးရုံ ဆေးခန်းရောက်သည် အထိမဆိုးဝါးသွားစေကာမူ အတန်အသင့်တော့ စိတ်အနှောက်အယှက် ဖြစ်စေနိုင်ပေသေး၏။

အို စာရှုသူ.. သင်သည် ဂွကျတတ်သူ တစ်ဦးပါလား။ ဤမေးခွန်းကို အလောတကြီး မဖြေမီ ဂွကျခြင်းဆိုတာကို တိတိကျကျ သဘောပေါက်ရဲ့လားဟု ကိုယ့်ကိုယ်ကို ဆန်းစစ်သင့်သည်။ ဂွကျခြင်းဆိုသော သဘောတရားကို သင်အနေနှင့် အသက်ဘယ်အရွယ်လောက်တွင်မှ ရေးတေးတေး စတင်နားလည်ခဲ့သည်ကို မှတ်မိပါသေး၏လော။ အရစ်ရှည်ခြင်း၊ အတွေးခေါင်ခြင်း၊ ကြောင်ခြင်း၊ ခေါင်းမာခြင်း၊ ကန့်လန့်တိုက်ခြင်း၊ ကတ်တီးကတ်ဖဲ့ခြင်း၊ တယူသန် တဇွတ်ထိုးခြင်း စသည်တို့နှင့် ဂွကျခြင်း မည်ကဲ့သို့ ကွဲပြားသနည်းကို တိတိပပ ရှင်းပြနိုင်ပါသလား။ ဂွကျခြင်းကို ရည်ညွှန်းသည့် အင်္ဂလိပ်စာလုံး၊ တရုတ်စာလုံး၊ ဟင်ဒီစာလုံး၊ အာရေဗျစာလုံးများ ကိုလည်း သိရင်ပြောခဲ့ပါ။ အချစ်၏ ဆန့်ကျင်ဖက်သည် အမုန်း ဖြစ်ကြောင်း ကမ္ဘာ့လူဦးရေ တ၀က်ကျော်ကျော်ကလက်ခံထားသည်။ ထိုသို့ဆိုလျှင် ဂွကျခြင်း၏ ဆန့်ကျင်ဖက်သည် ပဇာနည်း။ ဂွတက်ခြင်း ပေလော။ (ကျနုပ်၏ ဘ၀တစ်လျှောက်လုံးတွင်တော့ ဂွတက်ခြင်းကို တစ်ကြိမ်သာ နဖူးတွေ့ ဒူးတွေ့ ကြုံဖူး၏။ အဆိုပါ သူငယ်ချင်းကို အရပ်မှဝိုင်းဝန်းပြီး ကြောင်မွေးမီးရှို့၍ ရှူခိုင်းလိုက်မှ ဂွတက်ခြင်း နိတ္ထိတံလေ၏။ ဤကား စကားချပ်။)

ကျနုပ်၏ အလိုအရ ဂွကျခြင်းသည် အမှန်တရားကို အတုံးလိုက် အတစ်လိုက် အသုံးပြုခြင်းပင်ဖြစ်သည်။ သင့်အနေဖြင့် ကျနုပ်၏ ယူဆချက်နှင့် မကိုက်ညီပါက လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် “လေနုအေး” ဆိုသော စကားလုံးကို ဆရာ ဒဂုန်တာရာ ၏ မူပိုင်ဟုသတ်မှတ်ထားသလိုမျိုး “ဂွကျခြင်း” ဆိုသော စာလုံးကို ကျနုပ်အနေနှင့် ဘယ်တုန်းကမျှ အပိုင်သိမ်းထားလိုစိတ် မရှိသောကြောင့်ဖြစ်သည်။ တချိန်သောအခါက စာရေးဆရာမ မစန္ဒာ သည် ဆရာမောင်သာရ နှင့်တွဲ၍ စာအုပ်တစ်အုပ်ထုတ်လေသည်။ ယင်းစာအုပ်တွင် ၄င်းတို့တစ်ဦးစီ၏ ၀တ္ထုတစ်ပုဒ်စီပါလေ၏။ မစန္ဒာ၏ ၀တ္ထုခေါင်းစဉ်မှာ “မစပ်သော ငရုတ်” ဖြစ်၍ မောင်သာရ၏ ၀တ္ထုခေါင်းစဉ်မှာ “ငရုတ်မှန်လျှင် စပ်ရလိမ့်မည်” ဟူသတတ်။ ကျနုပ်သည် ထိုအချိန်မှစ၍ ဆရာမောင်သာရအား ဂွကျသောသူ အဖြစ်သတ်မှတ်လိုက်တော့သည်။ သူသည်ကား ကျနုပ်အထက်တွင် ဆိုခဲ့သည့်အတိုင်း အမှန်တရားကို အတုံးလိုက် သုံးသဖြင့် ဤကဲ့သို့ အထင်ခံရခြင်းဖြစ်ပေ၏။

