Friday, May 30, 2008

ဒေါက်တာအော်လံတိုနှင့် ဗိဿခေတ္တရာ စွန့်စားခန်းကြီး

အခန်း ၁။ ။ ဗိဿခေတ္တရာ မှ အိုပတ်ပတ်

ဘာဏုရာဇာ ဒေါင်းဖန်ဝါသည် ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းကို တာ့တာပြ၍ အနောက်ဂေါယာကျွန်းသို့ ယွန်းသွားသည်မှာ တော်တော်လေးကို ကြာခဲ့ပေပြီ။ အချိန်ကား ညီအစ်ကို မသိတသိ အချိန်ကို ကျော်လွန်၍ ခယ်မ မမှတ်မိ အချိန်သို့ပင် ရောက်နေပြီဖြစ်ပါသည်။ ဗိဿခေတ္တရာ ရွှေမြို့တော်၏ လမ်းမကြီးများသည် လမ်းမီးတုတ်များ၏ မှုန်ဝါးဝါး အလင်းရောင်အောက်တွင် စိတ်လွတ်ကိုယ်လွတ် လဲလျောင်း အနားယူနေကြသည်။ မှောင်ရိပ်မကျတကျ လမ်းဘေးတစ်နေရာ၌ ဤနေရာတွင်ခွေးများသာ သေးပေါက်ရန် ဟုရေးသားထားသည့် တပတ်ရစ်ဆိုင်းဘုတ်ငယ် တစ်ခုရှိ၏။ ဆိုင်းဘုတ်နံဘေးရှိ အုတ်ခုံပေါ်တွင် စာပေသမားအသွင်ရှိသည့် လူတစ်ယောက် ဗျစ်ရည်နာကျ၍ မူးထွေထွေဖြင့် ကိုယ်တိုင်ရေး ဟိုက္ကု ကဗျာများကို ဗလုံးဗထွေး ရွတ်ဆိုနေသည်။

ထိုအချိန်တွင် ၀ါးပြီးစပီကေ ပျော့စိစိနှစ်လုံးကို သစ်သားပေတံ အဟောင်းတစ်ချောင်းပေါ်တွင် လျော့ရဲရဲ ကပ်ထားသကဲ့သို့သော ကိုယ်ခန္ဓာနှင့် မိန်းမပျိုတစ်ယောက် မင်းလမ်းမကြီးအတိုင်း ဆတ်တောက်တောက်ဖြင့် လျှောက်လာပါသည်။ သူမကိုမြင်လိုက်သည်နှင့် စာပေသမား၏ မျက်နှာသည် တောသားဖါလူဒါတွေ့သည့်နှယ် ၀င်းပသွားပြီး သူ၏ ဖေါင်းပွနေသော လွယ်အိတ်ကို ကောက်ယူကာ ငေါက်တောက်ထရပ်လိုက်သည်။ ပိုးနှံကောင်သိုင်းဖြင့် နှစ်စွေ့မျှခုန်လိုက်သည်တွင် ပိုးလောက်လန်းမလေးရှေ့သို့ အသံထက်လေးဆတိတိ မြန်သောနှုန်းဖြင့် ရောက်သွားလေတော့သည်။

`ဟဲ့ ပလုတ်တုတ်ကြီး ဂျီးမေဂျိုး​`

`အို နှမငယ်၊ အထိတ်တလန့် မရှိပါလင့်၊ မောင်ကြီးကား နိုင်ငံကျော် လျှပ်လျှပ်ပြက် ဂျာနယ်တော်ကြီး ရဲ့ အထောက်တော်ပင် ဖြစ်ပေချိမ့်သည်။ သတင်းရနံ့ လှိုင်လှိုင်ပျံ့သည့် ဆယ်လီဘရစ်တီ တစ်ဦး ဖြစ်ထသော နှမတော်ကို ဂျာနယ်တော်တွင် ကွက်ကွက်ကွင်းကွင်း ဖေါ်ပြလိုပါသောကြောင့် မောင်ကြီးအား သနားသဖြင့် ဗျူးထောက်ခွင့်ပြုပါငဲ့။`

`ဟုတ်ကဲ့၊ တစက်ရှင် နီးနီးတော့ သမီးအားပါတယ်၊ ကြိုက်သလိုဗျူး ကြိုက်သလိုထောက် နိုင်ပါတယ်ရှင့်။`

ထိုအခါ အထောက်တော်ကြီးသည် လွယ်အိတ်ကြီးအတွင်းမှ ဂန္ဓာလရာဇ်တိုင်းဖြစ် ပေရွက်တစ်ထပ်ကို ဆွဲထုတ်လိုက်ပြီး ဆွဇ္ဇလံနိုင်ငံလုပ် ၁၈ ကာရက် ရွှေကညစ်တံဖြင့် ဟန်ပါပါ စတင် ရေးမှတ်လေတော့သည်။

`နှမငယ်တို့၏ ပညတ်အမည်ကား နှိုးအဖွဲ့ ဟုသမုတ်ထားသည်ဟု မောင်ကြီးသိမှတ်ဖူးပါသည်၊ ဟုတ်ပါလေစ နှမငယ်။`

`ဟုတ်ပါတယ်ရှင့်။`

`နှိုးအဖွဲ့ အဘယ်သို့ သန္ဓေတည်လာပုံကို လင်းပါဦးတော့ နှမငယ်။`

`ဟင့်အင်း ဟင့်အင်း သမီးတို့ သုံးယောက်လုံး ဘယ်သူမှ သန္ဓေမရှိကြပါဘူး။ သမီးတို့က အဖိုဆိုရင် မီးဖိုနားတောင် ကပ်တာမဟုတ်ဘူး .. ဟင်းဟင်းဟင်း။ မိတ်ကပ်လိမ်းလိမ်းပေးနေတဲ့ မာမီတွေကိုတော့ ထားလိုက်ပါရှင်။`

မိန်းမငယ်၏ အဖြေကိုကြားရသောအခါ စာပေသမားသည် ပထမ ကြောင်တောင်တောင်ဖြစ်သွားသည်၊ ထို့နောက် ဗိုက်ဆာခြင်း နှင့် အိမ်သာတက်ချင်ခြင်း နှစ်မျိုးကို တပြိုင်နက် ခံစားနေရသူကဲ့သို့ မအီမလည်ကြီး ဖြစ်သွားလေသည်။

`မောင်ကြီးသိလိုသည်မှာ နှမငယ် အထင်ရှိသလိုမဟုတ်ပါ၊ နှမငယ်တို့၏ နှိုးအဖွဲ့ စတင်ဖြစ်ပေါ်လာပုံကို ဆိုလိုရင်းဖြစ်ပါတယ်။`

`ဟီးဟီး ဂလိုကိုး၊ သမီးကလည်း ကြုံတိုင်း ကြော်ငြာဝင်နေတာ အကျင့်ပါနေလို့ပါရှင့်။
ဒီလိုပါရှင်၊ သမီးတို့သုံးယောက်က ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေပေါ့နော်၊ မယ်သီလရင်သင် ပညာရေးကျောင်းမှာ ကျောင်းအိပ်ကျောင်းစား အတူတက်တယ်ပေါ့နော်၊ အရမ်းခင်ကြတယ်ပေါ့နော်၊ အတူစားအတူသွားပေါ့နော်။ မနက်မနက်ဆိုရင် လေးနာရီလောက်ထထပြီး သမီးတို့တတွေ ရွာထဲမှာ တလမ်းဝင် တလမ်းထွက် ဘွန္တော အော်ရပါတယ်ရှင့်။ သမီးတို့ရဲ့နှိုးသံကြားမှ ရွာသူရွာသားတွေလည်း အိပ်ရာကနိုးပြီး ဆွမ်းချက်တာတို့ ဘာတို့ ညာတို့ ဟိုဟိုဒီဒီ လုပ်ကြတာပေါ့နော်။ အဲဒီကတည်းက နှိုးအဖွဲ့ဆိုပြီး တရွာလုံး သိကြပါတယ်ရှင်။ ဘွန္တောအော်ရင်းနဲ့ သမီးတို့ရဲ့ အသံတွေ ဘာတွေလည်း အထူးအထွေ သိပ်ကျင့်စရာမလိုတော့ပဲ ကြာလာလေ ပြဲပြဲလာလေ ပေါ့ရှင်။`

အထောက်တော်ကြီးသည် မိန်းမငယ်၏ ဖြေကြားချက်ကို ပေရွက်ပေါ်တွင် ခပ်သွက်သွက် လိုက်ရေးမှတ်ပြီး ..

`ကောင်းလှပါပြီ နှမငယ်၊ နှမငယ်တို့၏ နှိုးအဖွဲ့ဝင်တွေရဲ့ အမည်နာမ များကိုလည်း သိပါရစေ။`

`ဟုတ်ကဲ့ပါရှင့်၊ သမီးတို့ရဲ့ နာမည်အရင်းတွေကိုတော့ ဧည့်စာရင်းတိုင်မှပဲ သုံးပါတော့တယ်၊ များသောအားဖြင့် အနုပညာအမည်နဲ့ပဲ လှုပ်ရှားဖြစ်တယ်ပေါ့နော်။ သမီးကတော့ ပတ်ပတ် ဖြစ်ပါတယ်၊ ကျန်တဲ့နှစ်ယောက်ကတော့ ခွက်ခွက် နဲ့ ဗျတ်ဗျတ် ပါရှင်။ သမီးတို့က ကိုယ်ကျွမ်းကျင်ရာ ပစ္စည်းကိုလိုက်ပြီး အမည်ယူထားကြတာပါ၊ သမီးကတော့ ပတ်သာ အကောင်းဆုံးပေါ့ရှင်။`

ပတ်ပတ်၏ စကားကိုကြားသောအခါ အထောက်တော်ကြီး နည်းနည်းတွေဝေသွားလေသည်။ မဖြတ်မတောက်ပဲ ဒီအတိုင်းသာ ဂျာနယ်တွင်ရေးမည်ဆိုပါက ဆင်ဆာမလွတ်နိုင်၊ သြော်ဒုက္ခ။

`နှမငယ် ပတ်သာ အကောင်းဆုံးဆိုတာ မောင်ကြီး မြင်ရုံနဲ့ပင် မှန်းဆသိနိုင်ပါတယ်၊ ဆက်လက်ပြီး နှမငယ်တို့ရဲ့ ရှေ့လုပ်ငန်းတွေ အကြောင်းကို သိခွင့်ပေးပါဦးငဲ့။`

`သမီးတို့တဖွဲ့လုံး ရှေ့လုပ်ငန်းတွေ အရမ်းအရမ်းကို ကောင်းကြပါတယ်၊ မယုံရင် အင်တာနက် ယူကျု ထဲ သွားကြည့်လို့ရပါတယ်... အဟင်းအဟင်း`

ဗျူးဆရာသည် ကမ္ဘာဦးက ကိုရင်အာဒမ် ပန်းသီးနင်သွားသည့် မျက်နှာဖြင့် တံတွေးအလုပ်ကြီးကြီး တစ်ခုကို ဂလု ကနဲ ကမန်းကတန်း မျိုချသည်။ ထို့နောက် ယောင်တောင်တောင်ဖြင့် ပုဆိုးကိုပြင်ဝတ်သည်။ ထို့နောက် ဘေးဘက်တွင် လွယ်ထားသော လွယ်အိတ်ကြီးကို သူ၏အရှေ့သို့ဆွဲယူပြီး ..

