Wednesday, December 31, 2008

New Year Resolutions 2009

၂၀၀၉ နှစ်သစ်မှ စ၍ ကျနော်သည်..

၁။ ၂၀၀၈ ပြက္ခဒိန်အဟောင်းကို ဖြုတ်၍ ၂၀၀၉ ပြက္ခဒိန် အသစ်ကို ချိတ်ပါမည်။ (အီလက်ထရောနစ် ပြက္ခဒိန်များ အကျုံးမ၀င်ပါ..)

၂။ အင်တာနက်၌ အချိန်ကုန်ခြင်းကို ၄ဆ တိတိ လျှော့ချပါမည်။ (ယခုထက် နှစ်ဆပိုမြန်သော ကွန်ပြူတာ နှင့် နှစ်ဆပိုမြန်သော ဘရော့ဘင်း စပိ ကို သုံးခြင်း ဖြင့် ၄ဆ လောက် အချိန်ကုန် သက်သာသွားသည်ပေါ့..)

၃။ ဟိုဝက်ဆိုဒ် များကို သွား မကြည့်တော့ပါ။ (အီးမေးလ် ဖြင့် subscribe လုပ်လိုက်ပါတော့မယ်..)

၎။ အမှန်အကန် ပိန် သွားအောင် ကြိုးစားမည်။ (လူမပိန်ရင်တောင် စိတ်ပိန်၊ စိတ်မပိန်ရင်တောင် ပိုက်ဆံအိပ် ပိန် သွားစေရမယ်..)

၅။ အရင်ထက်ပို၍ ပြုံး ပါမည်။ (အရစ်ပြုံးခြင်း..)

၆။ ဆေးလိပ်ဖြတ်ပါမည်။ (နှစ်စဉ် ပြုလုပ်မြဲအတိုင်း..)

၇။ အရက်လည်း ဘယ်တော့မှ မသောက်တော့ပါ။ (အရက်နာကျနေတုန်း ဆုံးဖြတ်မြဲအတိုင်း..)

၈။ အိမ်သာသွားပြီးတိုင်း လက်ဆေးပါမည်။ (ဟိုဟာကိုတော့ စက္ကူနဲ့ပဲ သုတ်လိုက်တယ်..)

၉။ မိန်းမနှင့် ရန်မဖြစ်တော့ပါ။ (ရေမှန်မှန်ချိုးခြင်းဖြင့်..)

၁၀။ ဘလော့ဂ်ပေါ်သို့ ဆယ်မိနစ်တခါ တက်ပြီး ဗစ်ဇစ်တာကောင့် ကြည့်ခြင်း မလုပ်တော့ပါ။ (ငါးမိနစ်တခါ ကြည့်ပါမည်..)

Wednesday, November 26, 2008

နာရီဝက်

ဒါ တရုတ်စကားပန်းပင်ပဲပေါ့.. အပွင့်လေးတွေကို ရေနွေးဖျော.. ပြီးတော့..

ဒီပိုးဟတ်သေးသေးလေးတွေက ဘယ်နားကနေ ထွက်ထွက်လာပြန်ပြီလည်း..

ရှားစောင်းလက်ပတ်ဂျယ်ကို ခေါင်းမှာလိမ်းလိုက်ရင် ဆံပင်သန်မှာလား..

ဟို တရုတ်မပဲ ဖြစ်ရမယ်..

အခုအချိန်ပြတဲ့ တီဗွီ ပရိုဂရမ်တွေက ပျင်းစရာချည်းပါကွာ..

အော်.. အပြင်မှာ မိုးမှုန်မှုန်လေး ကျနေတာကိုး..

လှေကားတက်သွားတဲ့ ဒေါက်ဖိနပ်သံက ကျယ်လိုက်တာ..

ဘေဂွန်ပန်းဆေးဘူးအပြာရောင် က အစိမ်းရောင်လောက် မကောင်းဘူး..

ဗိုက်တောင် ဆာလာသလိုလိုရှိတယ်..

နှာစေးနေတာ ဘယ်တော့မှ ပျောက်မှာလည်း..

ဒီနေ့တော့ ပန်းပင်လေးတွေ ရေလောင်းစရာ မလိုလောက်သေးပါဘူး..

ကျောကုန်း ဒီနား ပဲ ယားယားနေတယ်..

မိုဘိုင်းဖုန်းက ဘက်ထရီ ဖလက်နေတာပဲ..

ရထားလက်မှတ် ဒီည ၀ယ်ဖြစ်အောင် ၀ယ်ရမယ်..

စကင်းကင်ဆာ ဖြစ်ချင်နေလား မသိ..

ဘာမှနားမလည်ပါလားတဲ့.. ဟိုမှာ ကွန်မင့်ထဲ ရေးထားတယ်..

စိန်ပန်းပြာတဲ့.. အခုမှမြင်ဖူးတယ်.. စိန်ပန်းနီကတော့ ကိုယ်တို့ကျောင်းရဲ့ ထရိတ်မတ် လေ..

မီးပူတိုက်ရဦးမှာပဲ..

ကြက်ဥကျော်နဲ့ပဲ စားတော့မယ်..

ဖယောင်းတိုင် ထွန်းရမှာလား..

ပစ္စည်းတွေ ဘယ်တော့လာချမှာလဲ..

စတီဖင်ကင်း ၀တ္ထုလည်း မပြီးသေးဘူး..

မနက်ဖြန်ည ငါခရီးသွားရတော့မှာပဲ..

ဘယ်သူပါလိမ့်..

နာရီဝက်အတွင်းရောက်မယ်ဆိုပါလား..

Wednesday, November 12, 2008

ဂွကျခြင်း

စက်ပြင်ဆရာ (မက္ကင်းနစ်) တစ်ယောက် အတွက် ဂွကျခြင်းမှာ အန္တရယ်များလှစွာ၏။ အနှီသို့သော စကားကို အရင်းအဖျားမရှိ ပြောတတ်သော ကျနုပ်၏ ဥာဉ်အတိုင်း ပြောလိုက်သည့်အတွက် အသင်စာရှုသူများ၏ အတွေးကို နောက်ကျိရှုပ်ထွေးစေမည်ဖြစ်သည်။ ထို့ကြောင့် လင်းပေဦးအံ့။ စာရှုသူတို့အနေဖြင့် ရှေးဦးစွာ ဂွကျတတ်သော စက်ပြင်ဆရာ၏ လက်အောက်မှ လူများ၏ ဘ၀ကို ကိုယ်ချင်းစာနိုင်ရမည် ဖြစ်သည်။ စက်ပြင်ဆရာလက်မှ ကျလာသော ဂွသည် နံပါတ် ၁၄ ဂွ ထက်ကြီးလျှင်သော်၎င်း၊ ဂဏန်းလက်မ၊ ဘော့စပန်နာ စသော ဂွကြီးများဆိုလျှင်တော့ လက်အောက်နေသူများအဖို့ မထောင်းတာလှပေ။ သို့သော်ငြားလည်း အသင်စာရှုသူသည် စက်ပြင်ဆရာတစ်ဦး မဟုတ်ခဲ့လျှင်ကား သင်၏ဂွကျခြင်းသည် အများသူငါကို ထိပ်ပေါက်၊ ခေါင်းကွဲ၊ ဆေးရုံ ဆေးခန်းရောက်သည် အထိမဆိုးဝါးသွားစေကာမူ အတန်အသင့်တော့ စိတ်အနှောက်အယှက် ဖြစ်စေနိုင်ပေသေး၏။

အို စာရှုသူ.. သင်သည် ဂွကျတတ်သူ တစ်ဦးပါလား။ ဤမေးခွန်းကို အလောတကြီး မဖြေမီ ဂွကျခြင်းဆိုတာကို တိတိကျကျ သဘောပေါက်ရဲ့လားဟု ကိုယ့်ကိုယ်ကို ဆန်းစစ်သင့်သည်။ ဂွကျခြင်းဆိုသော သဘောတရားကို သင်အနေနှင့် အသက်ဘယ်အရွယ်လောက်တွင်မှ ရေးတေးတေး စတင်နားလည်ခဲ့သည်ကို မှတ်မိပါသေး၏လော။ အရစ်ရှည်ခြင်း၊ အတွေးခေါင်ခြင်း၊ ကြောင်ခြင်း၊ ခေါင်းမာခြင်း၊ ကန့်လန့်တိုက်ခြင်း၊ ကတ်တီးကတ်ဖဲ့ခြင်း၊ တယူသန် တဇွတ်ထိုးခြင်း စသည်တို့နှင့် ဂွကျခြင်း မည်ကဲ့သို့ ကွဲပြားသနည်းကို တိတိပပ ရှင်းပြနိုင်ပါသလား။ ဂွကျခြင်းကို ရည်ညွှန်းသည့် အင်္ဂလိပ်စာလုံး၊ တရုတ်စာလုံး၊ ဟင်ဒီစာလုံး၊ အာရေဗျစာလုံးများ ကိုလည်း သိရင်ပြောခဲ့ပါ။ အချစ်၏ ဆန့်ကျင်ဖက်သည် အမုန်း ဖြစ်ကြောင်း ကမ္ဘာ့လူဦးရေ တ၀က်ကျော်ကျော်ကလက်ခံထားသည်။ ထိုသို့ဆိုလျှင် ဂွကျခြင်း၏ ဆန့်ကျင်ဖက်သည် ပဇာနည်း။ ဂွတက်ခြင်း ပေလော။ (ကျနုပ်၏ ဘ၀တစ်လျှောက်လုံးတွင်တော့ ဂွတက်ခြင်းကို တစ်ကြိမ်သာ နဖူးတွေ့ ဒူးတွေ့ ကြုံဖူး၏။ အဆိုပါ သူငယ်ချင်းကို အရပ်မှဝိုင်းဝန်းပြီး ကြောင်မွေးမီးရှို့၍ ရှူခိုင်းလိုက်မှ ဂွတက်ခြင်း နိတ္ထိတံလေ၏။ ဤကား စကားချပ်။)

ကျနုပ်၏ အလိုအရ ဂွကျခြင်းသည် အမှန်တရားကို အတုံးလိုက် အတစ်လိုက် အသုံးပြုခြင်းပင်ဖြစ်သည်။ သင့်အနေဖြင့် ကျနုပ်၏ ယူဆချက်နှင့် မကိုက်ညီပါက လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည်။ အဘယ်ကြောင့်ဆိုသော် “လေနုအေး” ဆိုသော စကားလုံးကို ဆရာ ဒဂုန်တာရာ ၏ မူပိုင်ဟုသတ်မှတ်ထားသလိုမျိုး “ဂွကျခြင်း” ဆိုသော စာလုံးကို ကျနုပ်အနေနှင့် ဘယ်တုန်းကမျှ အပိုင်သိမ်းထားလိုစိတ် မရှိသောကြောင့်ဖြစ်သည်။ တချိန်သောအခါက စာရေးဆရာမ မစန္ဒာ သည် ဆရာမောင်သာရ နှင့်တွဲ၍ စာအုပ်တစ်အုပ်ထုတ်လေသည်။ ယင်းစာအုပ်တွင် ၄င်းတို့တစ်ဦးစီ၏ ၀တ္ထုတစ်ပုဒ်စီပါလေ၏။ မစန္ဒာ၏ ၀တ္ထုခေါင်းစဉ်မှာ “မစပ်သော ငရုတ်” ဖြစ်၍ မောင်သာရ၏ ၀တ္ထုခေါင်းစဉ်မှာ “ငရုတ်မှန်လျှင် စပ်ရလိမ့်မည်” ဟူသတတ်။ ကျနုပ်သည် ထိုအချိန်မှစ၍ ဆရာမောင်သာရအား ဂွကျသောသူ အဖြစ်သတ်မှတ်လိုက်တော့သည်။ သူသည်ကား ကျနုပ်အထက်တွင် ဆိုခဲ့သည့်အတိုင်း အမှန်တရားကို အတုံးလိုက် သုံးသဖြင့် ဤကဲ့သို့ အထင်ခံရခြင်းဖြစ်ပေ၏။

တစ်ခါက သမီးရည်းစားမောင်နှံ အတူတွဲလျှောက်စဉ် လမ်းဘေးတွင် ပန်းသည်တစ်ဦးကိုတွေ့လေသည်။ ရောင်းနေသော ပန်းများသည် အလွန်လတ်ဆတ် လှပသည် ဆိုသတတ်။ ထိုအခါ အမျိုးသားက သူ့ချစ်သူအား ပန်းဝယ်ပေးရမလား ဟုမေး၏။ အမျိုးသမီးက နေပါစေ ဟုပြောလိုက်သော်လည်း စိတ်ထဲတွင်မတော့ လောကမှာ ပန်းမကြိုက်တဲ့ မိန်းမဆိုတာများ ရှိလို့လား၊ ပန်းမကြိုက်တတ်ခဲ့ရင်တောင် ကိုယ့်ချစ်သူပေးတဲ့ ပန်းကို ငြင်းမယ့် မိန်းမများရှိမလား၊ တကယ်ဆို မေးနေဖို့ကိုမလိုပဲ ၀ယ်ပေးရမှာ စသည်ဖြင့်တွေးတွေးပြီး အခွင့်အရေးကြုံသည်နှင့် စိတ်ကောက်လေတော့သည်။ အမျိုးသားဖက်ကကြည့်လျှင်တော့ ပန်းမကြိုက်သူကို ပန်းဝယ်ပေးရင် မကောင်းဘူးဆိုတဲ့ စိတ်နဲ့ပါ။ သူတို့ နှစ်ယောက် ဘယ်သူ ဂွကျတာလဲ။

နေသည် အရှေ့အရပ်မှဝင်၍ အနောက်အရပ်မှ ထွက်သည်တဲ့။ မင်းခိုက်စိုးစန်လား တာရာမင်းဝေလား ဘယ်သူရေးလဲတော့ မမှတ်မိတော့ဘူး။ ကမ္ဘာကြီးကို အခန်းတစ်ခန်း ဒါမှမဟုတ် အိမ်တစ်လုံးလို့ သဘောထားကြည့်ပါတဲ့။ တစ်စုံတစ်ဦး သို့မဟုတ် ဧည့်သည်တစ်ယောက် အခန်းထဲ၊ အိမ်ထဲကို လှမ်းဝင်လာရင် ၀င်လာတယ်လို့ ပြောပြီး ပြန်ထွက်သွားရင် ထွက်သွားတယ်လို့ ပြောရမှာပေါ့တဲ့။ နေဟာ တစ်စုံတစ်ယောက်၊ ကမ္ဘာကြီးဟာ အခန်းတစ်ခန်းဆိုရင်ကော။ ဒီလိုဆိုရင်တော့ နေသည် အရှေ့အရပ်မှဝင်၍ အနောက်အရပ်မှ ထွက်သည်ဆိုတာ ဘယ်သူမှငြင်းမှာမဟုတ်ပါဘူး။ ဒါကိုကော ဂွကျတယ်လို့ပြောဦးမလား။

ရက်ပါရူး ရူးနေတဲ့ ကောင်လေးတစ်ယောက်ကတော့ ပြောပါတယ်.. အစ်ကိုရယ် ဂွဆိုတာ ကျမှကောင်းတာဗျ၊ ဒီတော့မှ ဒီလိုမျိုး ဆွဲဆွဲတင်လို့ ရတာပေါ့.. လို့ပြောပြီး သူ့ရဲ့ဘောင်းဘီပွပွ ဂွကျကျကို လက်ဖ၀ါးလေးနဲ့ အုပ်၊ နှစ်ချက်လောက်ဆွဲတင်ပြပြီး ကွတကွတနဲ့ ကပ္ပလီဂက်တို စတိုင် လျှောက်သွားလေတော့၏။

Wednesday, October 22, 2008

ဘာကြောင့် ဘလောဂ့်ကြသတုန်း

အလွန်ကြီးမားလှသော နိုင်ငံ တစ်ခု၏ တစ်နေရာတွင် အပြာရောင်တောင်တန်းများရှိ၏။ ထိုတောင်တန်းပြာပြာ တို့၏ တောင်ကြားလွင်ပြင် တစ်နေရာတွင် မြို့သေးသေးတစ်ခုသည် ရှိ၏။ ထိုမြို့သေးသေး၏ လမ်းကျဉ်းကျဉ်း တစ်ခုထဲတွင် အိမ်သေးသေးတစ်လုံးသည် ရှိ၏။ ထိုအိမ်သေးသေး၏ ဘက်ရပ် ဟုခေါ်သော အိမ်နောက်ဖေးခြံထဲတွင် လွန်စွာသေးငယ်လှစွာသော မြက်ခင်းတစ်ခုသည် သပ်ရပ်ရိတ်သင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်သောကြောင့် ထိုးထိုးထောင်ထောင် နှင့် ယခုခေတ် မြီးကောင်ပေါက်ကောင်လေးများ၏ ဆံပင်ပုံကဲ့သို့ပင်ရှိ၏။

ထိုကဲ့သို့စာတစ်ပိုဒ်ကို ၂မိနစ်အတွင်း အားသွန်ခွန်စိုက် ကျိုက်ထီးရိုးသေနတ်ပစ်သလို တရစပ် ဖြစ်ညှစ်ရေးချပြီးသောအခါ မည်ကဲ့သို့များ ဇာတ်လမ်း ဆက်ရလေအံ့ဟု အကြံခေါင်းပါးသည်နှင့် အတွေးလွန်သော ယောက်ျားသားများ၏ မသိစိတ်က လှုံ့ဆော်ချက်အရ ကီးဘုတ်ပေါ်တွင်ရှိနေသောလက်သည် အလိုအလျောက် မေးစေ့ဆီသို့သွားပြီး “ပွတ်” နေလေ၏။ ထိုသို့ ပွတ်နေရာမှ အတန်ငယ်အကြာတွင် လက်သည် ကြမ်းရှရှ ခံစားရသည်ဖြစ်မှ မိမိ၏ သုံးလေးရက်မျှ မရိတ်သင်ရသေးသော မုတ်ဆိတ်ကျင်စွယ်တို့ကို သတိရလေသည်။ ထိုအခါတွင် ကျနုပ်သည် မမှားသော သစ္စာတရား တစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိသွားလေသည်။

သြော်.. ခြံထဲက မြက် တစ်ပါတ်လောက် မရိပ်ပဲပစ်ထားလိုက်တာနဲ့ ထိုးထိုးထောင်ထောင်ဖြစ်ရော.. မြက်မပြောပါနဲ့ဦး ကိုယ့်ခန္ဓာကိုယ်က မုတ်ဆိတ်တောင် ၃ - ၄ ရက် ပစ်ထားရင် သွားရော.. ။ ဒါပေမယ့် ငါ့ဘလောဂ့်လေးကိုတော့ ပစ်ထားတာကြာလှပါပေါ့.. ဒါပေမယ့် ဘလောဂ့်ကတော့ ထိုးထိုးထောင်ထောင်လည်းမဖြစ်၊ ပျက်လည်းမပျက်စီးသွားသေးပဲကိုး.. ဒါကြောင့်လူတွေက ဘာမှ ဂရုစိုက်စရာမလိုတဲ့ ဘလော့ဂ် ကိုကြိုက်ကြတာ။

Sunday, September 28, 2008

တောင်

အခုတလော စာတွေပဲ အဖတ်များနေတယ်။ ရေးချင်စိတ်က သိပ်မရှိလှဘူး။ ဖန်တီးမှုစိတ်အင်အား ကျဆင်းနေတယ်ပဲ ဆိုပါတော့။ ဒီတော့ ဘာဖြစ်လဲ.. အဖတ်များပြီး အရေးမရှိတော့ အ၀င်များပြီး အထွက်မရှိ၊ တိုက်ရိုက် ဥပမာပေးရရင်တော့ စာပေ၀မ်းချုပ်ခြင်း ဖြစ်နေတယ်ပေါ့ဗျာ။ ခက်တာက ဒီကိစ္စမှာ ပြောရရင် စာပေ၀မ်းနှုတ်ဆေး ဆိုတာ မှမရှိပဲ။ အဲ.. ရှိရင်လည်း ၀မ်းနှုတ်ဆေးစားပြီး ရေးထွက်လာတဲ့ စာတွေကတော့ မွှေးရနံ့ လှိုင်လှိုင်ပျံ့မှာတော့ မဟုတ်ပေဘူး။

ဖတ်ဖြစ်တဲ့စာတွေကတော့ အများကြီးပဲ။ မြန်မာ ဘလော့ဂ်ပေါင်း တစ်သောင်းခြောက်ထောင်၊ ဖိုရမ်ကတော့ လေး ငါး ခြောက်ခု၊ နိုင်ငံခြား ၀က်ဆိုက်တွေကိုတော့ ထည့်မပြောတော့ပါဘူး.. (မြန်မာလို ရေးထားတဲ့ စာကလေးတွေကိုတောင် တော်တော် နားလည်အောင်ဖတ်နေရတာ အင်္ဂလိပ်လိုရေးထားတဲ့စာတွေဆိုရင်တော့ ချာချာကိုလည်ရော။) ဒါပေမယ့်လည်း တစ်ခါတစ်လေ မြန်မာမဟုတ်တဲ့သူတွေရေးထားတဲ့ စာပေလက်ရာလေးတွေက တမျိုးလေးဆန်းသစ်နေတတ်ပြန်ရော။ ဒီတော့လည်း ကိုယ်တတ်သမျှ ခြေတစ်ပေါင်ကျိုး အင်္ဂလိပ်အခြေခံကလေးနဲ့ ထောင့်တောင့်တောင့် လေငန်းဆွဲနေတဲ့ ထောင့်မကျိုးလှတဲ့ ကိုယ်ပိုင်မြန်မာစကားပြေ အရေးအသားနဲ့ ကြိုးစားပန်းစား ဘာသာပြန်ဖြစ်သွားကော။

အခုအောက်မှာ ဘာသာပြန်ထားတာကတော့ ကျူးဘားစာရေးဆရာ ဗာဂျီလစ်ယို ပြင်ညဲရိယာ ရဲ့ “တောင်” ဆိုတဲ့ ၀တ္တုတိုကလေးပဲဖြစ်ပါတယ်။ ၁၉၅၇ က လက်ရာပါ။


တောင်

ကျနော်ပြောမယ့် တောင် က အမြင့်ပေ ၃၀၀၀ ကျော်တယ်လို့ ဆိုကြပါတယ်။ ဒီတောင် တစ်တောင်လုံးကို ကျနော် တစစီ ၀ါးစား ပြစ်မယ်လို့ ဆုံးဖြတ်ထားပြီးပါပြီ။ တောင်ကတော့ သာမန်တောင် တစ်ခုပါပဲ။ တောင်ရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ ချုံနွယ် ပိတ်ပေါင်း၊ သစ်ပင်ဝါးပင်၊ မြေဆီ ကျောက်တုံး နဲ့ တောရိုင်းသတ္တ၀ါတွေလည်း အစုံအလင်ရှိပါရဲ့။ ပြေလျောလျော တောင်စောင်းတွေမှာ စုံဆန် တက်ချေ ဆင်းချေ ပြုနေကြတဲ့ လူ ဆိုတဲ့ သတ္တ၀ါတွေလည်း ရှိသေးတာပေါ့။ အခုဆို မနက်တိုင်း တောင် ဆီကို သွားပြီး ကျနော့် မျက်စိထဲ အရင်ဆုံး ရောက်လာတဲ့ အရာဝတ္တုကို ၀ါးစားနေပါတယ်။ တစ်နေ့တစ်နေ့ အချိန်များစွာယူပြီး တကယ်ကို လေးလေးနက်နက် လုပ်နေတာပါ။ အိမ်ပြန်ချိန်ရောက်လာရင်တော့ ကျနော့်တစ်ကိုယ်လုံး မောပန်းနွမ်းလျလှပါတယ်။ ပါးစောင်တွေဆို ရောင်ကိုင်းပြီး ဟမရလောက်အောင်ဖြစ်နေပေါ့။ ခဏတဖြုတ်နားပြီးရင်တော့ ဖိနပ်ချွတ်မှာထိုင်ပြီး အဝေးတစ်နေရာက တောင်ပြာတန်းကို မျှော်ကြည့်ရတာ အရသာတစ်မျိုးပါပဲ။ ကျနော်ဘာတွေလုပ်နေလဲဆိုတာကို ကျနော့်ရဲ့ အိမ်နီးချင်းကို ပြောပြလိုက်ရင်တော့ ခပ်လှောင်လှောင်လေး ရယ်ပြီး ကျနော့်ကို အရူးစာရင်းထဲ သွတ်သွင်းလိုက်မလားပဲ။ ဒါပေမယ့် ကျနော်က စိတ်ဖေါက်ပြန် ရူးသွပ်နေတဲ့သူမှ မဟုတ်ပဲ။ ကျနော် ဘာလုပ်နေလဲဆိုတာ ကိုယ်တိုင် ကောင်းကောင်းသိပါ့။ အခုဆိုကြည့် ကျနော်စားစားနေတဲ့တောင်ရဲ့ အမြင့်ကော အကျယ်ကော တဖြည်းဖြည်း လျော့နည်းလာတာကို သေသေချာချာ ကြည့်တတ်ရင် သိသိသာသာ ကိုမြင်နိုင်နေပြီ။ နောက်ပိုင်းဆိုရင်တော့ လူတော်တော်များများ သိလာပြီး မှ ဒီလိုဖြစ်တာဟာ ဘူမိဗေဒဆိုင်ရာ အပြောင်းအလဲတွေကြောင့်လို့ ဆိုကြလိမ့်မယ်။ တကယ်တော့ ဒါဟာကျနော့်ရဲ့ ပရိယာယ်ပဲလေ.. အမြင့်ပေ ၃၀၀၀ကျော်ရှိတဲ့ တောင်ကြီး တစ်လုံး လုံးပါးပါးသွားတာ ကျနော့်ကြောင့်ပါလို့ ရိုးရိုးသားသား ၀န်ခံချင်စိတ် ရှိမယ့်လူ ဒီလောကမှာ မရှိသေးဘူး မဟုတ်လား။

ဖေါက်ပြန်နေသော အမှတ်တံဆိပ်များ

သူမ၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ် ထိုမွှေ့ယာထက်ဝယ် လဲလျောင်းနေခဲ့သည်မှာတော့ အတန်ငယ်ပင် ကြာမြင့်ပါချေပြီ။

သူမသည် မှောက်ရက် အနေအထားဖြင့် ဖြစ်ပါသည်။ အချိန်တော်တော်ကြာ နေရာမရွေ့ တည်ငြိမ်သော အလောင်းကောင်များတွင် ကမ္ဘာ့ဆွဲအားကြောင့် ဖြစ်လေ့ရှိသော သွေးအနည်ထိုင်ခြင်း ဖြစ်စဉ်သည် သူမ၏ ကျောကုန်းကို သဘာဝမကျစွာ ဆွတ်ဆွတ်ဖြူနေစေသည်။ အခုအချိန်တွင် ခပ်တောင့်တောင့် ဖြစ်စပြုနေပြီဖြစ်သော ဒီခန္ဓာကိုယ်ကြီးကို ဆွဲမပြီး ပက်လက်လှန်လိုက်မည်ဆိုပါက ကိုယ်အရှေ့ခြမ်းတွင် နီညိုရင့်ရင့် သွေးအနည်ထိုင်ကွက်များကို တွေ့ရမည်မှာ သေချာပါသည်။ သွေးအများစု အနည်ထိုင်သော လက်ချောင်းများတွေကတော့ ပုံမှန်ထက် ခပ်တုတ်တုတ် ဖြစ်နေပြီး မျက်နှာနှင့် ခေါင်းပိုင်းကတော့ လူမြင်မကောင်းအောင် မည်းနက်နေပါသည်။

