Monday, June 2, 2008

ထူးမခြားနား အချစ်ဝတ္ထုတစ်ပုဒ်

အပိုင်း (၁)

ဒီနေ့ ကျုပ်အသည်း ကွဲနေပါတယ်။ သူငယ်ချင်းဆရာဝန် တစ်ယောက်ကတော့ ပြောဘူးတာပဲ အသည်းဆိုတာ နံရိုးတွေအောက် လုံလုံခြုံခြုံနေရာမှာ ရှိသတဲ့ ထိခိုက်မိရင်တောင် တော်ရုံတန်ရုံ ကွဲဖို့ဆိုတာ မလွယ်ဘူးဆိုပဲ။ ကျုပ်ကတော့ ဒီကောင်ပြောတာကို လုံးဝငြင်းပါတယ်။ မယုံရင် မြန်မာ ဗွီဒီယိုတွေ သွားကြည့်၊ အသည်းတွေများ ကွဲနေလိုက်ကြတာ ဗြန်းကနဲ ဗြန်းကနဲ ပဲ။ ထားပါလေ၊ အဲဒီလို အချစ်အကြောင်း မသိလို့ပဲ သူ့ခမျာ လူပျိုသိုးကြီး ဖြစ်နေတာ။ ဒါတောင် ဒီကောင်က ပြန်ပြောသေးတယ် “ဟေ့ကောင်… ထမင်းသိုး၊ ဟင်းသိုးတွေသာ နံတာ၊ လူပျိုသိုးတွေဆိုတာ တယ်မွှေး” ဆိုပဲ။ သိတာပေါ့ဗျာ စွံလိုစွံငြား ရေမွှေးတစ်ပုလင်းလုံး ခေါင်းပေါ်ကနေ လောင်းလောင်းချနေတာကို။

ကဲကဲ.. ဆက်ရအောင်။ မဟုတ်ရင် လိုရင်းကို ရောက်လိုက်မှာ မဟုတ်ဘူး။ အဓိက ပြောပြချင်တာကတော့ ကျုပ်ရဲ့ အသည်းကွဲ နေရတဲ့ အကြောင်းပါ။ ဇာတ်လမ်း ကတော့ ရိုးရိုးလေးပါ။ အတိတ်မေ့သွားတဲ့ ချစ်သူတို့၊ နှလုံးရောဂါရှိနေတဲ့ အမေတို့၊ နိုင်ငံခြားကပြန်လာမဲ့ မိဘသဘောတူတဲ့သူတို့ မပါတဲ့ သာမန် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒီလိုပါ… ကျုပ်နဲ့သူ (သူ ဆိုသည်မှာ သူမ/ကျုပ်ချစ်သောကောင်မလေး ကိုဆိုလိုခြင်းဖြစ်ပါသည်။) မသိဘူးခဲ့ကြပါဘူး။ တစ်နေ့.. ကျုပ်လည်း သင်တန်းပေးတာ ခဏနားထားတုန်း ခပ်ပျင်းပျင်းရှိတာနဲ့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက် ဖွင့်ထားတဲ့ ကွန်ပြူတာအရောင်းဆိုင် ကိုအလည်သွား ထွေရာလေးပါး (ခပ်ထွေထွေ မူးစေတတ်သော အရာ ၄ မျိုးအကြောင်း) ပြောနေတုန်း သူ့ကိုစတွေ့ခဲ့တာပဲ။ သူက ကွန်ပြူတာဝယ်ချင်လို့ လာကြည့်တာပါ။ ကျုပ်သူငယ်ချင်းကတော့ မျက်နှာကြီးနီစပ်စပ်နဲ့ ကွန်ပြူတာတွေရဲ့ ဈေးနှုန်း ကို အလုံးစေ့ ရှင်းပြပါတော့တယ်။ ကျုပ်လည်း အဲဒီတော့မှ သူ့ကိုသေသေချာချာ ကြည့်မိတယ်။ အင်း.. မဆိုးဘူး၊ မျက်နှာဝိုင်းလေး နဲ့ လှတပတလေးပဲ။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ရေဆေးငါးအဆင့်တောင် မကဘူး၊ ရေဆေး အကျည်းခွံချွတ် ပြာသုတ် ထားသလောက်ထိ ရှိတယ်။ တစ်နာရီလောက် အကြာမှာ သူပြန်သွားပါတယ်။ ကွန်ပြူတာတော့ ၀ယ်မသွားပါဘူး။ ကျုပ်သူငယ်ချင်းလည်း ဟူးကနဲ လေပူတစ်ချက်မှုတ်ပြီး ဖြီးတီးတီးမျက်နှာနဲ့ ကျုပ်အနား ပြန်လာထိုင် စကားပြောပါတယ်။ “ဆောရီးပဲကွာ.. အလုပ်ကတစ်ဖက်ဆိုတော့ မင်းနဲ့တောင် စကားဖြောင့်ဖြောင့် မပြောရဘူး၊ ပြီးတော့လည်း အရောင်းအ၀ယ်ဖြစ်တာမဟုတ်ဘူး၊ အလကားကောင်မလေးတွေ။” ဟင်း.. မအေပေး၊ မသိရင်ခက်မယ်၊ အခုထိ ပိုးမသေသေးတဲ့မျက်နှာနဲ့။ ကျုပ်လည်း မဆီမဆိုင် အူတိုသလိုလို၊ သ၀န်တိုသလိုလို၊ ကြမ်းညှပ်သလိုလို ခံစားလိုက်ရတယ်။ ခဏကြာတော့ ကျုပ်လည်း သူငယ်ချင်းကို နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။

