Saturday, May 31, 2008

Acid reflux, Oesophagitis, Gastro-Oesophageal Reflux Disease (GORD)

လေပူလှန်ခြင်း၊ အချဉ်ပြန်ခြင်း၊ အစာရေမျိုယောင်ခြင်း

ဒီရောဂါမျိုးဟာ အစာအိမ်ထဲက အစာချေရည် အက်ဆစ်အချဉ်ရည်ဟာ အစာအိမ် (Stomach) ကနေ အစာရေမျို (Oesophagus) ထဲကို ပြောင်းပြန်စိမ့်ဝင်လာရင်ဖြစ်ပါတော့တယ်။ ရင်ပူခြင်း အပါအ၀င် တခြားရောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။ အစာချေရည် အက်ဆစ် အထွက်ကို ထိန်းချုပ်ပေးတဲ့ ဆေးဝါးများနဲ့ ကုသရပါတယ်။ တစ်ချို့လူများအဖို့ ဆေးကို ရက်တိုသောက်ရုံဖြင့် သက်သာသွားနိုင်ပေမယ့် တစ်ချို့အဖို့မှာတော့ ဆေးကို စွဲသောက်ရတတ်ပါတယ်။

အစာရေမျို (Oesophagus) နှင့် အစာအိမ် (Stomach) တို့ အကြောင်း
ကျနော်တို့ အစာစားလိုက်တဲ့အခါ အစာများဟာ လည်ချောင်းမှတဆင့် အစာရေမျိုကို ဖြတ်ပြီး အစာအိမ်ထဲ ၀င်ရောက်သွားကြပါတယ်။ အစာအိမ်နံရံမှာရှိတဲ့ ဆဲလ်များဟာ အက်ဆစ်အပါအ၀င် အစာချေရည်များကို ထုတ်လုပ်ကြပါတယ်။ အက်ဆစ်တွေနဲ့ အမြဲလိုထိတွေ့နေရတဲ့ အစာအိမ်နံရံကဆဲလ်များကို အက်ဆစ်ဒါဏ်ကိုခံနိုင်အောင် (mucus) လို့ခေါ်တဲ့ ပြစ်ချွဲချွဲ အရာတစ်မျိုးနဲ့ ဖုံးအုပ် အကာအကွယ်ပြုထားပါတယ်။ ဒီလိုမျိုး အက်ဆစ်ကာကွယ်ရေးစနစ်ဟာ အစာရေမျိုနံရံကဆဲလ်တွေမှာ အလွန်နည်းပါတယ်။

အစာရေမျိုရဲ့ အဆုံး - အစာအိမ်ထဲဝင်လုဝင်ခင်လေးမှာတော့ တလမ်းသွားရှုံ့ကြွက်သား (sphincter) ရှိပါတယ်။ သူဟာ အစာတွေအစာရေမျိုကနေ ဆင်းလာရင် လျှော့ပေး^ဖွင့်ပေးပေမယ့် ပုံမှန်အားဖြင့်တော့ အစာအိမ်ထဲကအစာတွေ အစာရေမျိုထဲကို ပြောင်းပြန် ပြန်မလာနိုင်အောင် ကြုံ့ထားပြီး တင်းတင်းစိလျှက်ရှိပါတယ်။ (စအိုဝက ရှုံကြွက်သားနဲ့ သဘောတရားခြင်းတူတူပါပဲ။)

လေပူလှန်ခြင်း၊ အစာရေမျိုယောင်ခြင်းဆိုတာ ဘာလဲ
လေပူလှန်ခြင်း၊ အချဉ်ပြန်ခြင်းဆိုတာ အစာအိမ်ထဲက အက်ဆစ်တွေ အစာရေမျိုထဲ စိမ့်ဝင်လာလို့ဖြစ်ရတာပါ။ စိမ့်ဝင်လာတဲ့ အက်ဆစ်တွေဟာ အက်ဆစ်ကာကွယ်ရေးစနစ်ချို့တဲ့တဲ့ အစာရေမျိုနံရံကို သွားပြီး စားလောင်တဲ့အတွက် အစာရေမျိုယောင်ခြင်း ဖြစ်ရပါတယ်။ တစ်ချို့လူများရဲ့ အစာရေမျိုကတော့ အက်ဆစ်ဒါတ်ကို တော်တော်လေးခံနိုင်တဲ့ အတွက် အချဉ်ပြန်ခြင်းသာဖြစ်ပြီး အစာရေမျိုကတော်ရုံနဲ့ မယောင်ပါဘူး။ ဒီလို လေပူလှန်ခြင်း၊ အချဉ်ပြန်ခြင်း၊ အစာရေမျိုယောင်ခြင်း စတဲ့ဟာတွေကို တစ်ပေါင်း တစ်စည်းထGastro-Oesophageal Reflux Disease GORD လို့ခေါ်ပါတယ်။