သူမ၏ ခန္ဓာကိုယ်တွင် ရှိသော ဆေးမှင်ကြောင်များကတော့ ဖျော့တော့ ဖြူဆွတ်နေသော အရေပြားပေါ်တွင် ထင်ထင်ရှားရှား ကြီးကို ပေါ်လွင်နေပါ၏။

မှုခင်းစစ်ဆေးရေးအဖွဲ့သည် အခန်းထဲတွင် မီးများကို ထွန်းညှိလိုက်သည်။ ပလတ်စတစ်ဘွတ်ဖိနပ်နှင့် စက္ကူအပေါ်ရုံအင်္ကျီများကို ၀တ်ဆင်ထားသော အဖွဲ့ဝင်များသည် လက်ကိုင် ခရမ်းလွန်ရောင်ချည် မီးအိမ်များ အကူအညီဖြင့် အမှုသက်သေခံ သွေးစသွေးနများ၊ သုက်သွေး အစွန်းအကွက်များကို လိုက်လံရှာဖွေနေကြသည်။ အဝေးပြေးကားလမ်းနံဘေးက အပေါစားဟိုတယ်တစ်ခုရဲ့ ဒီလိုအခန်းမျိုးမှာ အဖွဲ့ဝင်တွေ ရှာနေကြတဲ့ အရာနှစ်မျိုးလုံးကိုတော့ ဖေါဖေါသီသီ အချိန်မရွေး ရှာတွေ့နိုင်ပါရဲ့။ ဟော်တယ်မန်နေဂျာက မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်ကျဖို့ ဆော်သြနေပါပေါ့။ ဒင်းကများ လူသတ်မှု စစ်ဆေးနေတဲ့ ရဲအဖွဲ့ကို သူ့ရဲ့ဟော်တယ်မှာ အခန်းဝင်ရှင်းနေတဲ့ သန့်ရှင်းရေး အလုပ်သမတွေကို ဆက်ဆံသလို အပေါက်မျိုးနဲ့။

ကျနုပ်သည် ကုတင်ပေါ်မှ အလောင်းကောင်ကို စေ့စေ့ကြည့်လိုက်သည်။ သေဆုံးသွားတဲ့ ကောင်မလေးဟာ လွန်ရောကျွံရော အသက် ၂၄ နှစ်လောက်ပဲရှိဦးမှာဖြစ်ပေမယ့် ဒီထက် အများကြီးပိုပြီးရင့်ရော်နေတဲ့ ပုံပေါက်နေပါတယ်။ အိပ်ခ်ျအိုင်ဗီ ပေါ့စတစ်ဖြစ်ပြီးကတည်းက သွေးရောင်းစားလို့ မရတော့သော သူမအနေဖြင့် သူမ၏ ရှင်သန်ရေးအတွက် ခန္ဓာကိုယ်ကို စီးပွားရေးကုမ္ပဏီများထံ ၀ကွက်အပ်နှံထားခဲ့ရပုံရှိလေသည်။ လှတပတ၊ ကြည့်ပျော်ရှုပျော်ရှိသော မိန်းမပျိုလေးများ၊ ယောက်ျားပျိုလေးများ အနေဖြင့် “ကြီးငါးကြီးကုမ္ပဏီ” မှ ထုတ်လုပ်သော ပစ္စည်းတမျိုးမျိုးကို နှစ်သက်ရာရွေးချယ်ပြီး ၄င်း၏ ကြေငြာဆေးမှင်ကြောင်ရုပ်ကို မိမိတို့ကိုယ်တွင် ထိုးနှံလိုက်ခြင်းဖြင့် ကြီးငါးကြီးမှ သောင်းဂဏန်းမျှသော ထောက်ပံ့ကြေးကိုရနိုင်ပါသည်။

ဆေးစွဲနေသော မိန်းမပျက် တစ်ဦးအတွက်တော့ အတော်အတန်များသော ငွေကြေးပင်ဖြစ်သည်။

သူမရဲ့ခန္ဓာကိုယ်ပေါ်မှာလည်း များပြားလှစွာသော ကြေငြာဆေးမှင်ကြောင်ရုပ်များသည် တစ်ခုနှင့်တစ်ခု ထိကပ်လုနီးစွာတည်ရှိနေကြသည်။ မက်စ်အချိုရည်၊ သရီးဒီသွားတိုက်ဆေး၊ ဂေါ်ဇီလာခြင်ဆေး နှင့် အခြားသော အမှတ်တံဆိပ်များလည်း ပါသေး၏။ ဒီလိုမြောက်များလှစွာသော အမှတ်တံဆိပ်ရိုက်နှိပ်ထားသော ပစ္စည်းထုတ်ရန်အသုံးပြုသည့် ပလတ်စတစ်စအဟောင်းများကို ကားပါကင်ကွင်း၊ ရေမြောင်းများထဲတွင် ကျနုပ်အကြိမ်ကြိမ် အဖန်ဖန်တွေ့ခဲ့ဖူးသည်။ ဒီ ကုမ္ပဏီတံဆိပ်များက သူမကိုယ်ခန္ဓာကို အမှိုက်ပုံ နှင့် အလားသဏ္ဍာန်တူစေလေသည်။ တကယ်ဆိုရရင် သူမ၏ ယခုလက်တွေ့ ဖြစ်စဉ်သည်လည်း အမှိုက်ပုံ တစ်ခုနှင့် သိပ်မခြားလှချေ။

တစ်စုံတစ်ယောက်က သူမကို စိတ်ကြိုက် အသုံးပြုပြီး ဒီအခန်းထဲမှာ လက်လွတ်စပယ် လုံးချေ လွှင့်ပစ်ထားခဲ့ခြင်း ပင်ဖြစ်သည်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးတစ်လေကသာ ရှာရှာဖွေဖွေ ရင်ခွဲရုံထဲထိ လိုက်လာပြီး သူမ၏နောက်ဆုံး ခရီးကို နှုတ်မဆက်ခဲ့ပါက ကျနုပ်တို့အနေဖြင့် သူမ၏ နာမည်ကိုပင် သိနိုင်ရန် သိပ်အခွင့်အလန်းမရှိပါ။

သူမရဲ့ တင်ပါးခွက် တစ်ဖက်တစ်ချက်စီမှာတော့ “ဂွတ်မောနင်း ပေါင်မုန့်” ဆေးမှင်ကြောင်ကို တွေ့ရလေသည်။ ဒါဟာ သူမ၏ ကိုယ်ပိုင်စိတ်ကူးလား၊ ကုမ္ပဏီ၏ စိတ်ကူးလားတော့ မသိနိုင်တော့ပါ။

သူတို့၏ ဘန်းစကားနှင့်ဆိုလျှင်တော့ ဒါကို “ကိုယ့်ကိုကိုယ်ဈေးကွက်တင်ခြင်း” ဟု ခေါ်ပါသည်။ အစပိုင်းမှာတော့ ကုမ္ပဏီခပ်ကြီးကြီးတစ်ခုရဲ့ အထင်ကရ အမှတ်တံဆိပ်ကိုသာ ဆေးမှင်ကြောင်ထိုးပါသည်။ တစ်ကိုယ်လုံးတွင်မှ တစ်ခုတည်းသာဖြစ်၏။ အဲ.. နောက်တော့ သိပ်မကြာပါဘူး.. နှစ်ခုဖြစ်လာသည်။ ရုန်းမထွက်နိုင်သော ဆေးမှင်ကြောင် စီးပွားရေးဈေးကွက် မှာတ၀ဲဝဲလည်ရင်း နောက်တော့ သူမတို့၏ ခန္ဓာကိုယ်သည် ကြေငြာသင်ပုန်းဟောင်း တစ်ခုဖြစ်လာပေသည်။ ထိုအခါ သိပ်ပြီးဆွဲဆောင်မှု မရှိတော့သော သူမတို့၏ ဆေးစွဲနေသော ခန္ဓာကိုယ် ဖျော့တော့တော့ကို ကြီးငါးကြီး မှ စိတ်ဝင်စားခြင်း မရှိတော့ပါ။

ဒီလိုအခြေအနေမျိုးရောက်ပြီဆိုရင်တော့ ကြီးငါးကြီး နှင့် အလုပ်ဆက်လုပ်လို့မရတော့ပဲ ရပ်ကွက်ထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းပေါက်စလေး တွေနဲ့ပဲ ဆက်ဆံပြီး ငွေရအောင်ဆက်ရှာရပါတော့တယ်။

အခု မိန်းမပျိုလေးလည်း ဒီလိုဘ၀မျိုးထိရောက်ခဲ့ပါတယ်။ သူမရဲ့ ကျောကုန်းပေါ် လက်ပြင်ခွက်နှစ်ခုကြား နေရာမှာ “ရွှေစည်းစိမ် အသားကင်ဆိုင်” ကြေငြာနဲ့ ဘယ်လိုသွားရမယ်ဆိုတဲ့ မြေပုံငယ်လေး တစ်ခုကို တွေ့ရပါတယ်။ သူမရဲ့နောက်ပိုင်းက ဆက်ဆံတဲ့ ဖေါက်သည်တွေဆိုရင် ဒီကြေငြာလေးကို တွေ့မိပြီး အိမ်အပြန် ညစာအဖြစ် အဲဒီဆိုင်မှာ ၀င်စားဖြစ်ရင်တောင် စားဖြစ်နိုင်သေးတယ်။ ဒီလိုအတွေးမျိုးကို တွေးတာနဲ့တင် အော်ဂလီဆန်ပါ့။

တကယ်တော့ သူမဘ၀က ဘာနဲ့တူလည်းဆိုရင် အကြွေစေ့ထည့် အချိုရည်ဘူးရောင်းတဲ့ စက်လိုပါပဲ။ ဒါပေမယ့် စက်ဟာ သုံးမရအောင်ပျက်နေပြီး အထဲမှာလည်း ဘာအချိုရည်ဘူး၊ ဘာအကြွေစေ့မှ မရှိတော့ပါဘူး။ ဒီတော့ ဘယ်သူမှလည်း အရေးတယူ မပြုကျတော့ဘူးပေါ့။

သွေးစက်တွေ ဘေးဘီ စဉ်တာကို ကြည့်ရတာတော့ လူသတ်သမားဟာ အလေးချိန်ရှိပြီး တုံးတဲ့ လက်နက်ကို သုံးသွားခဲ့တယ်လို့ ကောက်ချက်ချလို့ရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာနဲ့ နှစ်လမ်းကျော်မှာတော့ စွန့်ပစ်ထားတဲ့ တင်းပုတ်တစ်ခုကို ရှာဖွေတွေ့ရှိပါတယ်။ တင်းပုတ်မှာ သူမရဲ့ ဆံပင်နဲ့ သွေးစအချို့ ကပ်နေပါတယ်။ လက်ဗွေရာ ဘာညာတော့ မတွေ့ရပါဘူး။

ကျနုပ်အနေနဲ့ မှုခင်းစုံစမ်းရေး ရဲတပ်ဖွဲ့မှာ လုပ်တာကြာပါပြီ။ ဒီလိုအမှုမျိုးဆိုရင် တရားခံကို ရှာမတွေ့ပဲ ထာဝစဉ် အမှုပွင့်ရက်ကြီးပဲ ဖြစ်သွားတတ်တယ်ဆိုတာလည်း သိနေလောက်အောင်ကို လုပ်သက်ရင့်နေပါပြီ။

ဘာဖြစ်လို့များ ကျနုပ်အနေနဲ့ ဒီအလုပ်မှာပဲ ဆက်လုပ်ဖြစ်နေသေးလဲကတော့ ဘုရားပဲသိပါတယ်။



(No Logo by Duncan Shield ကို ခံစားပြန်ဆိုထားပါသည်။)

Sunday, August 17, 2008

မိမိကိုယ်ကို လက်ထပ်ခြင်း

အခန်း ၁။

“ရတာပေါ့ကွ”
ခင်မင်ဖွယ်ကောင်းလှသော သင်းအုပ်ဆရာ ဦးဇာတက ပြောလိုက်သော ထိုစကားလုံး လေးလုံးသည် ကျနုပ်၏ ဘ၀ကို တဆစ်ချိုးပြောင်းလဲစေခဲ့သည်။ ထိုကဲ့သို့ မပြောနိုင်မီ သင်းအုပ်ဆရာသည် နှစ်နာရီသာသာမျှ ဘုန်းတော်ကြီး ဖလဲမင်းနှင့် သမ္မာကျမ်းစာပါ အခန်းများကို အနုလုံ ပဋိလုံ အသေးစိတ် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ရသေးသည်။ လီဘီတီးကပ်စ် ခေါ် တတိယမြောက် ဟီဘရူး ကျမ်းစာထဲမှာတော့ ခရစ်ယာန်တွေဟာ ညီမ၊ အဒေါ်၊ အမေ၊ ယောက္ခမ၊ သမီး၊ မြေး စတဲ့သူတွေကို လက်မထပ်ရဘူး လို့ဆိုထားပါရဲ့။ သို့ပေငြားလည်း သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာမှ ကိုယ့်ကိုယ်ကို လက်မထပ်ရဘူးလို့ မတားမြစ်ထားပေဘူး။ ကောင်းလေစွတကား.. ကျနုပ်လုပ်ချင်နေသည်မှာလည်း ကိုယ့်ကိုယ်ကို လက်ထပ်ချင်နေတာလေ။ ကျနုပ်၏ စကားကိုကြားသောအခါ သင်းအုပ်ဆရာ ဦးဇာတက က အဆိုပါ စာလုံးလေးလုံးကို ပြောလေ၏။
“ရတာပေါ့ကွ”

ကြံကြံဖန်ဖန်ပြောကြေးဆိုရင်တော့ သမ္မာကျမ်းစာအုပ်ဟာ မိမိကိုယ်ကိုလက်ထပ်ခြင်းကို သာမက မိမိ၏ အဘေးမ၊ စားပွဲခုံ၊ အလှမွေး ရွှေငါး စတာတွေနဲ့လည်း လက်မထပ်ရဘူးလို့ မတားမြစ်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဘုန်းတော်ကြီး ဖလဲမင်း က သူ၏ ချစ်မြတ်နိုးလှစွာသော ပြင်သစ်အမွေးပွ ခွေးမလေးကို လက်ထပ်ခဲ့မယ်ဆိုရင် ကျနုပ်အနေနဲ့ လုံးဝ အံ့သြခြင်း ဖြစ်မိမှာမဟုတ်ပါဘူး.. ဒါမှမဟုတ် သူ့ရဲ့ သက္ကလပ်စောင်ထူထူကြီးနဲ့ ဆိုရင်လည်းပေါ့.. ဘုန်းတော်ကြီးခမျာ ဒါနဲ့ပဲ တူတူအိပ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့လှပေါ့။

ထားပါတော့လေ.. ကျနုပ်လည်း ကျနုပ်ရဲ့နှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ရတဲ့လူနဲ့ လက်ထပ်မယ့်ကိစ္စကို သင်းအုပ်ဆရာနဲ့ တိုင်ပင်ပြီးစီးခဲ့ပေမယ့်လည်း တခြားအသိပေးရမယ့်သူတွေရှိနေသေးတယ်.. ကျနုပ်ရဲ့ မိဘနှစ်ပါးပဲပေါ့။ နှစ်ပေါင်းနှစ်ထောင်လောက် ခိုင်ခိုင်မာမာ အခြေကျနေပြီဖြစ်တဲ့ ဘာသာရပ် ကိုးကွယ်ယုံကြည်မှုတစ်ခုနဲ့ ကျနုပ်ရဲ့ ဆန္ဒ ရပ်တည်မှုကို ရိုးအလှတဲ့ မိဘနှစ်ပါးနားဝင်အောင်ရှင်းပြရတာ တော်တော်ခက်တာပဲ။

ပြောစတုန်းကတော့ အမေက မယုံကြည်သလို ပေါ့ပေါ့လေးပဲပြန်ပြောပါတယ်။ အမေမှသာမဟုတ်ဘူးလေ ဘယ်သူမှလည်း စကြားကြားချင်း လေးလေးနက်နက် မယုံကြပါဘူး။ ဒီတော့လည်း ကျနုပ်အနေနဲ့ အမေ့ကို ဒီကိစ္စအပေါ် ကျနုပ်ဟာ အလေးအနက် ထားမှန်းသိအောင် သေသေချာချာ ရှင်းပြရပါတော့တယ်။ အဲဒီတော့မှ အမေလည်း သွေးရူးသွေးတန်းနဲ့ မဆီမဆိုင်မေးခွန်းတွေ လျှောက်မေးတော့တယ်။ “နေပါဦး.. ဘာလို့များ လက်ထပ်မလို့လည်း.. ဒီအတိုင်း ကိုယ့်ဖာသာကိုယ်နေလည်း ဖြစ်နေတာပဲဟာ” တို့ “ဒီလိုဆို မင်္ဂလာဆောင်ရင် မင်း ဘယ်လိုဝတ်မှာလည်း” တို့ စတဲ့မေးခွန်းတွေပေါ့။

နောက်ထပ် စိတ်မကောင်းစရာ တစ်ခုကတော့ ကျနုပ်ရဲ့ ကိစ္စဟာ ကျနုပ်ရဲ့ဖခင်ကို ရူးသွပ်စေခဲ့ပါတယ်။ တကယ့်ကို ရူးသွပ်သွားသလိုမျိုးပါ။ သူဟာ ကျနုပ်ရဲ့ မင်္ဂလာပွဲပြီး နှစ်ပေါင်းများစွာတိုင်အောင် ဆောင်းပါးတွေရေးပြီး သတင်းဂျာနယ်၊ စံချိန်မှတ်တမ်း၊ အာကာသထိန်းချုပ်ရေး စတဲ့နေရာတွေကို သူ့ရဲ့စာတွေကို ပို့နေခဲ့ပါတယ်။ သူရေးတဲ့ ဆောင်းပါး အားလုံးမှာ အကြောင်းအရာ တစ်ခုပဲပါပါတယ်.. ဘာလဲဆိုတော့ သူသည် အာကာသထဲမှာ လိင်ဆက်ဆံမှု ပထမဦးဆုံး ပြုလုပ်ဖူးသူဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ တကယ်တော့သူဟာ ဘယ်တုန်းကမှ အာကာသနဲ့ နီးစပ်ဖူးတဲ့သူမဟုတ်ပါဘူး။ အဲ.. အကယ်လို့ တစ်ယောက်ယောက်ကများ အတည်ဖြစ်ဖြစ် နောက်သလိုဖြစ်ဖြစ် နေစမ်းပါဦး.. ဒါဆို ခင်ဗျားကြီးက အာကာသထဲမှာ ဘယ်သူနဲ့များ လိင်ဆက်ဆံခဲ့တာလဲ.. လို့မေးခဲ့ရင်တော့ အဖေဟာ ပြောလက်စစကားကို ခဏလောက်နားလိုက်မယ်.. မေးလာတဲ့သူကို မျက်လုံးကြီးပြူးကြည့်လိုက်မယ်.. ပြီးတော့မှ အင်မတန်ပြတ်သားတဲ့လေသံနဲ့ တစ်လုံးချင်းပြန်ဖြေပါလိမ့်မယ်..
“ငါ့ဖာသာငါပေါ့ကွ”

ကျနုပ်ရဲ့ချစ်လှစွာသော သူငယ်ချင်းတွေအနေနဲ့ ကျနုပ်ရဲ့ အဖြစ်အပျက်ကို စာနာ နားလည်နိုင်မယ်လို့ ယူဆခဲ့ပေမယ့် အထင်နဲ့အမြင် ပါစင်အောင်လွဲခဲ့ပါတယ်။ ကျနုပ်ဟာ သူတို့အတွက် ပျက်လုံးကောင်းကောင်း တစ်ခုသာဖြစ်နေပါတယ်။ သူတို့ဟာ တချက်တချက်တော့လည်း ကူညီကြပါတယ်။ ဒါပေမယ့်လည်း များသောအားဖြင့်.. ဥပမာ မင်္ဂလာပွဲပြီးစအချိန်မျိုးမှာ နာရီပေါင်းများစွာ ကျနုပ်ကို လှောင်ပြောင်ရီမောနေခဲ့ကြပါတယ်။ ကျနုပ်ရရှိခဲ့တဲ့ တချို့သောလက်ဖွဲ့ပစ္စည်းများကတော့ တော်တော့ကို အဓိပ္ပါယ်မရှိတာတွေပါ.. ညစ်ညမ်းပုံတွေပါတဲ့ မဂ္ဂဇင်းတစ်စောင်၊ ပိုးသားလက်အိပ်တစ်စုံ စတာတွေဖြစ်ပါတယ်။ မျက်နှာကြက်မှာ တပ်ရတဲ့ ကြည့်မှန်တစ်ချပ်တောင် ပါလိုက်သေးတယ်။ အဆိုးဆုံးအချက်ကတော့ ဒီကောင်တွေဟာ ကိုယ့်သူငယ်ချင်းရဲ့အရေးကြီးတဲ့ မင်္ဂလာကျမ်းကျိန်ချိန် မှာတောင် အိနြေ္ဒ မဆယ်ကြတာပဲဖြစ်ပါတယ်.. ။ သင်းအုပ်ဆရာဦးဇာတက က..

“သင့်ကိုယ်သင် လင်ယောက်ျားအဖြစ်နဲ့ယူပြီး လက်ထပ်ပြီးချိန်မှာ တပေါင်းတစည်းထဲ နေနိုင်ပါ့မလား.. သင့်ကိုယ်သင်ချစ်ပြီး နူးညံ့ကြင်နာမှုကို ပေးနိုင်ပါ့မလား.. သင်ကိုယ်တိုင်ရဲ့ နာဖျား ကျန်းမာ စတဲ့ ကိစ္စအ၀၀ တို့မှာ သင့်အနေနဲ့ ချီးမြောက်ဆောင်ရွက်ခြင်းပြုနိုင်ပါမည်လား.. သင်အသက်ရှင်နေသရွေ့ သင့်ကိုယ်သင် သစ္စာရှိရှိ ပေါင်းဖက်သွားနိုင်ပါမည်လား..”

လို့ မင်္ဂလာဆောင်တစ်ခုရဲ့ အရေးအကြီးဆုံး အမေးအဖြေပြုလုပ်နေချိန်မှာ လူမှုရေးနားမလည်တဲ့ သူငယ်ချင်းတွေ ခွက်ထိုးခွက်လန်ကို ရယ်ကြပါတယ်။ တစ်ယောက်ဆိုရင် ရှူရှူးတွေတောင် ထွက်ကျကုန်တယ်လို့ နောက်ပိုင်းပြန်ကြားရတယ်။


အခန်း ၂။

လာ့စ်ဗီးဂတ် ကိုသွားခဲ့တဲ့ ကျနုပ်ရဲ့ ပျားရည်ဆမ်းခရီးဟာ ပျော်ရွှင်ဖွယ်အတိပါ။ ကျနုပ်ဟာ ကိုယ့်မှာ ပါလာသမျှ တက်တက်ပြောင်သွားအောင် လောင်းကစားပစ်လိုက်ပေမယ့်လည်း ဘယ်သူကမှ ကျနုပ်ကို နားပူနားဆာလုပ်ခြင်းမရှိပါ။ မင်္ဂလာဦးညက တည်းတာကတော့ လပ်ဆာ ဆိုတဲ့ ကြယ်ငါးပွင့်ဟော်တယ်ရဲ့ အကောင်းဆုံး ပင့်ဟောက်စ် အခန်းမှာလေ။

ကျနုပ်မှာ အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းတွေ တော်တော်များများ ခိုင်ခိုင်လုံလုံကို ရှိပါတယ်။ အမြတ်တော်ကြေး သက်သာချင်တဲ့ အကြောင်းကလွဲရင်ပေါ့။ (စကားမစပ်.. အမြတ်တော်ကြေးဝန်ကို ကျနုပ်ဟာ ကျနုပ်ကိုယ်တိုင်ရဲ့ အိမ်ထောင်ဖက် ဖြစ်တဲ့အကြောင်း တော်တော်အချိန်ယူ ရှင်းပြဖူးသေးတယ်။) ကျနုပ်ဟာ အိမ်ထောင်တစ်ခု ခိုင်မြဲတည်ဆောက်ရေးဆိုတဲ့ အချက်ကို စတင်စဉ်းစားမိကတည်းက ကိုယ်တိုင် တသက်လုံးယုံကြည်ရမယ့် အိမ်ထောင်ဖက်တစ်ယောက်ကို လိုချင်ခဲ့ပါတယ်။ ကိုယ့်ကို စာနာနားလည်နိုင်မယ့်သူ၊ ကိုယ့်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို မချွင်းမချန် တိုင်ပင်လို့ရမယ့်သူ၊ ကိုယ်နဲ့ အမြဲအတူတကွ ရှိနေနိုင်မယ့်သူ စတဲ့လူမျိုးပေါ့။ မိန်းကလေးတွေနဲ့ တွဲခြင်း၊ ရည်းစားသနာထားခြင်း စတာတွေဟာ ကျနုပ်အတွက် အပန်းမကြီးလှပေမယ့် တဖြည်းဖြည်း ခံစားလို့မရတော့ပါဘူး။ ကျနုပ်တစစသိလာတာက ကျနုပ်ရဲ့အိမ်ထောင်ဖက်ဟာ ကျနုပ်ရဲ့ ပတ်ဝန်းကျင်နဲ့ အများကြီးနီးစပ်နေဖို့ လိုတယ်ဆိုတာပဲ။

ကျနုပ်ရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှုဟာ ကျနုပ်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီးပဲဖြစ်ပါတယ်။ ကြည့်လေ.. ကျနုပ်ဟာ အိမ်ထောင်ဖက်နဲ့ တော်ရုံအငြင်းပွားလေ့မရှိပါဘူး.. ကျနုပ်ရဲ့ စကားသည်သာ အတည်ဖြစ်တယ်.. ဒီအိမ်ထောင်မှာ ကျနုပ်သာလျှင် သြဇာတက္ကိမ ရှိသူဖြစ်တယ်..။ ရံဖန်ရံခါတော့လည်း အငြင်းပွားစရာတွေရှိပါတယ်.. ဒါပေမယ့်လည်း ငြင်းတိုင်း ကျနုပ်သာ အမြဲနိုင်ပါတယ်။ အိမ်ထောင်မှု သာယာရေး အပိုင်းဆိုရင်လည်း ကျနုပ်လုပ်သမျှ အတိုင်းသာဖြစ်ပါတယ်.. ပြဿနာမရှိပါ။ စိတ်အနှောက်အယှက် ဖြစ်စရာတွေကတော့ မီဒီယာအုပ်စုပဲဖြစ်ပါတယ်။ ကျနုပ်ထံလာလာပြီး ဒီသာမန်မဟုတ်တဲ့ ပေါင်းသင်းနေထိုင်မှု ပုံစံသစ်ကို လာရောက်ဆွေးနွေး လေ့လာပြီး သူတို့ရဲ့ အပေါစားမီဒီယာတွေမှာ မှတ်ချက်အမျိုးမျိုးနဲ့ ဝေဖန် ရှုံ့ချ လှောင်ပြောင် သရော်ကြပါတယ်။ မဂ္ဂဇင်းတစ်ခုဆိုရင် ကျနုပ်ဟာ ကိုယ့်ကိုယ်ကိုပြန်ချစ်သူ အစွန်းရောက်အတ္တ၀ါဒီ တစ်ဦးအဖြစ်လွန်လွန်ကျူးကျူး ပုတ်ခတ်ရေးသားဖူးပါတယ်။ ကျနုပ်ဟာ ကိုယ့်ကိုယ်ကို ပြန်ချစ်နေသူ တစ်ဦးမဟုတ်ပါ.. ကျနုပ်၏ အိမ်ထောင်ဖက်နှင့် ပျော်ရွှင်စွာ လက်တွဲ နေထိုင်နေသူ တစ်ဦးမျှသာဖြစ်ပါတယ်။


