Sunday, August 17, 2008

မိမိကိုယ်ကို လက်ထပ်ခြင်း

အခန်း ၁။

“ရတာပေါ့ကွ”
ခင်မင်ဖွယ်ကောင်းလှသော သင်းအုပ်ဆရာ ဦးဇာတက ပြောလိုက်သော ထိုစကားလုံး လေးလုံးသည် ကျနုပ်၏ ဘ၀ကို တဆစ်ချိုးပြောင်းလဲစေခဲ့သည်။ ထိုကဲ့သို့ မပြောနိုင်မီ သင်းအုပ်ဆရာသည် နှစ်နာရီသာသာမျှ ဘုန်းတော်ကြီး ဖလဲမင်းနှင့် သမ္မာကျမ်းစာပါ အခန်းများကို အနုလုံ ပဋိလုံ အသေးစိတ် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ရသေးသည်။ လီဘီတီးကပ်စ် ခေါ် တတိယမြောက် ဟီဘရူး ကျမ်းစာထဲမှာတော့ ခရစ်ယာန်တွေဟာ ညီမ၊ အဒေါ်၊ အမေ၊ ယောက္ခမ၊ သမီး၊ မြေး စတဲ့သူတွေကို လက်မထပ်ရဘူး လို့ဆိုထားပါရဲ့။ သို့ပေငြားလည်း သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာမှ ကိုယ့်ကိုယ်ကို လက်မထပ်ရဘူးလို့ မတားမြစ်ထားပေဘူး။ ကောင်းလေစွတကား.. ကျနုပ်လုပ်ချင်နေသည်မှာလည်း ကိုယ့်ကိုယ်ကို လက်ထပ်ချင်နေတာလေ။ ကျနုပ်၏ စကားကိုကြားသောအခါ သင်းအုပ်ဆရာ ဦးဇာတက က အဆိုပါ စာလုံးလေးလုံးကို ပြောလေ၏။
“ရတာပေါ့ကွ”

ကြံကြံဖန်ဖန်ပြောကြေးဆိုရင်တော့ သမ္မာကျမ်းစာအုပ်ဟာ မိမိကိုယ်ကိုလက်ထပ်ခြင်းကို သာမက မိမိ၏ အဘေးမ၊ စားပွဲခုံ၊ အလှမွေး ရွှေငါး စတာတွေနဲ့လည်း လက်မထပ်ရဘူးလို့ မတားမြစ်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဘုန်းတော်ကြီး ဖလဲမင်း က သူ၏ ချစ်မြတ်နိုးလှစွာသော ပြင်သစ်အမွေးပွ ခွေးမလေးကို လက်ထပ်ခဲ့မယ်ဆိုရင် ကျနုပ်အနေနဲ့ လုံးဝ အံ့သြခြင်း ဖြစ်မိမှာမဟုတ်ပါဘူး.. ဒါမှမဟုတ် သူ့ရဲ့ သက္ကလပ်စောင်ထူထူကြီးနဲ့ ဆိုရင်လည်းပေါ့.. ဘုန်းတော်ကြီးခမျာ ဒါနဲ့ပဲ တူတူအိပ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့လှပေါ့။

ထားပါတော့လေ.. ကျနုပ်လည်း ကျနုပ်ရဲ့နှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ရတဲ့လူနဲ့ လက်ထပ်မယ့်ကိစ္စကို သင်းအုပ်ဆရာနဲ့ တိုင်ပင်ပြီးစီးခဲ့ပေမယ့်လည်း တခြားအသိပေးရမယ့်သူတွေရှိနေသေးတယ်.. ကျနုပ်ရဲ့ မိဘနှစ်ပါးပဲပေါ့။ နှစ်ပေါင်းနှစ်ထောင်လောက် ခိုင်ခိုင်မာမာ အခြေကျနေပြီဖြစ်တဲ့ ဘာသာရပ် ကိုးကွယ်ယုံကြည်မှုတစ်ခုနဲ့ ကျနုပ်ရဲ့ ဆန္ဒ ရပ်တည်မှုကို ရိုးအလှတဲ့ မိဘနှစ်ပါးနားဝင်အောင်ရှင်းပြရတာ တော်တော်ခက်တာပဲ။

ပြောစတုန်းကတော့ အမေက မယုံကြည်သလို ပေါ့ပေါ့လေးပဲပြန်ပြောပါတယ်။ အမေမှသာမဟုတ်ဘူးလေ ဘယ်သူမှလည်း စကြားကြားချင်း လေးလေးနက်နက် မယုံကြပါဘူး။ ဒီတော့လည်း ကျနုပ်အနေနဲ့ အမေ့ကို ဒီကိစ္စအပေါ် ကျနုပ်ဟာ အလေးအနက် ထားမှန်းသိအောင် သေသေချာချာ ရှင်းပြရပါတော့တယ်။ အဲဒီတော့မှ အမေလည်း သွေးရူးသွေးတန်းနဲ့ မဆီမဆိုင်မေးခွန်းတွေ လျှောက်မေးတော့တယ်။ “နေပါဦး.. ဘာလို့များ လက်ထပ်မလို့လည်း.. ဒီအတိုင်း ကိုယ့်ဖာသာကိုယ်နေလည်း ဖြစ်နေတာပဲဟာ” တို့ “ဒီလိုဆို မင်္ဂလာဆောင်ရင် မင်း ဘယ်လိုဝတ်မှာလည်း” တို့ စတဲ့မေးခွန်းတွေပေါ့။