`မေးဖွယ်အများ ကျန်သေးပေသိ အခါတော် အတန်ငံ့ပြီ ဖြစ်သောကြောင့် နှမငယ်ကို အထောက်တော်ပြုခြင်းကို ဤတွင်ပဲ နိဋ္ဌိတံ ရပေအံ့၊ နိဂုံးအနေဖြင့် နှိုးအဖွဲ့၏ကိုယ်စား ပရိသတ်အား ပီယ၀ါစာ ပြောကြားပေးပါဦးတော့ နှမငယ် အိုပတ်ပတ်။`

`ကျေးဇူးတင်ပါတယ်ရှင်၊ သမီးတို့ကိုယ်၌လည်း ကောင်းသထက်ကောင်းအောင် အချိန်အားရှိတိုင်း အပတ်တကုတ် ကြိုးစားနေပါတယ်ဆိုတာ ပရိသတ်ကြီး သိစေချင်ပါတယ်ရှင့်။ သမီးလည်း ဒွတ္တထွာမင်းကြီးရဲ့ ဒွါဒဿမမြောက် မင်္ဂလာပွဲမှာ သွားရောက် ဖျော်ဖြေရဦးမှမို့ အခွင့်ပြုပါဦးရှင်။



အခန်း ၂။ ။ ဒွတ္တထွာမင်းကြီးရဲ့ ဒွါဒဿမမြောက် မင်္ဂလာပွဲ

ပတ်ဝန်းကျင်သည် ပိတ်ပိတ်မှောင်၏။ တချက်တချက် ခေါ်သံလိုလိုကို မျှင်းမျှင်းငယ်မျှ ကြားနေရသည်။ ထို တိုးလျလျ အသံ ပျောက်သောအခါ အရာရာသည် ဆိတ်ဆိတ်ညံပြန်၏။ အရက်သမား ဖဲရှုံးသကဲ့သို့ သူ၏ခေါင်းသည် နောက်ကျိမူးဝေ ရှုပ်ထွေးနေသည်။ ချိုအီစူးပြင်းသော ဂန္ဓာရုံက နှာခေါင်းထဲသို့ အဓမ္မ တိုးဝင်နေသည်။ သူသည် မျက်လုံးများကို အားစိုက်၍ဖွင့်ကြည့်သည်။ ဆံခြည်တမျှင်စာမျှ မျက်ခမ်းများ ပွင့်လာသည်တွင် မှိန်ဖျော့ဖျော့ အလင်းရောင်က ဒေါက်တာအော်လံတို၏ သူငယ်အိမ်ထဲသို့ ကြမ်းတမ်းစွာ ခုန်ပေါက်ဝင်ရောက်လာသည်။ ရုတ်တရက် ကျိန်းစပ်သွားသောမျက်စေ့ကို အလန့်တကြား ဖျစ်ညှစ်ပိတ်လိုက်သည်တွင် သူ၏နံဘေးမှ စကားပြောသံများကိုကြားလိုက်ရသည်။

`ဟော.. ရှင်ကြီးတို အဓိဋ္ဌာန်က ထလာပြီ၊ မင်္ဂလာအချိန်ရောက်တော့မယ်။`

`ရှင်ကြီးတို.. ရှင်ကြီးတို..`

`ရှင်ကြီးတို..`

ရှင်ကြီးတို ဆိုပါလား၊ ဘယ်သူ့ကိုများ ခေါ်နေတာပါလိမ့်။ ငါ့ကိုများလား။ အာ.. ဘာဆိုင်လို့တုန်း၊ ငါက ဒေါက်တာအော်လံတို၊ ခေါ်နေတာက ရှင်ကြီးတို၊ တူတာဆိုလို့ `တို` ပဲရှိတယ်။ ဒါတောင် တိုတာချင်း တကယ်တူချင်မှ တူမှာ။ ဒါနဲ့နေပါဦး၊ ငါဘယ်ကိုများ ရောက်လာတာလဲ။ ငါ့ရဲ့စမ်းသပ်မှုကြီးကကော ဘာဖြစ်သွားပြီလဲ။ ဟိုကောင် တဒင်္ဂဖိုးထောင် ကောဘယ်မှာလဲ။ ဘာပဲဖြစ်ဖြစ်လေ ဖြစ်ချင်တာဖြစ် ကြုပ်ကျက်လိ ရမှာပဲ။ ကဲမှန်းစမ်း.. ဘာတွေဖြစ်နေလဲ ဒိဌသိရအောင် မျက်စေ့ဟပြီး ရှုစားတော်မူလိုက်မယ်.. လာထား..

သူရောက်နေသော နေရာကား မျက်နှာကျက်မြင့်သော အခန်းကျယ်တစ်ခု ပင်ဖြစ်သည်။ ခန်းလုံးပြည့် သားမွေးကောဇောသည် ရဲရဲနီ၏။ နံရံများကား ဟင်္သာပြဒါး ပိန်းချ၍ ရွှေရေးတစ်ကြောင်းဆွဲ ပန်းချီများ ဖြင့်ပြီး၏။ နံရံဆေးရေး အရုပ်ကားများသည် ကညင်ဆီမီးတုတ်များ၏ အလင်းရောင်တွင် ရွှေရောင်တောက်လျှက် ယိမ်းနွဲ့ ကခုန်နေကြ၏။ လူပရိသတ်ကား အတော်များသည်။ သူတို့သည် ခေတ်ဆန်ဆန် ၀တ်ဆင်ထားကြသည်။ ကျားမ မရွေး ပုဝါပါးကို အောက်ပိုးကျိုက်ခြင်း နှင့် ဗလာအပေါ်ပိုင်းပင်ဖြစ်သည်။ ထို့ပြင်တခြား သင်းကျစ်၊ လက်ပတ်၊ စလွယ်၊ ပုတီး၊ ခါးသိုင်း၊ ခြေကျင်း စသည့် ရှုပ်ရှုပ်ရှက်ရှက်များဖြင့် မိမိတို့ တတ်နိုင်သရွှေ့လည်း တန်ဆာဆင်ကြသည်။ အခန်း၏ ထောင့်တစ်ခု တွင်ကား ဘာဘီကျူးဘူဖေး ရှိ၍ ၄င်း၏အနီးတွင် ဗျစ်ကောင်တာရှိလေသည်။ ဗျစ်ရည်မူးစပြုလာသောသူများကား စကားကိုကျယ်ကျယ်ပြော၍ ဘာကိုမှန်းမသိ ငြင်းခုန် နေကြသည်။ နန်းတွင်း မြေ၀ိုင်း အဆိုတော်များကလည်း မိုက်ကရိုဖုန်းမပါပဲ တခန်းလုံးကြားနိုင်ရန် လိပ်ခေါင်းပြတ်မတတ် သီဆိုခုန်ပေါက်နေကြ၏။

ဒေါက်တာအော်လံတိုသည် သူ့ကိုသူ ပလ္လင်တစ်ခုပေါ်တွင် ထိုင်လျှက်ရှိသည်ကို အံ့သြစွာ သိရှိလိုက်သည်။ သူ၏ ဆံမုတ်ဆိတ်များသည် နီကျန်စေးထုတ်၍ ဖါးလျားရှည်သည်။ သူ၏တစ်ကိုယ်လုံးသည် ဂျီးအထပ်ထပ်ဖြင့်ပြီး၍ အောက်သိုးသိုး ချဉ်စုပ်စုပ် စိမ်းရွှေရွှေ အနံ့လှိုင်လှိုင်ဟောင်သည်။ အခုအချိန်မှာတော့ ဟိမ၀န္တာမှ ဖကီးကြီးများပင် သူ့ရဲ့ဥပဓိကို လန်သွားမည်ဟု ပေါက်ပေါက်ရှာရှာတွေးလိုက်သေးသည်။ သူ့အား ပြူးပြဲကြည့်နေကြသော လူများထဲမှတစ်ယောက်က မင်္ဂလာအချိန် ရောက်ပြီလားဟုမေးရာ ဒေါက်တာအော်လံတိုလည်း ဘုမသိ ဘမသိ ခေါင်းညိမ့်ပြလိုက်လေသည်။

ဒေါက်တာအော်လံတို ခေါင်းညိမ့်ပြလိုက်သည်နှင့် တပြိုင်နက် ထိုသူသည် ပရိသတ်ဖက်ကိုလှည့်၍ အခမ်းအနားမှူး ဟန်ပန်အပြည့်ဖြင့် ..

` မင်္ဂလာအချိန် ကျရောက်ပြီဟု အရည်းကြီးမဟာနာယက ရှင်ကြီးတို မှ အခါတော်ပေးပြီ ဖြစ်ပါသောကြောင့် ဗိဿခေတ္တရာ ပြည့်ရှင် ဒွတ္တထွာမင်းကြီးရဲ့ ဒွါဒဿမမြောက် မင်္ဂလာပွဲစတင်ပါတော့မယ်။ ဒွတ္တထွာမင်းကြီးနဲ့ ဒွါဒဿမမြောက် ကြင်ယာတော် ပန္တဘောင်မိဖုရား တို့ မင်္ဂလာခန်းမဆောင် အတွင်းသို့ ကြွချီလာတော်မူရန် လျောက်ထားအပ်ပါသည်ဖျာ့။`

ထိုအခါ အဆင်သင့် စောင့်ဆိုင်းနေသော နှိုးအဖွဲ့ မှ ပတ်ပတ်၊ ဗျတ်ဗျတ် နှင့် ခွက်ခွက်တို့သည် သူတို့ကျွမ်းကျင်ရာ တူရိယာများဖြစ်သော ပတ်သာ၊ ဗျတ်စောင်း၊ ခွက်ခွင်း စသည်တို့ဖြင့် `ဒန် တန် တန် တန်.. ဒန် တန့် တန် တန်..` ဟူသော တေးသွားကို သာယာညှင်းပျောင်းစွာ တီးခတ်၍ အိနြေ္ဒရရ မလှုပ်တလှုပ် ကကြလေ၏။ ဒွတ္တထွာဘုရင်ကြီးလည်း သူ၏ ဆယ့်နှစ်ယောက်မြောက် ကြင်ယာတော် ဖြစ်လတ္တံ့သော ပန္တဘောင်မိဖုရားအား ပိုင်စိုးပိုင်နင်း လက်ချင်းချိတ်လျက် ခန်းမကြီးအတွင်းသို့ တစ်လှမ်းချင်း မိန့်မိန့်ကြီး ၀င်ရောက်လာလေသည်။ နှိုးအဖွဲ့က လုံမငယ်သုံးယောက်လည်း `အခါတော်ပေးတာက နတ်ရေးငယ်ရွှေစာ..` အစချီသီချင်းကို ရောသမမွှေနတ်ဒိုး အလိုက်ဖြင့် ချွဲချွဲပြစ်ပြစ်ဆို၍ ခုန်ဆွခုန်ဆွ ကလေတော့သည်။ ထိုအခိုက် မင်္ဂလာပွဲကို စပွန်ဆာပေးထားသော ပလားမီးရီးကော်ဖီ မှ ရုတ်တရက် ကြော်ငြာဝင်သောအခါ ဘုရင်ကြီးပင်လျှင် မင်္ဂလာလမ်းလျှောက်ခြင်းကို ခဏရပ်၍ ကြော်ငြာပြီးသည်အထိ စောင့်ပေးရသည်။ ဒီလိုနဲ့ပဲ ဘုရင်ကြီးတို့စုံတွဲ တစ်မိနစ်ကို ခြေနှစ်လှမ်းခွဲနှုန်းနဲ့ လျှောက်လာလိုက်တာ သီချင်းငါးပုဒ်၊ ပလားမီးရီးကြော်ငြာ ဆယ်ခါဝင် အပြီးမှာ ရှင်ကြီးတို တဖြစ်လဲ ဒေါက်တာအော်လံတို ထံရောက်လို့လာပါပြီ။

`အဟမ်း.. အဟမ်း..`

အခန်းအနားမှူးသည် လည်ချောင်းကို လုပ်ရှင်းရှင်း၍

` ဒွတ္တထွာမင်းကြီးနဲ့ ပန္တဘောင်မိဖုရား တို့ ရဲ့မင်္ဂလာဦးမှာ ပန္တဘောင်သတို့သမီးရဲ့ ကိုယ်တွင်းအတ္တ အညစ်အကြေးများ ကင်းစင်ပပျောက်စေရန် ရည်သန်၍ ရှေးရိုးထုံးစံမပျက် ပန်းဦးဆက်သလိုပါတယ်။ ပန္တဘောင်သတို့သမီးရဲ့ပန်းဦးကို လက်ခံပါရန် ဒွတ္တထွာမင်းကြီးရဲ့ကိုယ်စား ရှင်ကြီးတိုအား လျှောက်ပန်အပ်ပါသည် ဖျာ့။`

အိန်း.. ခက်ချေပြီ၊ င့ါနှယ် အရည်းကြီးမှ လာဖြစ်ရတယ်လို့.. ဒီအချိန်ကျမှတော့ ငြင်းနေလို့ မရတော့ဘူး.. အလိုက်သင့်ကလေး မျောလိုက်သွားပြီးမှ မီးစင်ကြည့်က ရမှာပဲ။ ကုလားဖြစ်မှတော့ ဒန်ပေါက်ကြောက် နေလို့မရဘူး။ အဲ.. မိုင်ဖလားဝါးဦး လေးကကော ပရီးတီး ရဲ့လား.. ဗျူးတော်မူလိုက်ဦးမယ်ဟု တွေးရင်း ပန္တဘောင်မိဖုရားအား လှမ်းကြည့်လိုက်စဉ် မိန်းမတို့၏ မသိစိတ်လှုံ့ဆော်မှုအရ ပန္တဘောင်မိဖုရားကလည်း မျက်လွှာလေးအသာပင့်၍ ဒေါက်တာအော်လံတိုအား သုံးစက္ကန့်မျှ ပြန်လည်ကြည့်မိလေသည်။ ထိုစက္ကန့်ပိုင်းလေးမှာပင် ခေသူမဟုတ်သော ဒေါက်တာအော်လံတို နှင့် ပန္တဘောင်မိဖုရားတို့သည် မျက်လုံးချင်း စကားတွေ အများကြီးပြောပြီးသား ဖြစ်သွားသည်။ (ရှေးပညာရှိတို့ စီရင်အပ်သော စက္ခုဝါစကဗေဒ ခေါ် မျက်လုံးချင်း စကားပြောနည်းကျမ်းကြီး ကို အလိုရှိသူများ စာရေးသူထံသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ စာရေးသူ)