အခန်း ၃။

သက်ရှိသတ္တ၀ါတွေရဲ့ သက်တမ်း တချိန်ချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ ဟော်မုန်းဓါတ် အပြောင်းအလဲကြောင့် ဖြစ်ရတာလို့ထင်ပါတယ်.. ဒါကတော့ အခု ကျနုပ်ဟာ ကျနုပ်ရဲ့ မျိုးဆက်သစ်ကို လိုလားတောင့်တနေပါပြီ။ ကျနုပ်ဟာ သက်ရှိဖြစ်တယ်.. ဒါပေမယ့် သေမျိုးဖြစ်တယ်.. ကျနုပ်မသေခင် ကျနုပ်ရဲ့ မျိုးရိုးဗီဇကို ဆက်လက် ထိန်းသိမ်းသွားမယ့်သူ လိုနေပြီ။ ကျနုပ်အနေနဲ့ အပြန်ပြန် အလှန်လှန် ကောင်းကျိုး ဆိုးကျိုးများကို စဉ်းစားပြီး နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်.. ကျနုပ်၏လက်ရှိ လင်ယောက်ျားနှင့် ကွာရှင်းပြတ်စဲပြီး မိန်းမယူမည် ကလေးမွေးမည် ဖြစ်ပါတယ်။ ကျနုပ်ရဲ့ ခင်မင်လှစွာသော သင်းအုပ်ဆရာ ဦးဇာတက နဲ့တိုင်ပင်သောအခါ ဦးဇာတက က အိမ်ထောင်တစ်ခုကွဲဖို့ဆိုတာ အခုလိုလွယ်လွယ်လေးနဲ့ ချက်ခြင်းလုပ်လို့ရတာမျိုးမဟုတ်ဘူး.. တရားဥပဒေနည်းလမ်းအရ ကွာရှင်းဖို့ အချိန်ယူ လျှောက်ထားရတာ.. လို့ပြောလေသည်။ ထူးဆန်းတဲ့အချက်က ကလေးရလိုခြင်းဟာ ကွာရှင်းဖို့ လုံလောက်တဲ့ အချက်တချက် မဟုတ်ဘူးဆိုတာပဲ။

သင်းအုပ်ဆရာပြောပြတဲ့ တခြားကွာရှင်းဖို့ ရလောက်တဲ့ အခြေအနေတွေကတော့ .. ကျနုပ်ဟာ ကျနုပ်ရဲ့ အိမ်ထောင်ဖက်နဲ့ တစ်နှစ်အတိ လုံးဝ အတူမနေခြင်း (ဒီအချက်အရတော့ ကျနုပ်အတွက် ဆိုရင် ခွဲစိတ်မှုအကြီးစားလုပ်ဖို့ လိုပါလိမ့်မယ်)၊ အိမ်ထောင်ဖက်က မိမိအပေါ် ရက်စက်စွာ ပြုမူဆက်ဆံခြင်း၊ အိမ်ထောင်ဖက် အကျဉ်းထောင် အနည်းဆုံး တစ်နှစ်ကျခြင်း စတာတွေပဲဖြစ်ပါတယ်။ ကျနုပ်ဟာ ကိုယ့်ကိုယ်ကို အညိုအမည်းစွဲအောင် ရိုက်နှက်ညှင်းပန်း နှိပ်စက်ဝံ့ပါမည်လား.. ဒါမှမဟုတ် ထောင်ထဲမှာပဲ တစ်နှစ်လောက်သွားနေရမလား မဝေခွဲနိုင်ဖြစ်နေပါတယ်။ အဲ.. ဒါပေမယ့်လည်းပေါ့ဗျာ.. နောက်ဆုံးတစ်ချက်တော့ ကျန်ပါသေးတယ်.. ဒါကတော့ အိမ်ထောင်ရေး ဖေါက်ပြန်မှုပါပဲ.. ရှင်းရှင်းပြောရရင်တော့ ကျနုပ်ဟာ ကျနုပ်ကလွဲလို့ တခြားလူသား တစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံရမယ်.. ဒါဆိုရင်ပြီးပြီ.. ကွာရှင်းဖို့အတွက် လုံလောက်သွားပါပြီ..။


အခန်း ၄။

ဒီလိုနဲ့ပဲ ကျနုပ်ဟာ ကျနုပ်ရဲ့ လက်ထပ်လက်စွပ်ကို မလုံမလဲချွတ်ထားပြီး ကျနုပ်ရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် အိပ်ဖေါ်တစ်ယောက်ကို ရှာရပါတော့တယ်။ ကျနုပ်ရဲ့ သူငယ်ချင်းများကတော့ ကျနုပ်ကို ရက်ရက်စက်စက် ဝေဖန်ကျပါတယ်.. ကျနုပ်ဟာ အသိဥာဏ်လုံးဝ ကွယ်ပျောက်မသွားသေးခင် နှစ်ကိုယ်ခွဲပြီး ကိုယ့် ကိုယ်ကို ကယ်တင်နေတာပဲလို့ပြောကြပါတယ်။ ကျနုပ်ရဲ့အမေကတော့ ကျနုပ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ လက်ခံပါတယ်။ ကျနုပ်ရဲ့ ဖခင်ကတော့ သူရဲ့ ပြောလက်စ စကားကို ခဏနားလိုက်ပြီး မျက်လုံးပြူးတွေနဲ့ ကျနုပ်ကိုစိုက်ကြည့်ပါတယ်.. ပြီးတော့မှ အသံသေးအသံကြောင်နဲ့ “ငါ့ဖာသာငါပေါ့ကွ” လို့ပြောပါတယ်။ တကယ်ကိုပဲ သူဟာ အာကာသထဲက တခြားကမ္ဘာကိုရောက်နေတာ ဖြစ်နိုင်ပါတယ်။

ကျနုပ်အနေနဲ့ အိပ်ဖေါ်ကို ဒီလောက်မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်ခဲ့မယ်လို့ မထင်ထားဘူး။ အနည်းဆုံးတော့ သူမဟာ လိုလိုလားလား ကျနုပ်နဲ့ အိပ်ရမယ်.. နောက်တချက်က သတင်းစာ ဖတ်လေ့မရှိတဲ့သူဖြစ်ရမယ်.. ဒါမှသာ သတင်းစာတွေထဲကနေတဆင့် ကျနုပ် မင်္ဂလာဆောင်ဖူးကြောင်း မသိနိုင်မှာပေါ့။ ဒီလိုအချက်တွေနဲ့ ပြည့်စုံတဲ့သူကို တော်တော်ရှာရ လိမ့်မယ်လို့ထင်နေတာ နောက်ဆုံးတော့လည်းတွေ့ပါပြီ.. ရိုးရှင်းတဲ့မျက်နှာလေးနဲ့ မလေးရှားမလေးတစ်ဦးပါ။ သူမကို သွေးဆောင်ဖျားယောင်းရတာ ထင်သလောက် မခက်ပါဘူး။ အမှန်အတိုင်းဝန်ခံရရင် အဲဒီညကတော့ တော်တော့ကို စိတ်ပျက်စရာပါပဲ..။ အဲဒီကောင်မလေးဟာ ယောက်ျားတစ်ယောက် နိုးထ အသက်ဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လုံးဝမသိပါဘူး..။ ပြောရရင်တော့ ယောက်ျားတွေနဲ့ ပါတ်သက်ရင် ဒီကိစ္စမှာ ကျနုပ်ဟာ ဆရာတစ်ဆူ ဖြစ်နေပါပြီ။ တဖက်ကနေကြည့်ပြန်ရင်လည်း မလေးရှားမလေးလည်း တော်တော်စိတ်ပျက်မှာပါ.. ဘာလို့လဲဆိုတော့ မိန်းမတွေနဲ့ပါတ်သက်ပြီး ကျနုပ်မှာ ဘာအတွေ့အကြုံမှ မရှိပဲကိုး..။

ဒီအဖြစ်အပျက်အပြီးမှာတော့ ကျနုပ်ရဲ့ ကွာရှင်းပြတ်စဲရေးဟာ တော်တော်လွယ်ကူသွားပါတယ်။ ဘုရားကျောင်းအနေနဲ့လည်း ကျနုပ်ရဲ့ မင်္ဂလာပွဲဟာ အစကတည်းက အမှားကြီးလိုလို ယူဆထားဟန်ရှိပါတယ်.. ဒါကြောင့်လည်း အခုလို ကွာရှင်းတဲ့ကိစ္စကို သိပ်ဂဂျီဂဂျောင်မကျပဲ အဆင်ပြေအောင် လုပ်ပေးလိုက်တာဖြစ်မှာပါ။ ပြတ်စဲကွာရှင်းပြီး ရက်ပေါင်းများစွာတိုင်အောင် ကျနုပ်ဟာ အထီးကျန်နေသလို ခံစားနေရပါတယ်။ အပါတ်စဉ် ပုံမှန် ကြေညာတွေ ပို့နေကျ အိမ်နားက စိတ်ရောဂါအထူးကု ဆီကတောင် ကြေညာအသစ် ထပ်မလာတော့တာလည်း တစ်ချက် အပါအ၀င်ပါ။

ကျနုပ်အတွက် လက်ထပ်မယ့် မိန်းမကိုရှာရတာဟာ ဆယ်စုနှစ်တခု နီးပါးကို ကြာမြင့်သွားပါတယ်။ အရေးကြီးတာက အဲဒီမိန်းမဟာ ကျနုပ်ကိုလက်ထပ်လိုက်ခြင်းဖြင့် လင်မယားနှစ်ယောက်အား တပြိုင်နက် လက်ထပ်လိုက်ရတယ်လို့ အတွေးမျိုး ခံစားချက်မျိုး မရှိသူဖြစ်ရပါမယ်။ ဒါကြောင့်လည်း “ဖွ” ကြတဲ့ မီဒီယာတွေရဲ့ မေ့လောက်တဲ့အချိန်ထိကို စောင့်နေခဲ့ရတာပေါ့။ ဒီကြားထဲမှာတော့ ကျနုပ်ဟာ “မိမိကိုယ်ကို လက်ထပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိတစ်အုပ် ရေးသားခဲ့ပါသေးတယ်။ ကိုယ့်ကိုယ်ကိုလက်ထပ်ခြင်းရဲ့ အသေးစိတ်အချက်များ၊ ကြုံဆုံခဲ့ရတဲ့ ဘ၀ရဲ့ အနိမ့်အမြင့်များ၊ ကျနုပ်နှင့် ကျနုပ်ရဲ့ ယောက်ျားအပေါ် သူတပါးဝေဖန်ချက်များ ကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခြင်း၊ အိမ်ထောင်ရေးသုခ အ၀၀ စတဲ့ အခန်းတွေပါတဲ့ ကျနုပ်ရဲ့စာအုပ်ဟာ အောင်မြင်မှုအတိုင်းအတာ တစ်ခုထိရခဲ့ပါတယ်။ အဓိကအချက်ကတော့ လူတွေဟာ စပ်စပ်စုစု ကျနုပ်ရဲ့ သာမန်မဟုတ်တဲ့ စုံတွဲတတွဲရဲ့ အကြောင်းကို စိတ်ဝင်စားတာပါပဲ။ စာအုပ်ကိုဖတ်ပြီးချိန်မှာတော့ လူတော်တော်များများဟာ ငါဆိုရင်ကော ငါ့ကိုယ်ငါ အိမ်ထောင်ပြုလို့ ဖြစ်နိုင်ပါ့မလား အဆင်ပြေနိုင်မလား ဆိုပြီး လက်ရှိ သမီးရည်းစားများနေရာမှာ မိမိကိုယ်တိုင်အစားထိုးပြီး စဉ်းစားကြပါတော့တယ်။


အခန်း ၅။

ကျနုပ်ကို ပုံတူကူးချတဲ့ လက်ထပ်ခြင်းတွေကိုတော့ တစ်ခါမှ မကြားဖူးသေးပါဘူး။ မီဒီယာလောကသားတွေရဲ့ စိတ်ဝင်စားမှု လျော့ကျသွားတာလား.. ဒါမှမဟုတ် ဘုရားကျောင်းကပဲ ဒီလိုအဖြစ်အပျက်အလွဲမျိုး နောက်တစ်ခါ ထပ်ဖြစ်ခွင့် မပေးတော့တာလားမသိနိုင်ပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားပါတော့လေ.. ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ.. ။ အခုဆိုရင် ကျနုပ်နဲ့ ကျနုပ်ရဲ့ အမျိုးသမီးဟာ အရင်ကထက် ပိုမိုကြီးမားတဲ့ အိမ်ကို ပြောင်းရွှေ့နေထိုင်ပါတယ်။ ကျနုပ်တို့ရဲ့ မွေးလာတော့မယ့်ကလေး ကျယ်ကျယ်ဝန်းဝန်း နေရအောင်ပေါ့။ ကျနုပ်ပျော်ပါတယ်.. တကယ်ကို ပျော်ပါတယ်။ အခုလောလောဆယ်ဆို မျက်နှာပိုးမသတ်နိုင်အောင် ပြုံးဖြီးဖြီးဖြစ်နေပါတယ်.. ။ ဘာကြောင့်လဲသိလား.. ဟိုဖက်ခြံမှာနေတဲ့ ဘုန်းတော်ကြီး ဖလဲမင်းနဲ့ သူ့ရဲ့ ပြင်သစ်အမွေးပွ ခွေးမလေးကို တွေ့လိုက်ရလို့ပေါ့။



(Charlie Fish ရဲ့ The Man Who Married Himself ကို ခံစား ဘာသာပြန်ထားတာပါ။)

Wednesday, August 13, 2008

နှလုံးသားအာဟာရ ပုံပြင်လေးတစ်ပုဒ်

ဟိုးရှေးရှေးတုန်းကပေါ့..

မြို့ငယ်လေးတစ်မြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်မှာ နှစ်ထပ်အိမ်ကြီးတစ်လုံး ရှိသတဲ့လေ။ အိမ်ကြီးရဲ့ ခြံဝန်းတံခါးမြင့်မြင့်ကြီးကတော့ အမြဲလိုလို ပိတ်ထားတာပဲ တွေ့ရတတ်တယ်တဲ့။ တကယ်တန်း ပြောရရင်တော့ ဒီတစ်ရပ်ကွက်လုံး အိမ်ကြီးကြီးတွေနဲ့ ခြံတံခါးမြင့်မြင့်တွေချည်းပါပဲ။ ဒါကြောင့်လည်း ဒီရပ်ကွက်ကို သူဌေးရပ်ကွက် လို့ ခေါ်ကြတာ ပေါ့ကွယ်..

တစ်ရက်ကျတော့ အဲဒီရပ်ကွက်ထဲကို အိုမင်း ကြုံလှီ နေတဲ့ အဘိုးအိုတစ်ယောက် တောင်ဝှေးတစ်ချောင်း တတောက်တောက်ထောက်လို့
တုန်ချိနဲ့နဲ့ လျှောက်ဝင်လာသတဲ့။ ချေးညှော်အထပ်ထပ် ဖာတစ်ရာတေ ဟောင်းနွမ်းလှတဲ့ အ၀တ်တွေ ၀တ်ဆင်ထားတဲ့ အဘိုးအိုရဲ့ အသွင်ဟာ သူအခုရောက်ရှိနေတဲ့ သူဌေးရပ်ကွက်နဲ့ လားလားမှ အပ်စပ်ခြင်းမရဘူးပေါ့။ သူစိမ်းအနံ့ရရင် ၀တ္တရားမပျက်ဟောင်လေ့ရှိတဲ့ အိမ်စောင့်ခွေးတွေတောင် ဟောင်ဖို့မေ့ပြီး ခြံတံခါးနောက်ကွယ်ကနေ အမြီးကုတ်ပြီး အဘိုးအိုကို ကြောင်တက်တက်နဲ့ ငေးကြည့်နေကြသတဲ့။

ဒီလိုနဲ့ ဖြေးဖြေးချင်းလျှောက်လာခဲ့တာ နှစ်ထပ်အိမ်ကြီးရဲ့အရှေ့ကျတော့ အဘိုးအိုခမျာ အားပြတ်ပြီး ရုတ်တရက် လဲကျသွားပါရောတဲ့။ ဆိတ်ငြိမ်ရပ်ကွက်ပီပီ လူချေတိတ်ဆိတ်လှတော့ အဘိုးအို လဲကျသွားတာကို လည်း ဘယ်သူမှ သတိမထားမိဘူးပေါ့ကွယ်။ အဲဒီလို ဘယ်သူမှမသိပဲ လဲနေတာ ငါးမိနစ် ဆယ်မိနစ်လောက်တောင် ကြာမလားပဲ။ နောက်ဆုံးတော့လည်း တောင်ဝှေးရဲ့ အကူအညီနဲ့ပဲ အဘိုးအိုခမျာ တဆင့်ခြင်း ပြန်ထယူရတာပေါ့။ ပြီးတော့မှ နှစ်ထပ်အိမ်ကြီးရဲ့ ခြံဝန်းတံခါးက ခေါင်းလောင်းကြိုးကို တစ်ချက် နှစ်ချက် အသာဆွဲလိုက်သတဲ့။

မကြာခင်မှာပဲ နှစ်ထပ်အိမ်ထဲကနေ နှုတ်ခမ်းမွေးသေးသေးကို ကော့နေအောင် ဖယောင်းတိုက်ထားတဲ့ လူကောင်ညှက်ညှက် တစ်ယောက် ထွက်လာပါတယ်။ လူညှက်လေးက ခေါင်းကို ဆီရွှဲရွဲသုတ်ပြီး နောက်လှန်ဖြီးထားပါတယ်။ ဖြူဆွတ် သန့်ရှင်းတဲ့ အင်္ကျီကို ၀တ်ဆင်ထားပြီး သူဟာ အိမ်ကြီးရဲ့ အလွန်အရေးပါတဲ့သူလိုမျိုး မျက်နှာထားကို ချွတ်စွပ် ကူးချထားပါတယ်။ ဒါပေမယ့်လည်း အဲဒီလူရဲ့ အဆင့်ဟာ အလွန်ဆုံး အိမ်တော်ထိန်း အဆင့်ထက် မကျော်ဘူးဆိုတာ လူတိုင်းခန့်မှန်းလို့ရပါသတဲ့။ အဲသလို ဟန်ကြီးပန်ကြီး အယောင်ဆောင်တတ်ကြတဲ့ သူတွေများဟာ သူတပါးတွေကိုလည်း တွေ့တွေ့ချင်း အထင်မသေးရဲကြဘူး။ အဘိုးကြီးကိုတွေ့တဲ့အခါ အိမ်တော်ထိန်းက ဒီအဘိုးကြီးဟာ ပညာရှိကြီးလား၊ သူတော်စင်ကြီးလား၊ အယောင်ဆောင်ထားတဲ့ သူဌေးကြီးလား ခွဲခြားမတတ်ဘူးဆိုပါတော့။ ဒီတော့ အိမ်တော်ထိန်းက ထီးနန်းဆန်ဆန် ယဉ်ကျေးစွာမေးပါသတဲ့။

“အို.. ဘေးလောင်းတော်.. ပဇာအကြောင်းကြောင့်များ မြစိမ်းရိပ်မြိုင် ကို ကြွလာတော်မူပါသလဲ”

“ဘာကြောင့်မှတော့ မဟုတ်ပါဘူး အိမ်တော်ထိန်းကြီးရယ်.. အဘိုး စားစရာမရှိတာ ၂ရက် ၃ရက်ရှိပါပြီ.. ခုနလေးတင်ကတောင် ဒီအိမ်ရှေ့မှာ အားပြတ်ပြီးလဲသွားပါသေးတယ်.. အဲဒါ စားစရာ အကြွင်းအကျန်လေးများ ရလိုရညားပါ ကွယ်..”

အာ.. ဒါ သူတောင်းစားကြီးပဲ.. စောစောက နန်းဆန်မိတာတောင် မှားပေါ့..

“ဟုတ်ပီ.. အဘိုးကြီး၊ ဒါဆိုရင်ခနစောင့်.. မြစိမ်းသခင်မကို လျှောက်ထားကြည့်ပေးမယ်” ဟုဆိုကာ လူ့ဖလံလေးသည် ကြွစောင်းကြွစောင်းနှင့် နှစ်ထပ်အိမ်ကြီး အတွင်းသို့ ပြန်ဝင်သွားသတဲ့။

ရွှေရောင်အချိန်တုန်းက လူကြီးတစ်ယောက်ရဲ့ စကင်းလေး ရာထူး ရှိခဲ့သူ မြစိမ်းသခင်မဆိုသူကား အခုတော့ အသက်လေးဆယ်စွန်းစွန်း လိပ်ခါး၊ ဖါးဖင်၊ ပေါင်လုံးတုတ်တုတ်၊ မေးစေ့နှစ်ထပ် နှင့် ဖြစ်ပါ၏။ ခုနက မှန်တင်ခုံထိုင်ပြီး သူမရဲ့ နှုတ်ခမ်းမွေးစိမ်းစိမ်းကို ဇာဂနာနှင့် ပြောင်စင်အောင် နှုတ်နေစဉ်ကပင် အောက်ထပ်တွင်ပြောဆိုနေသော အဘိုးကြီး၏ အကြောင်းဖြစ်စဉ်အလုံးစုံကို ကြားပြီးဖြစ်ပါသတဲ့။

“ဟဲ့.. မောင်ပေါက်ကျိုင်းရေ.. မနေ့က မုန့်အကျန်လေး ဘာလေးရှိရင် ပေးလိုက်စမ်းပါ့ကွယ်။ တမြန်နေ့ကကျန်တဲ့မုန့်ဆိုရင် ပိုကောင်းတယ်ကွဲ့”

အိမ်တော်ထိန်း မေါင်ပေါက်ကျိုင်းလဲ သခင်အားရ ကျွန်ပါးဝ ဆိုသလိုပင် လေး ငါးရက်ခန့်ကြာနေပြီဖြစ်သော မုန့်လုံးကြီးကျော်မှိုတက် အနည်းငယ်ကို သတင်းစာစက္ကူဖြင့်ထုပ်ပြီးသကာလ အဘိုးကြီးအား သဒ္ဓါကြည်ဖြူ စွန့်လှူလိုက်လေသည်။ အဘိုးကြီးလည်း သာဓု ပေါင်းများစွာခေါ်ပြီး မုန့်ထုပ်ကို ပိုက်လျှက် ၀ါးတီးဖွင့်ရန် နီးစပ်ရာ အပင်ရိပ်အောက်သို့ အသော့နှင်တော့ သတဲ့။

ရက်လွန်မုန့်လုံးကြီးတွေက အတော်မာတဲ့ အတွက်ကြောင့် ဇီဝိတဒါန သောက်ရေအိုးစင်ထဲက ရေတကျိုက် မုန့်တကိုက် စားရပါတယ်။ အစားအစာနဲ့ ၂ရက် ၃ရက် ကင်းဝေးနေခဲ့သူဆိုတော့လည်း ဒီကျောက်တုံးလို မာခေါက်ခေါက် အုန်းယိုသိုးသိုးနဲ့ မုန့်လုံးကြီး မှိုတက်အတွေကတော့ နတ်သုဒ္ဓါပေါ့ကွယ်။ ဒီလိုနဲ့ နောက်ဆုံးပိတ် မုန့်လုံးကြီးကို အားရပါးရ အကိုက် မုန့်လုံးကြီးထဲက အမာထည်တစ်ခုကို ကိုက်မိလို့ အဘိုးကြီးခမျာ မရှိမဲ့ရှိမဲ့ အံသွားတစ်ချောင်းကျိုးသွားပါသတဲ့။ သေသေချာချာကြည့်တော့မှ.. အလို.. စိန်လက်စွပ်တစ်ကွင်းပါလား.. မှန်းစမ်း.. လက်စွပ်အောက်မှာလည်း စာရေးထားတယ် “မစ”ဆိုပဲ.. ဘယ်သူ့လက်စွပ်ပါလိမ့်.. ဟို.. “မြစိမ်းရိပ်မြိုင်”က “မြစိမ်းသခင်မ” နဲ့များ ဆိုင်နေမလား..။ ဒါမှမဟုတ် အကျော်သည် “မယ်စိန်” ရဲ့လက်စွပ်လား။ ဒီလိုနဲ့ပဲ ဟိုတွေးဒီတွေး နှင့် တစ်ရက်တိတိ ကြာလေသထဲ့။

နောက်နေ့ကျတော့ ဆာသောဝမ်းကို အမှူးထားပြီး စိန်လက်စွပ်တကွင်းကိုကိုင်ကာ မြစိမ်းရိပ်မြိုင် ကို တုန်နဲ့တုန်နဲ့ ချီတက်လာပြန်လေသည်။

“ဟော.. မိုးတောင်စင်စင် မလင်းချင်သေးဘူး.. ဘယ်သူများ ခေါင်းလောင်းကြိုးလာဆွဲသလဲ အောက်မေ့တယ်.. အဘိုးကြီး.. ခင်ဗျားကြီးကိုး.. စောစောစီးစီး မလာပါနဲ့ဗျာ.. အိမ် လာဘ်တိတ်လွန်းလို့ပါ” ဟု အဘိုးကြီးကို မောင်ပေါက်ကျိုင်းခေါ် မြစိမ်းရိပ်မြိုင် အိမ်တော်ထိန်းက ဆီးကြိုထောမနာပြုလေသတဲ့။

“မဟုတ်ပါဘူး မောင်ရင်ရယ်.. မနေ့က မုန့်လုံးကြီးထဲမှာ စိန်လက်စွပ်တစ်ကွင်းပါလာလို့ ဒီအိမ်ကများလားလို့ လာပြန်မေးကြည့်တာပါ”

ဒီတော့မှာ လူ့ဖလံလေးရဲ့ မျက်နှာထားက ပြောင်းပြန်ဖြစ်အောင် ပြောင်းသွားသတဲ့.. ဖယောင်းတိုက်ထားတဲ့ နှုတ်ခမ်းမွေးတွေတောင် နားရွက်နားကပ် အောင် “ထောင်” သွားတယ်လို့ ထင်ရတယ်လို့ နောက်ပိုင်းကျတော့ အဘိုးကြီးပြန်ပြောပြသေးတယ်။

“ဒါဆိုလည်း အဲဒီလက်စွပ်ကျနော့်ကိုပေး.. မြစိမ်းသခင်မကို သွားပြပေးမယ်” ဟုဆိုကာ လက်စွပ်ကို ကိုင်ပြီး အိမ်ပေါ်ထပ်သို့ အသော့နှင်လေသတဲ့။

လက်စွပ်ကို သေသေချာချာကြည့်ပြီးမှ မြစိမ်းသခင်မက “ဒီလက်စွပ်ပျောက်နေတာ ၃-၄-၅ရက်ရှိပြီ မှတ်ပါတယ်.. ဒင်းက မုန့်လုံးကြီး လုံးတုန်းက ကျွတ်ပါသွားတာကိုး.. ကောင်းပါလေ့ကွယ် အခုလို ရိုးရိုးသားသား ပြန်လာပေးတဲ့သူရှိပေလို့.. .. အော်.. ဒါနဲ့ မောင်ပေါက်ကြိုင်းရေ.. လက်စွပ်ပြန်လာပေးတဲ့ အဘိုးကြီးကို မုန့်လုံးကြီးကျော်တွေ ပိုသေးရင် နည်းနည်းထပ်ပေးလိုက်ပါဦး.. မနေ့ တနေ့က ကျန်တာတွေဆိုပိုကောင်းတယ်ဟေ့..”