နောက်ထပ် စိတ်မကောင်းစရာ တစ်ခုကတော့ ကျနုပ်ရဲ့ ကိစ္စဟာ ကျနုပ်ရဲ့ဖခင်ကို ရူးသွပ်စေခဲ့ပါတယ်။ တကယ့်ကို ရူးသွပ်သွားသလိုမျိုးပါ။ သူဟာ ကျနုပ်ရဲ့ မင်္ဂလာပွဲပြီး နှစ်ပေါင်းများစွာတိုင်အောင် ဆောင်းပါးတွေရေးပြီး သတင်းဂျာနယ်၊ စံချိန်မှတ်တမ်း၊ အာကာသထိန်းချုပ်ရေး စတဲ့နေရာတွေကို သူ့ရဲ့စာတွေကို ပို့နေခဲ့ပါတယ်။ သူရေးတဲ့ ဆောင်းပါး အားလုံးမှာ အကြောင်းအရာ တစ်ခုပဲပါပါတယ်.. ဘာလဲဆိုတော့ သူသည် အာကာသထဲမှာ လိင်ဆက်ဆံမှု ပထမဦးဆုံး ပြုလုပ်ဖူးသူဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ တကယ်တော့သူဟာ ဘယ်တုန်းကမှ အာကာသနဲ့ နီးစပ်ဖူးတဲ့သူမဟုတ်ပါဘူး။ အဲ.. အကယ်လို့ တစ်ယောက်ယောက်ကများ အတည်ဖြစ်ဖြစ် နောက်သလိုဖြစ်ဖြစ် နေစမ်းပါဦး.. ဒါဆို ခင်ဗျားကြီးက အာကာသထဲမှာ ဘယ်သူနဲ့များ လိင်ဆက်ဆံခဲ့တာလဲ.. လို့မေးခဲ့ရင်တော့ အဖေဟာ ပြောလက်စစကားကို ခဏလောက်နားလိုက်မယ်.. မေးလာတဲ့သူကို မျက်လုံးကြီးပြူးကြည့်လိုက်မယ်.. ပြီးတော့မှ အင်မတန်ပြတ်သားတဲ့လေသံနဲ့ တစ်လုံးချင်းပြန်ဖြေပါလိမ့်မယ်..
“ငါ့ဖာသာငါပေါ့ကွ”

ကျနုပ်ရဲ့ချစ်လှစွာသော သူငယ်ချင်းတွေအနေနဲ့ ကျနုပ်ရဲ့ အဖြစ်အပျက်ကို စာနာ နားလည်နိုင်မယ်လို့ ယူဆခဲ့ပေမယ့် အထင်နဲ့အမြင် ပါစင်အောင်လွဲခဲ့ပါတယ်။ ကျနုပ်ဟာ သူတို့အတွက် ပျက်လုံးကောင်းကောင်း တစ်ခုသာဖြစ်နေပါတယ်။ သူတို့ဟာ တချက်တချက်တော့လည်း ကူညီကြပါတယ်။ ဒါပေမယ့်လည်း များသောအားဖြင့်.. ဥပမာ မင်္ဂလာပွဲပြီးစအချိန်မျိုးမှာ နာရီပေါင်းများစွာ ကျနုပ်ကို လှောင်ပြောင်ရီမောနေခဲ့ကြပါတယ်။ ကျနုပ်ရရှိခဲ့တဲ့ တချို့သောလက်ဖွဲ့ပစ္စည်းများကတော့ တော်တော့ကို အဓိပ္ပါယ်မရှိတာတွေပါ.. ညစ်ညမ်းပုံတွေပါတဲ့ မဂ္ဂဇင်းတစ်စောင်၊ ပိုးသားလက်အိပ်တစ်စုံ စတာတွေဖြစ်ပါတယ်။ မျက်နှာကြက်မှာ တပ်ရတဲ့ ကြည့်မှန်တစ်ချပ်တောင် ပါလိုက်သေးတယ်။ အဆိုးဆုံးအချက်ကတော့ ဒီကောင်တွေဟာ ကိုယ့်သူငယ်ချင်းရဲ့အရေးကြီးတဲ့ မင်္ဂလာကျမ်းကျိန်ချိန် မှာတောင် အိနြေ္ဒ မဆယ်ကြတာပဲဖြစ်ပါတယ်.. ။ သင်းအုပ်ဆရာဦးဇာတက က..

“သင့်ကိုယ်သင် လင်ယောက်ျားအဖြစ်နဲ့ယူပြီး လက်ထပ်ပြီးချိန်မှာ တပေါင်းတစည်းထဲ နေနိုင်ပါ့မလား.. သင့်ကိုယ်သင်ချစ်ပြီး နူးညံ့ကြင်နာမှုကို ပေးနိုင်ပါ့မလား.. သင်ကိုယ်တိုင်ရဲ့ နာဖျား ကျန်းမာ စတဲ့ ကိစ္စအ၀၀ တို့မှာ သင့်အနေနဲ့ ချီးမြောက်ဆောင်ရွက်ခြင်းပြုနိုင်ပါမည်လား.. သင်အသက်ရှင်နေသရွေ့ သင့်ကိုယ်သင် သစ္စာရှိရှိ ပေါင်းဖက်သွားနိုင်ပါမည်လား..”

လို့ မင်္ဂလာဆောင်တစ်ခုရဲ့ အရေးအကြီးဆုံး အမေးအဖြေပြုလုပ်နေချိန်မှာ လူမှုရေးနားမလည်တဲ့ သူငယ်ချင်းတွေ ခွက်ထိုးခွက်လန်ကို ရယ်ကြပါတယ်။ တစ်ယောက်ဆိုရင် ရှူရှူးတွေတောင် ထွက်ကျကုန်တယ်လို့ နောက်ပိုင်းပြန်ကြားရတယ်။


အခန်း ၂။

လာ့စ်ဗီးဂတ် ကိုသွားခဲ့တဲ့ ကျနုပ်ရဲ့ ပျားရည်ဆမ်းခရီးဟာ ပျော်ရွှင်ဖွယ်အတိပါ။ ကျနုပ်ဟာ ကိုယ့်မှာ ပါလာသမျှ တက်တက်ပြောင်သွားအောင် လောင်းကစားပစ်လိုက်ပေမယ့်လည်း ဘယ်သူကမှ ကျနုပ်ကို နားပူနားဆာလုပ်ခြင်းမရှိပါ။ မင်္ဂလာဦးညက တည်းတာကတော့ လပ်ဆာ ဆိုတဲ့ ကြယ်ငါးပွင့်ဟော်တယ်ရဲ့ အကောင်းဆုံး ပင့်ဟောက်စ် အခန်းမှာလေ။