ဒွတ္တထွာဘုရင်ကြီးလည်း ပန္တဘောင်မိဖုရားကို ရှင်ကြီးတိုထံသို့ဆက်သပြီး သကာလ နှာခေါင်းကြီးပွ၊ မေးကြောများထောင်အောင် အံကိုကြိတ်ပြီး ဗျစ်ရည်တွေချည်းပဲ လှိမ့်သောက်ပါတော့သည်။ ကျန်တဲ့ဧည့်ပရိသတ်လည်း ဘာဘီကျူးစားလိုက် ဗျစ်မော့လိုက် လုပ်ကြရာမှ မူးယစ် အော့အန် ရန်ဖြစ် ရိုက်နှက်ကြနဲ့ မင်္ဂလာခန်းမ တဖြစ်လဲ ရှင်ကြီးတိုရဲ့ ၀တ်ကျောင်းဆောင်ဟာ အလွန်တရာကို ကျွက်ကျွက်ညံ စည်ကားနေ၏။ ဒီမင်္ဂလာပွဲမှာ ဗျစ်မသောက်တဲ့သူ နှစ်ယောက်ပဲရှိသတဲ့။ ဒေါက်တာအော်လံတို နဲ့ ပန္တဘောင်မိဖုရား တို့ပါပဲ။ သူတို့က မျက်လုံးချင်း စကားပြောနေတာနဲ့ အလုပ်ရှုပ်နေကြတယ်။

ညဉ့်နက်လာမှပဲ ပရိသတ်က တဖြည်းဖြည်းပါးသွားတာ သန်းခေါင်ကိုတော်တော်ကျော်မှပဲ ရှင်ကြီးတိုရဲ့ဝတ်ကျောင်းလည်း ဧည့်ရှင်းသွားတော့တယ်။ ဒါတောင် အိမ်မပြန်နိုင်တော့ပဲ ခန်းမထဲမှာတင် ပိုးလိုးပက်လက် အိပ်ပျော်နေကြတဲ့သူတချို့ ရှိသေး၏။ နှိုးအဆိုတော် အိုပတ်ပတ် ဆိုရင်မြင်လို့တောင် မကောင်းတော့ဘူး။ ပါပါရာဇီတွေ မရှိလို့သာတော်တော့တယ်။

မျက်လုံးချင်းစကားပြောနေတာ လေး ငါးနာရီလောက် ကြာသွားပြီဖြစ်တဲ့ ဟိုနှစ်ယောက်လည်း အခုမှ ပါးစပ်နဲ့စပြောဖို့ သတိရလာကြပြီ။ ဒေါက်တာအော်လံတိုရဲ့အနားမှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ပန္တဘောင်မိဖုရားက စပြောပါတယ်။



အခန်း ၃။ ။ ရှင်ကြီးတို နှင့် ပန္တဘောင်မိဖုရား

`ရှင်ကြီးတိုရယ်.. တကယ်တော့ ပန်ပန်က ဟိုးအဝေးကြီးကပါ.. ဗိဿခေတ္တရာ ကို မမျှော်လင့်ပဲ ထူးထူးဆန်းဆန်း ရောက်လာခဲ့တာပါ.. ဗိဿခေတ္တရာဟာ ပန်ပန့် အတွက် သူစိမ်းပြင်ပြင်ပါ.. `

သတို့သမီး အသစ်စက်စက် မပန်းဦး က မင်္ဂလာဦးညတွင် သန်းခေါင် သန်းလွဲ အလိုက်မသိ စကားစ ရှည်တော်မူတော့မည်ကို တွက်ဆမိသောအခါ ရှင်ကြီးတို တဖြစ်လဲ ဒေါက်တာအော်လံတိုသည် စိတ်ဓါတ် နှစ်ကျပ်ခွဲသားဖိုးခန့် ကျသွားလေ၏။ ရှိပါစေလေ.. သည်းခံခြင်းသည် အောင်မြင်ရာ.. သူပြောချင်တာပြောပါစေ.. ပြီးရင်တော့ ငါ့အလှည့်ပေါ့။ ဒါပေမယ့် စကားစ သိပ်မရှည်အောင်တော့ လုပ်မှပဲ..

`၀ါး.. လင်းကြက်တောင်ဆော်တော့မှပဲ.. ၀ါး.. ပန်ပန့်ရဲ့အကြောင်း တိုတို့ကို ၀ါး.. အကျဉ်းချုံးလေး ပြောပြပါဦး.. ၀ါး..`

ဟု အာလုပ်သံကြီးဖြင့် သမ်းဝေကာ မသိမသာဖြင့် သိသိသာသာကြီး အတိတ်စိမ်းပေးလေသည်။

`မှန်ပါရဲ့ရှင် ညဉ့်တောင် အတန်နက်နေမင့်.. ပန်ပန့်အကြောင်း နောက်များမှ အေးအေးဆေးဆေး ပြောပြပါ့မယ်.. အခုတော့ ပန်ပန်လည်း နွမ်းလျပေါ့.. စက်ရာဝင် မှထင့်..`

ထိုသို့ကြားလိုက်ရသောအခါ ဒေါက်တာအော်လံတို၏ လွန်စွာအိပ်ငိုက်၍ အကြိမ်ကြိမ် သမ်းဝေနေသော မျက်ခွက်ကြီးသည် တမဟုတ်ချင်း ၀င်းပတက်ကြွလာပြီး ညောင်စောင်းဆီသို့ ကဆုန်ပေါက်ပြေး၍ ခေါင်းအုံး၊ မှီလုံး၊ ဖုံ၊ သက္ကလပ်စောင်၊ ဖဲမွေ့ရာ စသည်တို့ကို သပ်ရပ် ပြုပြင်တော့သည်။ ပြီးမှ..

`လာ.. ပန်ပန်ညီမလေး.. ဒီကိုလာ` ဟု လိပ်ကြော ကြောင်ကော် ပြောင်ချော်ချော် မျက်နှာပေးဖြင့် ဖိတ်မန္တကပြုလေ၏။

ပန္တဘောင်မိဖုရားလည်း မလှုပ်တလှုပ် လှုပ်တလှုပ်ဖြင့် တင့်လှပေဟန် ခြေလှမ်းစွာလျက် စက်ရာညောင်စောင်း သလွန်ပျောင်းသို့ မဆိုင်းမဆုတ် နှေးတုံ့မမြည် ကြွချီတော်မူလေသည်။ ညောင်စောင်းပေါ်တွင် သာယာညွတ်ညောင်း လဲလျောင်းပြီးကာမှ မိဖုရားက ထတဲ့၍..

`ရှင်ကြီးတိုရယ်.. ပန်ပန်က ညဖက်ဆို တစ်ယောက်ယောက်က ပုံပြောပြမှ အိပ်ပျော်တာရှင့်၊ ဒီညတော့ ရှင်ကြီးတိုပဲ ပြောပြပေါ့ရှင်`

ဒေါက်တာအော်လံတိုခမျာမှာ ထီပေါက်ပြီးမှ ထီလက်မှတ်ပျောက်သူ၊ ဗီဇာရပြီးမှ လေယာဉ်လက်မှတ်ဝယ် မရသူ၊ ၀မ်းပျက်နေတုန်း အိမ်သာတွေ့ပြီးမှ ရေ၊ စက္ကူ မရှိသူတို့ ကဲ့သို့ အီလည်လည် ကြီးဖြစ်သွားတော့သည်။ ပုံပြောပြပါတဲ့၊ တယ်.. ဒီမိဖုရား.. သူငယ်နာမစင်သေးဘဲကိုး၊ ပုံဆိုတော့လည်း ပုံရတော့မှာပ..

`ဒါဆို တိုတိုပုံပြောပြမည်.. နှမငယ်ပန်ပန် နားဆင်လော့.. ဟိုးမရှေးမရှေးတုန်းက..`

`ခိခိ.. ဟိုးရှေးရှေးတုန်းက လို့လုပ်ပါ ရှင်ကြီးတိုရဲ့.. ခိခိ`

`တိုတိုက ဟိုးရှေးရှေးတုန်းက အကြောင်းပြောမှာ မဟုတ်ဘူး၊ နောင်လာမယ့် နှစ်ပေါင်းတစ်ထောင်လောက်က အကြောင်းပြောပြမှာ ပန်ပန်ရဲ့.. ကဲပြန်စမယ်.. ဟိုးမရှေးမရှေးတုန်းက..`



အခန်း ၄။ ။ ဒေါက်တာအော်လံတို နှင့် ကာလယန္တရား

အချိန်ကား ကိုရီးယားကားလာချိန်။

သြကာသလောကတခွင်လုံး ရေချိုးပြီးစ ကပ္ပလီမတစ်ယောက်လို မည်းမည်းမှောင်၏။ မိုးကြိုးတွေ ပစ်စလက်ခတ် ပစ်နေချိန်တွင် လျှပ်ပန်းလျှပ်နွယ်တို့သည် ကလက်တက်တက် ကခုန်ကြ၍ မိုးသည် ဟို့လို့ဟောင်းလောင်း ရွာချလျက်ရှိသည်။

မြို့အစွန်ရှိ ခြံများသည် ကျယ်ဝန်းပျံ့ပြော၍ ဆိတ်ငြိမ်လှစွာ၏။ အနီးအနားရှိ တချို့ခြံကျယ်ကြီးများတွင် ဂန္ဘီရဘိုးတော်တို့ နေထိုင်သီတင်းသုံးကြလေသည်။ ၄င်းတို့နှင့် မနီးမဝေး တောင်ပူစာငယ်ပေါ်တွင် နှစ်ထပ်အိမ်အိုမည်းကြီးတစ်လုံး ရှိလေ၏။ အိမ်မည်းကြီးသည် ပိုင်ရှင်၏ ဂရုစိုက်ခြင်းမှ ကင်းကွာနေရသည်မှာ ကြာပြီဖြစ်သဖြင့် ဟောင်းနွမ်းယိုယွင်းကာ ဇရာ၏ အရေးအကြောင်းများ ပေါ်လွင်လျက်ရှိပေသည်။ အဆီခန်းသော ပြတင်း တံခါးရွက်များမှ တကျွီကျွီမြည်သံကို လေဝှေ့တိုင်းကြားနေရသည်။ အိမ်ကြီး၏ အခန်းတစ်ခုအတွင်းတွင်ကား တစ်ယောက်တည်း အော်ကြီးဟစ်ကျယ် ဆဲဆိုနေသော ဒေါက်တာအော်လံတို။

ဒေါက်တာအော်လံတိုသည် ဘိုင်အိုဖစ်ဆစ်စစ် ခေါ် ဇီဝရူပဗေဒပညာရှင် တစ်ဦးဖြစ်ပြီး အသက်အရွယ်အားဖြင့် သုံးဆယ့်ငါး လေးဆယ်ခန့်ရှိသည်။ ကိုယ်လုံးကိုယ်ထည် ထွားကြိုင်း၍ ခြောက်ပေခန့်မြင့်မားသော အရပ်အမောင်းရှိသည်။ ပြောင်အောင်တုံးထားသော ကတုံးနှင့် အမြဲတမ်း အဆီပြန်နေသော နီစပ်စပ် မျက်နှာရှိသဖြင့် ရွာထဲသို့ ၀င်ဝင် သောင်းကျန်းလေ့ရှိသော ဖက်ဆစ်ဂျပန်၏ ဥပဓိရုပ်မျိုးကို ပိုင်ဆိုင်သူဖြစ်သည်။ သူသည် အိမ်ထောင်တဆက် ကျဖူးသူဖြစ်ပြီး ဇနီးသည် အသစ်ကျပ်ချွတ်သည် ပင်လယ်ခရီး ဟန်းနီးမွန်းမှအပြန်တွင် ပယောဂ ပူးဝင်ခဲ့သည်။ များမကြာမီမှာပင် သူမသည် `လူမည်းကြီးတွေလာပြီ.. လူဖြူကြီးတွေလာပြီ.. လူနီကြီးတွေလာပြီ..` ဟု ထူးဆန်းစွာ အော်ဟစ်အသက်ငင်ပြီး ဘ၀တပါးသို့ ပြောင်းသွားရှာလေသည်။ (ဒေါက်တာအော်လံတို၏ ဟန်းနီးမွန်းခရီး အကြောင်း အပြည့်အစုံကို ``အော်လံတို နှင့် တုံတုံယမ်း စွန့်စားခန်းကြီး`` ၀တ္ထုတွင် ရေးသားခဲ့ပြီးဖြစ်သည်။ ။စာရေးသူ)