ဒါနဲ့ပဲ အဘိုးကြီးလည်း ဒီနေ့အတွက်စားဖို့ မုန့်လုံးကျော်တွေထပ်ရသွားတာပေါ့။ အဘိုးကြီးဟာ နေ့လည်ကျတော့ မုန့်လုံးကြီးကျော်ကို ဗိုက်ဆာဆာနဲ့ ကိုက်လိုက်တာ ထူးထူးဆန်းဆန်း စိန်လက်စွပ်နောက်တကွင်း ဖြစ်နေပြန်သတဲ့။ “မစ” ဆိုတဲ့ အမှတ်အသားလည်း ပါပြန်တယ်။

နောက်နေ့ကျတော့ ထုံးစံအတိုင်း အဖိုးကြီးလည်း နှစ်ထပ်အိမ်ကြီးဆီပြန်သွား လက်စွပ်ပြန်ပေးတော့ မှိုတက်နေတဲ့ မုန့်လုံးကြီးကျော် အနည်းငယ်ထပ်ရပြန်သတဲ့။ ဒီတစ်ခါလည်း ကိုက်လိုက်တာ နောက်ထပ် “မစ” လို့ရေးထားတဲ့ စိန်လက်စွပ်တစ်ကွင်း ရပြန်သတဲ့။ အဲ.. နောက်နေ့ကျတော့ထုံးစံအတိုင်း စိန်လက်စွပ်သွားပြန်ပေး မုန့်လုံးကြီးကျော်ယူပြီး ပြန်ခဲ့ပြန်သတဲ့ .. ။ ဒီတစ်ခါလည်း စိန်လက်စွပ်ပါလာပြန်သတဲ့။ အဲသလို နဲ့ ပါလာတဲ့ စိန်လက်စွပ်တွေကို ပြန်ပေးတိုင်း မုန့်နည်းနည်းစီထပ်ရနဲ့ ကံကောင်းလှတဲ့ အဘိုးကြီးဟာ နောက်ပိုင်းကျတော့ ဘယ်တော့မှ အစားအစာမပြတ်တော့ဘူးပေါ့။ ဒီလိုနဲ့ သံသရာလည်နေလိုက်တာ အဘိုးကြီးရဲ့ ကံမကောင်းတဲ့တစ်ရက်
လူကြီးရောဂါနဲ့ ဆုံး မသွားခင်အထိပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

Sunday, July 27, 2008

ဒုတိယမ္ပိမွေးဖွားခြင်း

အခန်း (၁)

အဲ.. ဒုတိယကိုယ်ဝန်ဆိုတော့ ဘယ်လိုပြောမလဲ အတွေ့အကြုံရှိပြီးသားပေါ့နော.. ။ သားဦးတုန်းကတော့ မနူးမနပ်နဲ့ ကိုယ်ဝန်ရှိနေမှန်းတောင်မသိဘူး။ တခါတခါ မောမောနေလို့ ဆေးခန်းသွားပြမှ ကိုယ်ဝန် (၆)လကျော်လောက် ရှိနေမှန်းသိတာ။ သြော်.. အဲဒီတုန်းကလည်း အိမ်ထောင်ဦးဘ၀ ရုန်းရကန်ရ ငွေကြေးကလည်း သိပ်မပြည့်စုံ.. ကိုယ့်ကျန်းမာရေးတောင် ကိုယ်သိပ်ဂရုစိုက် ဖြစ်နေတာမဟုတ်ဘူးလေ။ . ကိုယ်ဝန်ဆိုတာ အပ်ရကောင်းမှန်းမသိ .. တကယ့်တကယ် ဗိုက်နာလာတော့မှပဲ အရပ်ကူပါ လူဝိုင်းပါနဲ့ .. တော်သေးတာပေါ့ အရပ်လက်သည်ကြီး ကယ်ပေလို့.. ။

အခုတော့လည်း အကြီးမ တောင် နှစ်ခါလည်ကျော်ပြီ။ ဟဲဟဲ.. အကြီးမ လို့ ပြောရအောင် အငယ်ကောင်က တကယ်တော့ အခုမှ ဗိုက်ထဲမှာ.. ။ အင်းလေ သိပ်တော့ မထူးတော့ပါဘူး.. သန်ဘက်ခါ ဆိုရင် “ဂျုး” ပြီလို့ သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး မမအိုဂျီ က ပြောထားသားပဲ။ ဟုတ်ပါတယ်.. အခုတော့ အရင်တခေါက်လို မဟုတ်တော့ဘူးလေ.. အခြေအနေတွေက ပြောင်းသွားပြီ ။ အိမ်ထောင်သက် သုံးနှစ်လောက်အတွင်းမှာ စုထားဆောင်းထားတဲ့ ငွေလေးကလည်း မစို့မပို့ရှိ.. နှစ်ဖက်မိဘတွေနဲ့လည်း ပြန်လည်အဆင်ပြေ ၀င်ထွက် ခေါ်ပြော ဆိုတော့ ဒီတခါ ကိုယ်ဝန်ဆောင်ရတာကတော့ လိုလေသေးမရှိ။

ကိုယ်ဝန် (၆)ပါတ်လောက်ကတည်းက မမအိုဂျီ ဆီမှာ သွားအပ်ထားတာ.. အားဆေးတွေညွှန်တဲ့အတိုင်းသောက်.. ရှောင်စရာရှိတာတွေရှောင်.. ဆောင်စရာရှိတာတွေဆောင်နဲ့.. ။ ပြောရရင်တော့ လင်တော်မောင်တောင် ကိုယ်ဝန်ဆောင်လက်စွဲကျမ်း သုံးလေးအုပ်ဖတ်ပြီးနေပြီ။ ကိုယ်ဝန်ဆောင်တွေ သွေးအားကောင်းအောင် သံဓါတ်များများစား.. သန္ဓေသားအာရုံကြောအတွက် ဖိုလစ်အက်ဆစ်သောက်.. ဘယ်ရီဘယ်ရီမဖြစ်အောင် ဘီဝမ်းဓါတ်မချို့တဲ့စေနဲ့.. ညအိပ်ရင် ညာဖက်ကိုစောင်းအိပ်.. စတာတွေ။ သူ့ကိုယ်သူတောင် မဒ်ဒ၀ိုက် တစ်ယောက် လောက်နီးနီးတတ်နေပြီလို့ ကြွားတတ်သေးတယ်။

အာထရာဆောင်းရိုက်ပြီး သားလေးဆိုတာ သိလိုက်တဲ့ အချိန်ကတည်းက မြေးအထီး ရူးရူးနေတဲ့ နှစ်ဖက် အဘိုးအဘွားတွေက တရက်ကို နှစ်ကြိမ် ဖုန်းဆက်ပြီး ကိုယ်ဝန်ကို သတင်းမေးပါတော့တယ်။ အင်း.. ဒီအငယ်ကောင်လေးက တော်တော့ကို ကံထူးတာပဲ။ သူ့ကိုယ်ဝန်ရှိမှ စီးပွားလည်း ပိုတက်လာတယ်။ အကြီးမတုန်းကနဲ့များ ကွာပေ့။ ဒီလိုပဲပေါ့လေ.. တမိပေါက်ထဲမှာတောင် ကံ ခြင်း ဘယ်တူနိုင်မလဲ ဟုပြောပြောဆိုဆို သူမ၏ ဗိုက်စူစူလေးကို အသာအယာ ပွတ်လိုက်လေသည်။

ထိုသို့ပွတ်လိုက်မှပင် ဗိုက်ထဲက လှုပ်လှုပ် လှုပ်လှုပ်နဲ့.. မသိမသာလည်း ရစ်ပြီးနာလာသလိုပဲ။ မွေးချင်နေပြီလားမသိ.. မမအိုဂျီ တွက်ထားပေးတာတော့ သန်ဘက်ခါ တနင်္ဂနွေနေ့မှပဲဟာ.. မနက်ဖြန်မှဆေးရုံသွားတက်ရမှာ.. အခုမှ သောကြာနေ့ရှိသေးတာ။ အိမ်သာတက်ချင်လို့ဖြစ်မှာပါလေဆိုပြီး အိမ်သာထဲသွား.. ပြန်ထွက်လာ.. အိမ်သာထပ်သွား.. ပြန်ထွက်။ ဒီလိုနဲ့ အိမ်သာကိုဝင်ထိုင်လိုက် ထွက်လိုက်လုပ်နေရာမှ စတုထ္တအကြိမ်မြောက်မှာတော့ ..

“ဟယ်တော့.. ရေမွှာပေါက်ပြီလားမသိဘူးရှင့်.. ကိုကိုရေ.. လုပ်ပါဦး..”


အခန်း (၂)

ဆေးရုံ သားဖွားဌာနတွင် တာဝန်ကျနေသော အလုပ်သင်ဆရာဝန်မလေးသည် စမ်းသပ်ခန်းအတွင်းမှ ထွက်လာပြီး သူမ၏အထက် လက်ထောက်ဆရာဝန်မလေးအား..

“ မမရေ.. နိုးမင်ဘရိန်း.. အော့စ်က ဖူးလ်.. အယ်အိုအေ.. ကွန်ထရက်ရှင် ဂွတ်.. သိပ်မကြာတော့ပါဘူး”

“ ဟုတ်ပြီ.. ညီမလေး မွေးချင်လား.. ဘယ်နှစ်ယောက် မွေးဖူး ပြီးပြီလဲ”

“ ပတ်ဝမ်းမှာ ကွန်ဒါတ်ဆင်းတုန်းကတော့ အယောက် ၂၀ မွေးဖူးတယ်။ အခုဒီ ပိုစတင်းမှာတော့ ခြောက်ယောက် လောက်မွေးဖူးပြီ”

“ အိုကေလေ.. ဒီတစ်ယောက် မွေးဦးပေါ့ .. အမ အစစ် လုပ်ပေးမယ်.. လာသွားစို့ ”

ဟုပြောကာ မွေးခန်းကို နှစ်ဦးသား ခြေဦးတည့်လိုက်စဉ်မှာပင်.. မွေးခန်းမှ ထွက်လာသော အပြာဝတ်သူနာပြုဆရာမ ကလှမ်းပြီးပြောလေသည်။

“ဒေါက်တာတို့.. မမအိုဂျီကို အင်ဖေါင်းမလုပ်ဘူးလား.. သူက သူ့ကေစ့်ဆိုရင် ကိုယ်တိုင်မွေးရမှ”

“မမအိုဂျီက ဒီနေ့ညနေ (၄) နာရီအထိ ကျောင်းမှာ လက်ချာရှိတယ်လေ.. လူနာက အခုပဲမွေးတော့မယ့်ဟာ”

“ဒေါက်တာရယ်.. မမအိုဂျီ ဟင်းဖုန်းကိုဆက်ပြီး ပြောလိုက်ပါဦး.. မဟုတ်ရင် ကျမသိနေတယ်နော်.. လေဘာရွမ်းကြီး မိုးမီးလောင်တာထက်ဆိုးသွားမယ်..”

“ဟုတ်ပါပြီ ဆရာမရယ်” ဟု ပြောကာ လက်ထောက်ဆရာဝန်မလေးသည် စားပွဲပေါ်မှ ဖုန်းကိုကောက်ကိုင်လိုက်လေသည်။


အခန်း (၃/က)

အား.. ကျွတ်ကျွတ်..
ဒီတဗိုက်ကျမှ နဲနဲပိုနာနေသလိုပဲ..
တစ်မိနစ်တစ်ခါ သားအိမ်ထဲက ကြွက်သားတွေ ခုံးခုံးပြီး ထထလာရင် သေချင်စော်နံအောင်ကို နာရော..
အကြီးမကို မွေးတုန်းကတော့ အိမ်မှာဆိုတော့ အရမ်းနာလာရင် အမေ့လက်ကိုကိုင်ထားလို့ရသေးတယ်..
အခုတော့ သူတို့အားလုံး အပြင်ကအခန်းမှာ ကျန်ခဲ့ပြီ..
ကလေးကလည်း တိုးလိုက်တာ.. ခေါင်းတောင် တ၀က်လောက် ထွက်နေပြီလားမသိဘူး.. ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့မရ လို့သာပေါ့..
သူနာပြုဆရာမကတော့ မမအိုဂျီကို သွားခေါ်ပေးမယ်ဆိုပြီးထွက်သွားလေရဲ့..
အခုတော့ သူ့ဘေးမှာ ဆေးရုံကသန့်ရှင်းရေး ၀န်ထမ်းကောင်မလေးပဲ ရှိတယ်.. တော်သေးတာပေါ့ ဗိုက်ပွတ်ပေးမယ့်လူရှိပေသေးလို့.. ဒီကောင်မလေးကို မုန့်ဖိုးပေးဖို့ မမေ့နဲ့ဦး..။
အား.........
ဗိုက်က နာသထက် ပိုနာလာသလိုပဲ..
ဒေါက်တာရေ.. လာပါတော့..
အား............ကျွတ်ကျွတ်..


အခန်း (၃/ခ)

“မမအိုဂျီကပြောတယ်.. ခဏလေးထိန်းထားလိုက်ပါတဲ့.. သူနောက် နာရီဝက်လောက်ဆို ရောက်ပါပြီတဲ့..”
ဟု လက်ထောက်ဆရာဝန်မလေးသည် ဖုန်းကို စိတ်ပျက်လက်ပျက် ချရင်းပြောလေသည်။

“ဟင်.. ကျမတို့က သဘာဝအတိုင်း ထွက်လာနေတဲ့ ကလေးကို ထွက်မလာအောင် ဘယ်လိုထိန်းထားရမှာလဲ.. ခုဏက ကျမသွားကြည့်တာ ခေါင်းတောင် တော်တော်ထွက်နေပြီ.. အက်ပီကိုက်ပြီး အခုဆွဲထုတ်လိုက်ရင်တောင် ထွက်လာလောက်ပြီ..” ဟု အလုပ်သင်ဆရာဝန်မလေးက စိုးရိမ်ကြီးစွာမေး၏။

“အမလည်း မသိတော့ ပါဘူး ညီမလေးရယ်”
ဟု ပြောကာ လက်ထောက်ဆရာဝန်မလေးသည် အခန်းထောင့်ရှိ ခုံတစ်လုံးတွင် ပျော့ခွေခွေထိုင်ချလိုက်သည်။

လုပ်သက်ရင့် သူနာပြုဆရာမ တော့ အထာသိပ်မနပ်ကြသေးသော ဆရာဝန်မနှစ်ဦးကို ကြည့်ရင်း မသိမသာ သက်ပျင်းချလိုက်လေသည်။


နောက်ဆက်တွဲ (၁)

သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး မမအိုဂျီသည် နောက် တစ်နာရီနှင့် ဆယ်ငါးမိနစ်မျှ ကြာသောအခါ ရေးကြီးသုတ်ပျာဖြင့် သားဖွားခန်းအတွင်းသို့ ရောက်လာပါသည်။

ထိုသို့မရောက်လာမီအထိ သန့်ရှင်းရေးဝန်ထမ်းကောင်မလေးမှ အတင်းတိုးတိုးထွက်လာနေသော ကလေး၏ ခေါင်းကို လက်ဖြင့် ပြန်တွန်းတင်ထားခြင်း တာဝန်ကို ကျေကျေပြွန်ပြွန် ထမ်းဆောင်ခဲ့ရသည်။

အနာလွန် အမောလွန်နေပြီဖြစ်သော မိခင်လောင်း နှင့် သန္ဓေသားအား ငဲ့ကွက်ပြီး သားဖွားမီးယပ်အထူးကု ဆရာဝန်မကြီးသည် ထိုကိုယ်ဝန်အား ဗိုက်ခွဲမွေးရန်ဆုံးဖြတ်လိုက်သည်။


နောက်ဆက်တွဲ (၂)

တပါတ်လောက် အကြာတွင် မီးနေသည် တို့မိသားစုသည် မမအိုဂျီကိုယ်တိုင် ခက်ခက်ခဲခဲ ဗိုက်ခွဲမွေးပေးခဲ့ရသော ကလေးငယ် ကိုပိုက်ပြီး ကွတကွတနှင့် ဆေးရုံမှ ဆင်းသွားကြလေသည်။


နောက်ဆက်တွဲ (၃)

ခိုင်လုံသော သတင်းရပ်ကွက် အဆိုအရ ဗိုက်ပွတ်/တွန်းတင် လုပ်ပေးသော ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် သန့်ရှင်းရေးဝန်ထမ်း ကောင်မလေးကိုလည်း မီးနေသည်မှ မုန့်ဖိုးကောင်းကောင်း စွန့်ကြဲသွားသည် ဟူသတတ်။


စာဒု.. စာဒု.. စာဒု..

Saturday, July 26, 2008

လစာမဲ့ခွင့်ယူခြင်း

ဘလော့ဂ်ပိုစ့်တင်ခြင်းမှ တစ်လခန့် လစာမဲ့ခွင့်ယူထားပါကြောင်း အသိပေးအပ်ပါသည်။ လာလည်သူအပေါင်းကို ကျေးဇူးများစွာတင်ပါသည်။

Sunday, June 29, 2008

ဝါယောင်္ဂ၀ိဇ္ဇာ ဆြာဟ၀ှါ ၏ ထူးခြားဆန်းကြယ် ဖြစ်ရပ်မှန်

အခန်း ၁။ ဆြာဟ၀ှါ ၏ ပြဿနာများ

ဆြာဟ၀ှါ ဆိုသည်မှာကား အသက်လေးဆယ်ခန့် ရှိပြီဖြစ်ပြီး ကုမ္ပဏီကြီးကြီးတစ်ခု၏ မန်နေဂျာတစ်ဦးပင်ဖြစ်သည်။ သူ၏ ၀ိသေသမှာ စကားကို ဟိုဒင်း နဲ့ ဟ၀ှါ မပါအောင် မပြောတတ်ချေ။

“ဟေ့.. မောင်ဟိုဒင်းရေ.. မင်းမနေ့တုန်းက ဟ၀ှါပြုထားတဲ့ ဟိုဒင်းစာရင်းတွေ အဆင်သင့်ဖြစ်ပြီလားဟေ့.. တော်တော်ကြာ ဒီညနေ အစည်းအဝေးကျမှ ဟိုဒင်းဟ၀ှါတွေ တောင်မမှီမြောက်မမှီ ဖြစ်ကုန်ဦးမယ်”

ဤသို့ဖြင့် ရုံးရောက်ကာစ ကတည်းကပင် သူသည် ကိုဟိုဒင်းဟ၀ှါ ဟူသော နာမည်ပြောင်ကို တစ်ဦးတည်းမူပိုင် ရသွားလေသည်။ လုပ်သက်ကြာ၍ မန်နေဂျာအဆင့်သို့ ရောက်လာသော်လည်း ဒီနာမည်ပြောင်မှာ မတိမ်မြုပ်သွားပေ။ ယခုဆိုလျှင် မနေ့တနေ့ကမှ ရုံးရောက်လာသော လက်အောက်ငယ်သားများကပင် အများသံယောင်လိုက်၍ ဆြာဟ၀ှါ ဟုပေါ်ပေါ်တင်တင် ခေါ်ဝေါ်ကြလေ၏။ ကြာလာတော့လည်း တဖြည်းဖြည်းနဲ့ အောင်ကြီး ဆိုတဲ့ နံမည် အရင်းတောင် မေ့တေ့တေ့ဖြစ်နေပေပြီ။ ဗေဒင်ဆရာတစ်ယောက် ဟောဘူးတာကတော့ အောင်ကြီးဆိုတဲ့ သူ့နာမည်ကြောင့် ကက်ကင်းကျပြီး အိမ်ထောင်ရေးမှာ ဒုက္ခရောက်မယ်ဆိုလားပဲ။ သူ့အတွက်ကတော့ ဒီကိစ္စက ပြဿနာမဟုတ်ပါချေ။

သူ့အတွက် လောလောလတ်လတ် ဖြေရှင်းစရာ ပြဿနာ နှစ်ခုရှိနေသည်။ ပြဿနာနှစ်ခု အနက် တစ်ခုကိုကား အသိဥာဏ်ရှိသူ မည်သူမဆို မှန်ကန်အောင် ခန့်မှန်းနိုင်ပါသည်။ အသက်လေးဆယ်အရွယ် အလုပ်အကိုင်ရှိပြီး ၀င်ငွေကောင်းသော (အခြောက်မဟုတ်သော) လူပျိုကြီးတစ်ယောက်တွင် မည်သည့် ပြဿနာ ရှိပါသနည်း။ ဒီလောက်ဆို စာဖတ်သူလည်း ပထမ ပြဿနာကို ခန့်မှန်း၍ရလောက်ပြီ။ ဒါဆို ဒုတိယ ပြဿနာကကော ဘာလည်း။

ဒုတိယပြဿနာကတော့ သိမ်မွေ့နက်နဲသည်ပဲ ပြောရမလား၊ ရှုပ်ထွေး နက်ရှိုင်းသည်ပဲ ပြောရမလား၊ ထူးဆန်းအံ့ဖွယ်ဖြစ်သည်ပဲ ပြောရမလား သူ့ဖာသာသူ မသိချေ။ ဘယ်သူမျှ ယုံကြည်နိုင်ဖွယ်ရာမရှိ၍ ယခုအချိန်ထိ မည်သူ့ကိုမှ ပြောမပြဘူးချေ။ သူကိုယ်တိုင်ပင် ၄င်းအရာသည် ထူးဆန်းသည့် အတတ်ပညာတစ်ရပ်လား၊ ဆဌမအာရုံတစ်ခုလား ဝေေ၀၀ါးဝါးပင်။ သူဟာ အာရုံပေါက်နေသူတစ်ယောက်လား၊ မှော်အောင်နေသူတစ်ယောက်လား။ ကဲ.. စာဖတ်သူတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့။ ဇာတ်လမ်းက ဒီလို..