ကျနုပ်မှာ အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းတွေ တော်တော်များများ ခိုင်ခိုင်လုံလုံကို ရှိပါတယ်။ အမြတ်တော်ကြေး သက်သာချင်တဲ့ အကြောင်းကလွဲရင်ပေါ့။ (စကားမစပ်.. အမြတ်တော်ကြေးဝန်ကို ကျနုပ်ဟာ ကျနုပ်ကိုယ်တိုင်ရဲ့ အိမ်ထောင်ဖက် ဖြစ်တဲ့အကြောင်း တော်တော်အချိန်ယူ ရှင်းပြဖူးသေးတယ်။) ကျနုပ်ဟာ အိမ်ထောင်တစ်ခု ခိုင်မြဲတည်ဆောက်ရေးဆိုတဲ့ အချက်ကို စတင်စဉ်းစားမိကတည်းက ကိုယ်တိုင် တသက်လုံးယုံကြည်ရမယ့် အိမ်ထောင်ဖက်တစ်ယောက်ကို လိုချင်ခဲ့ပါတယ်။ ကိုယ့်ကို စာနာနားလည်နိုင်မယ့်သူ၊ ကိုယ့်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို မချွင်းမချန် တိုင်ပင်လို့ရမယ့်သူ၊ ကိုယ်နဲ့ အမြဲအတူတကွ ရှိနေနိုင်မယ့်သူ စတဲ့လူမျိုးပေါ့။ မိန်းကလေးတွေနဲ့ တွဲခြင်း၊ ရည်းစားသနာထားခြင်း စတာတွေဟာ ကျနုပ်အတွက် အပန်းမကြီးလှပေမယ့် တဖြည်းဖြည်း ခံစားလို့မရတော့ပါဘူး။ ကျနုပ်တစစသိလာတာက ကျနုပ်ရဲ့အိမ်ထောင်ဖက်ဟာ ကျနုပ်ရဲ့ ပတ်ဝန်းကျင်နဲ့ အများကြီးနီးစပ်နေဖို့ လိုတယ်ဆိုတာပဲ။

ကျနုပ်ရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှုဟာ ကျနုပ်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီးပဲဖြစ်ပါတယ်။ ကြည့်လေ.. ကျနုပ်ဟာ အိမ်ထောင်ဖက်နဲ့ တော်ရုံအငြင်းပွားလေ့မရှိပါဘူး.. ကျနုပ်ရဲ့ စကားသည်သာ အတည်ဖြစ်တယ်.. ဒီအိမ်ထောင်မှာ ကျနုပ်သာလျှင် သြဇာတက္ကိမ ရှိသူဖြစ်တယ်..။ ရံဖန်ရံခါတော့လည်း အငြင်းပွားစရာတွေရှိပါတယ်.. ဒါပေမယ့်လည်း ငြင်းတိုင်း ကျနုပ်သာ အမြဲနိုင်ပါတယ်။ အိမ်ထောင်မှု သာယာရေး အပိုင်းဆိုရင်လည်း ကျနုပ်လုပ်သမျှ အတိုင်းသာဖြစ်ပါတယ်.. ပြဿနာမရှိပါ။ စိတ်အနှောက်အယှက် ဖြစ်စရာတွေကတော့ မီဒီယာအုပ်စုပဲဖြစ်ပါတယ်။ ကျနုပ်ထံလာလာပြီး ဒီသာမန်မဟုတ်တဲ့ ပေါင်းသင်းနေထိုင်မှု ပုံစံသစ်ကို လာရောက်ဆွေးနွေး လေ့လာပြီး သူတို့ရဲ့ အပေါစားမီဒီယာတွေမှာ မှတ်ချက်အမျိုးမျိုးနဲ့ ဝေဖန် ရှုံ့ချ လှောင်ပြောင် သရော်ကြပါတယ်။ မဂ္ဂဇင်းတစ်ခုဆိုရင် ကျနုပ်ဟာ ကိုယ့်ကိုယ်ကိုပြန်ချစ်သူ အစွန်းရောက်အတ္တ၀ါဒီ တစ်ဦးအဖြစ်လွန်လွန်ကျူးကျူး ပုတ်ခတ်ရေးသားဖူးပါတယ်။ ကျနုပ်ဟာ ကိုယ့်ကိုယ်ကို ပြန်ချစ်နေသူ တစ်ဦးမဟုတ်ပါ.. ကျနုပ်၏ အိမ်ထောင်ဖက်နှင့် ပျော်ရွှင်စွာ လက်တွဲ နေထိုင်နေသူ တစ်ဦးမျှသာဖြစ်ပါတယ်။