ဒေါက်တာအော်လံတို၏ စမ်းသပ်ခန်းသည်ကား ဖန်ပြွန်၊ ပေါင်းချောင်၊ ၀ါယာကြိုး၊ ဒိုင်နမို၊ ဆားကစ်ပြား၊ မီတာခွက်များ ဖြင့် ဗျောင်းသတ်၍ ပွပလဲ နေသည်။ ဖန်ချိုင့်ကြီးများဖြင့် ဆေးရည်စိမ်ထားသော မုန်လာဥသဏ္ဍန်၊ အီကြာကွေးသဏ္ဍန် စသည် ထူးထူးဆန်းဆန်း အရာများလည်း နံရံကပ်စင်များပေါ်တွင် ရှိလေ၏။ အခန်း၏ အလယ်တွင်ကား ငှက်ပျောပင်တစ်ပင်ကို ပြောင်းပြန်ထောင်လျက် စကပ်ထမီကို ဇောက်ထိုး ပတ်ပေးထားလေသည်။ တစ်လုံးနှင့်တစ်လုံး ၀ါယာကြိုးများနှင့် ပွစိတက်အောင် ချိတ်ဆက်ထားသော ရာနှင့်ချီသည့် ဘက္ကထရီအိုး အဟောင်းဆိုက်စုံကိုလည်း အခန်းထောင့်တစ်နေရာတွင် တွေ့ရမည်ဖြစ်သည်။ တောသစ် ပကာသားဖြင့် ဖြစ်ကတတ်ဆန်း ပြုလုပ်ထားသော လူသေအခေါင်းသဏ္ဍန် လက်ရာကြမ်းကြမ်း သေတ္တာရှည်မျောမျော တစ်လုံးလည်း အခန်းထဲတွင်ရှိလေသည်။ အခေါင်းသေတ္တာ၊ ငှက်ပျောပင်နှင့် ဘက္ထရီအိုးများအား လွန်စွာတုတ်သော ကြေးနီဝါယာကြိုးများဖြင့် ဆက်သွယ်ထားသည်ကို တွေ့ရသည်။ ဤသို့ ရှုပ်ထွေးပွေလီလှသော အခန်းထဲတွင် တယောက်တည်း ဆဲနည်းမျိုးစုံဖြင့် အယုတ္တ အနတ္တ ဖရုဿဝါစာ ပတ်ကြမ်းတိုက်နေသော ဒေါက်တာအော်လံတိုသည် စမ်းသပ်ခန်းအတွင်းသို့ တစ်စုံတစ်ယောက် ၀င်လာသည်ကို သတိပြုမိလိုက်သဖြင့် ခေတ္တမျှ အဆဲဘရိတ်အုပ်လိုက်သည်။

အခန်းထဲသို့ဝင်လာသူကား ကိုယ်ခန္ဓာသေးကွေး၍ နက်မှောင်သော အသားအရောင်ရှိသည်။ တွန့်လိမ်ကောက်ကွေးသော ဆံပင်များကို အုန်းဆီရွှဲရွှဲလိမ်းထားသည်မှာ နဖူးကဆီ ခြေမ ကျ မတတ် ရှိလေ၏။ ပန်းရောင်တောက်တောက် အင်္ကျီရင်ကျပ် ကို စကိုင်းဘလူး ဂျင်းဖင်ကျပ် နှင့် တွဲဖက်ဝတ်ဆင်ထားပြီး ပန်းနုရောင်ရွှေကိုင်းတပ် နေကာမျက်မှန်တစ်လက်ကို နဖူးပေါ်တွင်ချိတ်ထားလေသည်။ ပြားချပ်နေသောရင်ကို အစွမ်းကုန်ကော့၍ ကွတကွတဖြင့် ဒေါက်တာအော်လံတို၏ အနားသို့ လျှောက်လာပါသည်။

`ဟရေး.. အာစရိ ဆပ်.. ဂွတ်အီးဗနင်း.. ဘာဂိုများ အာလိုးမကျလို့ ဟောဒလို ချဲချို နေရဒလဲ.. ချွန်ဒေါ့ဂိုပြောဘာ..ဆပ်.. ချွန်ဒေါ့ဂိုပြောဘာ.. ချွန်ဒေါ်တတ်နိုင်တာချို ချက်ချင်း အိုကေသွား ရဇေမယ်..`

ဤကဲ့သို့ လွန်စွာမှပီသသည့် ကြက်တန်းနားဘားမိစ် ခေါ် ပုဇွန်တောင်ကြက်တန်းမှ ကုလားဒိန်များ ပြောလေ့ရှိသည် ဗမာစကား လေယူလေသိမ်း အတိုင်း ပြောဆိုလိုက်သူကား ရောင်းဒယ်ဝယ်ဒယ် လောကမှ စီးပွားရေးဂုရုကြီး တစ်ဦးဖြစ်သော တဒင်္ဂဖိုးထောင် ဆိုသူပင်ဖြစ်တော့သည်။ သူသည် ဒေါက်တာအော်လံတို၏ ကာလယန္တရား စမ်းသပ်တည်ဆောက်မှုကြီး အတွက် မိန်းစပွန်ဆာ လည်းဖြစ်သည်။ တနည်းဆိုရမူ ယခုစမ်းသပ်ခန်းအတွင်း အသုံးပြုနေသည့် ၀ါယာကြိုးအဟောင်း၊ ဘက္ထရီအိုးအပျက်၊ ဖန်ပြွန်အကွဲ၊ ဒိုင်နမိုအစုတ် စသည်တို့သည် တဒင်္ဂဖိုးထောင်၏ ရောင်းဒယ်ဝယ်ဒယ် ထရေးဒင်းမှ စပွန်ဆာ ပေးထားခြင်းပင်ဖြစ်သည်။ သူနှင့် ဒေါက်တာအော်လံတို တို့အကြား သဘောတူညီချက် တစ်ခုတော့ရှိသည်။ အကယ်၍ ကာလယန္တရား စမ်းသပ်မှု အောင်မြင်သွားပါက ဒေါက်တာအော်လံတိုမှ တဒင်္ဂဖိုးထောင်အား နို့ဆီခွက် နှင့် ငှက်ပျောဖူးပုလင်းများ ကို လမ်းဘေးတွင် ဖေါဖေါသီသီ ကောက်လို့ရသော ခေတ်ကာလဆီသို့ အကြိမ်ကြိမ် ပို့ဆောင်ပေးရမည် ဟူ၍ပင်ဖြစ်သည်။ တဒင်္ဂဖိုးထောင်က ဤနည်းဖြင့် သူ၏ စီးပွားရေး ဈေးကွက်ကို ချဲ့ထွင်ရန်ရည်ရွယ်ထားသည်။

`မင်းဘာမှ မတတ်နိုင်ပါဘူး ဖိုးထောင်ရာ.. ငါ့ရဲ့ ကာလယန္တရားကို ဒီနေ့ပဲ အပြီးသတ် တည်ဆောက်ပြီးသွားပြီ။ ဒါပေမယ့် ယန္တရားလည်ပတ်ဖို့ရာ လျှပ်စစ်ဓါတ်အားလိုတယ်.. နည်းနည်းလိုတာမဟုတ်ဘူးကွ.. ဗို့အား သန်းပေါင်းများစွာလိုနေတာ.. ဟောဒီမှာ မင်းဆီက ဘက္ထရီအိုးတွေ.. တစ်လုံးနဲ့တစ်လုံး ဒီလို ချိတ်လိုက်တော့ ကမ္ဘာပေါ်မှာ အကြီးဆုံး လျှပ်သိုအိုးကြီးဖြစ်သွားပြီ.. ဒီထဲကို လျှပ်စစ်ဓါတ်တွေ ရနိုင်သမျှ သိုလှောင်ရမယ် အီးပီစီကမီးအားကို တရုတ်အင်ဗာတာနဲ့ သုံးရင်တော့ ငါလိုချင်သလောက် ဗို့အားကို ဒီတစ်သက်ရတော့မှာ မဟုတ်ဘူး..`

စီးပွားရေးဂုရုကြီး တဒင်္ဂဖိုးထောင်သည် ဒေါက်တာအော်လံတိုဆီမှ တက်ကနီကယ် ဆန်ဆန် စကားများကို ကြားရသောအခါ ဉာဏ်မမှီတော့ချေ။

`အဲဒီတော့ အာစရိက ဒလောက်များဒဲ့ လျှပ်ချစ်တွေ ဘယ်နားဂ ရအောင် လုပ်မလို့လဲ`

ထိုအခါ ဒေါက်တာအော်လံတိုသည် ငါးသလောက်ပြုံးလေး ပြုံးလိုက်ပြီးမှ..

`အေး.. သဘာဝဆီကပေါ့ကွ.. ငါလိုချင်တဲ့လျှပ်စစ်ကို သဘာဝဆီက ယူရမယ်ကွ.. မိုးကြိုးဆိုတာ အကြီးမားဆုံး လျှပ်အားပဲ.. မိုးကြိုးကလျှပ်အားတွေကို ဘက္ထရီအိုးတွေထဲသွင်းရမယ်.. ဒါကြောင့်မိုးကြိုးအပစ်ခံရဖို့ အရေးကြီးနေတယ်.. ဟောဒီမှာ ငှက်ပျောပင်ဇောက်ထိုး.. မိုးကြိုးပစ်အောင် ယတြာချေထားတာ.. ပိုပြီးစွမ်းအောင် ထမီစကပ်ပါ ငှားပြီး ၀တ်ပေးထားတယ်.. ဒါတောင်မိုးကြိုးက မပစ်နိုင်သေးလို့ အယုတ္တအနတ္တတွေဆဲပြီး မိုးကြိုးခေါ် နေတာကွ.. မင်းတွေ့လား.. အပြင်မှာမိုးတော့ စရွာနေပြီ..`

အခုမှပဲ တဒင်္ဂဖိုးထောင် အတွက် ကာလယန္တရား တည်ဆောက်ပုံအကြောင်း အကွင်းအကွင်းနှင့် မုန့်တီဟင်းကဲ့သို့ ရှင်းလင်းသွားတော့သည်။

`ဒါလေးများ အာစရိရယ်.. ဖိုးထောင်လဲ ကူချဲ ပေးမပေါ့`

ဟုဆိုကာ သုံးဆယ့်တစ်ဘုံတွင် အယုတ်မာဆုံး၊ အညစ်ညမ်းဆုံး၊ အကြမ်းတမ်းဆုံး စကားလုံးများ ကိုအသုံးပြု၍ လွန်စွာပီသသော ကြက်တန်းနားဘားမိစ် ဖြင့် စတင်ဆဲဆိုလေတော့သည်။ တဒင်္ဂဖိုးထောင် အသုံးပြုသွားသော အဆဲများမှာ လွန်စွာမှပင် သစ်ဆန်းပြီး အောက်တန်းကျလှသည် ဖြစ်သဖြင့် ဂူဂယ် မှာပင်ရှာ၍ မတွေ့နိုင်ပါချေ။ (ယင်း အဆဲ များ မသမာသူများ လက်ထဲရောက်ရှိသွားမည်စိုးသဖြင့် ဤနေရာတွင် မဖေါ်ပြတော့ပဲ ချန်လှပ်ခဲ့ရပေသည်။ ။စာရေးသူ) ဤသို့ဖြင့် ဖိုးထောင်သည် ငှက်ပျောပင်ကို လက်ဝဲရစ် လှည့်လည်၍ ကုန်းလိုက်၊ ကော့လိုက် အနေအထား မျိုးစုံဖြင့် ထောင့်စေ့အောင်ဆဲလေသည်။

ငါးမိနစ်ပင်မပြည့်လိုက်ပါ..

ဂျိန်းးးးးးးး ဒိန်းးးးးးးး

မိုးကြိုးသည် ငှက်ပျောပင်ဇောက်ထိုး ကို တည့်တည့်မှန်၏။ ငှက်ပျောပင်နှင့် ဆက်ထားသော ဘက္ထရီအိုးများ ပွက်ပွက်ဆူ၏။ အခေါင်းသေတ္တာ ထိပ်ပိုင်းတွင် ထွန်းထားသော မီးလုံးက မှိတ်တုတ်မှိတ်တုတ် လင်း၏။ ဒေါက်တာအော်လံတိုသည် ၀မ်းသာအားရဖြင့် အခေါင်းဆီသို့ ပြေးသွားပြီး အထဲဝင်အိပ်လိုက်သည်။ ထို့နောက်..