အခန်း ၂။ ဆြာဟ၀ှါနဲ့ ၀ါယောင်္ဂ၀ိဇ္ဇာ ပညာ

မောင်ဟ၀ှါသည် ငယ်စဉ်ကတည်းက ဂန္ဓာရုံဟုခေါ်သော အနံ့အာရုံကို အများထက်ထူးပြီး ကောင်းသူဖြစ်သည်။ ဥပမာ သာမန်လူတို့သည် အိမ်ရှေ့ခန်း၌ထိုင်နေစဉ်ပင် နောက်ဖေးမီးဖိုချောင်တွင် ဘာဟင်းချက်နေသည်ကို အနံ့ခံ၍ခွဲနိုင်ကြသည်။ မောင်ဟ၀ှါသည်ကား ရပ်ကွက်ထဲ လမ်းလျှောက်သွားလျှင်ပင် ဘယ်အိမ်က ဘယ်ဟင်း ချက်သလဲကို လမ်းပေါ်မှပင် တိတိကျကျ ပြောနိုင်ပါသတဲ့။ ဤကဲ့သို့ အနံ့ခံအာရုံကောင်းခြင်းကို မောင်ဟ၀ှါသည် ဂုဏ်လည်းယူသည် တန်ဖိုးလည်းထားလေသည်။ ဒီလိုနဲ့ ကိုဟ၀ှါဘ၀ ရောက်သောအခါတွင်လည်း အနံ့အာရုံ နှင့်ပါတ်သက်ပြီး ပို၍တိုးတက်လာအောင်လည်း တတ်သမျှ မှတ်သမျှ လေ့ကျင့်လေတော့သည်။ လောကဓါတ်တခွင် ရှိသော အနံ့အမျိုးမျိုးကို အချိန်အားရှိသရွေ့ စူးစမ်းဖေါ်ထုတ်လေသည်။ ရေမွှေးနံ့၊ စီးကရက်နံ့၊ မိတ်ကပ်နံ့၊ ကြက်သားဟင်းနံ့၊ ငပိရည်နံ့ စသည်တို့ကိုပင် အမျိုးအစား အမျိုးမျိုး ခွဲခြားသိနိုင်လာသည်။ ဤသို့ဖြင့် ရက်ကိုလစား၊ လကိုနှစ်စား သောအခါ ဆြာဟ၀ှါဘ၀သို့ရောက်လေပြီ။ အသက်ကလေးက စကားပြောလာပြီဖြစ်သဖြင့် ငယ်ငယ်တုန်းကလို ရေမွှေးနံ့တွေအစား လူတွေရဲ့အနံ့ကို ပို၍စိတ်ဝင်စားလာလေသည်။

အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ ဆိုတဲ့ စကားပုံတောင်ရှိတာပဲ။ ငါလည်း လူတွေရဲ့ အနံ့ကို အခြေခံပြီး ဒီလူရဲ့ အတွင်းသဘောကို သိအောင်လုပ်နိုင်ရမယ် ဟု သံဓိဌာန်ချပြီး လူအမျိုးမျိုးရဲ့ အနံ့ အထွေထွေနဲ့ အဲဒီလူတွေရဲ့ အတွင်းစိတ်ကို ဖေါ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ သို့သော်လည်း လူတို့မည်သည် အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချေးခံ ဆိုသည့်အတိုင်း သူတို့၏ ပကတိ အတွင်းရနံ့ကို မပေါ်အောင် ဆပ်ပြာ၊ ရေမွှေး၊ ဘော်ဒီစပရေး၊ စသည့် ပြင်ပ အမွှေးနံ့သာများ ဖြင့် လှိုင်လှိုင်ဖုံးကြသောကြောင့် လူတွေရဲ့ ပကတိသဘောကို ပကတိအနံ့မှ တဆင့် ခွဲခြမ်းလေ့လာချင်သော ကျနုပ်တို့၏ ဇာတ်လိုက်ကြီး ဆြာဟ၀ှါအတွက် များစွာ ခက်ခဲမှုများ ဖြစ်စေလေသည်။

သို့သော်.. လိုလျှင်ကြံဆ နည်းလမ်းရ ပင်တည်း။ နောက်ဆုံးတွင်တော့ ဆြာဟ၀ှါသည် လူတို့၏ အတွင်းရနံ့၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားလေတော့သည်။ သူ၏ ရှာဖွေတွေ့ရှိချက်ကို ဆြာဟ၀ှါတစ်ယောက် မည်သူ့ကိုမှမပြောပဲ လျှို့ဝှက်ထားခဲ့သည်။ နောင်နှစ်ပေါင်းများစွာ ဆြာဟ၀ှါ မကွယ်လွန်မီ အင်တာဗျူးတစ်ခုတွင်မှ ဤသို့ဖြေဆိုခဲ့လေသည်။

“လူတွေရဲ့ ဟ၀ှါအတွင်းစိတ်ဆိုတာ ဟိုဒင်းရင်ညွန့်နားက ဟဒယနှလုံးအိမ်မှာ တည်တာပဲကွ။ ဒီတော့ အဲဒီ ဟ၀ှါဟဒယကို ပွတ်သပ်ထိမိလာတဲ့ ၀ါယောဓါတ်ဟာ ဟိုဒင်းအတွင်းစိတ်ရဲ့ ဟ၀ှါရနံ့ကို ရာနှုန်းပြည့် သယ်ဆောင်လာတာပေါ့ကွာ။”

“အဲဒီ ၀ါယောဓါတ်ကို ဘယ်လိုရမလဲ မိန့်ပါဦး ဆရာကြီး”

“ရင်ညွန့်နားက ဟိုဒင်းဟဒယကို တိုက်ရိုက်ပွတ်သပ်ထိ လာတဲ့ ဟ၀ှါ ၀ါယောဓါတ်ဟာ အစာအိမ်၊ အူသိမ်၊ အူမတို့ကို ဖြတ်ပြီး ဟိုဒင်း စအိုဝကနေ နောက်ဆုံးထွက်လာတော့ ဟ၀ှါ လေလည်တာလို့ခေါ်တာပေါ့ကွာ။ ရှင်းရှင်းပြောရရင်တော့ ဟ၀ှါ မင်းတို့ပြောပြောနေတဲ့ ဟိုဒင်း အီးပေါက်တာပေါ့ကွာ”

“အင်.. ဒါဆို ဆရာကြီးရဲ့ ပညာက အီးရှူပြီး လူတွေရဲ့ စိတ်ကိုသိအောင်လုပ်တာပေါ့နော်”

“ဟုတ်ပါ့ မောင်ဟိုဒင်းရာ.. ဒါကြောင့်လည်း ဟ၀ှါ ဒီပညာကို ၀ါယော နဲ့ အင်္ဂါဝိဇ္ဇာ ပေါင်းထားလို့ ၀ါယောင်္ဂ၀ိဇ္ဇာ လို့ ခေါ်ပေတာပေါ့ကွဲ့”


အခန်း ၃။ ဆြာဟ၀ှါ၏ အိမ်ထောင်ဖက် ရွေးခန်း

ထားပါတော့။ အတိတ်အကြောင်းကို ပြန်ဆက်ရရင် ဆြာဟ၀ှါတစ်ယောက် အီးမှော်အောင်သွားတာနဲ့ သူ့ရဲ့ ပထမပြဿနာဖက်ကို ခြေဦးလှည့်လာပြန်ရော။ အသက်လေးဆယ်ကျော်ပြီလေ၊ ဆေးပေးမီးယူ ကြင်သူသက်ထား တိုင်ပင်ဖေါ်တိုင်ပင်ဖက် ဇနီးမယားတစ်ယောက်တော့ ရှာဦးမှ။ အစွယ်ရှိသောသူသည် အစွယ်ကိုအားကိုးသည်၊ လက်နက်ရှိသောသူသည် လက်နက်ကိုအားကိုးသည်၊ ဆြာဟ၀ှါသည်ကော ဘာကို အားကိုးမည်နည်း။ ဟုတ်ပါသည်.. ဆြာဟ၀ှါသည် သူကျွမ်းကျင်ရာ ၀ါယောင်္ဂ၀ိဇ္ဇာ ကို အခြေခံ၍ သူ့အတွက် သတို့သမီးလောင်းကို ရှာလေတော့သည်။ မျက်မှန်းတည့်ရာ ရုံးက စာရေးမတွေနား ကုန်းကုန်းဖြင့် ဟဒယအနံ့ အရှာကောင်းသောကြောင့် ခဏခဏ အတိုင်ခံရပြီးလေပြီ။ တစ်နေ့ကလည်း ဈေးထဲမှာ ရလိုက်တဲ့ ဟဒယအနံ့ကောင်းလေး တစ်ခုကို ကုန်းကုန်းကွကွ နှာခေါင်းလေး တမမနဲ့ရှာနေတုန်း..

“ရှင်..ရှင်.. ကုန်းကုန်း ကုန်းကုန်းနဲ့ ဘာလုပ်နေတာလဲ.. လူကြီးက င်္သချိုင်းကုန်းတောင် ခြေနှစ်ဖက်လုံးရောက်နေပြီ.. ၀ါသနာကိုက..” ဘာညာနဲ့ ၀ိုင်းတွယ်လိုက်တာ ထိပ်ပေါက်ခေါင်းကွဲကို ဖြစ်လို့။

ဒီလိုနဲ့ပဲ ဆြာဟ၀ှါလည်း သူရဲ့ ကြုံတိုင်းရှူ နည်းဗျူဟာကို စွန့်လွှတ်လိုက်ပါတယ်။ လူကြီးလူကောင်းပီပီ ဣနြေ္ဒရရပဲ ရှာပါတော့တယ်။ ကိုယ်စိတ်ဝင်စားတဲ့ အပျိုကြီးတွေအိမ်ကို အလည်သွားတာပါ။ တပါတ်မှ တအိမ် နှစ်အိမ်လောက်ပဲ ရောက်နိုင်ပေမယ့် ဒီနည်းက တော်တော် အလုပ်ဖြစ်ပါတယ်။ သူ့အတွက် အဖြေမရမချင်း မျက်နှာပြောင်တိုက်ပြီး မပြန်ပဲနေရုံပဲ။ မိန်းမဆိုတာမျိုးကလည်း တစိမ်းယောက်ျားရှေ့မှာ တော်ရုံနဲ့တော့ လေလည်လေ့မရှိဘူး။ ဒီတော့ နည်းနည်းတော့ စိတ်ရှည်ရတာပေါ့။ အဲ.. အားတက်သရော ကြိုးစားလိုက်တာ ပြီးခဲ့တဲ့လမှာ အပျိုကြီး ငါးယောက်ကို လေ့လာပြီးသွားပါပြီ။ ၀ါယောင်္ဂ၀ိဇ္ဇာ အရ တစ်ယောက်မှ မရွေးဖြစ်ပါဘူး။ ဒီမိန်းမကြီးတွေ အပြင်မှာတော့ လှတပတနဲ့ အတွင်းစိတ်တွေက တယ်ပုပ်သကိုး။

ဒီနေ့တော့ ရုံးပိတ်တယ်။ ရေလာမြောင်းပေးနေတဲ့ အပျိုကြီးတစ်ယောက်က အိမ်မှာ နေ့လည်စာ လာစားပါလို့ ချိန်းထားတယ်။ အိမ်ရောက်တော့ အပျိုကြီးက ထမင်း ဟင်းတွေ ချက်ပြီးတဲ့ အပြင် ရေမိုးချိုး သနပ်ခါးလိမ်း မှုံနံ့သာတောင် ချယ်ကာသပြီးနေပြီ။ မီးဖိုထဲက ဟင်းအနံ့လည်း ရနေတယ် .. ငါးရံ့အူဆီပြန် ပဲ.. ကောင်းလေစွ။ ဗိုက်ထဲ တကြုပ်ကြုပ်ဆာနေတာတောင် အိမ်ရှင်က မဟသေးတော့ ဧည့်ခန်းထဲက ရေနွေးကြမ်းပဲ လှိမ့်သောက်နေရတယ်။ အပျိုကြီးကတော့ ဆက်တီခုံမှာထိုင်ရင်း ကြောင်တစ်ကောင်ကို ပေါင်ပေါ်တင် ပွတ်သီးပွတ်သပ်လုပ်ရင်း ဆြာဟ၀ှါနဲ့ အလာပ သလာပ တွေပြောနေလေရဲ့။ အပျိုကြီးတွေ ကြောင်ချစ်တတ်တယ်ဆိုတာ တကယ်ပါလား။ ကြောင်ကိုတောင် ဘာမဆိုင် ညာမဆိုင် သ၀န်တိုပြီး ဘုကြည့်ကြည့်တော့ ကြောင်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။

ဒီအချိန်မှာပဲ လွန်စွာမှ အပြစ်ကင်းတဲ့ ဟဒယရနံ့ကို ဆြာဟ၀ှါတစ်ယောက် ရှူရှိုက်လိုက်ရပါတယ်။ ရိုးသားသန့်စင် ဖြူစင်သန့်ရှင်း ဟန်ဆောင်မှုကင်း မုသားမဆို သစ္စာလည်းရှိ .. အို အင်မတန်ကို ကောင်းလွန်းနေပါလား။ ဒါဟာ ငါ့ဆီကမဟုတ်ရင် အပျိုကြီးဆီကပဲ.. ဟုတ်ပါတယ်.. ငါးဟင်းနံ့လေးတောင် နဲနဲသင်းနေသေးတယ်.. ကြည့်စမ်း.. ညင်သာလိုက်တာ.. အသံတောင် မထွက်လိုက်ဘူး.. မျက်နှာကိုလည်းကြည့်ပါဦး.. ဣနြေ္ဒတချက်မပျက်ဘူး.. အဲဒါပေါ့.. ပညာရဲ့ရင့် ပွဲလယ်တင့်ဆိုတာ.. ။

ဆြာဟ၀ှါကတော့ အပျိုကြီးကို တော်တော် အထင်ကြီး လေးစားပြီး သကာလ.. ကဲ ကဲ .. စာဖတ်သူများ သဘောပေါက်လောက်ပါပြီ.. သူတို့နှစ်ယောက် ညားသွားကြတယ် ဆိုပါတော့။ (မင်္ဂလာဆောင်ဖိတ်စာမှတော့ နာမည်အရင်း အောင်ကြီး နဲ့ပဲ ထည့်ပါတယ်။ ။စကားချပ်)


အခန်း ၄။ ဇာတ်သိမ်း

မင်္ဂလာဆောင်ပြီး တစ်ပါတ်လောက် အကြာမှာတော့ လင်မယား နှစ်ယောက် တီဗွီထိုင်ကြည့်နေစဉ်မှာ ဆြာဟ၀ှါတစ်ယောက် အင်မတန် ဆိုးဝါး ဖေါက်ပြား လိမ်ညာ ကောက်ကျစ်တဲ့ ဟဒယအနံ့ကို ရပြန်ပါတယ်။ ဟေ.. ဘယ့်နှာကြောင့် ငါ့မိန်းမ အကောင်းစား ကနေ ဒီလောက်ဆိုးဝါးလှတဲ့ လေလည်နေရတုန်း။ ဒီမေးခွန်းကို ဆြာဟ၀ှါမဖြေတတ်တော့ပါဘူး။ အဲဒီအချိန်ကနေစပြီး နောက်ပိုင်း သူ့မိန်းမလည်သမျှ လေတိုင်းဟာ ၀ါယောင်္ဂ၀ိဇ္ဇာ အရ အင်မတန်ဆိုးဝါးပါတယ်။ အပြင်လောကမှာလည်း သူ့မိန်းမဟာ တကယ်ကို သြချလောက်အောင် ဆိုးရွားပါတယ်။ ဆြာဟ၀ှါလည်း မိန်းမဆိုးသမျှကို မခံနိုင်တဲ့ အဆုံး လူဝတ်ကြောင်ကို စွန့် ရသေ့ဝတ်ပြီး ဗိဿခေတ္တရာ တောအုပ်ထဲမှာ တစ်ကိုယ်တည်း နေပါတော့သတဲ့။ အဲ.. ၀ါယောင်္ဂ၀ိဇ္ဇာ ပညာကိုလည်း စိတ်နာပြီး ဒီတသက် အသုံးမပြုတော့ပါဘူးတဲ့။


နောက်ဆက်တွဲ

ဗိဿခေတ္တရာအပိုင် ရန်ပယ်ချောင်း တ၀ိုက်မှာ ရံဖန်ရံခါ ရသေ့အိုကြီးတစ်ယောက်ကို တွေ့ရတတ်ပါသတဲ့။ ကြေးစည်ကို တနောင်နောင်ထုပြီး လူအများ နားမလည်သော ဂါထာလိုလို အတိတ်တဘောင်လိုလို အောက်ပါ စာသားကိုရွတ်တတ်ပါသတဲ့။

အိမ်း.. အောင်ကြီး.. အောင်ကြီး.. ကြောင်အီး ကြောင့် ဟိုဒင်း အိမ်ထောင်ရေး ဒုက္ခရောက်မယ်လို့ ဟ၀ှါ ဆရာသမားတွေ ပြောထားတာကို ဟိုဒင်းက ဂရုမှမစိုက်တာကိုး.. ကြောင်အီး.. ကြောင်ရဲ့အီး.. ကြောင်ရဲ့အီးကြောင့် ငါမှားခဲ့ပါပေါ့..အိမ်း..

Wednesday, June 25, 2008

Capsaicin အစပ် - ငရုတ်သီးဓါတ်

Asked by DD85 @MMCP
ကျွန်တော့်အသိတစ်ယောက်က ငရုတ်သီးတအားစားတယ်။ သူစားတာကိုသွားမြည်းကြည့်တော့စပ်တာမှ အရမ်းကိုပူစပ်ပြီးခါးတဲ့အခါးဓါတ်ဖက် ကိုတောင်ရောက်နေပြီ။ အဲ့ဒီလောက် အစပ်တွေနေ့တိုင်း စားရင် ဘာရောဂါတွေရနိုင်ပါသလဲ။
သိသူများ ဖြေကြားပေးပါ။



'It is a very good question'
မေးခွန်းတစ်ခုကို အမေးခံရတဲ့သူက ဒီလိုစပြီးပြောလိုက်ပြီဆိုရင် သူ့ဆီမှာ ရေရေရာရာ ဖြေစရာမရှိလို့ပါဟု ယူဆ၍ရလေသည်။ အခုလည်း ကျနော်ဒီလိုပဲစဖြေပါတော့မယ်။ အင်မတန်ကောင်းတဲ့မေးခွန်းပါပဲ။ ခပ်ဆင်ဆင် ဥပမာလေးတွေ အရင်ကြည့်ရအောင်..

၁၉၅၀-၆၀ ခုနှစ်လောက်အထိ ဆေးလိပ်သောက်ခြင်းသည် ဥာဏ်ပွင့်လန်းစေပြီး အတွေးအခေါ်ကောင်းစေသည် ဟုယူဆကြတုန်းပါပဲ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုတာ နှစ်ဆယ်ရာစုနှောင်းပိုင်းမှ စတင်ခေတ်စားလာတာပါ။ ဘယ်အချိန်ကြရင် ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ကောင်းစေသည် လို့ပြန်ဖြစ်ဦးမလဲ မသိဘူး။

ဆရာမြသန်းတင့် ဘာသာပြန်တဲ့ သုခမြို့တော်ဆိုတဲ့ ၀တ္ထုထဲကဇာတ်ကောင် လန်ချားဆွဲတဲ့ကုလားက တစ်ခြားလန်ချားကုလားတစ်ယောက်ကို ကြည့်ပြီး ဒီလိုတွေးပါတယ်.. “ဒီကောင်နှယ် သန်လိုက်တာ.. လန်ချားအလေးကြီးကို ဆွဲသွားတာများ ပေါ့ပေါ့လေး ထင်ရတယ်.. ဘယ်လို ငရုတ်သီးတွေများစားပြီး ဒီလိုအားရှိနေပါလိမ့်” (ဤစာသားအတိုင်းမဟုတ်ပါ.. မှတ်မိသလိုပြန်ရေးထားတာပါ)။ အဲဒီဝတ္ထုကဇာတ်ကောင်က တကယ်ကို ငရုတ်သီးစားရင် အားရှိတယ်လို့ ထင်နေတာပါ။

အဆုတ်ထဲသွေးခဲရောက်တဲ့ ရောဂါတစ်မျိုးရှိပါတယ်။ Pulmonary Embolism လို့ခေါ်ပါတယ်။ သေတတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ မကြာခဏတွေ့ရတဲ့ရောဂါပါ။ မြန်မာ၊ အိန္ဒိယ၊ ပါကစ်စတန်၊ ဘင်္ဂလားဒေရှ့်၊ ထိုင်း စတဲ့ အစပ်စားတဲ့ အာရှနိုင်ငံတွေမှာ သိပ်မတွေ့ရပါဘူး။ အဖြူကောင်ဆရာဝန်တွေကတော့ ပြောပါတယ်၊ ဒီရောဂါမျိုး မင်းတို့ဆီမှာလည်း ရှိမှာပါ၊ မင်းတို့က သေသေချာချာ မရှာကြလို့ပါတဲ့။ မဟုတ်ပါဘူး။ အသက်ရှင်စဉ်မှာ ဒီရောဂါလွတ်သွားတယ်ထားဦး သေပြီးရင်ခွဲကြည့်ရင်တော့ မလွတ်တော့ပါဘူး။ ကျနော်တို့နိုင်ငံတွေမှာ တကယ်ကိုဒီရောဂါရှားတာပါ။

အရင်တုန်းကတော့ အစပ်စားရင် ပါးစပ်၊ လျှာ၊ လည်ချောင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက် ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ ကင်ဆာဖြစ်ခြင်း တို့ပိုမိုဖြစ်စေတယ်ဆိုတဲ့ အယူအဆ ရှိခဲ့ပါတယ်။ အခုအချိန်ထိလည်း တော်တော်များများ ဒီအယူအဆကို လက်ခံကြတုန်းပါပဲ။ သက်သေသက္ကာယပြဖို့ဆိုရင်လည်း တုတ်ထမ်းပြီးဆွေးနွေးမှရပါလိမ့်မယ်။ ကျနော်ရဲ့ခံယူချက်ကတော့ အနာမရှိတဲ့သူ အစပ်စားရင်ပြဿနာမရှိပေမယ့် လျှာ-အစာအိမ်-အူ စသည်တို့မှာ အနာတစ်ခုခုရှိမယ်ဆိုရင်တော့ အစပ်စားရင် မသင့်တော်ဘူးလို့ထင်ပါတယ်။ ကျနော့်အထင်ပဲဖြစ်တဲ့အတွက်ကြောင့် မှားနိုင်ပါတယ်။ ခိုင်လုံတဲ့ သုသေသနစာတမ်း စမ်းသပ်ချက်တွေပေါ်လာရင်တော့ လိုအပ်ရင် အယူအဆပြောင်းရမှာပါ။ အစာအိမ်နာ ဖြစ်ရခြင်း ဇစ်မြစ်ကတော့ အစပ်ကြောင့်မဟုတ်ပဲ H pylori ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဆိုတာတော့ တွေ့ရှိထားတာကြာပါပြီ။

အခုတစ်လောမှာမှ အစပ်နဲ့ ပါတ်သက်တဲ့ အယူဝါဒကွဲလေးတွေ ကြိုကြားကြိုကြားစတွေ့လာရတယ်။ အထင်ရှားဆုံးကတော့ Capsaicin လို့ခေါ်တဲ့ ငရုတ်သီးမှာပါတဲ့ အစပ် ဓါတ်ပါပဲ။ ကင်ဆာဆဲလ်တွေကို Capsaicin နဲ့ Nottingham, UK ဓါတ်ခွဲခန်းမှာ တွေ့ပေးတယ့်အခါ ကင်ဆာဆဲလ်တွေ သေကုန်ပါတယ်။ ဓါတ်ခွဲခန်းမဟုတ်တဲ့ လူသက်ရှိပေါ်မှာ တိုက်ရိုက်စမ်းသပ်ခြင်းရဲ့ ရလဒ်ကိုတော့ မသိကြသေးပါဘူး။ ဒီတော့ အစပ်စားရင် ကင်ဆာပျောက်မယ်လို့တော့ တိတိကျကျ သတ်မှတ်လို့မရသေးပါဘူး။

ဒီ capsaicin ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြန်လာစေပြီး ကိုယ်ခန္ဓာအတွင်း အပို ကယ်လိုရီများကို လျှော့ကျစေဖို့ အထောက်အကူပေးတယ်လို့ တစ်ချို့ကဆိုပြန်ပါတယ်။ တနည်းပြောရရင်တော့ အစပ်စားရင် အဆီကျမယ်ပေါ့။ ပြန်ဆက်စပ်ကြည့်ရရင် အစပ်စားတဲ့တိုင်းပြည်တွေမှာ အ၀လွန် လူဦးရေနည်းပါးတာကိုတွေ့ရပါတယ်။ ဆင်းရဲလို့မ၀ကြတာပါလို့မပြောနဲ့၊ ချမ်းသာပြီး အစပ်စားတဲ့ ရေနံသူဌေးတိုင်းပြည်တွေမှာလည်း အ၀လွန်လူဦးရေဟာ အဖြူကောင်တွေနိုင်ငံလောက်မများပါဘူး။ နောက်တစ်ခုက မိန်းကလေးတွေ အဆီကျအောင် လိမ်းတဲ့ဆေးတစ်မျိုးဟာ ငရုတ်ရည်နဲ့ ဖေါ်ထားတယ်လို့ကြားဖူးပါတယ်။ လိမ်းလိုက်ရင် အလွန်ပူဆိုပဲ။

ထိုင်းနိုင်ငံမှာ လုပ်တဲ့သုသေသနတစ်ခုမှာတော့ capsaicin ဟာ သွေးခဲခြင်းကို ကာကွယ်ပေးတယ်လို့တွေ့ရှိလာပါတယ်။ အထက်မှာ ကျနော်ပြောခဲ့သလို အစပ်စားတဲ့တိုင်းပြည်တွေမှာ သွေးခဲခြင်းရောဂါ အဖြစ်နည်းတယ်ဆိုတာ နဲ့ ကိုက်ညီပါတယ်။

capsaicin ဟာ နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ရေယုန်ပေါက်ပြီး စပ်ဖျင်းဖျင်း နာနေတဲ့နေရာကို capsaicin ပါသော လိမ်ဆေးလိမ်းပေးရင်သက်သာပါတယ်။ ကိုယ်ခန္ဓာမှာနာကျင်ကိုက်ခဲနေမှုကို capsaicin နဲ့ထိန်းဖို့လည်း စမ်းသပ်နေကြပါတယ်။

အခုလို ပေါ်ပင်ဖြစ်နေတဲ့ capsaicin အစပ် ငရုတ်သီးဓါတ်ဟာ သုသေသန အဆင့်ဆင့်တွေကို ကျော်ဖြတ်ပြီးရင်တော့ တကယ်ကို ကျန်းမာရေးအတွက်ကောင်းစေသလား၊ ဒါမှမဟုတ် ကျန်းမာရေးအတွက်ဆိုးစေသလား ကို အမှန်အကန် သိလာမယ့် တချိန်ချိန်ကိုပဲ စောင့်ကြည့်ရမှာပါ။ ဒီအတောအတွင်းမှာတော့ တန်ဆေးလွန်ဘေး ပါပဲ။

Thursday, June 19, 2008

ဝက်ခြံအကြောင်း (Acne)

ဘယ်သူမှ မပေါက်ချင်တဲ့ ၀က်ခြံအကြောင်းကို လူတိုင်းသိသင့်ပါတယ်။ သာမန်လူတစ်ယောက် အနေနဲ့ သိသင့်တဲ့ ၀က်ခြံနဲ့ဆိုင်တဲ့ အကြောင်းအရာများ အားလုံးကို ဒီဆောင်းပါးမှာဖေါ်ပြထားပါတယ်။ ကိုယ်တိုင်လည်းဖတ်တဲ့အပြင် အခြားသူများကိုလည်း ဖတ်ရှူနိုင်ရန် ညွှန်ပေးစေလိုပါတယ်။

ဝက်ခြံ

ဝက်ခြံဆိုတာ အင်မတန် အဖြစ်များကြပြီး အများအားဖြင့်တော့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ၀က်ခြံဖုများ ကင်းစင်သွားအောင် ကုသရာမှာ အချိန်အတော်ယူရလို့ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။ ဒါ့အပြင် ၀က်ခြံဖုများ ပျောက်သွားပြီဆိုရင်တောင် နောက်ထပ် ၀က်ခြံများ ထပ်မထွက်လာအောင် နှစ်နဲ့ချီပြီး “ထိန်းသိမ်းကုထုံး” ကိုဆက်လုပ်ရပါမယ်။


ဘယ်သူတွေ ၀က်ခြံပေါက်ကြသလဲ

လူတိုင်းမှာ ၀က်ခြံပေါက်နိုင်ပါတယ်။ အဖြစ်များတာကတော့ ၁၅နှစ် နဲ့ ၂၅နှစ်ကြားလူငယ်တွေပါ။ ၀က်ခြံတော်တော်များများဟာ မျက်နှာမှ ပေါက်တာဖြစ်ပေမယ်လို့ ကျောကုန်း၊ လည်ပင်း နဲ့ ရင်ဘတ် စတဲ့နေရာတွေမှာလည်း ၀က်ခြံပေါက်နိုင်ပါတယ်။ ၀က်ခြံအထူအပါးကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ဆယ်ကျော်သက် ၁၀ယောက်မှာ ၉ယောက် ၀က်ခြံပေါက်ကြပါတယ်။ အဲဒီထဲက ၃ယောက်လောက်ကတော့ ၀က်ခြံများတဲ့အတွက် နောင်အခါ အမာရွတ်များ မထင်ကျန်ခဲ့ရန် ကုသခြင်းခံဖို့ လိုအပ်နေပါတယ်တဲ့။ ၀က်ခြံကို မကုသပဲထားမယ် ဆိုရင်တော့ ၄-၅နှစ်လောက်ကြာရင် သက်သာသွားမှာပါ။ ဒါပေမယ့်လည်း တချို့တွေမှာတော့ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိသွားတတ်ပါတယ်။


ဘာကြောင့်ဝက်ခြံဖြစ်ရသလဲ


















အရေပြားအကြောင်း တစေ့တစောင်း

အရေပြားအောက်မှာ အဆီအိတ်လေးတွေရှိပါတယ်။ အဲဒီအဆီအိပ်များထဲမှ အဆီများဟာ အရေပြားပေါ်ကို အလွန်သေးငယ်တဲ့ အပေါက်ကလေးများကနေ စိမ့်ထွက်နေပါတယ်။ ဒီအဆီများဟာ အရေပြား ကြမ်းရှ ချောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ အဆီစိမ့်ထွက်သော အပေါက်များမှာ ဆံပင်၊ အမွေး များလည်း ပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်သို့ ရောက်လာသောအခါ အရေပြားမှ အဆီထုတ်လုပ်မှုသည် ကလေးအရွယ်မှာထက် သိသိသာသာများလာသည်။ ဒါကတော့ ကြီးကောင်ဝင်ခြင်းရဲ့ ခန္ဓာကိုယ်ဟော်မုန်းဓါတ် အပြောင်းအလဲ ဖြစ်စဉ်ကြောင့် ဖြစ်ရပါတယ်။ အဆီများများထွက်လေ အရေပြားအဆီများများပြန်လေ ၀က်ခြံပိုဆိုးရလေဖြစ်ပါတယ်။ သတိထားကြည့်ရင် တချို့လူတွေကလည်း သူများထက်ကို ပိုအဆီပြန်လွယ်ပါတယ်။