အခန်း ၃။

သက်ရှိသတ္တ၀ါတွေရဲ့ သက်တမ်း တချိန်ချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ ဟော်မုန်းဓါတ် အပြောင်းအလဲကြောင့် ဖြစ်ရတာလို့ထင်ပါတယ်.. ဒါကတော့ အခု ကျနုပ်ဟာ ကျနုပ်ရဲ့ မျိုးဆက်သစ်ကို လိုလားတောင့်တနေပါပြီ။ ကျနုပ်ဟာ သက်ရှိဖြစ်တယ်.. ဒါပေမယ့် သေမျိုးဖြစ်တယ်.. ကျနုပ်မသေခင် ကျနုပ်ရဲ့ မျိုးရိုးဗီဇကို ဆက်လက် ထိန်းသိမ်းသွားမယ့်သူ လိုနေပြီ။ ကျနုပ်အနေနဲ့ အပြန်ပြန် အလှန်လှန် ကောင်းကျိုး ဆိုးကျိုးများကို စဉ်းစားပြီး နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်.. ကျနုပ်၏လက်ရှိ လင်ယောက်ျားနှင့် ကွာရှင်းပြတ်စဲပြီး မိန်းမယူမည် ကလေးမွေးမည် ဖြစ်ပါတယ်။ ကျနုပ်ရဲ့ ခင်မင်လှစွာသော သင်းအုပ်ဆရာ ဦးဇာတက နဲ့တိုင်ပင်သောအခါ ဦးဇာတက က အိမ်ထောင်တစ်ခုကွဲဖို့ဆိုတာ အခုလိုလွယ်လွယ်လေးနဲ့ ချက်ခြင်းလုပ်လို့ရတာမျိုးမဟုတ်ဘူး.. တရားဥပဒေနည်းလမ်းအရ ကွာရှင်းဖို့ အချိန်ယူ လျှောက်ထားရတာ.. လို့ပြောလေသည်။ ထူးဆန်းတဲ့အချက်က ကလေးရလိုခြင်းဟာ ကွာရှင်းဖို့ လုံလောက်တဲ့ အချက်တချက် မဟုတ်ဘူးဆိုတာပဲ။

သင်းအုပ်ဆရာပြောပြတဲ့ တခြားကွာရှင်းဖို့ ရလောက်တဲ့ အခြေအနေတွေကတော့ .. ကျနုပ်ဟာ ကျနုပ်ရဲ့ အိမ်ထောင်ဖက်နဲ့ တစ်နှစ်အတိ လုံးဝ အတူမနေခြင်း (ဒီအချက်အရတော့ ကျနုပ်အတွက် ဆိုရင် ခွဲစိတ်မှုအကြီးစားလုပ်ဖို့ လိုပါလိမ့်မယ်)၊ အိမ်ထောင်ဖက်က မိမိအပေါ် ရက်စက်စွာ ပြုမူဆက်ဆံခြင်း၊ အိမ်ထောင်ဖက် အကျဉ်းထောင် အနည်းဆုံး တစ်နှစ်ကျခြင်း စတာတွေပဲဖြစ်ပါတယ်။ ကျနုပ်ဟာ ကိုယ့်ကိုယ်ကို အညိုအမည်းစွဲအောင် ရိုက်နှက်ညှင်းပန်း နှိပ်စက်ဝံ့ပါမည်လား.. ဒါမှမဟုတ် ထောင်ထဲမှာပဲ တစ်နှစ်လောက်သွားနေရမလား မဝေခွဲနိုင်ဖြစ်နေပါတယ်။ အဲ.. ဒါပေမယ့်လည်းပေါ့ဗျာ.. နောက်ဆုံးတစ်ချက်တော့ ကျန်ပါသေးတယ်.. ဒါကတော့ အိမ်ထောင်ရေး ဖေါက်ပြန်မှုပါပဲ.. ရှင်းရှင်းပြောရရင်တော့ ကျနုပ်ဟာ ကျနုပ်ကလွဲလို့ တခြားလူသား တစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံရမယ်.. ဒါဆိုရင်ပြီးပြီ.. ကွာရှင်းဖို့အတွက် လုံလောက်သွားပါပြီ..။


အခန်း ၄။

ဒီလိုနဲ့ပဲ ကျနုပ်ဟာ ကျနုပ်ရဲ့ လက်ထပ်လက်စွပ်ကို မလုံမလဲချွတ်ထားပြီး ကျနုပ်ရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် အိပ်ဖေါ်တစ်ယောက်ကို ရှာရပါတော့တယ်။ ကျနုပ်ရဲ့ သူငယ်ချင်းများကတော့ ကျနုပ်ကို ရက်ရက်စက်စက် ဝေဖန်ကျပါတယ်.. ကျနုပ်ဟာ အသိဥာဏ်လုံးဝ ကွယ်ပျောက်မသွားသေးခင် နှစ်ကိုယ်ခွဲပြီး ကိုယ့် ကိုယ်ကို ကယ်တင်နေတာပဲလို့ပြောကြပါတယ်။ ကျနုပ်ရဲ့အမေကတော့ ကျနုပ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ လက်ခံပါတယ်။ ကျနုပ်ရဲ့ ဖခင်ကတော့ သူရဲ့ ပြောလက်စ စကားကို ခဏနားလိုက်ပြီး မျက်လုံးပြူးတွေနဲ့ ကျနုပ်ကိုစိုက်ကြည့်ပါတယ်.. ပြီးတော့မှ အသံသေးအသံကြောင်နဲ့ “ငါ့ဖာသာငါပေါ့ကွ” လို့ပြောပါတယ်။ တကယ်ကိုပဲ သူဟာ အာကာသထဲက တခြားကမ္ဘာကိုရောက်နေတာ ဖြစ်နိုင်ပါတယ်။

ကျနုပ်အနေနဲ့ အိပ်ဖေါ်ကို ဒီလောက်မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်ခဲ့မယ်လို့ မထင်ထားဘူး။ အနည်းဆုံးတော့ သူမဟာ လိုလိုလားလား ကျနုပ်နဲ့ အိပ်ရမယ်.. နောက်တချက်က သတင်းစာ ဖတ်လေ့မရှိတဲ့သူဖြစ်ရမယ်.. ဒါမှသာ သတင်းစာတွေထဲကနေတဆင့် ကျနုပ် မင်္ဂလာဆောင်ဖူးကြောင်း မသိနိုင်မှာပေါ့။ ဒီလိုအချက်တွေနဲ့ ပြည့်စုံတဲ့သူကို တော်တော်ရှာရ လိမ့်မယ်လို့ထင်နေတာ နောက်ဆုံးတော့လည်းတွေ့ပါပြီ.. ရိုးရှင်းတဲ့မျက်နှာလေးနဲ့ မလေးရှားမလေးတစ်ဦးပါ။ သူမကို သွေးဆောင်ဖျားယောင်းရတာ ထင်သလောက် မခက်ပါဘူး။ အမှန်အတိုင်းဝန်ခံရရင် အဲဒီညကတော့ တော်တော့ကို စိတ်ပျက်စရာပါပဲ..။ အဲဒီကောင်မလေးဟာ ယောက်ျားတစ်ယောက် နိုးထ အသက်ဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လုံးဝမသိပါဘူး..။ ပြောရရင်တော့ ယောက်ျားတွေနဲ့ ပါတ်သက်ရင် ဒီကိစ္စမှာ ကျနုပ်ဟာ ဆရာတစ်ဆူ ဖြစ်နေပါပြီ။ တဖက်ကနေကြည့်ပြန်ရင်လည်း မလေးရှားမလေးလည်း တော်တော်စိတ်ပျက်မှာပါ.. ဘာလို့လဲဆိုတော့ မိန်းမတွေနဲ့ပါတ်သက်ပြီး ကျနုပ်မှာ ဘာအတွေ့အကြုံမှ မရှိပဲကိုး..။