`ဖိုးထောင်ရေ.. ငါသွားပြီ.. ကောင်မလေးတွေဆီကဖုန်းလာရင် ငါခရီးသွားနေတယ်လို့ပြောပေးထား.. `

ဟုဆိုကာ အခေါင်းဘေးရှိ ခလုပ်အနီရောင်ကလေးကို နှိပ်လိုက်လေသည်။




အခန်း ၅။ ။ ပန်ပန် နှင့် အာယုဝဏ္ဏဆေးတော်ကြီး


`အိမ်း.. ဒီလိုနဲ့ပဲ ကိုယ်လည်း ဗိဿခေတ္တရာကို ရောက်ခဲ့ရတာပ၊ ဟိုးမရှေးမရှေးတုန်းက ပုံပြင်လေးကတော့ ဒါပါပဲ ပန်ပန်ရယ်။`

ဒေါက်တာအော်လံတိုသည် သူ၏ အိပ်ရာဝင်ပုံပြင်ကို ဤသို့ဖြင့် အဆုံးသတ်လိုက် ပြီး ပန္တဘောင်မိဖုရားအား လှမ်းကြည့်လိုက်သည်။ မိဖုရားသည် သူမ၏ စွင့်ကားနေသော နားရွက်အစုံဖြင့် သူ၏ပုံပြင်ကို စိတ်ဝင်တစား နားထောင်နေသည်ကို တွေ့ရလေသည်။ မိဖုရား၏ဘေးတွင်ကား ဗိဿခေတ္တရာ၏ နာမည်ကြီးအဆိုတော် အိုပတ်ပတ်.. ။ အိုပတ်ပတ်သည် ညဉ့်ဦးပိုင်းက ဗျစ်ရည်အတန်ငယ်များသွားသဖြင့် မင်္ဂလာခန်းဆောင်နီ အလယ်တွင် ပိုးလိုးပက်လက် အမူးလွန် အိပ်ပျော်နေသူ ဖြစ်သည်။ အမူးအနည်းငယ် ပြေသွားပြီး တရေးနိုးလာချိန်တွင် ပန်းဦးလွှတ်ပွဲကို ၀ါသနာအရ ဆတ်ဆတ်ဆော့ဆော့ လာချောင်းရာမှ ရှင်ကြီးတိုနှင့် မိဖုရားတို့ ပုံပြောတန်း ကစားနေကြသည်ကို တွေ့ရသဖြင့် စိတ်ပျက်ပျက်နှင့် ၀င်ရောက်နားထောင်နေခြင်းဖြစ်သည်။

ပန္တဘောင်မိဖုရားသည် ဒေါက်တာအော်လံတို၏ ပုံပြင်ဆန်ဆန် ဇာတ်လမ်းကို ကြားရသောအခါ မယုံကြည်နိုင်လောက်အောင် အံ့သြစွာဖြင့်..

`ဒါဆို ရှင်ကြီးတိုက တစ်ထောင်တန်တွေ အုပ်လိုက်သုံးတဲ့ ခေတ်ကလာတာပေါ့နော်`

`ဟုတ်တယ် ပန်ပန်ရဲ့`

`မိုဘိုင်းဖုန်းတွေလည်း သုံးဖူးတာပေါ့နော်`

`ဒါပေါ့ ပန်ပန်ရဲ့.. ဖုန်းနဲ့ ဗီဒီယိုရိုက်ပြီး အချင်းချင်း ရှယ်ကြတာပေါ့`

`ဂျီတော့ ကော ကြူသေးလား`

`ဟဲဟဲ.. အိုင်ဒီတောင် လိုရမယ်ရ လုပ်ထားတာ ဆယ်ခုလောက်ရှိတယ်`

ထိုအခါ ပန္တဘောင်မိဖုရားသည် လွန်စွာမှ ၀မ်းသာ အံ့သြသော အမူအယာဖြင့်..

`ကြည့်စမ်း.. ၀မ်းသာလိုက်တာ.. အခုမှ တခေတ်တည်းက လူအချင်းချင်းလာတွေ့ ရတော့တယ်`

ဟုပြောကာ ဒေါက်တာအော်လံတို၏ မုတ်ဆိတ်ဖါးလျားကိုဆွဲပြီး အဆီပြန်၍ ဂျီး (ချေး) အထပ်ထပ်တက်နေသော ပါးပြင်ကို ဘယ်ပြန်ညာပြန် မဟားဒယား နမ်းလေတော့သတည်း။

`ဟဲ့ ဟဲ့ .. နေစမ်းပါဦး.. ပန်ပန် ကကော ဘယ်နည်းနဲ့ ဒီဗိဿခေတ္တရာကို ရောက်လာရတာလည်း။ တိုတို သိသလောက် ကာလယန္တရားကို အောင်အောင်မြင်မြင် တည်ဆောက်ပြီးတာ တိုတို တစ်ယောက်ပဲရှိပါသေးတယ်။`

ပန္တဘောင်မိဖုရားက ငရုတ်သီးအပြုံးလေး ပြုံးလိုက်ရင်းမှ..

`ပန်ပန်က အဲဒီခေတ်မှာတော့ မော်ဒယ်ဂဲလ်ပေါ့။ နာမည်သိပ်မကြီးပါဘူး.. နယူးဖေ့စ်မော်ဒယ် ဘ၀နဲ့ပဲ နေလာတာကိုက ဆယ်နှစ် ဆယ့်ငါးနှစ်လောက် ရှိနေပြီ။ တစ်နေ့တစ်နေ့ ပေါ်ပြူလာဖြစ်လာအောင် ဘယ်လိုလုပ်မလဲ စဉ်းစားနေရတာနဲ့ကို ရုပ်တော်တော်ကျတယ်။ ဒီလိုနဲ့ပဲ တစ်ရက်ကျတော့ ကင်မရာမင်းတစ်ယောက်ရဲ့ စတူဒီယိုမှာ ဓါတ်ပုံသွားရိုက်တယ်။ အဲဒီကင်မရာမင်းက နာမည်ကြီးပဲ၊ သူ့ကို တင်ပေးလိုက်ရတဲ့ မော်ဒယ်ဂဲလ်တွေကို မနည်းလှဘူး.. ဆောရီး.. သူတင်ပေးလိုက်တဲ့ မော်ဒယ်တွေကို မနည်းဘူး။ ပန်ပန်လည်း ကင်မရာမင်းကို ကောင်းကောင်းလေး ရိုက်ပေးပါ ပန်ပန်တို့က ကျေးဇူးသိတတ်ပါတယ် လို့ ပြောရတာပေါ့။ ကင်မရာမင်းလည်း ပန်ပန့်ကို အရပ်ဆယ်မျက်နှာကနေပြီး အကွက်စေ့အောင် ရိုက်ပါတယ်။ ပန်ပန်လည်း အရမ်းပျော်တာပေါ့။ အနေအထားမျိုးစုံနဲ့ အမုန်းရိုက်ပြီး ပြန်ခါနီးကျမှ ကင်မရာမင်းက ပန်ပန့်ကို ပန်ပန့်ရဲ့ ဘတ်ဒေးစု က ကြေတွန့်နေတာပဲလို့ ပြောလွှတ်လိုက်တယ်။`

ပန္တဘောင်မိဖုရား အသက်ကို စက္ကန့်ဝက်မျှ မျဉ်း၍ရှူသည်။ ထို့နောက် စကားဆက်ပြန်သည်။

`ပန်ပန်လည်း အရမ်းရှက်သွားတာပေါ့နော်။ အဲဒီအချိန်က စပြီး နုပျိုလန်းဆန်း အရွယ်တင်စေတဲ့ ပစ္စည်း ဟူသမျှ မရမက ကို သုံးတော့တာပါပဲ။ ဂျင်ဆင်း၊ လင်ဇီး၊ ဗိုက်တာမင်အီး၊ ဆက်ထရမ်၊ ငှက်သိုက်၊ ကြက်ပေါင်း၊ ဖီးကြမ်း၊ ပျားရည်၊ ပွေးကိုင်း၊ ကနခို… အို.. စုံလို့ စုံလို့ပါပဲရှင်။ ပိုက်ဆံတွေလည်း ကုန်လိုက်တာ သောက်သောက်လဲပဲ၊ တဖြည်းဖြည်းနဲ့တော့ ပန်ပန်လည်း မိုက်ကယ်ဂျက်ဆင် ချောလေးတော့ ချောလာပါတယ်။ ဒါပေမယ့်လေ.. ကိုယ့်ကိုယ်ကို သိပ်စိတ်တိုင်းမကျသေးဘူး။ နောက်ဆုံးတော့ ဟိုဆရာကြီးရဲ့ စာတွေကိုဖတ်မိသွားတယ်။ ဘိစပ်လေ ဘိစပ်ရွက်ပေါ့.. ပျောက်စေချင်တာတွေ အကုန်ပျောက်ပြီး ဖြစ်စေချင်တာတွေ အကုန်ဖြစ်တဲ့ ဘိစပ်ရွက်ပါပဲ။ ပန်ပန်လည်း ရနိုင်သမျှ လမ်းဘေးက ဘိစပ်ရွက်တွေ အကုန်ခူးပြီး နုပျိုဆေးကြီးကို ကိုယ်တိုင်ဖေါ်တော့တာပဲ။ ဘိစပ်အာယုဝဏ္ဏ အသက်ရှည် ကျန်းမာ ရုပ်ပျို ကိုယ်နု သန်မာ ထွားကြိုင်း စိတ်သွားတိုင်းကိုယ်ပါ လိုရာခရီးရောက် မဟာ ဆေးတော်ကြီးပေါ့ရှင်။`

စကားပြောချင်ဇောဖြင့် မျိုမချထားမိသော ပါးစပ်အပြည့် တံတွေးများကို ဂလု ကနဲမျိုချသည်။ ပြီးမှ ကမန်းကတန်း စကားဆက်ပြန်သည်။

`တကယ်စွမ်းတာရှင့်.. ပန်ပန်လည်း တခါတည်း နတ်ရေကန်ထဲ ပစ်ချလိုက်သလိုကို နုပျိုလှပသွားတာပါပဲ။ ကြေညာတွေလဲ ရိုက်ရတာမနည်းဘူးရှင့်၊ အထူးသဖြင့်ကတော့ အလှကုန်၊ ဘော်ဒီလိုးရှင်း စတာတွေပေါ့။ ဘိစပ်ဆေးကိုတော့ အညွှန်းအတိုင်း တစ်နေ့ နည်းနည်းစီသောက်နေတာပေါ့။ တစ်ရက်ကျ ရိုက်ကွင်းသွားတော့ ပန်ပန်နဲ့တွဲရိုက်ရမှာက မော်ဒယ်ဂဲလ်အသစ်ကလေး ကောင်မလေးက ဆယ့်လေးငါးနှစ်ပဲရှိဦးမှာ.. သူနဲ့ရှင်ရင်တော့ ပန်ပန်အဖွားကြီး ဖြစ်တော့မှာပဲလို့ စိုးရိမ်ပြီး ကြေညာမရိုက်ခင်လေး အိပ်ထဲမှာဆောင်ထားတဲ့ ဘိစပ်ဆေးကို တစ်ပုလင်းလုံး သောက်ချလိုက်တယ်။ ပန်ပန့်ရဲ့ဆေး စွမ်းချက်ကတော့ ပန်ပန်ဟာတခါတည်း နုပျိုသွားလိုက်တာ ဆယ့်သုံးနှစ်အရွယ်ဖြစ်သွားတယ်။ ဒါပေမယ့် ဆေးစွမ်းက မရပ်သေးပဲ ဆယ့်နှစ်နှစ်၊ ဆယ့်တစ်နှစ်၊ ဆယ်နှစ်၊ ငါးနှစ်၊ မွေးကစ အရွယ်ထိ တဆင့်ဆင့် ငယ်ကျသွားတယ်။ ဆိုးတာက မွေးကာစ အရွယ်မှာတောင် ဆေးစွမ်းမသေသေးပဲ အရင်ဘ၀ အထိရောက်အောင်ကို ငယ်သွားတယ်။ တဆင့်ပြီးတဆင့် အရင့်အရင်ဘ၀တွေကို ရောက်ရောက်သွားတာ ဘ၀ပေါင်း သုံးဆယ်လောက်ကို နုပျိုသွားတယ်။ အဖြစ်အပျက်က အရမ်းမြန်တော့ ပန်ပန်လည်း သတိလစ်သွားတော့တယ်။ နောက်ဆုံးပန်ပန် သတိရလာတော့ ဗိဿခေတ္တရာရဲ့ ရန်ပယ်ချောင်းနားရောက်နေတာပဲ။ `

ဟိုင်းဝေးခရီးသည် ရှူးပေါက်သကဲ့သို့ ကရားရေလွှတ် တတွတ်တွတ် မရပ်မနား တရစပ် စကားပြောလိုက်ရသဖြင့် မိဖုရားသည် အတန်ပင် မောသွားလေ၏။ ဖိုလှိုက်ရှိုက်နေသော ရွှေရင်အစုံသည် နိမ့်တုံမြင့်တုံ ဖြစ်ချေသည်။

သူ့အဖြစ်ကို ဆန်းလှပြီဟု ထင်နေသော ဒေါက်တာအော်လံတို တစ်ယောက်ကတော့ ငုတ်တုတ်မေ့သွားသည်။ ဘာကိုဘယ်လို ပြန်ပြောရမှန်း မသိအောင်ပင် နင်သွားသည်။ သူ့ခမျာမှာတော့ ကာလယန္တရားလုပ်ရ၊ ငှက်ပျောပင်ဇောက်ထိုးထောင်ရ၊ အယုတ္တ အနတ္တဆဲရ အလုပ်ရှုပ်လိုက်တာ။ သူများတွေကတော့ ဘိစပ်ရွက်သောက်ပြီး ဘ၀ပေါင်းသုံးဆယ်နုပျိုသွားသတဲ့။

တရေးနိုး အမူးပြေ အတွဲလာချောင်းပြီး ငါးမရရေချိုးပြန် ပုံပြင်ဝင်နားထောင်နေသော နန်းတွင်းအဆိုတော် အိုပတ်ပတ်လည်း ဘိစပ်သခင်မ၏ စကားကို ကြားသောအခါ တော်တော်ကိုပြန်မူးသွား၏။ ထို့ကြောင့် စိတ်လေလေနှင့် အနားရှိ သေတကောင်း တစ်ခုကိုဆွဲ၍ ဘော်တွန်အပ် မော့ချလိုက်လေသည်။

ပန္တဘောင် တဖြစ်လဲ မော်ဒယ်ဂဲလ်ပန်ပန် က ဆက်၍..