အဲဒီနေ့ကစပြီး အိပ်ချိန်ကလွဲလို့ ဘာကိုကြည့်ကြည့် သူ့မျက်နှာဝိုင်းဝိုင်းလေး၊ သူ့နှုတ်ခမ်းဖူးဖူးလေး၊ သူ့မျက်လုံးညိုညိုလေး ဒါတွေပဲ မြင်ယောင်နေတော့တယ်။ နေရာတိုင်းဟာ သူ့ပုံရိပ်တွေ ဖြစ်နေပါတယ်။ တော်ပါသေးရဲ့ ဟိုနေ့က သူ့အနံ့ပါရလိုက်ပြီး အနံ့ကိုပါစွဲလမ်းနေရင် ထမင်းတောင်စားလို့ရတော့မှာ မဟုတ်ဘူး။ ရင်ခုန်သံတွေလည်း ဒုတ်ဒုတ် ဒုတ်ဒုတ် နဲ့ လမ်းထိပ်က ခေါက်ဆွဲကြော်ရောင်းတဲ့ တရုတ်ကြီး ၀က်သားစဉ်းတဲ့ အသံထက်တောင် မြန်သေးတယ်။ အို.. အချစ်နတ်.. သင်သည် ကျုပ်အားဖမ်းစား ခဲ့လေပြီ…။ ဒီလိုမျိုး မျက်စေ့တွေထဲ ဂရောင်ဂတမ်းတွေမြင်၊ ရင်ဘတ်ထဲ ၀ုန်းဒိုင်းတွေကြဲတာ နောက်ထပ် ၇၂ နာရီတိတိ ကြာသွားတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့တော့ အချစ်နတ်လည်း သွေးအေးသွားပေါ့်။ ကျုပ်လည်း ဒါဟာ လူပျိုတို့ဘာဝ အရူးထခြင်း တစ်မျိုးလို့ ကိုယ့်ကိုကိုယ် ခေါင်းစဉ်တပ် ထားလိုက်ပါတယ်။ နောက်တစ်ပါတ်လောက် အကြာမှာ ကျုပ်လည်း အတန်းသစ်တစ်ခုကို လက်ခံလိုက်ပြီး အလုပ်ထဲမှာပဲ နစ်မြုပ်နေတဲ့ အတွက်ကြောင့် သူ့ကိုအရင်ကလောက် သတိရမနေတော့ပါဘူး။ နောက် နှစ်လ သုံးလ ကြာတဲ့အခါမှာတော့ သူ့ကို တစ်နေ့ ဆယ့်ငါးစက္ကန့် ထက်ပိုပြီး သတိမရတော့တာ ၀န်ခံပါတယ်။