ဒီအဖြစ်အပျက်အပြီးမှာတော့ ကျနုပ်ရဲ့ ကွာရှင်းပြတ်စဲရေးဟာ တော်တော်လွယ်ကူသွားပါတယ်။ ဘုရားကျောင်းအနေနဲ့လည်း ကျနုပ်ရဲ့ မင်္ဂလာပွဲဟာ အစကတည်းက အမှားကြီးလိုလို ယူဆထားဟန်ရှိပါတယ်.. ဒါကြောင့်လည်း အခုလို ကွာရှင်းတဲ့ကိစ္စကို သိပ်ဂဂျီဂဂျောင်မကျပဲ အဆင်ပြေအောင် လုပ်ပေးလိုက်တာဖြစ်မှာပါ။ ပြတ်စဲကွာရှင်းပြီး ရက်ပေါင်းများစွာတိုင်အောင် ကျနုပ်ဟာ အထီးကျန်နေသလို ခံစားနေရပါတယ်။ အပါတ်စဉ် ပုံမှန် ကြေညာတွေ ပို့နေကျ အိမ်နားက စိတ်ရောဂါအထူးကု ဆီကတောင် ကြေညာအသစ် ထပ်မလာတော့တာလည်း တစ်ချက် အပါအ၀င်ပါ။

ကျနုပ်အတွက် လက်ထပ်မယ့် မိန်းမကိုရှာရတာဟာ ဆယ်စုနှစ်တခု နီးပါးကို ကြာမြင့်သွားပါတယ်။ အရေးကြီးတာက အဲဒီမိန်းမဟာ ကျနုပ်ကိုလက်ထပ်လိုက်ခြင်းဖြင့် လင်မယားနှစ်ယောက်အား တပြိုင်နက် လက်ထပ်လိုက်ရတယ်လို့ အတွေးမျိုး ခံစားချက်မျိုး မရှိသူဖြစ်ရပါမယ်။ ဒါကြောင့်လည်း “ဖွ” ကြတဲ့ မီဒီယာတွေရဲ့ မေ့လောက်တဲ့အချိန်ထိကို စောင့်နေခဲ့ရတာပေါ့။ ဒီကြားထဲမှာတော့ ကျနုပ်ဟာ “မိမိကိုယ်ကို လက်ထပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိတစ်အုပ် ရေးသားခဲ့ပါသေးတယ်။ ကိုယ့်ကိုယ်ကိုလက်ထပ်ခြင်းရဲ့ အသေးစိတ်အချက်များ၊ ကြုံဆုံခဲ့ရတဲ့ ဘ၀ရဲ့ အနိမ့်အမြင့်များ၊ ကျနုပ်နှင့် ကျနုပ်ရဲ့ ယောက်ျားအပေါ် သူတပါးဝေဖန်ချက်များ ကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခြင်း၊ အိမ်ထောင်ရေးသုခ အ၀၀ စတဲ့ အခန်းတွေပါတဲ့ ကျနုပ်ရဲ့စာအုပ်ဟာ အောင်မြင်မှုအတိုင်းအတာ တစ်ခုထိရခဲ့ပါတယ်။ အဓိကအချက်ကတော့ လူတွေဟာ စပ်စပ်စုစု ကျနုပ်ရဲ့ သာမန်မဟုတ်တဲ့ စုံတွဲတတွဲရဲ့ အကြောင်းကို စိတ်ဝင်စားတာပါပဲ။ စာအုပ်ကိုဖတ်ပြီးချိန်မှာတော့ လူတော်တော်များများဟာ ငါဆိုရင်ကော ငါ့ကိုယ်ငါ အိမ်ထောင်ပြုလို့ ဖြစ်နိုင်ပါ့မလား အဆင်ပြေနိုင်မလား ဆိုပြီး လက်ရှိ သမီးရည်းစားများနေရာမှာ မိမိကိုယ်တိုင်အစားထိုးပြီး စဉ်းစားကြပါတော့တယ်။


အခန်း ၅။

ကျနုပ်ကို ပုံတူကူးချတဲ့ လက်ထပ်ခြင်းတွေကိုတော့ တစ်ခါမှ မကြားဖူးသေးပါဘူး။ မီဒီယာလောကသားတွေရဲ့ စိတ်ဝင်စားမှု လျော့ကျသွားတာလား.. ဒါမှမဟုတ် ဘုရားကျောင်းကပဲ ဒီလိုအဖြစ်အပျက်အလွဲမျိုး နောက်တစ်ခါ ထပ်ဖြစ်ခွင့် မပေးတော့တာလားမသိနိုင်ပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားပါတော့လေ.. ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ.. ။ အခုဆိုရင် ကျနုပ်နဲ့ ကျနုပ်ရဲ့ အမျိုးသမီးဟာ အရင်ကထက် ပိုမိုကြီးမားတဲ့ အိမ်ကို ပြောင်းရွှေ့နေထိုင်ပါတယ်။ ကျနုပ်တို့ရဲ့ မွေးလာတော့မယ့်ကလေး ကျယ်ကျယ်ဝန်းဝန်း နေရအောင်ပေါ့။ ကျနုပ်ပျော်ပါတယ်.. တကယ်ကို ပျော်ပါတယ်။ အခုလောလောဆယ်ဆို မျက်နှာပိုးမသတ်နိုင်အောင် ပြုံးဖြီးဖြီးဖြစ်နေပါတယ်.. ။ ဘာကြောင့်လဲသိလား.. ဟိုဖက်ခြံမှာနေတဲ့ ဘုန်းတော်ကြီး ဖလဲမင်းနဲ့ သူ့ရဲ့ ပြင်သစ်အမွေးပွ ခွေးမလေးကို တွေ့လိုက်ရလို့ပေါ့။