`ရန်ပယ်ချောင်းနားမှာ ရောက်နေတဲ့ ပန်ပန်ကို့ တိုင်းခန်းလှည့်လည်လာတဲ့ ဒွတ္တထွာမင်းကြီးက တွေ့ပြီး အားအားယားယား မနေနိုင်မထိုင်နိုင် တော်ကောက်တော်မူလို့ ပန်ပန်လည်း ဒီကိုရောက်လာတာပါ။ ပုံပြင်လေးကတော့ ဒါပါပဲရှင်။`

ထိုအခါ တလျှောက်လုံး မူးကြောင်ကြောင်ဖြင့် ငြိမ်ပြီးနားထောင်နေသော အိုပတ်ပတ်က..

`ဒါဆို ရှင်တို့နှစ်ယောက်က ဗိဿခေတ္တရာခေတ်ကမှ မဟုတ်တာ.. ကိုယ့်ကာလ ကိုယ်ပြန်ချင်ကြမှာပဲ.. ကျမ နားလည်ပေးနိုင်ပါတယ်။ ပြန်ဖို့ လိုအပ်တာရှိရင်ပြောပါ.. ကျမအတတ်နိုင်ဆုံး ကူညီပေးပါ့မယ်။`

ဟု ၀င်ရောက် ပြောလေသည်။

ထိုစဉ်မှာပင်.. အခန်းတံခါးခေါက်သံ ကျယ်လောင်စွာ ပေါ်ထွက်လာပြီး တဆက်တည်း..

`ဒေါက် ဒေါက် ဒေါက်`

`ရှင်ကြီးတို… ရှင်ကြီးတို… တံခါးဖွင့်ပါဦး..`



အခန်း ၆။ ။ အိုပတ်ပတ်ရဲ့ မာယာပရိယာယ်

`ဒေါက် ဒေါက် ဒေါက်`

`ရှင်ကြီးတို… ရှင်ကြီးတို… တံခါးဖွင့်ပါဦး..`

အပြင်မှ ကျယ်လောင်ပြာတာ ခေါ်သံကြားသောအခါ ဒေါက်တာအော်လံတိုတစ်ယောက် နည်းနည်းစိုးရိမ်သွားသည်။ သူ့အကြောင်းကို ဘုရင်ကြီးများ ရိပ်မိသွားပြီလား။ ရိပ်မိနိုင်စရာ အကြောင်းတော့ သိပ်မရှိ။ မနေ့ညက ဘုရင်ကြီး သောက်တာ အတော်များသွားသည်။ ဒီတော့ အလွန်ကျိုးသွားသည်။ ပြီးတော့ နန်းတော်ကို မှန်လုံ ဝေါယာဉ်ဖြင့် ပြန်သွားလေသည်ပ။ သူကိုယ်တိုင်ကလည်း အမှန်အကန် ရှင်ကြီးတို ဖြစ်လေဟန်ဖြင့် တညနေလုံး အကယ်ဒမီရှော့ သရုပ်ဆောင်ထားခဲ့သည်။ ဘယ်သူမှ သူ့ကိုသံသယ ရှိပုံမရ။ ညကတော့ သူရယ်၊ မော်ဒယ်ပန်ပန်ရယ်၊ အဆိုတော်အိုပတ်ပတ်ရယ် သုံးယောက်ပဲ မိုးလင်းပေါက်တာ။ ဒီကောင်မလေး နှစ်ယောက်ကတော့ သူ့အကြောင်း သွားမတိုင် လောက်ပါဘူး။ ဒါဆိုဘာတွေများ အရေးတကြီး ငါ့ကိုလာခေါ်နေရတာလဲ။

`ဟေ့.. ဘယ်သူလဲကွ`

`ကျွန်တော်မျိုး ငပဲ ပါ.. ရှင်ကြီးတိုကို ကျင့်ချိန် ရောက်ပြီဖြစ်ကြောင်း အသိလာပေးတာပါ`

`အောင်မာ ငပဲ.. ရာရာစစ.. မိချောင်းမင်း ရေကင်းပြလို့.. ငါဟာငါ ကျင့်ချင်တဲ့ အချိန်ကျင့်မှာပေါ့ကွ.. ဘယ်အချိန် ကျင့်ရမလဲဆိုတာ ငါသိပါတယ်ကွ..`

`တမျိုးမတွေးပါနဲ့.. ကျွန်တော်မျိုး ဆိုလိုတာက ရှင်ကြီးတို မနက်တိုင်း ကျင့်နေကြ ကျင့်စဉ်တွေ ကျင့်ဖို့ အချိန်ကျပြီလို့ ပြောတာပါ။ တုံးခုန်၊ ရေငုပ်၊ မီးလှုံ၊ ဇယ်ခတ်ဖို့ ရန်ပယ်ချောင်းစပ်မှာ သစ်တုံး၊ မီးပုံ၊ ဇယ်သီး၊ စကူဘာဝတ်စုံ စတာတွေ အဆင်သင့် ဖြစ်နေပါပြီ။ ရှင်ကြီးကို ကြည်ညိုမယ့် ပရိသတ်တွေလဲ တော်တော်များများ ရောက်နေပါပြီ ဖျာ့`

ပြူးသွားသည်။ ဒေါက်တာအော်လံတိုရဲ့ မျက်လုံးတွေ ပြူးထွက်သွားသည်။ လွယ်လွယ်နှင့် အချောင်နှိုက် ရမည်ထင်ပြီး ရှင်ကြီးတို အယောင်ဝင်ဆောင်ခဲ့သည်မှာ အခုတော့ ဂျောက်ကျလေပြီ။ ရန်ပယ်ချောင်းဘေးမှာ မုတ်ဆိပ်ရေစိုနှင့် ဘရုတ်သုက္ခ ဖါးခုန်ခုန်နေရသော ကိုယ့်ကိုယ်ကို မြင်ယောင်လာသည်။ ကျင့်စဉ်တွေ အလွဲလွဲအချော်ချော် လုပ်မိရင်တော့ ပရိသတ်က ချက်ချင်းသိသွားတော့မှာပဲ။ ကြောက်စိတ်သည် သူ၏ မြီးညှောင့်ရိုးဆီမှ တဖြည်းဖြည်း တရစ်ပြီးတရစ် အပေါ်သို့ တက်လာသည်။ အခင်းကြီးငယ်သွားလိုစိတ်သည် ထိန်းမရအောင် ဖြစ်ချေသည်။ နှလုံးသားသည် အိမ်မြှောင်အမြီးပြတ်ကဲ့သို့ တဆတ်ဆတ်တုန်၏။ အာခေါင်ခြောက်၍ စကားလုံးများပျောက်ကုန်သည်။ သွေးဆုတ်သောမျက်နှာသည် ဖွေးဖွေးဖြူသည်။ ရှင်ကြီးတိုအယောင်ဆောင် ဒေါက်တာအော်လံတိုသည် လမ်းဘေးခေါက်ဆွဲဆိုင်တွင် ချိတ်ထားသော ကြက်ပြုတ်မျက်နှာဖြင့် ပန်ပန် နှင့် ပတ်ပတ်တို့အား ဤသို့ သနားစဖွယ် ပြောလေသည်။

`ငါတော့ ဒုက္ခရောက်ပြီနဲ့တူပါတယ်.. ကာလယန္တရား လုပ်မိတာကိုက စမှားတာ..`

`မပူပါနဲ့ရှင်.. ကျမတို့ ကြံကြသေးတာပေါ့.. နည်းနည်းတော့ အချိန်ဆွဲထားရမယ်..` ဟု နှိုးအဆိုတော် အိုပတ်ပတ် ကပြောပြီး ပိတ်ထားသော တံခါးပေါက်ဖက်သို့လှည့်ကာ..

`မောင်လေးကလည်းကွယ်.. ရှင်ကြီးတို အခုပဲကြွလာတော့မှာပါ.. သွားနှင့်နော်.. အဟွင်း အဟွင်း` ဟု ပက်ကျိကို ဆီသုတ်ထားသလို ချွဲပြစ်ပြစ် ပြောင်ချော်ချော် အသံဖြင့် လှမ်းအော်ပြောလိုက်သည်။

သို့သော်လည်း ဒေါက်တာအော်လံတိုမှာ စိတ်သက်သာရာမရသေး.. အချိန်အနည်းငယ်မျှ ဆွဲထားနိုင်ယုံဖြင့် ဘာများထူးလာမည်နည်း။ ရေနစ်သည့်သူသည် ကောက်ရိုးမျှင်ငယ်ကိုပင် ဆွဲတတ်သည်။ ဒေါက်တာအော်လံတို သည်လည်း ဆွဲမိဆွဲရာကို ဆွဲရချေမည်။

`အိုပတ်ပတ်ရယ်.. ညည်းမှာ အကြံကောင်းလေးများ ရှိနေလို့လား`

`ရှိတာပေါ့ ဒေါက်တာကြီးရဲ့.. ဒါပေမယ့် ၀မ်းကစ် ပေးမှပြောပြမယ်..`ဟု မျက်တောင်ကို တမင် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ထူသောနှုတ်ခမ်းကို စူ၍ ပြောလေသည်။

အာ.. အရေးထဲ.. ဒီကောင်မလေး နောက်နိုင်သေးတယ်.. ဒီလိုမျိုး ပြီတီတီတော့ လာမလုပ်နဲ့.. အရည်းကြီးလူထွက် ဒေါက်တာအော်လံတိုကွ.. ဟင်းဟင်း.. နာသွားမယ်..

`၀မ်းကစ် မဟုတ်ဘူး.. တူးကစ် ပေးမယ်.. လာလေရော့ လဟယ်..` ဟုပြောပြောဆိုဆို စဉ့်အိုးတန်း ၀က်အူချောင်းသဏ္ဍန် နီနီရဲရဲ နှာခေါင်းပွကြီး တရမ်းရမ်းသည် အိုပတ်ပတ်၏ ပါးပြင်ဆီသို့ တနာရီ မိုင်ခြောက်ဆယ်နှုန်းဖြင့် ချီတက်သွားလေသည်။

`နိုး နိုး.. အခုမဟုတ်ဘူး.. မျက်နှာလည်း မသစ်သေးပဲနဲ့.. ။ ကဲပါ.. အတည်ပြောပါ့မယ်.. ကျမတို့ ကာလယန္တရားကို ပြန်ဆောက်ကြရမယ်`

`ဟ.. ပတ်ပတ်ရဲ့.. ကာလယန္တရားကို တည်ဆောက်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ.. ကုန်ကြမ်းပစ္စည်းတွေ အများကြီးလိုတယ်.. အချိန်လည်းပေးနိုင်ရမယ်။ အခုလုပ် အခုဖြစ်တာမဟုတ်ဘူး..`

ဘိစပ်မိဖုရား ပန်ပန်သည် ပြောဆိုငြင်းခုံနေကြသော ဒေါက်တာအော်လံတို နှင့် အိုပတ်ပတ် တို့ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေသည်။ သူမ အနေနှင့်ကား ဆိတ်ဆိတ်နေခြင်းမှလွဲ၍ မည်သို့မျှ အကြံဥာဏ် မပေးနိုင်သေး။ သူမ ကျွမ်းကျင်သည်မှာကား ဘိစပ်၊ ဘိစပ်ကို အသုံးပြု၍ အချိန်ကို နောက်ဆုတ်သွားအောင် သူမ လုပ်တတ်သည်။ သို့သော် အချိန်ကို အရှေ့တိုးသွားအောင် မည်သို့ပြုလုပ်ရမည်ကို သူမ မသိ။ အင်း.. ဘိစပ်ရဲ့ ပြောင်းပြန်ဆိုတော့ စပ်ဘိ.. စပ်ဘိ ဆိုတဲ့ အရွက်ရှိရင်တော့ သူမ လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မည်ဟု ပေါက်ပေါက်ရှာရှာတွေးနေသေးသည်။

`ကာလယန္တရားအတွက် ကုန်ကြမ်းရှာဖို့က ကျမတာဝန်ထားပါ.. ဘာတွေလိုသလဲသာပြော.. ရစေရမယ်`

အဆိုတော်အိုပတ်ပတ်ကတော့ တက်ကြွပြတ်သားစွာဖြင့် ကာလယန္တရားစီမံချက်အတွက် အာမခံတွေပေးနေပေပြီ။ ဒေါက်တာအော်လံတိုကတော့ ယုံခက်ခက် မယုံခက်ခက်။

`ကဲကဲ.. ဒါဆိုကုန်ကြမ်းက အဆင်ပြေတယ်ပဲထားပါတော့.. လူတွေ နဲ့ ဘုရင်ကြီး မရိပ်မိအောင် အချိန်ကဘယ်လိုဆွဲမလဲ`