ဟုတ်ပါတယ်၊ ခင်ဗျားတို့ထင်တဲ့ အတိုင်းပါပဲ၊ တစ်နေ့ အတန်းသစ်တစ်ခု စတော့၊ သူ့ကို ကျုပ်သင်ရမယ့် အတန်းထဲမှာ ထိုင်နေတာကိုတွေ့ ရတော့တာပဲ။ လူများမှားနေလို့လား လို့သေသေချာချာ ကြည့်မိသေးတယ်။ မမှားပါဘူး။ သူမှ သူ အစစ်ပါပဲ။ ရုပ်ရှင်ထဲကအတိုင်းပဲ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ သုံး လေးလ လောက် ပျောက်ချက်သားကောင်းနေတဲ့ အချစ်နတ်ကြီး လည်း ဘယ်ကမှန်းမသိ ပြန်ပေါ်လာပြီး ကျုပ်ကိုဖမ်းစားပြန်ပြီ။ ခေါက်ဆွဲကြော်တရုတ်ကြီးလည်း ၀က်သားပြန်ခုတ်နေပြီ။ ကျုပ်ကသာ တစ်ဖက်သတ်ဖြစ်နေတာ၊ သူကတော့ အရင်က ကွန်ပြူတာဆိုင်မှာ တွေ့ဖူးတာတောင်မှတ်မိမှာ မဟုတ်ပါဘူး။ သူ စာမရှင်းတာရှိရင်လည်း ကျုပ်ကို ဆရာလို့ တရိုတသေခေါ်ပြီး မေးမြန်းပါတယ်။ ကျုပ်ကသာ သူ့နဲ့စကားပြောရင် အယောင်ယောင် အမှားမှားတွေဖြစ် ပစ္စည်းတွေလွတ်ကျလိုကျနဲ့။ သူ့ရဲ့သင်တန်းက တစ်ပါတ်မှာ ၂ချိန်၊ ၂လပြတ်သင်တန်း။ တစ်ပါတ် တစ်ပါတ် အဲဒီ သူလာမယ့် ၂ ရက်ကိုပဲ လက်ချိုးပြီး ရေရေနေတာ။ ဒါပေမယ့် ကျုပ်ကသူ့ကိုဖွင့်မပြောသေးဘူး။ သူကကျုပ်ရဲ့ သင်တန်းသူ၊ ကျုပ် တပည့် လေ။ သူသင်တန်းပြီးတဲ့ နေ့မှ ဖွင့်ပြောတောမယ်လို့ ဆုံးဖြတ်ထားတယ်။ ဆိုင်မဆိုင်တော့ မသိဘူး၊ ဒါမှလည်း ကိုယ့်ကိုကိုယ် ဆရာကျင့်ဝတ်နဲ့ ညီမယ်လို့ ခံစားရတယ်။

ဒီနေ့တော့ သူ့ရဲ့သင်တန်းနောက်ဆုံးနေ့။ ကျုပ်ဖွင့်ပြောလိုက်တယ်။ သူကတော့ စိတ်ဆိုးပုံမပြပါဘူး၊ ကျုပ်ကိုပြန်ပြောတယ်၊ သူ့မှာစေ့စပ်ထားတဲ့ ချစ်သူရှိပြီးသား ဆိုတာပဲ။ ကျုပ်ကိုလည်း ခင်မင်လေးစား မပျက်ပါဘူးတဲ့၊ သူ့ဆီကိုလည်း အချိန်မရွေး လာရောက်လည်ပတ် နိုင်ပါတယ်ဆိုပြီး သူ့ရဲ့အလုပ်လိပ်စာ ကိုပေးသွားတယ်။ ကျုပ်လည်း မျှော်လင့်ချက်ပျောက်ဆုံး တဲ့သူလိုဖြစ်ပြီး အသည်းကွဲနေတာ ခင်ဗျားတို့မြင်တဲ့ အတိုင်းပဲ။



အပိုင်း (၂)

ကျုပ်လည်း တစ်ပါတ် နှစ်ပါတ်လောက် အလူးအလိမ့် ခံစားလိုက်ရတယ်။ နောက်ဆုံးမနေ နိုင်တဲ့အဆုံး သူပေးခဲ့တဲ့ သူ့အလုပ်လိပ်စာ အတိုင်းလိုက်သွားပြီး အပြင်ကနေ ညနေ ညနေ သူရုံးအပြန်ကို ထိုင်စောင့်စောင့်ခဲ့တာ။ ကျုပ်သူ့ကို စကားလည်း လိုက်မပြောတော့ပါဘူး၊ သူ့ရုံးက ပြန်တာလေးပဲ တစ်နေ့ တစ်နေ့ ထိုင်ထိုင်ကြည့်၊ အလွမ်းဖြေပြီး ပြန်ပြန်ခဲ့တာ တစ်ပါတ်လောက်တောင်ရှိပြီ။ သူကတော့ ကျုပ်ကိုမြင်တိုင်း ပြုံးပြပါသေးတယ်။