ဝက်ခြံ သာမန် မှ မနည်းမများ အဆင့် - ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ

အရေပြားပေါ်သို့ အဆီများထွက်ရာ အပေါက်ဝလေးများ၏ ပတ်ဝန်းကျင်ရှိ အရေပြားဟောင်းများ၊ ဆဲလ်အသေများကြောင့် အဆီစိမ့်ထွက်သော အပေါက်ငယ်ကလေးများ ပိတ်သွားတတ်သည်။ ထိုဝက်ခြံဖုကလေးများကို သေချာကြည့်မည်ဆိုလျှင် ဆို့ပိတ်နေသော အသွင်သဏ္ထာန်ကို တွေ့နိုင်ပါသည်။ ၀က်ခြံခေါင်းမည်းများတွင် အမည်းရောင် အစက်ကလေးများကို တွေ့ရမည်ဖြစ်ပါသည်။ ထို အဆီပေါက်ကို ပိတ်သည့် အမည်းရောင်အစက်များသည် အများထင်သလို ချေး (ဂျီး) မဟုတ်ပါ။ အရေပြား၏ အရောင်သာဖြစ်ပါတယ်။ အရေပြားပေါ်ကိုထွက်လာရမယ့် အဆီများကတော့ ထွက်ပေါက်ပိတ်နေတဲ့အတွက် အပြင်ကိုမထွက်ရတော့ပဲ အတွင်းမှာပဲ စုနေရတော့ ကြာလာတော့ အဆီအိပ်သာ တဖြည်းဖြည်း ကြီးလာပါတော့တယ်။ သာမန်အားဖြင့်တော့ ၀က်ခြံတွေဟာ ဒီအဆင့်လောက်ထိပဲ ဖြစ်တတ်ပါတယ်။ ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ လို့ အမျိုးမျိုး ခေါ်ကြပါတယ်။


ဝက်ခြံ အပြင်းစားများ -

ထွက်ပေါက်ပိတ်နေတဲ့ အဆီအိတ်တွေကတော့ P. acne လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုး အလွန်နှစ်သက်တဲ့ ရှင်သန်ပေါက်ပွားရာနေရာပါပဲ။ ပုံမှန်အားဖြင့်ကတော့ အဲဒီဘက်တီးရီးယားဟာ အရေပြားပေါ်မှာနေပါတယ်။ အရေအတွက်လည်း နည်းပါတယ်။ အဆီအိတ်ထဲမှာ ပိတ်မိသွားရင်တော့ ခဏချင်းအတွင်း အဆပေါင်းများစွာပွားလာပါတော့တယ်။ အနာကို ပိုးဝင်တာနဲ့ သဘောခြင်းတူတူပါပဲ။ နောက်ဆုံးကျတော့ ၀က်ခြံဖုဟာ ကြီးလာပြီး နီရဲ ယောင်ကိုင်း ပြည်တယ် ပါတော့တယ်။

ဒီလို ယောင်ကိုင်းနေတဲ့ ပြည်တယ်နေတဲ့ ၀က်ခြံအဖုတိုင်း အဖုတိုင်းဟာ တချိန်ချိန်မှာတော့ တဖြေးဖြေး သက်သာ ပျောက်ကင်းသွားပါတယ်။ အဖုဖြစ်ခဲ့ဘူးတဲ့နေရာမှာတော့ အမာရွတ်ကလေးတွေ ကျန်ရစ်တတ်ပါတယ်။ အသားညိုတဲ့သူတွေမှာ ၀က်ခြံအမာရွတ်များကို ပိုပြီးသိသာစွာတွေ့ရပါတယ်။ တချို့မှာကြတော့ အမာရွတ်အစား အရေပြားပေါ်မှာ ကျောက်ပေါက်မာလို အချိုင့် သေးသေးလေးတွေ ကျန်ခဲ့တတ်ပါတယ်။ ဒီအချိုင့်ကလေးတွေကတော့ အချိန်ကာလကြာသော်လည်း ပျောက်ချင်မှ ပျောက်တော့မှာပါ။

မိန်းကလေး တန်မယ့် ယောက်ျားဟော်မုန်း အထွက်များနေသော အခြေအနေမျိုး eg Polycystic Ovary Syndrome ဆိုရင်တော့ သာမန်ထက် ၀က်ခြံပိုများများပေါက်ပါတယ်။ အမျိုးသားဟော်မုန်းများနေတဲ့ အမျိုးအမီးတွေဆိုရင် ခေါင်းကဆံပင်ပါးသော်လည်း နှုတ်ခမ်းမွေးစစ၊ ခြေသလုံးမွေးရေးရေးနဲ့ တွေ့ရတတ်ပါတယ်။ Halogenated Hydrocarbon စတဲ့ ဓါတ်ငွေ့တွေနဲ့ ထိတွေလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးလုပ်တဲ့သူတွေမှာလည်း ၀က်ခြံပိုပေါက်ပါတယ်။


ဝက်ခြံကို ပိုဆိုးစေသော အချက်များ

၁။ ပရိုဂျက်စရိုဂျင်တစ်မျိုးထဲပါသော သန္ဓေတားဆေးကဒ်။

၂။ အမျိုးသမီးများ ရာသီပေါ်ခါနီးတ၀ိုက်တွင် ၀က်ခြံဖုများပို “ထ” တတ်ပါတယ်။

၃။ မိတ်ကပ်ထူထူ၊ အဆီများသောမိတ်ကပ် များ ကြောင့်လည်း ၀က်ခြံပိုဆိုးနိုင်ပါတယ်။ မိတ်ကပ်ပါးပါးလိမ်းခြင်း၊ အဆီမပါသောမိတ်ကပ်ကို အသုံးပြုခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။

၎။ ဆိတ်ဆွခြင်းကြောင့် ၀က်ခြံဖုများကို ပိုမိုယောင်ကိုင်းလာစေပြီး နောင်အခါ အနာရွတ်များဖြစ်စေပါတယ်။

၅။ သာမန်ထက်ပိုပြီး ပူအိုက်စွတ်စိုမှုကြောင့် လွန်လွန်ကဲကဲ ချွေးထွက်များခြင်းဟာလည်း အဆီပေါက်ကလေးတွေ ပိုပိတ်စေပါတယ်။ ဥပမာ - တနေကုန် မီးဖိုချောင်တွင် ပူပူတွင် လုပ်ကိုင် ချက်ပြုတ်နေသူများ။

၆။ အ၀တ်အစားကျပ်ကျပ်ကြောင့် ချွေးထွက်များခြင်း၊ ပွန်းစားခံရခြင်းများကြောင့်လည်း ၀က်ခြံဖုများထွက်စေပါတယ်။ ဥပမာ - နဖူးစည်းကျပ်ကျပ်၊ ဘရာစီယာကြိုးကျပ်ကျပ်၊ လည်ပင်းကော်လာကျပ်ကျပ်တို့အောက်မှာ ၀က်ခြံဖုတွေထွက်နိုင်ပါတယ်။

၇။ တချို့သော ဆေးဝါးများကြောင့် ၀က်ခြံပိုထွက်ပါတယ်။ ဖီနက်တွိုင်း ဆိုတဲ့ ၀က်ရူးပြန်အတက်ကျဆေး၊ ၀ဲနှင်းခုကိုလိမ်းရသော စတီးရွိုက်လိမ်းဆေးများ၊ ကာယဗလအတွက် (တရားမ၀င်) အသုံးပြုသော စတီးရွိုက်ဆေးများ ပဲဖြစ်ပါတယ်။


ဝက်ခြံနှင့်ပတ်သက်သော အယူအဆ အလွဲများ ကိုဖြေရှင်းခြင်း။

၁။ ၀က်ခြံဟာ ညစ်ပတ်လို့ဖြစ်ရတာမဟုတ်ပါဘူး။ ခဏခဏ မျက်နှာသစ်ခြင်းကြောင့် ပိုတောင်ဆိုးနိုင်ပါတယ်။

၂။ အစားအသောက်နဲ့ ၀က်ခြံပေါက်ရတာ ဆက်နွယ်မှုမရှိပါ။ ချောကလက်၊ အချို၊ အဆီများသော အစားအစာများနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။

၃။ စိတ်ဖိစီးမှုနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။

၎။ ၀က်ခြံဟာ တစ်ယောက်မှတစ်ယောက်ကို မကူးစက်နိုင်ပါ။

၅။ ရေများများသောက်ခြင်းဖြင့် ၀က်ခြံပျောက်အောင်လုပ်မရပါ။

၆။ ၀က်ခြံကို ဆေးဝါးများဖြင့်ကုလို့ မပျောက်ဘူးဆိုတာ မဟုတ်ပါ။ သေသေချာချာကုရင် ပျောက်ကိုပျောက်ပါတယ်။


ဝက်ခြံရှိသူများအတွက် အရေပြားထိန်းသိမ်းနည်း

၁။ မျက်နှာကို ပုံမှန်ထက် အကြိမ်ပိုများများ သစ်စရာမလိုပါ။ တစ်နေ့ ၂ ကြိမ်ဆိုတော်ပါပြီ။ ပျော့သောဆပ်ပြာနှင့် မပူမအေးသောရေဖြင့် သစ်ရမယ်။ (ပူသောရေ၊ အေးသောရေ များဟာလည်း ၀က်ခြံကိုပိုဆိုးစေပါတယ်။) ၀က်ခြံပေါက်နေသောနေရာကို ကြမ်းတမ်းစွာပွတ်တိုက်ခြင်းကိုလည်း ရှောင်ပါ။ သဲဆပ်ပြာ၊ လောင်စားစေသောဆပ်ပြာ၊ အရေခွံကွာထွက်စေသောဆပ်ပြာ များ လုံးဝ မသုံးရပါ။ ကြမ်းတမ်းစွာပွတ်တိုက် သန့်စင်စေခြင်းကြောင့် ၀က်ခြံဖုများ ပိုမိုယောင်ကိုင်းလာနိုင်ပါတယ်။

၂။ ပိုးသတ်ဆေးပါဝင်သော ဆေးဆပ်ပြာများလည်း သိသိသာသာ ထိရောက်မှုမရှိပါဘူး။

၃။ ၀က်ခြံခေါင်းမည်းမှ အမည်းစက်များကို ဘယ်လိုမှပျောက်အောင်လုပ်လို့ မရပါဘူး။ တကယ်တော့ အဲဒီအမည်းစက်ကလေးတွေဟာ (မှဲ့ လိုမျိုး) အရေပြားရဲ့ အရောင်ပါပဲ။

၎။ အောက်တွင်ဖေါ်ပြမည့် ၀က်ခြံပျောက်လိမ်းဆေး တချို့ဟာ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီအခါမှာ အနံ့မပါသော ရေဓါတ် အစိုထိန်းလိမ်းဆေး (fragrance free water based moisturiser cream) များကို သာသုံးပါ။ အဆီပါသော အရာများကိုမလိမ်းပါနဲ့။


ဝက်ခြံကို ကုသခြင်းရဲ့ ရည်ရွယ်ချက်

ဝက်ခြံကို ကုနေကြရတဲ့ အဓိကရည်ရွယ်ချက်တွေကတော့ ၀က်ခြံဖုများ တတ်နိုင်သရွေ့နည်းပါးသွားစေရေးနဲ့ အမာရွတ်များ မထင်ကျန်ခဲ့ရေးပဲဖြစ်ပါတယ်။ ၀က်ခြံအထူအပါးပေါ်မှာ မူတည်ပြီး ကုထုံးတွေကွဲပါတယ်။ လိမ်းဆေး သို့မဟုတ် လိမ်းဆေး နဲ့ သောက်ဆေးတွဲ သို့မဟုတ် သောက်ဆေး စသည်ဖြင့် ကွာခြားပါတယ်။

ယေဘူယျအားဖြင့်ဆိုရင်တော့ လူတော်တော်များများမှာ ဖြစ်နေကြတဲ့ ၀က်ခြံအပျော့စား (၀က်ခြံခေါင်းမည်း၊ ဆားဝက်ခြံ) စတာတွေကို ကုစရာမလိုပါဘူး။ အချိန်တန်ရင် သူ့ဖာသာသူပျောက်သွားမှာပါ။ အမာရွတ်လည်း ကျန်လေ့မရှိပါဘူး။ ကုဖို့လိုတဲ့ ၀က်ခြံတွေကတေ့ ယောင်ကိုင်း၊ နီရဲ၊ ပြည်တည်၊ ၀က်ခြံဖုကြီးတွေပါပဲ။ ဒါတွေကတော့ မြန်မြန်ကုနိုင်မှသာ အမာရွတ်ကြီးကြီးကျန်ခဲ့ခြင်းက ကာကွယ်နိုင်မှာပါ။ ဘယ်ဆေးကမှတော့ အရေပြားကို “ပြစ်မျိုးမှဲ့မထင်” ပြန်ပြီးမကောင်းသွားစေနိုင်ပါဘူး။


ဝက်ခြံပျောက်လိမ်းဆေးများ

ဝက်ခြံပျောက်လိမ်းဆေးတွေ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ ဂျယ်လီ၊ ဆေးရည်၊ ကရင်မ် စတာတွေပါ။ မတူတဲ့ဆေးတွေဟာ တခုနဲ့တခု ထိရောက်ပုံခြင်းလည်း မတူကြပါဘူး။ ဘယ်ဆေးကို လိမ်းလိမ်း အရေးအကြီးဆုံးကတော့ ဆေးမလိမ်းမှီ အညွှန်းစာရွက်ကို သေသေချာချာ ဖတ်ဖို့ပါပဲ။ ဘယ်လိုလိမ်းရမလဲ၊ ဘယ်နှကြိမ်လဲ၊ ဘာတွေရှောင်ရမလဲ စတာတွေပါ။ နောက်အရေးကြီးတာတခုကတော့ ၀က်ခြံပျောက်ဆေးလိမ်းရင် ဆေးကို ၀က်ခြံဖုတစ်ခုခြင်းစီ လိမ်းရတာမဟုတ်ပါဘူး။ ၀က်ခြံပေါက်နေတဲ့ အရေပြားတ၀ိုက်လုံးကို လိမ်းပေးရပါမယ်။

ဘင်ဇွိုင်းပါရောက်ဆိုက် (Benzyl peroxide)

ဒီဆေးကတော်တော် အသုံးများကြပါတယ်။ သူက သုံးမျိုးလုပ်ပေးပါတယ်။ ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို သတ်ပေးတယ်၊ ယောင်ခြင်းကို ကျစေတယ်၊ အ၀ပိတ်နေတဲ့ အဆီအိတ်တွေကို ပွင့်စေတယ်။ ၀က်ခြံခေါင်းမည်း/ဖြူ တွေကိုလည်း ပျောက်စေတယ်။ အင်မတန်ကောင်းတဲ့ဆေးပေပဲ။ ပြင်းအားအနေနဲ့ ၂.၅%၊ ၄%၊ ၅%၊ ၁၀% စသည်ဖြင့်ထုတ်လုပ်ပါတယ်။ မြန်မာပြည်မှာဝယ်လို့ရပါတယ်။ Oxy 5, Oxy 10 စသည်ဖြင့်လာပါတယ်။ Oxy နောက်က 5, 10 ဆိုတာ ပြင်းအားကို ညွန်းပါတယ်။ နိုင်ငံခြားကဆေးဆိုင်တွေမှာလည်း ဆရာဝန်လက်မှတ်မပါပဲ ၀ယ်လို့ရပါတယ်။

- ဆေးမလိမ်းခင် မိနစ် ၂၀ - ၃၀ ကြိုပြီး မျက်နှာသစ်ထားပါ။
- ဆေးနဲ့ထိမိရင် ဆံပင်တို့၊ အ၀တ်အစားတို့ ဆေးရောင်ကျွတ်တတ်ပါတယ်။ သတိထားပါ။
- တချို့လူတွေမှာ ဆေးလိမ်းလိုက်ရင် အရေပြား စပ်ဖျင်းဖျင်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ဆေးလိမ်းတာကို ရပ်ထားလိုက်ပါ။ နောင်ကျမှ ဆေးပြင်းအား အပျော့ဖြင့် ပြန်စမ်းကြည့်ပါ။ ဒါမှမဟုတ် မျက်နှာပေါ်မှာ ဆေးလိမ်းထားချိန်ကို လျော့လိုက်ပါ။
- အကောင်းဆုံးကတော့ အပျော့ဆုံး ၂.၅% နှင့်စပါ။ နောက်ပိုင်း ကိုယ်ခံနိုင်ရည်အပေါ်မူတည်ပြီး ဆေးပြင်းအားကို တိုးတိုးသွားပါ။
- Water based preparation ရေဓါတ်အခြေခံကို သုံးပါ။ (အရက်ပျံ အခြေခံ ထက်ပိုကောင်းပါတယ်)
- စလိမ်းကာစမှာတော့ တရက်ကို တကြိမ်ပဲလိမ်းပါ။ ဆေးလိမ်းထားပြီး နာရီတော်တော်ကြာရင် မျက်နှာသစ်ပြစ်လိုက်ပါ။
- နောက်ပိုင်းဆိုရင်တော့ မျက်နှာပေါ်မှာ ဆေးလိမ်းထားတဲ့ အချိန်ကို တိုးတိုးသွားပါ။
- တဖြည်းဖြည်း ကျင့်ရင်းနဲ့ နောက်ဆုံး တရက်ကို နှစ်ကြိမ်လိမ်းနိုင်သွားရင်တော့ အကောင်းဆုံးပါပဲ။


ရက်တီးနွိုက် (Retinoids - adapalene, tretinoin, and isotretinoin)

နောက်ပိုင်းမှ ခေတ်စားလာပေမယ့် တော်တော်စွမ်းတဲ့ဆေးပါပဲ။ သူကျတော့ နိုင်ငံခြားမှာဆိုရင် ဆရာဝန်လက်မှတ်နဲ့မှ ၀ယ်လို့ရပါတယ်။

- လိမ်းခါစ အခန့်မသင့်ရင် မျက်နှာကြီး နီရဲယောင်ကိုင်းပြီး အရေပြားတွေ အလွှားလိုက်ကွာထွက်တတ်ပါတယ်။ နောက်ပိုင်းတော့ အသားကျသွားမှာပါ။
- တချို့ကျတော့ လိမ်းခါစမှာ ၀က်ခြံဖုတွေပိုယောင်လာတယ်၊ ပိုဆိုးလာတတ်ပါတယ်။ ဒါလည်းနောက်ပိုင်း သက်သာသွားမှာပါ။
- ဆေးလိမ်းထားပြီးနေရောင်ထဲသွားရင် ပိုပြီနေလောင်တတ်ပါတယ်။ ဒါကြောင့် ညဖက်မှာပဲလိမ်းသင့်ပါတယ်။
- ဆေးလိမ်းသူများ အဖြစ်များတဲ့ အချက်တွေကတော့ အရေပြား ပူခြင်း၊ ယားခြင်း၊ ခြောက်သွေ့ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အစပိုင်းတော့ ထုံးစံအတိုင်း ဆေးပြင်းအား အပျော့စားနဲ့စသင့်ပါတယ်။
- ကိုယ်ဝန်ရှိသောသူများ၊ ကိုယ်ဝန်ဆောင်လတ္တံ့သောသူများ မသုံးသင့်ပါဘူး။ သန္ဓေသား ကိုယ်လက်အင်္ဂါချို့ယွင်းနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ ဆေးသုံးနေစဉ် သန္ဓေတားခြင်းပြုလုပ်သင့်ပါတယ်။


ပိုးသတ်ဆေးလိမ်းဆေးများ

ဝက်ခြံပျောက်ဆေးထဲမှာ ပိုးသတ်ဆေးလိမ်းဆေး အမျိုးမျိုး ဈေးကွက်ထဲမှာရှိပါတယ်။ ပိုးသတ်ဆေးဆိုတဲ့အတိုင်း အဆီအိတ်ထဲ ပိတ်မိနေတဲ့ ပိုးကိုသတ်ပေးတယ်၊ ယောင်တာကို ကျစေတယ်။ ဒါပေမယ့် ပိတ်နေတဲ့ဟာတွေတော့ ပွင့်အောင်မလုပ်ပေးပါဘူး။ အဲဒါကြောင့် ၀က်ခြံခေါင်းမည်း နဲ့ ဆားဝက်ခြံတွေမှာ အသုံးမ၀င်ပါဘူး။ ဒီဆေးတွေလည်း လိမ်းကာစမှာ တချို့လူတွေ မျက်နှာ စပ်ဖျင်းဖျင်းဖြစ်စေပါတယ်။ သူတို့လည်း ဆေးလက်မှတ်ပါမှ ၀ယ်လို့ရပါတယ်။ မြန်မာပြည်မှာတော့ ပိုးသတ်ဆေး Clindamycin ပါတဲ့ Dalacin-T ဆိုတာ နာမည်ကြီးပါတယ်။


အဇီးလရစ်အက်ဆစ် (Azelaic Acid)

သူလည်း အထက်ကပြောခဲ့တဲ့ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ လိုပါပဲ။ ဒါပေမယ့်နည်းနည်းပျော့ပါတယ်။ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ နဲ့ မတဲ့သူများမှာသုံးပါတယ်။


ဆေးပေါင်းများ

အပေါ်မှာပြောခဲ့တဲ့ဆေးတွေကို ရောစပ်လိုက်တာပါ။ ဘင်ဇွိုင်းပါရောက်ဆိုက် နဲ့ ပိုးသတ်ဆေး ရော၊ ရက်တီးနွိုက် နဲ့ ပိုးသတ်ဆေး အရော၊ စသည်ဖြင့်ပါ။ နှစ်မျိုးပေါင်းလိုက်တော့ တစ်မျိုးခြင်းစီထက် ပိုစွမ်းသွားတာပေါ့။


သောက်ဆေးများ

ဝက်ခြံအတွက် ပိုးသတ်ဆေးများကို သောက်လို့လည်း ရပါတယ်။ ပိုးသတ်ဆေးဖြစ်တဲ့အတွက် ပိုးများကိုသတ်ပေးပါတယ်၊ ၀က်ခြံဖုယောင်ရမ်းခြင်းကို လည်း ကျစေပါတယ်။ အဆီအိတ် အပေါက်ပိတ်ခြင်းကိုတော့ မထူးခြားစေပါဘူး။ အသုံးများတဲ့ ပိုးသတ်ဆေးတွေကတော့ တက်ထရာဆိုင်ကလင်း အုပ်စုပဲဖြစ်ပါတယ်။ oxytetracycline, tetracycline, doxycycline, lymecycline and minocycline စတာတွေဖြစ်ပါတယ်။ ဒီ တက်ထရာဆိုင်ကလင်းအုပ်စုဆေးတွေကို
- ၁၂ နှစ်အောက် ကလေးသူငယ်များ မသောက်သင့်ပါဘူး။
- ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိသူများ မသောက်သင့်ပါ။
- အစာနဲ့ ဝေးဝေး အချိန်မှာ ရေနဲ့ သောက်ရပါမယ်။ နွားနို့၊ အစာ စတာတွေနဲ့ တွဲမသောက်ရပါ။ အာနိသင်ကျပါတယ်။
- သန္ဓေတားဆေးကဒ်၏ အာနိသင်ကို ကျစေပါတယ်။ တားဆေးကဒ် စားနေသော အမျိုးသမီးများအနေနဲ့ ဆေးစသောက်သော ပထမသုံးပါတ်အတွင်း ကွန်ဒုံးသုံးခြင်းဖြင့် အပိုကာဘာယူထားသင့်ပါတယ်။

တစ်ခြားသော ပိုးသတ်ဆေးများ Erythromycin, Trimethoprim စတဲ့ဆေးတွေကိုလည်း ၀က်ခြံအတွက်သုံးကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရလဒ်ခြင်း မတူကြပါဘူး။


ဟော်မုန်းကုထုံးများ

အီစရိုဂျင်ပါတဲ့ တားဆေးတွေကတော့ ဟော်မုန်းမညီညွတ်မှုကြောင့်ဖြစ်တဲ့ ၀က်ခြံများကို သက်သာစေပါတယ်။ အီစရိုဂျင်နဲ့ အင်တီ-အင်ဒရိုဂျင်ပါတဲ့ ဆေးတွေကိုလည်း သုံးကြပါတယ်။


အိုင်ဆို ထရီတီနိုအင် (Isotretinoin)

အိုင်ဆို ထရီတီနိုအင် ဆိုတာ ရက်တီးနွိုက် နဲ့ အုပ်စုတူပါတယ်။ ဒီဆေးကိုသောက်ရင် အဆီပြန်တာ တော်တော်သိသိသာသာ လျော့သွားပါတယ်။ ဒါပေမယ့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက တော်တော်များလို့ ကျွမ်းကျင်သူ ဆရာဝန်များ ညွှန်ကြားမှသာ သောက်သင့်ပါတယ်။


ဘယ်လောက်ကြာကြာကုရမှာလည်း

ဆေးကို လိမ်းလိမ်း သောက်သောက် ပုံမှန်အားဖြင့်တော့ ၄ ပါတ် ကနေ ၆ ပါတ် ကြာမှ ဆေးရဲ့ ထူးခြားမှုဟာ စသိသာလာမှာပါ။ တချို့တွေဆိုရင် ၄လ လောက်ကြာမှ စတင် သိသာလာပါတယ်။ လူတော်တော်များများ က တပါတ် နှစ်ပါတ် စမ်းကြည့်ရုံနဲ့ မသိသာဘူး၊ မသက်သာဘူးဆိုပြီး လက်လျော့လိုက်ကြတာများကြပါတယ်။ ဒါကြောင့်ပဲ ၀က်ခြံဟာ ပျောက်အောင်ကုလို့မရဘူး လို့ထင်နေကြတာပါ။ ဒီတော့ ဆေးနည်းတစ်ခုကို စသုံးမယ်ဆိုရင် အနည်းဆုံး ၆ ပါတ်လောက် သုံးကြည့်ပြီးမှ သက်သာ မသာ အကဲဖြတ်ပါ။ မသက်သာဘူးဆိုရင် စိတ်မပျက်ပါနဲ့။ တခြားတနည်းကို ပေါင်းထည့်ခြင်း၊ ဒါမှမဟုတ် ပိုစွမ်းတဲ့ နည်းကို အသုံးပြုခြင်းတို့ပြုလုပ်နိုင်ပါတယ်။