`အော်.. အ ပါ့ ဒေါက်တာရယ်.. ရှင်ကြီးတိုလုပ်နေပြီးတော့ ဒီလောက် အ ရသလားရှင့်။ မင်းကြီးကို နက္ခတ်သင့်လို့ စပယ်ရှယ်ကျင့်စဉ် ရက်ရှည်ကျင့်ရမယ်လို့ ပြောထားလိုက်.. ကျမတို့ နှစ်ယောက်ကိုလည်း ကျင့်စဉ်အတွင်း ရေပူရေချမ်း ကမ်းလှမ်းဖို့ ခေါ်ထားမယ်လို့ပြောလိုက်ပေါ့.. ဘုရင်ကြီးက ရှင့်ကို ယုံပါတယ် အဆင်ပြေမှာပါ`

ဒေါက်တာအော်လံတိုသည် သူဆွဲမိသွားသည်မှာ ကောက်ရိုးမျှင်ငယ် မျှသာ မဟုတ်၊ အသက်ကယ် ဘောကြီးဆိုတာ ကို သဘောပေါက်သွားသည်။ ဗိဿခေတ္တရာက အဆိုတော်တွေ တော်တော် အိုင်ကျူ မြင့်တာပဲ။

`အိုကေလေ.. ကာလယန္တရားတည်ဆောက်မယ့် လိုကေးရှင်းကိုကော ဘယ်နားမှာ ရွေးရင် သင့်တော်မလဲ`

ဤကဲ့သို့ ဒေါက်တာအော်လံတိုက မေးလိုက်သောအခါ အိုပတ်ပတ်သည် အရာရာအားလုံးကို ကျင်လျင် တတ်မြောက်သည့် ဆရာမကြီး မျက်နှာပေးဖြင့် စဉ်းငယ်မျှ ဆုတ်ဆိုင်းခြင်းမရှိပဲ ပြန်လည်ဖြေကြားလိုက်သည်။

`ကင်းမျှော်စင်.. မဟာအလုတစည်တော် ရဲ့ နန်းမြင့်ဆောင် ကင်းမျှော်စင်`



အခန်း ရ။ ။ ဗိဿခေတ္တရာ မှ မဟာအလုတစည်တော်

`ဘာ.. မဟာအလုတစည်တော်.. ဟုတ်လား၊ မဟာအလုတစည်တော်ဆိုတာ ရန်သူတွေလာလို့ တီးလိုက်ရင် ရန်ပယ်ချောင်းမှာ ရေတွေကြီးတယ်ဆိုတဲ့ စည်ကြီး မဟုတ်လား..`

ကြားဖူးနားဝဖြင့် ဒေါက်တာအော်လံတိုက မှန်းရမ်းတုတ်၍ မေးခွန်းထုတ်လေသည်။

အိုပတ်ပတ်က မရမ်းသီးအပြုံးလေးပြုံးလျက်..

`စည်တီးလို့ ရန်ပယ်ချောင်းရေလျှံတယ်ဆိုတာ တင်စားပြောတာပါရှင်။ တကယ်ကတော့ ရန်သူတွေ ချီတက်လာတာကို ကင်းမျှော်စင်ကမြင်ရင် မဟာအလုတစည်တော်ကို တီးရတယ်လေ.. စည်ကြီးက အကြီးကြီးဆိုတော့ တီးလိုက်ရင် ဒိန်းကနဲမြည်တဲ့ စည်သံဟာ မိုးချိမ်းသံထက်တောင် ကျယ်သေးတယ်.. အဲဒီစည်သံကို ကြားပြီး ရန်သူတွေ ကြောက်လွန်းလို့ ရှူရှူတွေထွက်ကျပြီး ခြေဦးတည့်ရာပြေးကုန်ရော.. ရန်သူတွေ ထွက်ကျတဲ့ ရှူရှူတွေများလွန်းလို့ ရန်ပယ်ချောင်းကြီးတောင် ရေကြီးသွားတယ်လို့ တင်စားပြောနေကြတာပါ`

ဒေါက်တာအော်လံတိုသည် အိုပတ်ပတ်၏ စကားကိုကြားပြီးသည့်အခါ ဒီတစ်သက် ရန်ပယ်ချောင်းရေကို ဘယ်တော့မျှ မသောက်ဟု သံဓိဌာန်ချလိုက်လေသည်။ ထို့နောက် အရာရာကို သိလွန်းတတ်လွန်းနေသော အိုပတ်ပတ် ဟုအမည်ရသည့် အဆိုတော်မငယ်ကို ပထမဦးဆုံး အနေဖြင့် သေသေချာချာ ကြည့်မိသည်။ အိုပတ်ပတ်သည် ငယ်ရွယ် ပျိုမြစ်သူဖြစ်သည်။ အသက်ကိုကား နှစ်ဆယ်ကျော်တစ်ဝိုက်ပင်။ သူမအား ကုတ်ဟင်ဂါ ဟုတင်စားပြောရ မလောက်အောင်ပင် ခန္ဓာကိုယ် သေးသွယ်သူဖြစ်သည်။ လှိုင်းတွန့်ငယ်များပါသော နက်မှောင်သည့် ကေသာကျော့၊ နှာတံပေါ်ပေါ်နှင့် သီရိပစ္စယာချောလေး ချောသူဖြစ်သည်။ အိမ်း.. သူကလေးလည်း မဆိုးချေဘူး.. ဟု ဒေါက်တာအော်လံတိုတစ်ယောက် တိုးတိုးတိတ်တိတ် မှတ်ချက်ချပစ်လိုက်သည်။ အိုပတ်ပတ်အား ၀မ်းကစ် အကြွေးဆပ်စရာ ကျန်နေသေးသည်ကို သတိရဖြစ်အောင် ရလိုက်သေးသည်။

တစ်ဖက်ကိုပြန်ကြည့်လိုက်လျှင်လည်း ပန္တဘောင်မိဖုရား တစ်ဖြစ်လဲ မော်ဒယ်ပန်ပန်။ သူနှင့် တစ်ခေတ်တည်းမှ ရောက်လာသော မိန်းကလေး၊ ဘိစပ်အစွမ်းနှင့် နတ်မိမယ်ရှုံးလောက်အောင် လှပနေပြန်၏။ အခုတော့ မိန်းကလေးနှစ်ယောက်စလုံး သူ၏အနားမှာ။ အမှန်တော့ ဒေါက်တာအော်လံတိုသည် အိုင်တွေ့တိုင်း ခြေဆေးတတ်သူမဟုတ်။ သူ၏ ဇနီးဆုံးကတည်းက တစ်ကိုယ်တည်း မုဆိုးဖိုဘ၀နှင့် နေလာသည်ပင် တော်တော်ကြာပြီဖြစ်သည်။ ထိုအတောအတွင်း လာရောက် စပ်ဟပ် အထာပေးကြသည့် ပုပုရွရွ မိန်းမမှန်သမျှကို နိုး..သင့်ခ်ယူ လုပ်ခဲ့သည်ပဲ။ အခုတော့ ပန်ပန် နှင့် ပတ်ပတ်၊ ဘယ်သူ့ကိုမှ လက်မလွှတ်ချင်။ ဒီနှစ်ယောက်ကြောင့်လည်း ကာဠနဂါးလို အိပ်ပုတ်ကြီးနေခဲ့သော သူ၏ မေတ္တာတွေ ပြန်လည်ရှင်သန်လာရသည်။ မိန်းကလေးများဖက်ကလည်း သူ့ကို လက်ခံသည့် အရိပ်အယောင်များ သိသိသာသာ ပြကြသည်။ မြောင်းကလေးတွေ အလုအယက် ပေးကြသည်။ ရေကလည်း လာချင်ချင်ကိုး။ အသင်စာရှုသူ.. သင်ဆိုလျှင်ကော မည်သို့ ဆုံးဖြတ်မည်နည်း။ မှန်ပါသည်.. ဒေါက်တာအော်လံတိုလည်း နှစ်ယောက်စလုံးကို ယူရန်ဆုံးဖြတ်ပါသည်။ ဘာတဲ့.. ကြားဖူးတယ်မဟုတ်လား.. ယောက်ျားကောင်း မောင်းမတစ်ထောင်၊ အဲဒီလိုဆို ၉၉၈ ယောက်တောင် လိုသေးသည်ပ။

အချိန်၏ တရွေ့ရွေ့ကုန်စေနိုင်သော သဘောသည် နာရီ ရက် လ ရာသီများ ကိုပြောင်းလဲစေ၏။

အဓိဌာန်ဝင်နေသောကြောင့် ပန်းဦးဆက်စရာလူ မရှိသဖြင့် မင်္ဂလာမောင်နှံများ ဆတ်တငံ့ငံ့ဖြင့် ဒုက္ခအတန်ဖြစ်ကြသည်မှအပ ရှင်ကြီးတိုရှိခြင်း မရှိခြင်းဟာ ဗိဿခေတ္တရာကို မည်သို့မျှ မသက်ရောက်ပါပေ။ ထိုကာလသည်ကား ဒေါက်တာအော်လံတိုတို့ သုံးယောက်အတွက် အလွန့်အလွန် အလုပ်များသော ကာလကြီးပင်တည်း။ မိဖုရားပန်ပန်က စားရေးသောက်ရေး အတွက်တာဝန်ယူပြီး အိုပတ်ပတ်ကတော့ ကာလယန္တရားအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို အပတ်တကုတ် ရှာဖွေပေးခဲ့လေသည်။ ဒေါက်တာအော်လံတိုကတော့ ပြင်ပလောကသို့ ခြေတစ်လှမ်းမျှမချ၊ မဟာအလုတစည်တော် ရှိရာ နန်းမြင့်မျှော်စင်ထက်မှာပင် သူ၏ ဒုတိယမြောက် ကာလယန္တရားကို ဇွဲနဘဲကြီးစွာ တည်ဆောက်ပါသည်။ ဘက္ထရီအိုးအပျက်များ မရှိသော ဗိဿခေတ္တရာတွင် ကာလယန္တရား တည်ဆောက်ရသည်မှာ နည်းနည်းတော့ ခက်ပေသည်။ သို့သော် လိုလျှင်ကြံဆ နည်းလမ်းရတည်း။ မဟာအလုတစည်ကို ပြောင်းပြန်လှန်လိုက်သောအခါ လွန်စွာကြီးမားသော ဘက္ထရီအိုးအခွံ ဖြစ်သွားသည်။ အိုပတ်ပတ်သည် နန်းတွင်းမှ ငွေလင်ဗန်းများကို ခိုးယူလာပြီး ခဲပလိတ်ပြားများအစား သုံးလေသည်။ ငွေလင်ဗန်းဆိုပေမယ့် အတုတွေရှင့်.. အထဲမှာ ခဲပြားတွေကို ငွေရည်စိမ်ထားတာဟု အိုပတ်ပတ်က ဒေါက်တာအော်လံတိုကို ရှင်းပြဘူးသည်။ ဘက္ထရီအက်ဆစ် အတွက်ကတော့ ပူစရာမလိုပေ၊ အရည်းတူမ သမ္ဗူလ ၏ သံပုရာခင်းမှ အရည်ရွှမ်းသီးများကို နာနာညှစ်၍ အက်ဆစ်အစား သုံးရလေ၏။ (ဒေါက်တာအော်လံတိုတို့ ကာလယန္တရားတည်ဆောက်ရာတွင် အခြားအခြားသော ထူးထွေဆန်းပြားသည့် ပစ္စည်းများကို အသုံးပြုရသော်လည်း စာလေးအံ့စိုး၍ ဤနေရာတွင် မဖေါ်ပြတော့ပေ။ ။စာရေးသူ)

ရှင်ကြီးတို ရက်ရှည် အဓိဌာန်ဝင်နေသည်မှာ ကနေ့ဆိုလျှင် ရက်ပေါင်းတစ်ရာ့ရှစ်ဆယ် တင်းတင်း ပြည့်ပြီးဖြစ်ပါသည်။ အရာရာတိုင်း ပုံမှန်လည်ပတ်နေသော ဤခြောက်လဟူသော ကာလအတွင်း ထူးခြားမှု သုံးခုရှိလာသည်။ ပထမထူးခြားမှုကား ကာလယန္တရားတည်ဆောက်မှုကြီး လုံးဝပြီးစီးသွားခြင်းဖြစ်၍ ကျန်ထူးခြားမှုနှစ်ခုကား ပန်ပန် နှင့် ပတ်ပတ် လုံမငယ်နှစ်ဦးလုံးတို့၏ ၀မ်းဗိုက်များ သိသိသာသာ စူထွက်လာခြင်းပင်တည်း။