တစ်နေ့တော့ သူရုံးကအထွက် သူ့ဘေးမှာ ယောက်ျားတစ်ယောက် ပါလာတယ်။ လက်ချင်းချိတ်လို့ သူပြောထားတဲ့ သူရဲ့စေ့စပ်ထားတဲ့ ချစ်သူဆိုတာပဲဖြစ်ရမယ်။ သူတို့နှစ်ယောက် ကျုပ်ဆီကို ဦးတည်ပြီးလျှောက်လာတာ တဖြည်းဖြည်းနဲ့ နီးလာလေ လူလုံးပိုကွဲလာလေ။ ဟာ.. ကျုပ်မျက်စေ့ကိုတောင် ကျုပ်မယုံနိုင်အောင် ဖြစ်သွားတယ်။ သူ့ချစ်သူက ကျုပ်ရဲ့သူငယ်ချင်း ဟိုကွန်ပြူတာဆိုင်ကကောင်.. ဟာ.. ဘယ်လိုတွေ ဖြစ်သွားကြတာပါလိမ့်။ အဲဒီအချိန်မှာ သူတို့အတွဲဟာ ကျုပ်ရဲ့လက်တစ်ကမ်း ကို ရောက်နေပြီ။ ကျုပ်သူငယ်ချင်းက ကျုပ်ကိုလှမ်းပြောတယ် “ဒီမှာ ကိုယ့်လူ.. ကျုပ်ချစ်သူ ပြောလို့ ကျုပ်ဇာတ်လမ်း အစုံသိပြီးပြီ။ ကျုပ်တစ်ခုပဲပြောချင်တယ်.. သူ့ကို ဒီနေ့ကစပြီး လုံးဝ လိုက်မနှောက်ယှက်ပါနဲ့။ မဟုတ်ရင် ကျုပ်အကြောင်း သိမယ်။” ကျုပ်ကလည်း သူ့ချစ်သူကို ကျုပ်လုံးဝ မနှောက်ယှက်ခဲ့ဘူးကြောင်း ပြန်ပြောလိုက်တယ်။ သူ့ချစ်သူ အရှေ့မှာ သူ့ကိုပြန်ပြောလို့ ကျုပ်သူငယ်ချင်းလည်း ဒေါသတွေ ရှူးရှူးရှားရှား ထွက်ပြီး မပြောမဆို ကျုပ်မျက်နှာကို လက်သီးနဲ့လှမ်းထိုးလိုက်တယ်။ လက်သီးဟာ ကျုပ်ရဲ့နှာခေါင်းတည့်တည့်ကို အရှိန်ပြင်းပြင်းနဲ့ ထိသွားပါတယ်။ ဂျွတ်ကနဲ အသံနဲ့ အတူ ကျုပ်နှာခေါင်းထဲက သွေးပူပူတွေ ဖြာကနဲ စီးကျလာတာ ခံစားလိုက်ရတယ်။ “အို.. ဆရာ့ကို အဲလိုမလုပ်နဲ့လေ..” ဆိုတဲ့ အာမေဋိတ် အသံနဲ့အတူ ဆင့်လက်သီး နှစ်လုံးဆက်တိုက် ကျုပ်ပါးချိတ်ကို လာထိတဲ့အချိန် ကျုပ်လည်း လောကကြီးကို အဆက်ပြတ် သွားပါတော့တယ်။


အပိုင်း (၃)

ကျုပ်ပြန်သတိရလာတဲ့ အချိန်မှာ ကျုပ်ဟာဆေးရုံတစ်ရုံပေါ်မှာပါ။ ကျုပ်ကို ငုံကြည့်နေတာက ကျုပ်အင်မတန် စွဲလမ်းနေခဲ့ရတဲ့ မျက်နှာဝိုင်းလေး နှုတ်ခမ်းဖူးဖူးလေး။ ကျုပ်လည်း ကျုပ်သူငယ်ချင်းပါလာသေးလား လို့မေးဖြစ်အောင် မေးလိုက်သေးတယ်။
“.. မပါပါဘူး၊ နောက်လည်းပါစရာ အကြောင်းမရှိတော့ဘူး။ ဆရာ့ကို
ဒီလိုလုပ်လိုက်တော့ ကျွန်မ သူ့ကိုအရမ်း ကြောက်သွားတယ်၊ အထင်လည်းသေးသွားတယ်၊ သူပေးထားတဲ့ စေ့စပ်လက်စွပ်ကိုတောင်ပြန်ပေးလိုက်ပြီ.. ဆရာ့ကိုတော့ အရမ်းသနားသွားတယ်.. ဆရာ အခုအရမ်းနာ နေလားဟင်..”

ကျုပ်ယဲ့ယဲ့လေး ပြန်ပြုံးပြလိုက်တော့ အထိုးခံထားရတဲ့ ဗယ်ဘက်ပါးစောင်က စစ်ကနဲ နာလာတယ်။ မဆီမဆိုင် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာ ဂျိုလီ ကိုသတိရလိုက်ပါတယ်။



(အိမ်မက်များဘလောဂ့်တွင် ၂၃/၀၈/၀၆ တွင်တင်ပြီး။)