တစ်ခါက သမီးရည်းစားမောင်နှံ အတူတွဲလျှောက်စဉ် လမ်းဘေးတွင် ပန်းသည်တစ်ဦးကိုတွေ့လေသည်။ ရောင်းနေသော ပန်းများသည် အလွန်လတ်ဆတ် လှပသည် ဆိုသတတ်။ ထိုအခါ အမျိုးသားက သူ့ချစ်သူအား ပန်းဝယ်ပေးရမလား ဟုမေး၏။ အမျိုးသမီးက နေပါစေ ဟုပြောလိုက်သော်လည်း စိတ်ထဲတွင်မတော့ လောကမှာ ပန်းမကြိုက်တဲ့ မိန်းမဆိုတာများ ရှိလို့လား၊ ပန်းမကြိုက်တတ်ခဲ့ရင်တောင် ကိုယ့်ချစ်သူပေးတဲ့ ပန်းကို ငြင်းမယ့် မိန်းမများရှိမလား၊ တကယ်ဆို မေးနေဖို့ကိုမလိုပဲ ၀ယ်ပေးရမှာ စသည်ဖြင့်တွေးတွေးပြီး အခွင့်အရေးကြုံသည်နှင့် စိတ်ကောက်လေတော့သည်။ အမျိုးသားဖက်ကကြည့်လျှင်တော့ ပန်းမကြိုက်သူကို ပန်းဝယ်ပေးရင် မကောင်းဘူးဆိုတဲ့ စိတ်နဲ့ပါ။ သူတို့ နှစ်ယောက် ဘယ်သူ ဂွကျတာလဲ။

နေသည် အရှေ့အရပ်မှဝင်၍ အနောက်အရပ်မှ ထွက်သည်တဲ့။ မင်းခိုက်စိုးစန်လား တာရာမင်းဝေလား ဘယ်သူရေးလဲတော့ မမှတ်မိတော့ဘူး။ ကမ္ဘာကြီးကို အခန်းတစ်ခန်း ဒါမှမဟုတ် အိမ်တစ်လုံးလို့ သဘောထားကြည့်ပါတဲ့။ တစ်စုံတစ်ဦး သို့မဟုတ် ဧည့်သည်တစ်ယောက် အခန်းထဲ၊ အိမ်ထဲကို လှမ်းဝင်လာရင် ၀င်လာတယ်လို့ ပြောပြီး ပြန်ထွက်သွားရင် ထွက်သွားတယ်လို့ ပြောရမှာပေါ့တဲ့။ နေဟာ တစ်စုံတစ်ယောက်၊ ကမ္ဘာကြီးဟာ အခန်းတစ်ခန်းဆိုရင်ကော။ ဒီလိုဆိုရင်တော့ နေသည် အရှေ့အရပ်မှဝင်၍ အနောက်အရပ်မှ ထွက်သည်ဆိုတာ ဘယ်သူမှငြင်းမှာမဟုတ်ပါဘူး။ ဒါကိုကော ဂွကျတယ်လို့ပြောဦးမလား။