(Charlie Fish ရဲ့ The Man Who Married Himself ကို ခံစား ဘာသာပြန်ထားတာပါ။)

Wednesday, August 13, 2008

နှလုံးသားအာဟာရ ပုံပြင်လေးတစ်ပုဒ်

ဟိုးရှေးရှေးတုန်းကပေါ့..

မြို့ငယ်လေးတစ်မြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်မှာ နှစ်ထပ်အိမ်ကြီးတစ်လုံး ရှိသတဲ့လေ။ အိမ်ကြီးရဲ့ ခြံဝန်းတံခါးမြင့်မြင့်ကြီးကတော့ အမြဲလိုလို ပိတ်ထားတာပဲ တွေ့ရတတ်တယ်တဲ့။ တကယ်တန်း ပြောရရင်တော့ ဒီတစ်ရပ်ကွက်လုံး အိမ်ကြီးကြီးတွေနဲ့ ခြံတံခါးမြင့်မြင့်တွေချည်းပါပဲ။ ဒါကြောင့်လည်း ဒီရပ်ကွက်ကို သူဌေးရပ်ကွက် လို့ ခေါ်ကြတာ ပေါ့ကွယ်..

တစ်ရက်ကျတော့ အဲဒီရပ်ကွက်ထဲကို အိုမင်း ကြုံလှီ နေတဲ့ အဘိုးအိုတစ်ယောက် တောင်ဝှေးတစ်ချောင်း တတောက်တောက်ထောက်လို့
တုန်ချိနဲ့နဲ့ လျှောက်ဝင်လာသတဲ့။ ချေးညှော်အထပ်ထပ် ဖာတစ်ရာတေ ဟောင်းနွမ်းလှတဲ့ အ၀တ်တွေ ၀တ်ဆင်ထားတဲ့ အဘိုးအိုရဲ့ အသွင်ဟာ သူအခုရောက်ရှိနေတဲ့ သူဌေးရပ်ကွက်နဲ့ လားလားမှ အပ်စပ်ခြင်းမရဘူးပေါ့။ သူစိမ်းအနံ့ရရင် ၀တ္တရားမပျက်ဟောင်လေ့ရှိတဲ့ အိမ်စောင့်ခွေးတွေတောင် ဟောင်ဖို့မေ့ပြီး ခြံတံခါးနောက်ကွယ်ကနေ အမြီးကုတ်ပြီး အဘိုးအိုကို ကြောင်တက်တက်နဲ့ ငေးကြည့်နေကြသတဲ့။

ဒီလိုနဲ့ ဖြေးဖြေးချင်းလျှောက်လာခဲ့တာ နှစ်ထပ်အိမ်ကြီးရဲ့အရှေ့ကျတော့ အဘိုးအိုခမျာ အားပြတ်ပြီး ရုတ်တရက် လဲကျသွားပါရောတဲ့။ ဆိတ်ငြိမ်ရပ်ကွက်ပီပီ လူချေတိတ်ဆိတ်လှတော့ အဘိုးအို လဲကျသွားတာကို လည်း ဘယ်သူမှ သတိမထားမိဘူးပေါ့ကွယ်။ အဲဒီလို ဘယ်သူမှမသိပဲ လဲနေတာ ငါးမိနစ် ဆယ်မိနစ်လောက်တောင် ကြာမလားပဲ။ နောက်ဆုံးတော့လည်း တောင်ဝှေးရဲ့ အကူအညီနဲ့ပဲ အဘိုးအိုခမျာ တဆင့်ခြင်း ပြန်ထယူရတာပေါ့။ ပြီးတော့မှ နှစ်ထပ်အိမ်ကြီးရဲ့ ခြံဝန်းတံခါးက ခေါင်းလောင်းကြိုးကို တစ်ချက် နှစ်ချက် အသာဆွဲလိုက်သတဲ့။

မကြာခင်မှာပဲ နှစ်ထပ်အိမ်ထဲကနေ နှုတ်ခမ်းမွေးသေးသေးကို ကော့နေအောင် ဖယောင်းတိုက်ထားတဲ့ လူကောင်ညှက်ညှက် တစ်ယောက် ထွက်လာပါတယ်။ လူညှက်လေးက ခေါင်းကို ဆီရွှဲရွဲသုတ်ပြီး နောက်လှန်ဖြီးထားပါတယ်။ ဖြူဆွတ် သန့်ရှင်းတဲ့ အင်္ကျီကို ၀တ်ဆင်ထားပြီး သူဟာ အိမ်ကြီးရဲ့ အလွန်အရေးပါတဲ့သူလိုမျိုး မျက်နှာထားကို ချွတ်စွပ် ကူးချထားပါတယ်။ ဒါပေမယ့်လည်း အဲဒီလူရဲ့ အဆင့်ဟာ အလွန်ဆုံး အိမ်တော်ထိန်း အဆင့်ထက် မကျော်ဘူးဆိုတာ လူတိုင်းခန့်မှန်းလို့ရပါသတဲ့။ အဲသလို ဟန်ကြီးပန်ကြီး အယောင်ဆောင်တတ်ကြတဲ့ သူတွေများဟာ သူတပါးတွေကိုလည်း တွေ့တွေ့ချင်း အထင်မသေးရဲကြဘူး။ အဘိုးကြီးကိုတွေ့တဲ့အခါ အိမ်တော်ထိန်းက ဒီအဘိုးကြီးဟာ ပညာရှိကြီးလား၊ သူတော်စင်ကြီးလား၊ အယောင်ဆောင်ထားတဲ့ သူဌေးကြီးလား ခွဲခြားမတတ်ဘူးဆိုပါတော့။ ဒီတော့ အိမ်တော်ထိန်းက ထီးနန်းဆန်ဆန် ယဉ်ကျေးစွာမေးပါသတဲ့။