စိတ်ရှည်လက်ရှည်နဲ့ ကုရင်းနဲ့ ၀က်ခြံဟာ တဖြည်းဖြည်းပါးလာပြီး နောက်ဆုံးပျောက်သွားမှာပါ။ ၀က်ခြံဖုများလုံးဝပျောက်ကင်းသွားရင်တောင်မှ အရင်က ဖြစ်ခဲ့တဲ့ အမာရွတ်များ ကျန်နေနိုင်ပါတယ်။ ကုထုံးရပ်လိုက်ရင် ၀က်ခြံတွေ စုပြုံထွက်လာတတ်ပါတယ်။ ဒီတော့ နောက်ထပ် ၀က်ခြံထပ်မထွက်တော့အောင်တော့ ထိန်းထားရပါလိမ့်မယ်။ အသုံးအများဆုံးကတော့ ဘင်ဇွိုင်းပါရောက်ဆိုက် အပျော့စား ကို နေ့စဉ်လိမ်းပေးခြင်းပါပဲ။ ၄ - ၅ - ၆ နှစ်လောက်တော့ ဆက်သွားရပါမယ်။ သဘာဝအရ ၀က်ခြံများ ငြိမ်သွားတဲ့ အသက် ၂၀ ကျော်ကျော်အထိ ထိန်းနေရမှာပါ။ တစ်ချို့ အသက် ၃၀ ကျော်အထိ ၀က်ခြံများ ထွက်တဲ့သူတွေကတော့ နောင်နှစ်ပေါင်းတော်တော်ကြာတဲ့အထိ စွဲသုံးရပါလိမ့်မယ်။


Original Content: http://www.patient.co.uk/showdoc/23068674/

Monday, June 16, 2008

သွေးအားနည်းခြင်း

“ဆရာ.. ကျမ လုံးဝအမောမခံနိုင်ဘူးရှင့်၊ ဟိုနားဒီနားသွားလည်း မောတာပဲ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် လည်းမောတာပဲ၊ ရင်ကလဲ အမြဲလှပ်လှပ် လှပ်လှပ်နဲ့”
“ခင်ဗျားမှာ သွေးအားနည်းရောဂါ ရှိတယ်ဗျ”
“ဟုတ်တယ်ဆရာရယ်.. ကျမ သွေးပေါင်ချိန်ဟာ ဘယ်တော့မှ ၁၀၀ မကျော်ပါဘူး”

ဒီပြဿနာဟာ မြန်မာပြည်က လူနာနဲ့ ဆရာဝန်တွေကြားမှာ ခဏခဏ တွေ့ရလေ့ရှိပါတယ်။ ဆရာဝန်ပြောချင်တာက လူနာမှာ အနီးမီးယား (Anaemia) လို့ခေါ်တဲ့ သွေးအားနည်းခြင်း၊ တနည်းဆိုရရင် သွေးအနီရောင်ဖျော့တော့ခြင်း ရှိနေတယ်လို့ဆိုလိုတာပါ။ ဒါကို လူနာက သွေးပေါင်ချိန်လျော့နည်းခြင်း (Hypotension) နဲ့မှားတာပါ။ ဒီလိုအခြေအနေမျိုးရောက်ပြီဆိုရင် တချို့သောဆရာဝန်များက လူနာကို အချိန်ကုန်ခံ လေအကုန်ခံပြီး မရှင်းပြတော့ပါဘူး။ ကိုယ့်ဝတ္တရားကိုယ်သိတဲ့ ဆရာဝန်တချို့သာ သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်း ယေဘူယျအားဖြင့် ရှင်းပြပါတယ်။ ဘာဆက်ဖြစ်သလဲကြည့်ရအောင်။ နှစ်လ၊ သုံးလလောက် အကြာမှာ ခုနကလူနာအမျိုးသမီး ဆရာဝန်ဆီ ပြန်ရောက်လာပါတယ်။

“ ဆရာ.. ကျမရဲ့ မောတာက မသက်သာလို့ပါ”
“ ကျနော်ညွှန်ပေးလိုက်တဲ့ သွေးအားဖြည့်ဆေး သောက်ရဲ့လား”
“ အဲဒီဆေး အနီအတောင့်ကြီးတွေပေါ့ ဆရာရယ်.. ကျမတစ်ခါ၊ နှစ်ခါလောက်သောက်လိုက်တာ ခေါင်းထဲကမူးသလိုလို ဖြစ်တယ်.. လမ်းထိပ်ဆေးဆိုင်ကတော့ အဲဒီသွေးအားတိုးဆေးတွေဟာ သောက်နေကျမဟုတ်ပဲ သောက်ရင် အခန့်မသင့်ရင် သွေးပေါင်ချိန်တွေ အရမ်းတက်တယ်ပြောတာပဲ။ ကျမလဲ သွေးတိုးရောဂါရမှာစိုးလို့ မသောက်ဖြစ်တော့ဘူး”

ဆရာဝန်က သွေးအားပြန်ပြည့်လာရန်၊ သွေးအနီရောင်ပြန်ရင့်လာရန် သွေးအားဖြည့်ဆေး/သွေးအားတိုးဆေး (Hematinic) ညွှန်ပေးလိုက်ပါတယ်။ သို့သော်ငြားလည်း အရပ်ပြောအရ သွေးအားဖြည့်ဆေးသောက်လျှင် သွေးပေါင်ချိန်တိုးမည်စိုးသဖြင့် မသောက်ပါချေ။ ဒီတော့လည်း ဆရာဝန်ခမျာ သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်း၊ သွေးအားဖြည့်ဆေးသည် သွေးပေါင်မတက်စေနိုင်ကြောင်း စသည်ဓါတ်ပြားဟောင်းကြီးကိုပဲ ပြန်ဖွင့်ရပြန်သည်။ ဆရာဝန်တန်မဲ့ လျှာရှည်လှသော ထိုဆရာဝန်ထံသို့ လူနာသည် နောက်တစ်ကြိမ် ပြန်မလာတော့ချေ။

ဘာဆက်ဖြစ်ကြသနည်း။ လျှာရှည်သောအမှုကြောင့် လူနာမရတော့သော ထိုဆရာဝန်သည် အင်တာနက်ပေါ်တက်လာပြီး အောက်တွင်ဖေါ်ပြလတ္တံသော စာကိုရေးလေတော့သည်။



သွေးအားနည်းခြင်း (Anaemia) အကြောင်းသိကောင်းစရာ

သွေးအားနည်းခြင်း အမျိုးမျိုးရှိသည့် အနက် ယခုဖေါ်ပြမည့် အကြောင်းအရာများမှာ သွေးအားနည်းခြင်းများ အကြောင်း ယေဘူယျခြုံပြီး ရေးထားခြင်းဖြစ်ပါသည်။ သံဓါတ်ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း၊ ဗိုက်တာမင် ဘီ၁၂ ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း၊ ဖေါလစ်ဓါတ်ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း စသည့် သီးသန့် အကြောင်းအရာများကိုတော့ နောင်အလျှင်းသင့် သလို ရေးပြပါ့မယ်။


သွေးအကြောင်း တစေ့တစောင်း။


သွေးအရည်နီရဲရဲမှာ ဘာတွေပါသလဲဆိုတော့ -
၁။ သွေးနီဥ (Red Blood Cells) - ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ကို သယ်ဆောင်ပေးသူ
၂။ သွေးဖြူဥ (White Blood Cells) - ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်/တပ်မတော်
၃။ သွေးဥမွှာ(Platelets) - ထိခိုက်ရှနာများတွင် သွေးခဲ/သွေးတိတ်စေသူများ
၎။ အသားဓါတ်များ (Proteins) - အလုပ်တာဝန်များ အမျိုးမျိုးကွဲပြားကြသည်

သွေးနီဥများကို ရိုးတွင်းချင်ဆီထဲမှာ ပြုလုပ်ကြသည်။ နေ့စဉ် ပျက်စီးသွားသော သန်းပေါင်းများစွာသော သွေးနီဥများကို အစားထိုးရန် ရိုးတွင်းချင်ဆီမှ သွေးနီဥအသစ်များသည် သွေးကြောများအတွင်းသို့ စဉ်ဆက်မပြတ် ၀င်ရောက်နေပါသည်။ သွေးနီဥများတွင် ဟေမိုဂလိုဘင် (Haemoglobin) ဟုခေါ်သည် အနီရောင် ဓါတ်တမျိုးပါရှိသည်။ ထို ဟေမိုဂလိုဘင်သည် ခန္ဓာကိုယ် အတွက်မရှိမဖြစ်သော အောက်စီဂျင်ကို အဆုတ်မှတဆင့် တကိုယ်လုံးသို့ ပို့ဆောင်ပေးသည်။

နေ့စဉ် သန်းပေါင်းများစွာသော ဟေမိုဂလိုဘင်ပါသည့် သွေးနီဥအသစ်များကို တည်ဆောက်နိုင်ရန် သံဓါတ်၊ ဗိုက်တာမင်ဓါတ်နှင့် အခြားအာဟာရဓါတ်များကို စားသုံးလိုက်သော အစားအသောက်များမှ ရယူပါသည်။


သွေးအားနည်းခြင်း ဆိုတာဘာလဲ။

နှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်။
၁။ ပုံမှန်ထက် သွေးနီဥ အရေအတွက်နည်းနေခြင်း (ခန္ဓာကိုယ်ထဲ သွေးနီဥ စုစုပေါင်း နည်းမှတော့ သွေးနီဥထဲပါတဲ့ ဟေမိုဂလိုဘင် စုစုပေါင်းလည်း နည်းပြီပေါ့။)
၂။ သွေးနီဥအရေအတွက် ပုံမှန်ဖြစ်သော်လည်း သွေးနီဥထဲတွင်ပါဝင်သော ဟေမိုဂလိုဘင်(အနီရောင်)ဓါတ် ချို့တဲ့နေခြင်း

အထက်ပါနှစ်မျိုးမှာ ဘာကြောင့်ပဲ သွေးအားနည်းနည်း (ဟေမိုဂလိုဘင်နည်းသွားတဲ့အတွက်ကြောင့်) အောက်စီဂျင်သယ်ယူပို့ဆောင်ရေးကတော့ ကျသွားပါတယ်။


သွေးအားနည်းခြင်း၏ ရောဂါလက္ခဏာများ။

အဓိကလက္ခဏာတွေကတော့ သွေးအားနည်းရောဂါမှာ အောက်စီဂျင်လျော့နည်းစွာရခြင်းကြောင့် “လေငတ်” တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ မောတယ်၊ ပန်းတယ်၊ တရိပ်ရိပ်ဖြစ်တယ်၊ လှုပ်လှုပ်ရှားရှားလုပ်တာနဲ့မောတယ်၊ အမောမစေ့ဘူး စတာတွေပေါ့။

တခါတလေတော့လည်း ခေါင်းကိုက်တယ်၊ ရင်တုန်တယ်၊ ပါးစပ်ကအရသာတစ်မျိုးကြီးဖြစ်နေတာတို့၊ နားထဲ တ၀ီဝီဖြစ်နေတာတို့ စတာတွေလည်းဖြစ်တတ်ပါတယ်။

သေသေချာချာကြည့်ရင်တော့ အသားအရောင်၊ နှုတ်ခမ်း၊ လက်ဖ၀ါး ခြေဖ၀ါး ဖျော့တော့တော့ ဖြစ်နေမယ်ပေါ့။ (မီးနေသည်နှုတ်ခမ်းကို မြင်ဘူးပါသလား။)

သွေးအားနည်းခြင်းဖြစ်ရတဲ့ အခြေခံရောဂါတွေကြောင့်လည်း အခြားရောဂါလက္ခဏာများ တွေ့ရနိုင်ပါတယ်။


သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းများ

က။ သံဓါတ်ချို့တဲ့ခြင်း
သွေးအားနည်းခြင်းဖြစ်ရတဲ့ အကြောင်းတွေထဲမှာ အဖြစ်အများဆုံးပါပဲ။ သာမန်အားဖြင့်တော့ နေ့စဉ် အစားအသောက်ကို ပုံမှန်စားမယ်ဆိုရင် လိုအပ်တဲ့ သံဓါတ်ကို အစားအသောက်ထဲကရနေလို့ သံဓါတ်ချို့တဲ့ခြင်းဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့် အောက်ပါအခြေအနေတွေမှာတော့ သံဓါတ်ချို့တဲ့သွားနိုင်ပါတယ်။

၁။ ကိုယ်ဝန်ဆောင်များနဲ့ ဖွံ့ဖြိုးကြီးထွားဆဲကလေးသူငယ်များ
- ဒီလိုအချိန်တွေမှာ ပုံမှန်အစားအသောက်ကရတဲ့ သံဓါတ်ဟာ မလုံလောက်ဖြစ်တတ်ပါတယ်။
၂။ ရာသီသွေးပေါ်များခြင်း
- တစ်လတစ်ကြိမ် ရာသီသွေးကြောင့်ဆုံးရှုံးသွားတဲ့ သွေးနီဥများနေရာကို သွေးနီဥအသစ်များ လုံလောက်စွာ အစားမထိုးနိုင်ခြင်း
၃။ သံဓါတ်စုပ်ယူမှုမကောင်းခြင်း
- အစားအသောက်ထဲတွင် သံဓါတ်လုံလောက်စွာပါသော်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းမှ စုပ်ယူမှုမကောင်းသဖြင့် သံဓါတ်ချို့တဲ့နိုင်ပါတယ်။
၎။ အစာအိမ်/အူလမ်းကြောင်းသွေးစိမ့်ခြင်း
- ခန္ဓာကိုယ်အခြားနေရာမှာသွေးစိမ့်နေရင် သိသာပေမယ့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာသွေးစိမ့်နေရင် တတိတိနဲ့ မသိမသာ အချိန်ကြာလာတဲ့အခါ သွေးတော်တော်ဆုံးရှုံးသွားနိုင်ပါတယ်။
၅။ အာဟာရဓါတ်မျှတသော အစာမစားခြင်း
- အစားအသောက်တွင် သံဓါတ်လုံလောက်စွာမပါခြင်း။
၆။ သန်ကောင်၊ တုတ်ကောင်များရှိခြင်း။

ခ။ တစ်ခြားသော အကြောင်းများ

၁။ ဗိုက်တာမင်ဓါတ်ချို့တဲ့ခြင်း
- ဘီ၁၂ B12၊ ဖေါလစ် Folic acid စသည်
၂။ သွေးနီဥ ပြဿနာများ
- သွေးနီဥ ပုံသဏ္ထန် Abnormal RBC, Fragile RBC ပုံမှန်မဟုတ်လျှင် သွေးနီဥများပျက်စီးလွယ်သည့် အတွက်ကြောင့် ဖြစ်ရပါသည်။ ဥပမာ - ငှက်ဖျားပိုးဝင်နေသော သွေးနီဥ Malaria၊ သာလစမီးယား Thalassaemia ၊ တံစဉ်ကွေးသွေးနီဥ Sickle Cell Anaemia၊ စက်လုံးပုံသွေးနီဥ
၃။ ရိုးတွင်းချင်ဆီပြဿနာများ
- သွေးကင်ဆာ Leukaemia ကြောင့်ဖြစ်ရခြင်း (ရှားပါးသော်လည်း ဖြစ်နိုင်ပါတယ်)
၎။ အခြားနာတာရှည်ရောဂါများ
- သွေးလေးဖက်နာ Rheumatoid Arthritis ၊ ကျောက်ကပ်မကောင်းခြင်း Kidney failure၊ စသည် နာတာရှည်ရောဂါများကြောင့်လည်း သွေးအားနည်းခြင်းဖြစ်စေပါသည်။

မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတာကတော့ အစားအသောက်ရှောင်ခြင်း၊ ကိုယ်ဝန်ဆောင်၊ ငှက်ဖျားရောဂါ နဲ့ သန်ကောင် တုတ်ကောင် တွေကြောင့်ပါပဲ။


တရားခံကိုရှာခြင်း နဲ့ ကုသခြင်း

သွေးအားနည်းကြောင်းကို စမ်းသပ်ရတာလွယ်ပါတယ်။ သွေး အနည်းငယ်ယူလိုက်ပြီး သွေးနီဥအရေအတွက်ပုံမှန်ရှိမရှိစစ်ဆေးခြင်း နဲ့ ဟေမိုဂလိုဘင်ဓါတ်ပြည့်မပြည့် စစ်လိုက်ရင် ပြောလို့ရပါပြီ။ သို့သော်လည်း ဒီလိုသွေးစစ်ကြည့်ရုံလောက်နဲ့တော့ ဘာကြောင့်သွေးအားနည်းရလည်းဆိုတဲ့ အဓိကလက်သည်ကို မသိနိုင်ပါဘူး။

တခါတလေတော့လည်း သွေးအားနည်းရခြင်းရဲ့ အကြောင်းဟာ ကွင်းကွင်းကြီးပေါ်နေတတ်ပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်၊ ဒါမှမဟုတ် ရာသီသွေးပေါ်များခြင်း စတာတွေပေါ့။ ဒီလိုဆိုရင်တော့ သွေးအားနည်းရခြင်း အကြောင်းအရင်းကို တခြားထူးထူးထွေထွေရှာမနေတော့ပဲ သံဓါတ်ပါဝင်သော သွေးအားဖြည့်ဆေး ကလေးတွေ ပေးကြည့်ပါတယ်။ အကယ်လို့ သွေးအားနည်းရခြင်း အကြောင်းကို တိတိပပမသိဘူးဆိုရင်တော့ သေသေချာချာ စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။ တချို့သော သွေးအားနည်းရခြင်းတွေရဲ့ အခြေခံအကြောင်းဟာ မထင်မှတ်ပဲ ဆိုးဝါးနေနိုင်ပါတယ်။ ဥပမာ သွေးကင်ဆာလိုဟာမျိုးပေါ့။

သွေးအားနည်းခြင်းကို ကုသခြင်းတွေမှာလည်း လူနာပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ သံဓါတ်ပါသော သွေးအားဖြည့်ဆေး (သွေးအားတိုးဆေး ဆိုတဲ့ အခေါ်အဝေါ်ကို မသုံးပါနှင့်) များဖြင့်ကုခြင်းဖြစ်ပါတယ်။ တစ်ခု သတိထားရမှာက သွေးအားဖြည့်ဆေး သောက်ရင် စသောက်ပြီး ရက်ပေါင်း ၃၀ လောက် အကြာမှာမှ စတင်သိသာလာမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ပုံမှန် သွေးနီဥ ပြုလုပ်ချိန်ဟာ အနည်းဆုံး ရက် ၃၀ ကြာလို့ပါပဲ။ သွေးအားအရမ်းနည်းနေတဲ့သူ ဆိုရင်တော့ သွေးသွင်းကုသခြင်းမျိုးနဲ့ စရပါတယ်။

သံဓါတ်ချို့တဲ့ခြင်းကြောင့်မဟုတ်တဲ့လူတွေဆိုရင်တော့ သက်ဆိုင်ရာ ဗိုက်တာမင်ဆေးများပေးခြင်း ဖြစ်ပါတယ်။ ရံဖန်ရံခါလည်း အခြားရှုပ်ထွေးသော ကုထုံးများဖြင့်လည်း လိုအပ်ရင် ကုကြပါတယ်။


Ref: http://www.patient.co.uk/showdoc/23068888/

Friday, June 13, 2008

အဆစ်အမြစ် ယောင်ခြင်း နာခြင်း

အင်္ဂလိပ်လို Arthritis ဆိုတဲ့စကားဟာ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း နဲ့ ယောင်ကိုင်းလာခြင်း စတာတွေ အားလုံးကို ယေဘူယျခြုံပြောလိုက်တာပါ။ တဆစ်ပဲနာနာ နှစ်ဆစ်ပဲနာနာ အဆစ်နာရောဂါပါပဲ။ ဆရာဝန်များ ယခုအချိန်ထိ ရှာဖွေတွေ့ရှိထားသလောက်ဆိုရင်တော့ အဆစ်နာရောဂါပေါင်းဟာ ၁၀၀ ကျော်ကျော်ရှိပါသတဲ့။ အဆစ်နာရောဂါဟာ ဘယ်လောက်အဖြစ်များသလဲဆိုရင် ကမ္ဘာပေါ်က လူ ၅ ယောက်မှာ ၁ ယောက် နှုန်းဖြစ်နေပါတယ်။ အဆစ်နာအမျိုးပေါင်း ၁၀၀ ကျော်ထဲက အဓိက ဖြစ်လေ့ရှိတာကတော့ Osteoarthritis လို့ခေါ်တဲ့ ပွန်းစားအဆစ်နာဖြစ်ပြီး နောက်တစ်ခုကတော့ မြန်မာပြည်မှာ သိပ်တွေ့ရလေ့မရှိသော်လည်း အနောက်တိုင်းအဖြစ်များတဲ့ Rheumatiod arthritis ခေါ် သွေးလေးဖက်နာပဲဖြစ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ အဆစ်နာရောဂါကို လုံးဝပျောက်ကင်းအောင်ကုလို့ရတဲ့ ဆေးမရှိသေးပါဘူး။ ဆေးဝါးလေးနဲ့ နဲနဲထိန်း၊ တဖက်ကလည်း လေ့ကျင့်ခန်းလေး ဘာလေးလုပ် စသည်ဖြင့်တော့ အဆစ်နာခြင်းကို သက်သာအောင် ကြံဖန်လုပ်နေကြရတာပါပဲ။ အဲဒီအထဲမှာမှ ကျန်းမာရေးအသိရှိခြင်း နဲ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းတို့ကလည်း အင်မတန်အရေးကြီးပါတယ်။


အဆစ်နာခြင်းရဲ့လက္ခဏာများ

အဆစ်နာခြင်းဟာ ကျားမ မရွေး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ သို့သော် တချို့သော အဆစ်နာရောဂါတွေကတော့ ဒုတိယအရွယ်နဲ့ တတိယအရွယ်တွေမှာ ပိုအဖြစ်များကြပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ -

- အချိန်ပြည့် အဆစ်ထဲမှ ကိုက်ခဲနေခြင်း နှင့် လှုပ်ရှားမှုပြုသည့် အခါ ပိုဆိုးဝါးစွာနာခြင်း
- အဆစ်နှင့် အနီးတ၀ိုက်တွင် ယောင်ခြင်း၊ တောင့်ခြင်း၊ နီခြင်း၊ ပူခြင်း
- အဆစ်ကို ပုံမှန်အတိုင်း ကွေး ဆန့် မရတော့ခြင်း
- အဆစ် ၏ ပုံသဏ္ထာန် ပျက်ယွင်းသွားခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အဖျားတက်ခြင်း
- အကွေးအဆန့်ပြုလုပ်ရာတွင် အဆစ်အတွင်းမှ ပုံမှန်မဟုတ်သော အသံများထွက်ခြင်း စသည်တို့ပဲဖြစ်ကြပါတယ်။ ဒီရောဂါလက္ခဏာတွေကို တချို့က လေးဖက်နာလက္ခဏာတွေလို့ သတ်မှတ်ပြီး ရောဂါကိုလည်း လေးဖက်နာရောဂါလို့ နာမည်တပ်ကြပါတယ်။ တကယ်ကတော့ လေးဖက်နာရောဂါဆိုတာ အဆစ်နာရောဂါတွေထဲက အချို့ပါပဲ။


အဆစ်ဆိုတာဘာလဲ

အရိုးနှစ်ခုဆက်တဲ့နေရာဟာ အဆစ် ပေါ့လို့ လွယ်လွယ်ပြောရင်ရပါတယ်။ အဆစ်တစ်ခု လှုပ်ရှားနိုင်ဖို့ ဘာတွေပါရသလဲ ဆိုတာတော့ သိထားရင် ပိုကောင်းပါတယ်။

- Muscles ကြွက်သားများ - အဆစ်ဖြစ်ပေါ်စေသည့် အရိုးများနှင့် ဆက်နွယ်နေသည့် ကြွက်သားများသည် လှုပ်ရှားမှု အတွက် အရေးကြီးပါသည်။
- Tendons အရွတ်များ - ကြွက်သားများ နှင့် အရိုးများကို ဆက် ထားသော အရာကို အရွတ် ဟုခေါ်သည်။
- Ligaments အကြောများ - သည် အရိုးတစ်ခုနှင့် တစ်ခု အလွယ်တကူ ပြုတ်မထွက်သွားရန် တွဲဆက်ထားပေးသည်။
- Cartilage အရိုးနု - များသည် အရိုး တစ်ခုနှင့်တစ်ခု တိုက်ရိုက်ထိတွေရာတွင် ပွန်းစားမှုသက်သာစေသည်။
- Synovial membrane - အဆစ်အတွက် သဘာဝချောဆီ ကိုထုတ်ပေးသည်။
- Bursa - ကြွက်သားအချင်းချင်း အကြား၊ ကြွက်သားနဲ့ အရိုးကြား အကြားလှုပ်ရှားမှုကောင်းစေသည်။


အဆစ်နာရခြင်း အကြောင်း

အပေါ်မှာပြောခဲတဲ့ အဆစ်တစ်ခုမှာပါတဲ့ ပစ္စည်းတွေ တစ်ခုခုဖြစ်ရင် အဆစ်နာတော့တာပါပဲ။ သွေးလေးဖက်နာရောဂါ Rheuamtiod arthritis မှာဆိုရင် အဆစ်အမြှေးပါးယောင်လို့ဖြစ်တာပါ။ Ankylosing spondylosis ဆိုရင်တော့ ခြေဖနောင့်နဲ့ ခါးဆစ်တွေမှာရှိတဲ့ အရိုးနဲ့ ဆက်နေတဲ့ အရွတ်တွေ ယောင်လို့ဖြစ်တာပါ။ အဆစ်အတွင်း ပုံဆောင်ခဲ အနယ်ကျခြင်းကြောင့်ဖြစ်တဲ့ရောဂါကိုတော့ ဂေါက်ရောဂါလို့ အသိများကြပါတယ်။ အဆစ်တစ်ခုခုထဲကို အခန့်မသင့်ပဲ ရောဂါပိုးဝင်သွားခြင်းကြောင့်လည်း အဆစ်နာနိုင်ပါတယ်။ အရိုးနှစ်ခု တိုက်ရိုက်မထိတွေ့ရအောင် ကြားခံထားပေးတဲ့ အရိုးနုတွေ ကာလကြာမြင့်သည်နှင့်အမျှ ပွန်းစားသွားသောကြောင့် ဖြစ်ရတဲ့ ပွန်းစားအဆစ်နာရောဂါကတော့ အဖြစ်အများဆုံးပါပဲ။ ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း၊ အခြားသော အကြောင်းများကြောင့် သော်လည်းကောင်း အဆစ်နာခြင်းများဖြစ်တတ်ပါသေးတယ်။


အဆစ်နာကုထုံးများ

တစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်းမတူသလို ကုထုံးများလည်း ကွဲပြားကြပါတယ်။ တစ်ယောက်ထဲတောင် တစ်ရက်နဲ့ တစ်ရက် ရောဂါလက္ခဏာ အပြင်းအပျော့ခြင်း တူချင်မှတူမှာပါ။ ကုထုံးတွေလည်း အမျိုးမျိုး အဖုံဖုံ ရှိပါတယ်။

- လေ့ကျင့်ခန်းကုထုံး - အလေးမခြင်း၊ ရေပူနှင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ ထိုက်ချိ
- အပ်စိုက်ကုခြင်း
- အထောက်အကူပစ္စည်းများ သုံးပြီးကုခြင်း
- တရားထိုင်ခြင်း
- ဆေးဝါးများ အကူအညီယူခြင်း - အကိုက်အခဲပျောက်ဆေး၊ လေးဖက်နာဆေး စသည်တို့ဖြစ်ပါတယ်။
(ဆေးဝါး အမည်များကိုတော့ မဖေါ်ပြတော့ပါ။)