ရက်ပါရူး ရူးနေတဲ့ ကောင်လေးတစ်ယောက်ကတော့ ပြောပါတယ်.. အစ်ကိုရယ် ဂွဆိုတာ ကျမှကောင်းတာဗျ၊ ဒီတော့မှ ဒီလိုမျိုး ဆွဲဆွဲတင်လို့ ရတာပေါ့.. လို့ပြောပြီး သူ့ရဲ့ဘောင်းဘီပွပွ ဂွကျကျကို လက်ဖ၀ါးလေးနဲ့ အုပ်၊ နှစ်ချက်လောက်ဆွဲတင်ပြပြီး ကွတကွတနဲ့ ကပ္ပလီဂက်တို စတိုင် လျှောက်သွားလေတော့၏။

Wednesday, October 22, 2008

ဘာကြောင့် ဘလောဂ့်ကြသတုန်း

အလွန်ကြီးမားလှသော နိုင်ငံ တစ်ခု၏ တစ်နေရာတွင် အပြာရောင်တောင်တန်းများရှိ၏။ ထိုတောင်တန်းပြာပြာ တို့၏ တောင်ကြားလွင်ပြင် တစ်နေရာတွင် မြို့သေးသေးတစ်ခုသည် ရှိ၏။ ထိုမြို့သေးသေး၏ လမ်းကျဉ်းကျဉ်း တစ်ခုထဲတွင် အိမ်သေးသေးတစ်လုံးသည် ရှိ၏။ ထိုအိမ်သေးသေး၏ ဘက်ရပ် ဟုခေါ်သော အိမ်နောက်ဖေးခြံထဲတွင် လွန်စွာသေးငယ်လှစွာသော မြက်ခင်းတစ်ခုသည် သပ်ရပ်ရိတ်သင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်သောကြောင့် ထိုးထိုးထောင်ထောင် နှင့် ယခုခေတ် မြီးကောင်ပေါက်ကောင်လေးများ၏ ဆံပင်ပုံကဲ့သို့ပင်ရှိ၏။

ထိုကဲ့သို့စာတစ်ပိုဒ်ကို ၂မိနစ်အတွင်း အားသွန်ခွန်စိုက် ကျိုက်ထီးရိုးသေနတ်ပစ်သလို တရစပ် ဖြစ်ညှစ်ရေးချပြီးသောအခါ မည်ကဲ့သို့များ ဇာတ်လမ်း ဆက်ရလေအံ့ဟု အကြံခေါင်းပါးသည်နှင့် အတွေးလွန်သော ယောက်ျားသားများ၏ မသိစိတ်က လှုံ့ဆော်ချက်အရ ကီးဘုတ်ပေါ်တွင်ရှိနေသောလက်သည် အလိုအလျောက် မေးစေ့ဆီသို့သွားပြီး “ပွတ်” နေလေ၏။ ထိုသို့ ပွတ်နေရာမှ အတန်ငယ်အကြာတွင် လက်သည် ကြမ်းရှရှ ခံစားရသည်ဖြစ်မှ မိမိ၏ သုံးလေးရက်မျှ မရိတ်သင်ရသေးသော မုတ်ဆိတ်ကျင်စွယ်တို့ကို သတိရလေသည်။ ထိုအခါတွင် ကျနုပ်သည် မမှားသော သစ္စာတရား တစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိသွားလေသည်။