“အို.. ဘေးလောင်းတော်.. ပဇာအကြောင်းကြောင့်များ မြစိမ်းရိပ်မြိုင် ကို ကြွလာတော်မူပါသလဲ”

“ဘာကြောင့်မှတော့ မဟုတ်ပါဘူး အိမ်တော်ထိန်းကြီးရယ်.. အဘိုး စားစရာမရှိတာ ၂ရက် ၃ရက်ရှိပါပြီ.. ခုနလေးတင်ကတောင် ဒီအိမ်ရှေ့မှာ အားပြတ်ပြီးလဲသွားပါသေးတယ်.. အဲဒါ စားစရာ အကြွင်းအကျန်လေးများ ရလိုရညားပါ ကွယ်..”

အာ.. ဒါ သူတောင်းစားကြီးပဲ.. စောစောက နန်းဆန်မိတာတောင် မှားပေါ့..

“ဟုတ်ပီ.. အဘိုးကြီး၊ ဒါဆိုရင်ခနစောင့်.. မြစိမ်းသခင်မကို လျှောက်ထားကြည့်ပေးမယ်” ဟုဆိုကာ လူ့ဖလံလေးသည် ကြွစောင်းကြွစောင်းနှင့် နှစ်ထပ်အိမ်ကြီး အတွင်းသို့ ပြန်ဝင်သွားသတဲ့။

ရွှေရောင်အချိန်တုန်းက လူကြီးတစ်ယောက်ရဲ့ စကင်းလေး ရာထူး ရှိခဲ့သူ မြစိမ်းသခင်မဆိုသူကား အခုတော့ အသက်လေးဆယ်စွန်းစွန်း လိပ်ခါး၊ ဖါးဖင်၊ ပေါင်လုံးတုတ်တုတ်၊ မေးစေ့နှစ်ထပ် နှင့် ဖြစ်ပါ၏။ ခုနက မှန်တင်ခုံထိုင်ပြီး သူမရဲ့ နှုတ်ခမ်းမွေးစိမ်းစိမ်းကို ဇာဂနာနှင့် ပြောင်စင်အောင် နှုတ်နေစဉ်ကပင် အောက်ထပ်တွင်ပြောဆိုနေသော အဘိုးကြီး၏ အကြောင်းဖြစ်စဉ်အလုံးစုံကို ကြားပြီးဖြစ်ပါသတဲ့။

“ဟဲ့.. မောင်ပေါက်ကျိုင်းရေ.. မနေ့က မုန့်အကျန်လေး ဘာလေးရှိရင် ပေးလိုက်စမ်းပါ့ကွယ်။ တမြန်နေ့ကကျန်တဲ့မုန့်ဆိုရင် ပိုကောင်းတယ်ကွဲ့”

အိမ်တော်ထိန်း မေါင်ပေါက်ကျိုင်းလဲ သခင်အားရ ကျွန်ပါးဝ ဆိုသလိုပင် လေး ငါးရက်ခန့်ကြာနေပြီဖြစ်သော မုန့်လုံးကြီးကျော်မှိုတက် အနည်းငယ်ကို သတင်းစာစက္ကူဖြင့်ထုပ်ပြီးသကာလ အဘိုးကြီးအား သဒ္ဓါကြည်ဖြူ စွန့်လှူလိုက်လေသည်။ အဘိုးကြီးလည်း သာဓု ပေါင်းများစွာခေါ်ပြီး မုန့်ထုပ်ကို ပိုက်လျှက် ၀ါးတီးဖွင့်ရန် နီးစပ်ရာ အပင်ရိပ်အောက်သို့ အသော့နှင်တော့ သတဲ့။

ရက်လွန်မုန့်လုံးကြီးတွေက အတော်မာတဲ့ အတွက်ကြောင့် ဇီဝိတဒါန သောက်ရေအိုးစင်ထဲက ရေတကျိုက် မုန့်တကိုက် စားရပါတယ်။ အစားအစာနဲ့ ၂ရက် ၃ရက် ကင်းဝေးနေခဲ့သူဆိုတော့လည်း ဒီကျောက်တုံးလို မာခေါက်ခေါက် အုန်းယိုသိုးသိုးနဲ့ မုန့်လုံးကြီး မှိုတက်အတွေကတော့ နတ်သုဒ္ဓါပေါ့ကွယ်။ ဒီလိုနဲ့ နောက်ဆုံးပိတ် မုန့်လုံးကြီးကို အားရပါးရ အကိုက် မုန့်လုံးကြီးထဲက အမာထည်တစ်ခုကို ကိုက်မိလို့ အဘိုးကြီးခမျာ မရှိမဲ့ရှိမဲ့ အံသွားတစ်ချောင်းကျိုးသွားပါသတဲ့။ သေသေချာချာကြည့်တော့မှ.. အလို.. စိန်လက်စွပ်တစ်ကွင်းပါလား.. မှန်းစမ်း.. လက်စွပ်အောက်မှာလည်း စာရေးထားတယ် “မစ”ဆိုပဲ.. ဘယ်သူ့လက်စွပ်ပါလိမ့်.. ဟို.. “မြစိမ်းရိပ်မြိုင်”က “မြစိမ်းသခင်မ” နဲ့များ ဆိုင်နေမလား..။ ဒါမှမဟုတ် အကျော်သည် “မယ်စိန်” ရဲ့လက်စွပ်လား။ ဒီလိုနဲ့ပဲ ဟိုတွေးဒီတွေး နှင့် တစ်ရက်တိတိ ကြာလေသထဲ့။