ဒေါက်တာအော်လံတိုသည် ပြီးစီးနေပြီဖြစ်သော သူ၏ ဒုတိယမြောက် ကာလယန္တရားကို ကြည့်၍ ပီတိဖြစ်နေသည်။ ပထမကာလယန္တရား၏ အပြစ်အနာအဆာများ၊ လိုအပ်ချက်များကို အထူးဂရုထား၍ မွမ်းမံ တည်ဆောက်ထားသဖြင့် ဤကာလယန္တရားမှာ အလွန်ပင် ကောင်းမွန်နေလေသည်။ မိုးကြိုးပစ်၍ရသော လျှပ်စစ်များကို မဟာအလုတဘက္ထရီအိုးတွင် မပျောက်ပျက် မလျော့ပါး အောင် သိုလှောင်ထားနိုင်သည့် တက္ကနော်လောဂျီ အသစ်ကို တွေ့ရှိခဲ့သည်။ အရင်ကလို ငှက်ပျောပင်ထောင်စရာ ဆဲစရာ မလိုတော့ချေ။ ယခင်က ယိုင်နဲ့နဲ့ တောသစ်ဖြင့် ပြုလုပ်ခဲ့သော တစ်ယောက်အိပ် အခေါင်းနေရာတွင် မှန်စီရွှေချ သုံးယောက်အိပ် ဘုံအဆင့်ဆင့်ပါသော ခေါင်းတလားဖြင့် အစားထိုးထားသည်။ မှန်ပေသည်၊ ဒေါက်တာအော်လံတိုသည် သူ၏ တစ်မျိုးစီ ချစ်ရပါသော မိန်းကလေး နှစ်ယောက်စလုံးအား ကာလယန္တရားဖြင့် ပြန်လည်ခေါ်ဆောင်သွားရန် ကြံစည်ထားခြင်းဖြစ်သည်။ မော်ဒယ်ပန်ပန်ကတော့ အိမ်ပြန်ရမှာကို တက်ကြွနေပေမင့် ဗိဿခေတ္တရာသူ အိုပတ်ပတ်ကတော့ ခေတ်သစ်ကို သွားရန် သိပ်စိတ်ပါလှပုံမပေါ်ချေ။

စတုမဟာရာဇ်နတ်ဘုံတွင် သိကြားနှင့် အသူရာတို့သည် သမက်နှင့် ယောက္ခမ အစဉ်အလာ မပျက်ရလေအောင် စစ်ခင်းနေသည်။ ရှစ်ခွင်တိုင်းသည် ခြိမ်းခြိမ်းညံ၏။ လျှပ်ပန်းလျှပ်နွယ်တို့၏ ဖြိုးဖြိုးဖြဖြ အလင်းရောင်သည် ဗြန်းဗြန်းကျနေသော မိုးစက်ပေါက်များကို ရွှေရောင်တောက်စေ၏။ ကာလယန္တရား၏ ဘက္ထရီမီတာတိုင်ကလေးသည် လျှပ်စီးတစ်ခါလက်တိုင်း အပေါ်သို့ အနည်းငယ်ဆီ တက်တက်သွားသည်။ အမှောင်ထုအတွင်းမှ တော်သလင်း၏ အဖေါ်ကင်းသော ခွေးတစ်ကောင် ဆွဲဆွဲငင်ငင် အူလိုက်သံကို သဲ့သဲ့ကြားရ၏။ ဗိဿခေတ္တရာပေါ်သို့ နောက်ဆုံးပစ်လိုက်သော မိုးကြိုးသည် ကင်းမျှော်စင် မိုးကြိုးလွှဲတိုင်မှတဆင့် အလုတဘက္ထရီအိုးထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ၀င်သွားလေရာ မီတာတိုင်လေးသည် အပေါ်ဆုံး အနီရောင် အမှတ်တွင် တက်၍ ကပ်သွားလေတော့သည်။

`ကဲ.. ပန်ပန် နဲ့ ပတ်ပတ်ရေ.. ဘက္ထရီချာဂျင်ပြည့်ပြီ.. ကိုယ်တို့သွားကြရအောင်..`

ပြောပြောဆိုဆို ဒေါက်တာအော်လံတိုသည် ပန်ပန် နှင့် ပတ်ပတ်ကို ဘယ်ညာဆွဲလျှက် သုံးယောက်အိပ် မှန်စီရွှေချ ခေါင်းတလားကြီးဆီသို့ သုတ်သုတ်လျှောက်လေသည်။

`တိုတိုတို့ပဲ သွားပါတော့ရှင်.. ပတ်ပတ် မလိုက်ပါရစေနဲ့.. ပတ်ပတ်ဖာသာ ဗိဿခေတ္တရာမှာပဲ နေရစ်ခဲ့ပါတော့မယ်.. အဟင့် အဟင့်..`

(ပရိသတ်ကြီးရေ.. ဇာတ်ရှိန်ကတော့တက်လာပြီ.. နှိုးအဆိုတော် အိုပတ်ပတ်က ဗိဿခေတ္တရာမှာပဲ နေရစ်ခဲ့တော့မတဲ့.. သူ့ခမျာမှာလည်း မပေါ့မပါးနဲ့.. မျက်ရည်တွေ ပေါက်ပေါက်ကျ နှပ်တွေကို ရှိုက်ရှိုက်သွင်းပြီး ပြောနေပြီခင်ဗျ.. )

`အာ.. ဒီလိုမလုပ်ပါနဲ့.. ပတ်ပတ်လည်း လိုက်ခဲ့ရမှာပေါ့.. တိုတို ပတ်ပတ်ကို မခွဲနိုင်ဘူး.. ပတ်ပတ် ဟိုရောက်ရင် ပျော်မှာပါ.. ဟုတ်တယ်မဟုတ်လား ပန်ပန်`

ဟု ဒေါက်တာအော်လံတိုသည် မဆီမဆိုင် ဘေးထွက်ထိုင်နေသော ပန်ပန်ကို အတင်းဆွဲသွင်း၍ စစ်ကူတောင်းလေသည်။

`တိုတိုရယ်.. ပတ်ပတ်သိပါတယ်.. တိုတိုကိုလည်း ပတ်ပတ် အရမ်းချစ်ပါတယ်.. ဒါပေမယ့် ဟိုပြန်ရောက်ရင် တိုတို ပတ်ပတ်ကို ပစ်သွားမှာပဲလို့ ပတ်ပတ်ရဲ့ မသိစိတ်က သိနေတယ်`

ပတ်ပတ်သည် သူမ၏ ၀ိုင်းစက်လှပသော မျက်ဝန်းထဲမှ ပြုတ်ကျလုဆဲဆဲ ဟီးလေးခိုနေသော ပုလဲနှစ်ပွင့်ကို လက်ဖမိုးဖြင့် ပက်ကနဲ သုတ်ရင်းပြော၏။

`ပတ်ပတ်ရယ်.. ဘယ်ဘ၀ရောက်ရောက် ပတ်ပတ်ကို တိုတို ပစ်မသွားပါဘူး.. ယုံပါ.. တိုတိုကတိပေးပါတယ်..`

ဤကဲ့သို့ပြောပြီးလျှင် ဒေါက်တာအော်လံတိုသည် ပတ်ပတ် နှင့် ပန်ပန်ကို လက်တစ်ဖက်တစ်ချက်စီတွင် ခိုင်ကျည်စွာတွဲလျှက် ခေါင်းတလားထဲဝင်ပြီး ခလုတ်အနီကလေးကို နှိပ်လိုက်လေတော့သည်။

ဂျိန်း… ဒ လိန်း…


အခန်း ၈။ ။ ဒေါက်တာအော်လံတို နှင့် ဗိဿခေတ္တရာ စွန့်စားခန်းကြီး (ဇာတ်သိမ်း)

သူ၏တစ်ကိုယ်လုံးသည် အေးစက်တောင့်တင်းနေသည်။ သူသည် နူးညံ့သော အိပ်ရာတစ်ခုပေါ်တွင် လှဲအိပ်နေသည်ဟု ခံစားရမိသည်။ အသိဉာဏ်သည် ဒေါက်တာအော်လံတို၏ ဦးနှောက်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။ တစတစဖြင့် ကာလယန္တရားဖြင့် ဗိဿခေတ္တရာမှ ပြန်လာခဲ့သည်ကို မှတ်မိလာသည်။ ဒါဆို ပန်ပန်ဘယ်မှာလဲ၊ ပတ်ပတ်ဘယ်မှာလဲ..

အေးစက်နေသော သူ၏လက်များသည် တစ်ခုခုကို ဆုပ်ကိုင်ထားသည်ကို သတိထားမိလာသည်။ ဒေါက်တာအော်လံတိုသည် မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်၍ သူ၏ညာဖက်ကို လှည့်ကြည့်လိုက်သည်။ သူနှင့် ယှဉ်တွဲ ပြီးလျောင်းစက်နေသည်က ပန်ပန် သို့မဟုတ် ပန္တဘောင်မိဖုရား..။ ပန်ပန်သည် သူ့ကို ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ပြီး ပြန်လည် အိပ်စက်သွားသည်။ အိုကေ.. ရှိစေတော့.. မိန်းကလေးပဲ.. မပေါ့မပါးကြီးနဲ့ ဒီလောက် အဝေးကြီးကလာရတာ ဂျက်လက် တော့ နည်းနည်းရမှာပေါ့။

ဒေါက်တာအော်လံတိုသည် သူ၏ ဘယ်ဘက်ကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်။ မမှားနိုင်သော နက်မှောင်လှပသော ဆံနွယ်တွန့်များကို ပိုင်ဆိုင်သော ကိုယ်ခန္ဓာလေး တစ်ခုသည် သူ့အားကျောပေး၍ အိပ်နေသည်။ ဒေါက်တာအော်လံတိုသည် ထိုခန္ဓာကိုယ်လေးကို အသာပွေ့၍ သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။

`ဟရေး တိုတို အာစရိ.. ဒို့ကို ဘယ်ဒေါ့မှ ပစ်မတွားရဘူးနော်.. နော်၊`

ဟု ခပ်စူစူဖြစ်နေသော ၀မ်းဗိုက်ကို လက်ဖြင့်အသာပွတ်ရင်း လွန်စွာမှပီသသော ကြက်တန်းနားဘားမိစ်ဖြင့် ညုတုတုပြောလိုက်သော အသံကို ကြားလိုက်ရလေတော့သတည်း။




ပြီး၏။





ဝတ္ထုကတော့ တကယ်ကိုပြီးသွားပါပြီ။ သိပ်မရှင်းသေးဘူးဆိုရင်တော့ ရှင်းလင်းချက်ကလေး နည်းနည်းထပ်ရေးပါရစေ။ ရှင်းပြီးသားဆိုရင်တော့ ဆက်ဖတ်ဖို့ မလိုတော့ပါဘူးဗျာ။



နောက်ဆက်တွဲ။ ။ စာရေးသူမှ ရှင်းလင်းချက်

ဒေါက်တာအော်လံတို ပထမအကြိမ် ကာလယန္တရားထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသောအခါ တစ်ယောက်တည်းကျန်ခဲ့သော တင်္ဒဂဖိုးထောင်သည် စပ်စပ်စုစုဖြင့် အခေါင်းထဲသို့ ၀င်ပြီး ခလုတ်နှိပ်ကာ လိုက်လံသွားခဲ့သည်။ တင်္ဒဂဖိုးထောင်သည် ဗိဿခေတ္တရာ၏ လမ်းမကြီးပေါ်တွင် အဆိုတော်အိုပတ်ပတ် အဖြစ်ရောက်ရှိသွားသည်။ သူသည် အင်မနီးစီးယားခေါ် အတိတ်မေ့ ရောဂါမရှိသဖြင့် ဖိုးထောင်ဘ၀ကိုရော အိုပတ်ပတ်ဘ၀ကိုရော အားလုံး မှတ်မိလေသည်။

မင်္ဂလာဦးညတွင် ပုံပြင်ဝင်နားထောင်ရင်း ရှင်ကြီးတိုဆိုသည်မှာ ဒေါက်တာအော်လံတိုဆိုတာ အိုပတ်ပတ် တဖြစ်လဲ တင်္ဒဂဖိုးထောင်တစ်ယောက် သိရှိသွားသည်။ ရှင်ကြီးတိုအား စိတ်ဝင်စားမိသွားပြီဖြစ်သော အိုပတ်ပတ်တစ်ယောက် သူမရဲ့ ဘ၀မှန်ကို မည်သူကိုမျှ မပြောတော့ချေ။ ထို့ကြောင့် ပြည်တော်ပြန်ရန် ဒေါက်တာအော်လံတိုက ခေါ်သောအခါ မလိုက်ဘူးဟု ငြင်းခြင်းဖြစ်သည်။ နောက်ဆုံးတွင် ဘယ်တော့မှ မပစ်ပါ ဟု ဒေါက်တာအော်လံတို၏ ကတိကိုရမှ လိုက်ပါသွားခြင်းဖြစ်ပါသည်။

တင်္ဒဂဖိုးထောင်ဆိုပြီး ဘာလို့ နာမည်တွင်ရတယ်ဆိုတဲ့ အကြောင်းကို နောက်တော့မှ သတ်သတ်ရေးပါဦးမယ်။

ကျေးဇူးတင်ပါသည်။

ဗြ ဂ္ဃ

(အိမ်မက်များဘလော့ဂ်တွင် အခန်းဆက် ဖေါ်ပြပြီးဖြစ်သည်)