သြော်.. ခြံထဲက မြက် တစ်ပါတ်လောက် မရိပ်ပဲပစ်ထားလိုက်တာနဲ့ ထိုးထိုးထောင်ထောင်ဖြစ်ရော.. မြက်မပြောပါနဲ့ဦး ကိုယ့်ခန္ဓာကိုယ်က မုတ်ဆိတ်တောင် ၃ - ၄ ရက် ပစ်ထားရင် သွားရော.. ။ ဒါပေမယ့် ငါ့ဘလောဂ့်လေးကိုတော့ ပစ်ထားတာကြာလှပါပေါ့.. ဒါပေမယ့် ဘလောဂ့်ကတော့ ထိုးထိုးထောင်ထောင်လည်းမဖြစ်၊ ပျက်လည်းမပျက်စီးသွားသေးပဲကိုး.. ဒါကြောင့်လူတွေက ဘာမှ ဂရုစိုက်စရာမလိုတဲ့ ဘလော့ဂ် ကိုကြိုက်ကြတာ။

Sunday, September 28, 2008

တောင်

အခုတလော စာတွေပဲ အဖတ်များနေတယ်။ ရေးချင်စိတ်က သိပ်မရှိလှဘူး။ ဖန်တီးမှုစိတ်အင်အား ကျဆင်းနေတယ်ပဲ ဆိုပါတော့။ ဒီတော့ ဘာဖြစ်လဲ.. အဖတ်များပြီး အရေးမရှိတော့ အ၀င်များပြီး အထွက်မရှိ၊ တိုက်ရိုက် ဥပမာပေးရရင်တော့ စာပေ၀မ်းချုပ်ခြင်း ဖြစ်နေတယ်ပေါ့ဗျာ။ ခက်တာက ဒီကိစ္စမှာ ပြောရရင် စာပေ၀မ်းနှုတ်ဆေး ဆိုတာ မှမရှိပဲ။ အဲ.. ရှိရင်လည်း ၀မ်းနှုတ်ဆေးစားပြီး ရေးထွက်လာတဲ့ စာတွေကတော့ မွှေးရနံ့ လှိုင်လှိုင်ပျံ့မှာတော့ မဟုတ်ပေဘူး။

ဖတ်ဖြစ်တဲ့စာတွေကတော့ အများကြီးပဲ။ မြန်မာ ဘလော့ဂ်ပေါင်း တစ်သောင်းခြောက်ထောင်၊ ဖိုရမ်ကတော့ လေး ငါး ခြောက်ခု၊ နိုင်ငံခြား ၀က်ဆိုက်တွေကိုတော့ ထည့်မပြောတော့ပါဘူး.. (မြန်မာလို ရေးထားတဲ့ စာကလေးတွေကိုတောင် တော်တော် နားလည်အောင်ဖတ်နေရတာ အင်္ဂလိပ်လိုရေးထားတဲ့စာတွေဆိုရင်တော့ ချာချာကိုလည်ရော။) ဒါပေမယ့်လည်း တစ်ခါတစ်လေ မြန်မာမဟုတ်တဲ့သူတွေရေးထားတဲ့ စာပေလက်ရာလေးတွေက တမျိုးလေးဆန်းသစ်နေတတ်ပြန်ရော။ ဒီတော့လည်း ကိုယ်တတ်သမျှ ခြေတစ်ပေါင်ကျိုး အင်္ဂလိပ်အခြေခံကလေးနဲ့ ထောင့်တောင့်တောင့် လေငန်းဆွဲနေတဲ့ ထောင့်မကျိုးလှတဲ့ ကိုယ်ပိုင်မြန်မာစကားပြေ အရေးအသားနဲ့ ကြိုးစားပန်းစား ဘာသာပြန်ဖြစ်သွားကော။

အခုအောက်မှာ ဘာသာပြန်ထားတာကတော့ ကျူးဘားစာရေးဆရာ ဗာဂျီလစ်ယို ပြင်ညဲရိယာ ရဲ့ “တောင်” ဆိုတဲ့ ၀တ္တုတိုကလေးပဲဖြစ်ပါတယ်။ ၁၉၅၇ က လက်ရာပါ။