နောက်နေ့ကျတော့ ဆာသောဝမ်းကို အမှူးထားပြီး စိန်လက်စွပ်တကွင်းကိုကိုင်ကာ မြစိမ်းရိပ်မြိုင် ကို တုန်နဲ့တုန်နဲ့ ချီတက်လာပြန်လေသည်။

“ဟော.. မိုးတောင်စင်စင် မလင်းချင်သေးဘူး.. ဘယ်သူများ ခေါင်းလောင်းကြိုးလာဆွဲသလဲ အောက်မေ့တယ်.. အဘိုးကြီး.. ခင်ဗျားကြီးကိုး.. စောစောစီးစီး မလာပါနဲ့ဗျာ.. အိမ် လာဘ်တိတ်လွန်းလို့ပါ” ဟု အဘိုးကြီးကို မောင်ပေါက်ကျိုင်းခေါ် မြစိမ်းရိပ်မြိုင် အိမ်တော်ထိန်းက ဆီးကြိုထောမနာပြုလေသတဲ့။

“မဟုတ်ပါဘူး မောင်ရင်ရယ်.. မနေ့က မုန့်လုံးကြီးထဲမှာ စိန်လက်စွပ်တစ်ကွင်းပါလာလို့ ဒီအိမ်ကများလားလို့ လာပြန်မေးကြည့်တာပါ”

ဒီတော့မှာ လူ့ဖလံလေးရဲ့ မျက်နှာထားက ပြောင်းပြန်ဖြစ်အောင် ပြောင်းသွားသတဲ့.. ဖယောင်းတိုက်ထားတဲ့ နှုတ်ခမ်းမွေးတွေတောင် နားရွက်နားကပ် အောင် “ထောင်” သွားတယ်လို့ ထင်ရတယ်လို့ နောက်ပိုင်းကျတော့ အဘိုးကြီးပြန်ပြောပြသေးတယ်။

“ဒါဆိုလည်း အဲဒီလက်စွပ်ကျနော့်ကိုပေး.. မြစိမ်းသခင်မကို သွားပြပေးမယ်” ဟုဆိုကာ လက်စွပ်ကို ကိုင်ပြီး အိမ်ပေါ်ထပ်သို့ အသော့နှင်လေသတဲ့။

လက်စွပ်ကို သေသေချာချာကြည့်ပြီးမှ မြစိမ်းသခင်မက “ဒီလက်စွပ်ပျောက်နေတာ ၃-၄-၅ရက်ရှိပြီ မှတ်ပါတယ်.. ဒင်းက မုန့်လုံးကြီး လုံးတုန်းက ကျွတ်ပါသွားတာကိုး.. ကောင်းပါလေ့ကွယ် အခုလို ရိုးရိုးသားသား ပြန်လာပေးတဲ့သူရှိပေလို့.. .. အော်.. ဒါနဲ့ မောင်ပေါက်ကြိုင်းရေ.. လက်စွပ်ပြန်လာပေးတဲ့ အဘိုးကြီးကို မုန့်လုံးကြီးကျော်တွေ ပိုသေးရင် နည်းနည်းထပ်ပေးလိုက်ပါဦး.. မနေ့ တနေ့က ကျန်တာတွေဆိုပိုကောင်းတယ်ဟေ့..”

ဒါနဲ့ပဲ အဘိုးကြီးလည်း ဒီနေ့အတွက်စားဖို့ မုန့်လုံးကျော်တွေထပ်ရသွားတာပေါ့။ အဘိုးကြီးဟာ နေ့လည်ကျတော့ မုန့်လုံးကြီးကျော်ကို ဗိုက်ဆာဆာနဲ့ ကိုက်လိုက်တာ ထူးထူးဆန်းဆန်း စိန်လက်စွပ်နောက်တကွင်း ဖြစ်နေပြန်သတဲ့။ “မစ” ဆိုတဲ့ အမှတ်အသားလည်း ပါပြန်တယ်။

နောက်နေ့ကျတော့ ထုံးစံအတိုင်း အဖိုးကြီးလည်း နှစ်ထပ်အိမ်ကြီးဆီပြန်သွား လက်စွပ်ပြန်ပေးတော့ မှိုတက်နေတဲ့ မုန့်လုံးကြီးကျော် အနည်းငယ်ထပ်ရပြန်သတဲ့။ ဒီတစ်ခါလည်း ကိုက်လိုက်တာ နောက်ထပ် “မစ” လို့ရေးထားတဲ့ စိန်လက်စွပ်တစ်ကွင်း ရပြန်သတဲ့။ အဲ.. နောက်နေ့ကျတော့ထုံးစံအတိုင်း စိန်လက်စွပ်သွားပြန်ပေး မုန့်လုံးကြီးကျော်ယူပြီး ပြန်ခဲ့ပြန်သတဲ့ .. ။ ဒီတစ်ခါလည်း စိန်လက်စွပ်ပါလာပြန်သတဲ့။ အဲသလို နဲ့ ပါလာတဲ့ စိန်လက်စွပ်တွေကို ပြန်ပေးတိုင်း မုန့်နည်းနည်းစီထပ်ရနဲ့ ကံကောင်းလှတဲ့ အဘိုးကြီးဟာ နောက်ပိုင်းကျတော့ ဘယ်တော့မှ အစားအစာမပြတ်တော့ဘူးပေါ့။ ဒီလိုနဲ့ သံသရာလည်နေလိုက်တာ အဘိုးကြီးရဲ့ ကံမကောင်းတဲ့တစ်ရက်
လူကြီးရောဂါနဲ့ ဆုံး မသွားခင်အထိပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။