အဆစ်နာအတွက်ဆေးဝါးများသောက်မည်ဆိုပါက နီးစပ်ရာဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာ သောက်ရန်ဖြစ်ပါတယ်။


နိဂုံးချုပ်

အဆစ်နာအကြောင်း အရှည်ကြီးပြောခဲ့ပြီးပြီ။ မမေ့ရမယ့် အချက်ကလေး ၃ချက်ပဲရှိပါတယ်။

- အဆစ်နာ ဆိုတာ အဆစ်နာတဲ့ ရောဂါအကုန်လုံးကို ယေဘူယျခြုံခေါ်ထားတာပါ။ (လေးဖက်နာဆိုတာက အဆစ်နာရောဂါရဲ့ အစိတ်အပိုင်းလေး တစ်ခုပါ။ ကျနော်တို့မြန်မာ အများစုက အရိုးအဆစ်နာပြီဆိုရင် လေးဖက်နာလို့ လွယ်လွယ်ခေါ်ချင်ကြပါတယ်။ လေးဖက်နာကို ဆရာဦးချစ်စိုးက ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ စသည်ဖြင့် ခွဲပြဘူးပါတယ်။)
- အဆစ်နာအမျိုးပေါင်း ၁၀၀ကျော်ရှိပါတယ်။
- အဆစ်နာအများစုမှာ နာကျင်ကိုက်ခဲတဲ့ အဆစ်ကို ငြိမ်ငြိမ်လေးထားမယ့် အစား လှုပ်လှုပ်ရှားရှားလုပ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ နောင်တစ်ချိန် အဆစ်တောင့်ခဲသွားခြင်းနဲ့ ကြွက်သားသိမ်သွားခြင်းတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Thursday, June 12, 2008

စိတ်ကျခြင်း

စိတ်ကျခြင်း (Depression)
(www.crystalrays.net မှ ကိုMonster ရဲ့ပိုစ့်ကို ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။)

လူအများစုဟာ ဘ၀တစ်သက်တာမှာ တစ်ခါတစ်ရံစိတ်ဓာတ်ကျဆင်းတာနဲ့ ကြုံရတတ်ပါတယ်။ အဲဒီစိတ်ဓာတ်ကျဆင်းတာဟာ တာရှည်သွားရင် ဒါမှမဟုတ် အလွန်ဆိုးရွားသွားရင် ရောဂါရသွားတတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက ဥပမာ မိသားစုဝင်တွေ ဒါမှမဟုတ် ရင်းနှီးတဲ့မိတ်ဆွေတွေ သေဆုံးသွားတာ၊ အလုပ်မှာ အဆုံးအရှုံးများတာတွေ ရှိတတ်ပေမယ့် တစ်ခါတစ်ရံမှာ သိသာတဲ့အကြောင်းရင်း မရှိတတ်ဘဲ စိတ်ကျတဲ့လက္ခဏာ ပြတတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လူသားအားလုံးရဲ့ ၂%ဟာစိတ်ကျရောဂါခံစားရပြီး ဆေးဝါးကုသခံနေရပါတယ်။ အသက် ၂၀ နဲ့ ၄၅ နှစ်အရွယ်အတွင်း အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။

ရောဂါလက္ခဏာ
- ပုံမှန်လုပ်နေကျလုပ်ငန်းတွေကို စိတ်ဝင်စားမှုနည်းခြင်း
- အရည်အချင်းမရှိသလို ခံစားရခြင်း
- အလုပ်တွင် လုပ်ဆောင်ချက် မကောင်းခြင်း
- အကြောင်းမရှိဘဲ မကြာခဏ ငိုခြင်း
- အစာစားချင်စိတ် မရှိခြင်း၊ စိတ်ဝင်စားမှုမရှိခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊
- အိပ်ရေးပျက်ခြင်း၊ နံနက်စောစော အိပ်ရာမှ နိုးနေခြင်း၊ ပြန်အိပ်လို့ မရခြင်း
- စိတ်နေစိတ်ထား ပြောင်းလဲလာခြင်း
- သိပ်ဆိုးရွားလာပါက မိမိကိုယ်ကို သတ်သေခြင်း

ရောဂါကြာချိန်
ရက်အနည်းငယ်မှ လပေါင်းများစွာထိ တာရှည်တတ်ပါတယ်။ ဖြစ်စမှ ရောဂါဆိုးလာတယ်လို့ ထင်ရပေမယ့် လူနာအများစုဟာ ကုသမှုမခံယူဘဲနဲ့တောင် ရောဂါသက်သာသွားတတ်ပါတယ်။

ဘာကြောင့်ဖြစ်သလဲ
- ဘ၀မှာ ကြီးမားတဲ့ပြောင်းလဲမှုတွေကြောင့် ဥပမာ လင်မယားကွဲတာ၊ အလုပ်ပြုတ်သွားတာ၊ မိသားစုဝင်တွေ သေဆုံးသွားတာ။
- တချို့ရောဂါများ ဥပမာ လေဖြတ်တာ၊ ဗိုင်းရပ်စ်ပိုးဝင်တာ၊ ဂျွတ်ပွေး (Psoriasis)၊ ရေယုန်။
- ဟော်မုန်း မညီမျှမှု၊ ဥပမာ ဓမ္မတာ မပေါ်ခင်၊ ကလေးမွေးပြီး၊ မီးယပ်သွေးဆုံးချိန်။
- တချို့ဆေး (ဥပမာ အိပ်ဆေး၊ သန္ဓေတားသောက်ဆေး။)
- ဦးနှောက်အတွင်း ဓာတုပစ္စည်း (Biochemical) မညီမျှမှု။
- အားနည်းခြင်း၊ မတည်ငြိမ်ခြင်း (မိဘနဲ့သားသမီး ဆက်ဆံရေး မပြေပြစ်ခြင်း)

အိမ်မှာ ဘယ်လိုကုမလဲ
- ဝေဒနာခံစားရသူတွေ ပုံမှန်အနေအထားပြန်ရောက်အောင် အားပေးခြင်း။
- စိတ်ဓာတ်ကျနေသူကို ချစ်ခင်နေကြောင်းနဲ့ သူ့ကို လိုအပ်ကြောင်း ပြောပြပါ။
- အလုပ်မှ ခေတ္တနားပြီး ခရီးထွက်ခိုင်းပါ။
- ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်မှ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးပါတယ်။
- အရက်မသောက်ပါနဲ့။
- စိတ်ဖြေလျှော့တာတွေ လုပ်ပေးပါ။ ဟာသရုပ်ရှင်ကြည့်တာ၊ ရယ်မောစရာ စာအုပ်ဖတ်တာတွေ လုပ်ပါ။
- သင်နဲ့ နီးနီးကပ်ကပ်နေသူတွေမှာ စိတ်ဓာတ်ကျနေတယ်လို့ သံသယရှိခဲ့ရင် သူရဲ့ပြဿနာတွေ နားထောင်ပေးပြီး သူ့ကို အကြံဉာဏ်ပေးပါ။

ဆရာဝန်ကို ဘယ်အချိန်ပြမလဲ
- ရောဂါဖြစ်တာ နှစ်ပတ်ကျော်နေပြီး သက်သာမှုမရှိခဲ့ရင်
- ဝေဒနာခံစားရသူရဲ့ ကျန်းမာရေး ချို့ယွင်းလာရင်
- ဝေဒနာခံစားရသူကို နှစ်သိမ့်မှု မပေးနိုင်ရင်
- မိမိကိုယ်မိမိ သတ်သေနိုင်တယ်လို့ ထင်မြင်ခဲ့ရင်

ဆရာဝန် ဘာလုပ်ပေးမလဲ
- လူနာရဲ့ရာဇ၀င်ကို သေသေချာချာ မေးမြန်းပြီး ပြဿနာကို ဖြေရှင်းပေးပါမယ်။
- စိတ်ဓာတ်ကျပျောက်ဆေး (Anti-depressants) တွေ ပေးမယ်။
- ဝေဒနာသိပ်ဆိုးတယ်လို့ထင်ရင် စိတ်ရောဂါကုဆရာဝန်ထံ လွှဲပေးမယ်။

Thursday, June 5, 2008

ဟောက်ခြင်းအကြောင်း

ဟောက်ခြင်း။

ဟောက်ခြင်းသည် အိပ်နေစဉ် ပါးစပ်နှင့် နှာခေါင်းတို့မှ ထွက်ပေါ်လာသော အသံဖြစ်ပါသည်တဲ့။ ဘာကြောင့်ဖြစ်ရသလဲဆိုတာကတော့ အိပ်နေတုန်း အသက်ရှူတဲ့ အခါ ရှူသွင်း ရှူထုတ်သော လေလမ်းကြောင်း ရှင်းရှင်းလင်းလင်း မရှိလို့ပါပဲ။ ရှင်းရှင်းလင်းလင်းမရှိတဲ့ လမ်းကြောင်းမှာသွားရတဲ့လေဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း စတာတွေရဲ့ နံရံတွေကို တိုက်ခတ်တုန်လှုပ်စေခြင်းဖြင့် ဟောက်တဲ့ အသံတွေထွက်လာရတာပါ။ လေလမ်းကြောင်းပိတ်ဆို့ခြင်းဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း တလျှောက် အသားပို အဆီပိုတွေများနေခြင်း နဲ့ သက်ဆိုင်သလို၊ လူရဲ့ အိပ်တဲ့ပုံစံအနေအထား၊ အခြားရောဂါရှိမရှိနဲ့လည်း ဆိုင်ပါတယ်။

အများသိကြတဲ့အတိုင်း ဟောက်တဲ့သူအတွက် ဟောက်ခြင်းဟာ တော်ရုံ ဒုက္ခပေးလေ့မရှိပါဘူး။ သူဟောက်တတ်တယ်ဆိုတာတောင် သူ့ကိုယ်သူ သိချင်မှသိမှာပါ။ အဲ.. ဒုက္ခရောက်တာကတော့ သူ့ရဲ့ အိမ်ထောင်ဖက်၊ မိသားစု၊ အိမ်နီးနားချင်းစတာတွေပေါ့ဗျာ။ ကိုယ်ကလည်း အိပ်မပျော်တဲ့ညမှာ ဟောက်တတ်တဲ့သူက ဘေးမှာဆိုရင်တော့ .. ခံစားရပြီပေါ့။

ဟောက်ခြင်းထက် တဆင့်ပိုလာရင်တော့ အိပ်နေစဉ်လေငတ်ခြင်း Sleep Apnoea ဖြစ်တတ်ပါတယ်။ ဒါကတော့ တော်တော်ဆိုးပါတယ်။ ကျဉ်းကျဉ်းကျပ်ကျပ် အသက်ရှူလေလမ်းကြောင်း နဲ့ အားပါးတရဟောက်ပြီး အသက်ရှူနေရတဲ့ အချိန်မှာ အခန့်မသင့်ရင် လေလမ်းကြောင်းလုံးဝ ပိတ်သွားတတ်ပါတယ်။ ဒီလိုအချိန်မှာဆိုရင် ဟောက်တဲ့သူဟာ အသက်ရှူ စက္ကန့်ပိုင်းလောက် ရပ်ရပ်သွားပါတယ်။ တခါတလေ အသက်ရှူရပ်ပြီးလန့်နိုးပါတယ်။ ခဏခဏ လန့်လန့်နိုးလို့ နောက်ဆို အဲသလို နိုးတာကိုတောင် သတိမထားမိနိုင်တော့ပါဘူး။ သူ့ဖာသာမသိပဲ တစ်ညလုံး ဟောက်လိုက်၊ အသက်ရှူရပ်လိုက်၊ လန့်နိုးလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် ဟောက်တဲ့လူ တချို့ ဆို ဘယ်တော့မဆို အိပ်ရေးမ၀ ဖြစ်နေပြီး နေ့ခင်းဖက်လည်း တချက်တချက် ငိုက်ငိုက်သွားတတ်ပါတယ်။

ဘယ်သူတွေဟောက်ကြလဲ။
သာမန်လူတွေရဲ့ ၅၀% လောက် ဟောက်တတ်ကြပါတယ်။ ၂၅% ကတော့ ပုံမှန် ဟောက်သူများဖြစ်ကြပါတယ်တဲ့။ ကဲ.. ဟောက်တဲ့သူများ အားမငယ်ကြပါနဲ့။

ဟောက်ခြင်းရဲ့အနုပညာ။
တစ်ယောက်နဲ့တစ်ယောက် ဟောက်တာခြင်းမတူကြပါဘူး။ ကျနော်ကတော့ Soundbox ဆိုက်ကွာလို့ထင်ပါတယ်။ အသံ အတိုးအကျယ်အပြင်၊ အနုအကြမ်းလည်း ကွာပါတယ်။ အတက် အဆင်းလဲရှိပါတယ်။ ဂီတလိုပြောရရင် Crescendo, Descendo ဖစ်ပါတယ်။Timing လည်းကွာပါတယ်။ ဟောက်တဲ့ အသံကိုသေသေချာချာ လိုက်နားထောင်ရင်Human Beatbox (Classical) ဖြစ်ပါတယ်။

ဟောက်ရာကနေ အပေါ်မှာပြောခဲ့သလို အသက်ရှူရပ်ရပ်သွားတဲ့ Obstructive Sleep Apnoea (OSA) အဆင့်ကိုရောက်နေပြီဆိုရင်တော့ အရေးကြီးလာပါပြီ။ ဆရာဝန်နဲ့ပြသင့်ပါပြီ။

ဘာကြောင့်ဟောက်တာလဲ။
လူတစ်ယောက် အိပ်ပျော်သွားတဲ့ အချိန်မှာ ပုံမှန်တင်းနေတဲ့ ကြွက်သားတွေဟာ ယေဘူယျအားဖြင့် လျော့သွားပါတယ်။ အာခေါင်၊ လည်ပင်း၊ နှာခေါင်း စသည် အသက်ရှူလမ်းကြောင်းတစ်လျှောက် ကြွက်သားတွေ လျော့ရဲသွားခြင်းကြောင့် လေရှူသွင်း ရှူထုတ်တဲ့ အခါ ကြွက်သားနံရံတွေကို တုန်ခါမှုတွေဖြစ်စေပါတယ်။ ရူပဗေဒမှာ ပြောသလိုပါပဲ တုန်ခါမှု = အသံ။

ဝသောသူများမှာ အသက်ရှူလမ်းကြောင်း တလျှောက်အသားပိုအဆီပိုများ စုလာခြင်းကြောင့် လေလမ်းကြောင်းပိုကျဉ်းပါတယ်။ ဒါကြောင့်ပုံမှန်သူများထက် ပိုဟောက်နိုင်ပါတယ်။

အသက်ကြီးသူများကတော့ ကြွက်သားများပိုမို လျော့ရဲတဲ့ အတွက် ပိုဟောက်ကြပါတယ်။

အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းကြောင့်လည်း အိပ်ပျော်နေစဉ် ကြွက်သားများပိုမိုလျော့ရဲပါတယ်။

ပက်လက်အိပ်သူများကျတော့ လျှာက အနောက်ကို ပျော့ကျပြီး အသက်ရှူလမ်းကြောင်းကို သွားဖိထားသလိုဖြစ်လို့ အသက်ရှူလမ်းကြောင်း ကျဉ်းပြီးဟောက်ပါတယ်။

အအေးမိ၊ နှာစေး၊ နှာခေါင်းပိတ်နေသူများလည်း အသက်ရှူရခက်ခဲလို့ ဟောက်ပါတယ်။

ပုံမှန် ဆေးလိပ်သောက်ရင် အသက်ရှူလမ်းကြောင်းနံရံများ ယောင်နေတတ်ပါတယ်။ ဒီအခါမှာ လေလမ်းကြောင်းကျဉ်းသွားစေပြီး ဟောက်နိုင်ပါတယ်။

ရုပ်ခန္ဓာချို့ယွင်းချက်အရ အသက်ရှူလမ်းကြောင်းပုံမှန်မဟုတ်သူများ၊ အာသီးယောင်သူများ၊ အာသီးကြီးသူများ၊ အာခေါင်စောက် တိမ်သူများ လည်းဟောက်ကြပါတယ်။

ဘယ်လိုကုကြမလဲ။
ဟောက်ခြင်းအတွက် ဥုံဖွ ကုထုံးမရှိပါဘူး။ လူတွေကတော့ အမျိုးမျိုး စမ်းလုပ်ကြည့်နေကြတာပါပဲ။ အဒိကလုပ်ရမှာတွေကတော့ -

၁။ ၀နေရင် ၀ိတ်ချပါ။ ပုံမှန်ဆိုရင်တော့ ထိန်းထားပါ။
၂။ ကာယလေ့ကျင့်ခန်းများပုံမှန်လုပ်ပြီး တစ်ကိုယ်လုံးက ကြွက်သားများ တောင့်တင်းနေရန် လုပ်ပါ။
၃။ ပက်လက်အိပ်မယ့်အစား ဘေးစောင်းအိပ်ပါ။
၎။ အိပ်ခါနီး အရက်သောက်ခြင်းကိုရှေုာင်ပါ။
၅။ ဆေးလိပ် ဖြတ်ပါ၊ မဖြတ်နိုင်သေးရင် လျှော့ပါ။

နှာစေးပြီး နှာခေါင်းမပိတ်ပါစေနဲ့။ နှာခေါင်းပိတ်နေပြီး ပါးစပ်နဲ့ အသက်ရှူခြင်းမလုပ်ပါနဲ့။ နှာခေါင်းပွင့်အောင် ပရုတ်ဆီ၊ ယာပန်းဆီ ရှူခြင်းလုပ်ပါ။ ယာပန်းဆီ တစက် နှစ်စက် ခေါင်းအုံးတွင်ဆွတ်ထားပါ။ နှာခေါင်းပိတ်ခြင်းအတွက် နှာခေါင်းထဲ ပန်းဆေးများကို အသုံးပြုနိုင်ပါတယ်။ မြန်မာပြည်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ်။

ဘယ်နည်းနဲ့မှ မရရင်တော့ ဆရာဝန်နဲ့ပြပါတော့။ တခါတလေ ဟောက်ခြင်းအတွက် ခွဲစိတ်မှု တောင်လုပ်ရင် လုပ်ရတတ်ပါတယ်။

နောက်ဆက်တွဲများ။
သာမန်ဟောက်ခြင်းကတော့ ညညကျ မိန်းမ ထထဆိတ်ခြင်း ခံရတာကလွဲလို့ ပြဿနာ အထူးအထွေမရှိပါ။ ဒါပေမယ့် အသက်ရှူရပ်ရပ်သွားတဲ့ Obstructive Sleep Apnoea ဆိုရင်တော့ အိပ်ရေးမ၀ခြင်း၊ နေ့ဖက်အိပ်ငိုက်ခြင်းတွေအပြင် မကုသပဲထားမယ်ဆိုလျှင် သွေးတိုး၊ နှလုံး၊ လေဖြတ် ရောဂါတွေ နောက်ဆက်တွဲ ဖြစ်တတ်ပါတယ်။ မပေါ့ပါနဲ့၊ အရေးကြီးပါတယ်။


Original content http://cks.library.nhs.uk/patient_information_leaflet/snoring

Tuesday, June 3, 2008

Premature Ejaculation အချိန်မတန်ပဲ သုက်လွှတ်ခြင်း

PE လို့ အတိုကောက်ခေါ်ကြတဲ့ အချိန်မတန်ပဲသုက်လွှတ်ခြင်း ဆိုတဲ့ရောဂါဟာ ယောက်ျားတွေမှာ အများဆုံးတွေ့ရတဲ့ လိင်မှုဆိုင်ရာ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အတွက် မိမိ(သို့)အဖေါ် ၏ ဆန္ဒမပါပဲ စောလွန်လျှက် သုက်ထွက် သွားခြင်းဖြစ်ပါတယ်။ ဘယ်လောက်စောစော လွတ်ထွက်သွားကြသလဲကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တစ်ချို့ဆိုရင် Foreplay ကနဦးပွတ်သပ်မှုပြုစဉ်မှာပင် သုက်လွှတ်ခြင်းဖြစ်တတ်ကြသလို ထိထွက်၊ တေ့ထွက်၊ တပ်ထွက် စသည်စသည် အဆင့်ဆင့် လူအမျိုးမျိုး ကွဲကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ချိန်ခါမဟုတ်ပဲ မိုးရွာလိုက်ရင်တော့ နှစ်ဦးနှစ်ဖက် အနည်းနဲ့အများတော့ မျက်နှာပျက်ရဖွယ်ရှိပါတယ်။

ဒီလိုမျိုး ကိုယ့်ကိုယ်ကို မထိန်းနိုင်ခြင်းမျိုးဟာ ရံဖန်ရံခါတော့ သာမန်ယောက်ျားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဥပမာ ပထမဆုံးအကြိမ်ဆက်ဆံခြင်းမျိုး၊ မဆက်ဆံဖြစ်တာအတော်ကြာမှ ပြန်ဆက်ဆံခြင်းမျိုး စတာတွေမှာလည်း ကိုယ့်ကိုယ်ကို ထိန်းမနိုင် ဖြစ်တတ်ပါတယ်။ တခါတလေ ဖြစ်လေ့ရှိတာက ပုံမှန်ပါပဲ။ အမြဲတမ်း အချိန်မကျပဲ မိုးထထ ရွာနေမှသာလျှင်
PE လို့ခေါ်ပါတယ်။

အချိန်မကျပဲသုက်လွှတ်ခြင်းဟာ ရှင်းရှင်းပြောရရင်တော့ စိတ် ကြောင့်ပါပဲ။ ရုပ်ခန္ဓာ မှားယွင်း ချို့ယွင်းနေလို့ ဖြစ်ရခြင်း လုံးဝမဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်ရသလဲလို့ တိတိပပ မပြောနိုင်သေးပေမယ့် အောက်ပါစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ နဲ့ တနည်းနည်း သက်ဆိုင်နေတယ်လို့ လေ့လာတွေ့ရှိကြပါတယ်။

၁။ စိတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်း (အထူးသဖြင့် ငါလုပ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်)
၂။ အငြင်းခံလိုက်မည်ကို စိုးရိမ်နေခြင်း
၃။ (ဒီတစ်ခါလည်း) အောင်မြင်မှာမဟုတ်ပါဘူးကွာ ဟု စစ်မရောက်မီ မျှားကုန်နေခြင်းမျိုး
၎။ လိင်ဆက်ဆံမှုကို ကြောက်ရွံနေခြင်း (ငါနာမှာလား)
၅။ ကလေးဘ၀တွင် လိင်နှင့်ပါတ်သက်သော အရိပ်တစ်ခုခု စိုးမိုးနေခြင်း
၆။ ဘာသာရေးယုံကြည်မှု
၇။ စိတ်ဖိစီးမှု
၈။ မိမိ၏ အဖေါ်နှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်နေချိန်များ .. ဒါတွေပဲဖြစ်ပါတယ်။


ရောဂါကုထုံးတွေကတော့ အမျိုးမျိုးရှိကြပါတယ်။ လေ့ကျင့်ခန်းကုထုံး၊ စိတ်ကုထုံး၊ ဆေးဝါးကုထုံး စတာတွေဖြစ်ပါတယ်။ ကုထုံးတွေထဲက အသုံးအများဆုံးကတော့ ကမ္ဘာကျော်လိင်သုသေတီတွေဖြစ်ကြတဲ့ မာစတာနဲ့ဂျွန်ဆင်တို့ရဲ့ “ကိုယ်တိုင်ရပ်” လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ကိုယ့်ဖာသာကိုယ်သိသော မိုးရွာလုရွာခင်အချိန်မျိုးမှာ ဒက်စတော့ ရပ် လိုက်ရမှာပါ။ ကြိမ်ဖန်များစွာ “ကိုယ်တိုင်ရပ်” လေ့ကျင့်ခန်းကို လေ့ကျင့်လိုက်ရင် မိမိကိုယ်မိမိ ဘယ်အချိန်မှာ ဘယ်အခြေအနေ ရောက်နေပြီလည်းဆိုတာ သိနိုင်ပြီမို့ ထိန်းချုပ်ရတာ လွယ်သွားမှာပါ။

နောက်လေ့ကျင့်ခန်းတစ်မျိုးကတော့
Pelvic floor ကြွက်သားလေ့ကျင့်ခန်းဖြစ်ပါတယ်။ ဘယ်ကြွက်သားတွေလည်းဆိုတာ သိချင်ရင်တော့ ဆီးသွားနေရင်းတစ်ဝက်မှာ အတင်းကျုံ့ပြီး ရပ်ထားကြည့်လိုက်ပါ။ အဲဒီအချိန်မှာ ကျုံ့နေတဲ့ ကြွက်သားတွေကိုမှတ်ထားပါ။ အဲဒီကြွက်သားတွေကိုကျင့်ပေးရပါမယ်။ တကယ်ကျင့်ရင်တော့ ဆီးသွားနေတုန်းကျင့်စရာမလိုပါဘူး။ ဆီးအိမ်ထဲဆီးမရှိတဲ့အချိန်ကျင့်ရင်ပိုကောင်းပါတယ်။ ကြွက်သားတွေကို တင်းတင်းကျုံ့ပါ၊ ၁၀ စက္ကန့်ကျုံ့ထားပါ၊ ပြီးလျှင်ကျုံ့ထားတာကိုဖြေလိုက်ပါ။ တစ်ခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။ တစ်ရက်ကို အနည်းဆုံး ၃ကြိမ် (စုစုပေါင်း ကျုံ့ လွှတ် အကြိမ် ၃၀) ရအောင်ကျင့်ပါ။

လေ့ကျင့်ခန်းကုထုံး ပြီးတော့ နောက်ကုထုံးက စိတ်ကုထုံးပါ။ ကျနော်အပေါ်မှာရေးခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာတွေကို သက်သာ ပျောက်ကင်းအောင်လုပ်ဖို့ပါပဲ။ လိုအပ်ရင်တော့ စိတ်ရောဂါအထူးကုနဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။

ဆေးဝါးအကူအညီယူတာလည်းရှိပါတယ်။
SSRI Antidepressant ဆိုတဲ့ စိတ်ကျရောဂါအတွက်ဆေးတစ်မျိုးရဲ့ ဘေးထွက်အကျိုးဟာ သုက်လွှတ်ခြင်းကို နှေးစေပါတယ်တဲ့။


ပြန်ချုပ်ရရင်-
- ဒီရောဂါဟာ ယောက်ျားတွေအတွက် အဖြစ်အများဆုံး လိင်နဲ့ဆိုင်သောရောဂါပါပဲ
- ရံဖန်ရံခါ ထိန်းမရခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်
- လေ့ကျင့်ခန်း၊ စိတ်ကုထုံး၊ ဆေးဝါးတို့နဲ့ကုနိုင်ပါတယ်။

သတိထားရမှာက - PE နဲ့ ပန်းသေ၊ပန်းညှိုးရောဂါနဲ့ မမှားမိဖို့ပါပဲ။