တောင်

ကျနော်ပြောမယ့် တောင် က အမြင့်ပေ ၃၀၀၀ ကျော်တယ်လို့ ဆိုကြပါတယ်။ ဒီတောင် တစ်တောင်လုံးကို ကျနော် တစစီ ၀ါးစား ပြစ်မယ်လို့ ဆုံးဖြတ်ထားပြီးပါပြီ။ တောင်ကတော့ သာမန်တောင် တစ်ခုပါပဲ။ တောင်ရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ ချုံနွယ် ပိတ်ပေါင်း၊ သစ်ပင်ဝါးပင်၊ မြေဆီ ကျောက်တုံး နဲ့ တောရိုင်းသတ္တ၀ါတွေလည်း အစုံအလင်ရှိပါရဲ့။ ပြေလျောလျော တောင်စောင်းတွေမှာ စုံဆန် တက်ချေ ဆင်းချေ ပြုနေကြတဲ့ လူ ဆိုတဲ့ သတ္တ၀ါတွေလည်း ရှိသေးတာပေါ့။ အခုဆို မနက်တိုင်း တောင် ဆီကို သွားပြီး ကျနော့် မျက်စိထဲ အရင်ဆုံး ရောက်လာတဲ့ အရာဝတ္တုကို ၀ါးစားနေပါတယ်။ တစ်နေ့တစ်နေ့ အချိန်များစွာယူပြီး တကယ်ကို လေးလေးနက်နက် လုပ်နေတာပါ။ အိမ်ပြန်ချိန်ရောက်လာရင်တော့ ကျနော့်တစ်ကိုယ်လုံး မောပန်းနွမ်းလျလှပါတယ်။ ပါးစောင်တွေဆို ရောင်ကိုင်းပြီး ဟမရလောက်အောင်ဖြစ်နေပေါ့။ ခဏတဖြုတ်နားပြီးရင်တော့ ဖိနပ်ချွတ်မှာထိုင်ပြီး အဝေးတစ်နေရာက တောင်ပြာတန်းကို မျှော်ကြည့်ရတာ အရသာတစ်မျိုးပါပဲ။ ကျနော်ဘာတွေလုပ်နေလဲဆိုတာကို ကျနော့်ရဲ့ အိမ်နီးချင်းကို ပြောပြလိုက်ရင်တော့ ခပ်လှောင်လှောင်လေး ရယ်ပြီး ကျနော့်ကို အရူးစာရင်းထဲ သွတ်သွင်းလိုက်မလားပဲ။ ဒါပေမယ့် ကျနော်က စိတ်ဖေါက်ပြန် ရူးသွပ်နေတဲ့သူမှ မဟုတ်ပဲ။ ကျနော် ဘာလုပ်နေလဲဆိုတာ ကိုယ်တိုင် ကောင်းကောင်းသိပါ့။ အခုဆိုကြည့် ကျနော်စားစားနေတဲ့တောင်ရဲ့ အမြင့်ကော အကျယ်ကော တဖြည်းဖြည်း လျော့နည်းလာတာကို သေသေချာချာ ကြည့်တတ်ရင် သိသိသာသာ ကိုမြင်နိုင်နေပြီ။ နောက်ပိုင်းဆိုရင်တော့ လူတော်တော်များများ သိလာပြီး မှ ဒီလိုဖြစ်တာဟာ ဘူမိဗေဒဆိုင်ရာ အပြောင်းအလဲတွေကြောင့်လို့ ဆိုကြလိမ့်မယ်။ တကယ်တော့ ဒါဟာကျနော့်ရဲ့ ပရိယာယ်ပဲလေ.. အမြင့်ပေ ၃၀၀၀ကျော်ရှိတဲ့ တောင်ကြီး တစ်လုံး လုံးပါးပါးသွားတာ ကျနော့်ကြောင့်ပါလို့ ရိုးရိုးသားသား ၀န်ခံချင်စိတ် ရှိမယ့်လူ ဒီလောကမှာ မရှိသေးဘူး မဟုတ်လား။