ရောဂါလက္ခဏာတွေက ဘာတွေလဲ
ရင်ပူခြင်း (Heart burn) ဟာ အဒိကလက္ခဏာပါပဲ။ ရင်ညွန့်ကနေ လည်ပင်းထိ ပူနေပါတယ်။ံ(Heart burn) ဆိုပေမယ့် နှလုံးနှင့် လားလားမှ မဆိုင်ပါဘူး။

ရင်ညွန့်နားအောင့်ခြင်း၊ အန်ချင်ခြင်း၊ လေချဉ်တက်ခြင်း၊ ဗိုက်ကယ်၊ ရင်ပြည့်ခြင်း၊ ရေနွေးပူပူသောက်လျှင် လည်ချောင်းတလျှောက်ပူဆင်းသွားခြင်းတို့ဖြစ်ပါတယ်။ ဒီလက္ခဏာတွေဟာ ပေါ်လိုက်ပျောက်လိုက်ပါ။ အထူးသဖြင့် အစာစားပြီးစမှာ ဆိုးဝါးတတ်ပါတယ်။

ရှားရှားပါးပါးလက္ခဏာတွေကတော့ ညဖက်လည်ချောင်းယားပြီးချောင်းဆိုးခြင်းနဲ့ ရင်ဘတ်မတရားအောင့်ခြင်းတို့ပါပဲ။ (တစ်ခါတစ်လေ နှလုံးရောဂါနဲ့တောင် မှားနိုင်တယ်)

ဘာကြောင့် အက်ဆစ် ပြောင်းပြန် လှန်တက် ယိုစိမ့်ရသလဲ
ရှုံကြွက်သားကောင်းကောင်းအလုပ်မလုပ်တော့လို့ပါ။ ဘာကြောင့် အလုပ်ကောင်းကောင်းမလုပ်ရသလဲကတော့ တခါတလေ အကြောင်းရင်း ရှာမရပါ။ ဗိုက်ထဲမှာ တင်းအား များလာတဲ့ အခါမျိုးတွေမှာတော့ ဖြစ်တတ်ပါတယ်။ ဥပမာ အစာအများကြီးစားထားခြင်း၊ ကိုယ်ဝန်ဆောင်၊ အရှေ့ကိုကုန်းထိုင်နေခြင်း။ အနည်းဆုံး လူ၃ယောက်မှာ တစ်ယောက် မကြာခဏ ဒီရောဂါခံစားနေကြပါတယ်။

အ၀လွန်သူများ၊ ဆေးလိပ်သောက်သူများ၊ ကိုယ်ဝန်ဆောင်များ၊ အရက်သောက်များသူများ၊ အစာအိမ်ကျွံရောဂါ (hiatus hernia) ရှိသူများ၊ အသက် ၃၅-၆၄နှစ်ကြား တို့မှာပိုဖြစ်ပါတယ်။

ဘယ်လိုစမ်းသပ်မှုတွေရှိလည်း
ပုံမှန်ရောဂါလက္ခဏာများရှိရင်တော့ ဆေးဝါးလေးပဲ တန်းပေးပါတယ်။ သာမန်ကုထုံးနဲ့မသက်သာဘူး၊ ရောဂါလက္ခဏာပြင်းတယ်၊ သာမန်လက္ခဏာတွေနဲ့မတူတဲ့သူဆိုရင်တော့ အစာရေမျိုမှန်ပြောင်းကြည့်ရပါတယ်။ အစာရေမျိုနံရံမှာ အက်ဆစ်လောင်နေလို့ နီရဲရဲလေးဖြစ်နေတာကို တွေ့ရပါတယ်။

အစာရေမျိုရဲ့ အက်ဆစ်ဒါတ် ကိုလည်းစစ်လို့ရပါတယ်။

နှလုံးရောဂါ အပါအ၀င် တခြားရောဂါများနဲ့ ခွဲလို့မရရင်တော့ ECG, Chest Xray စတာတို့ လုပ်ဖို့လိုပါတယ်။

သက်သာအောင်ဘယ်လိုလုပ်ရမလဲ
ဆေးလိပ် - ဆေးလိပ်မှာပါတဲ့ ဒါတ်တချို့ဟာ ရှုံကြွက်သားကို လျော့စေတဲ့အတွက် ရောဂါပိုဆိုးစေပါတယ်။

အစားအသောက် - တစ်ချို့အစားအသောက်တွေကိုရှောင်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် မတူကြတဲ့အတွက် မိမိဖာသာ သီးသန့် သတိထားပြီးရှောင်ဖို့လိုတာရှောင်ရမှာပါ။ ပူသော၊ စပ်သော၊ အစာများ၊ ပူသောအရည်များ၊ ကော်ဖီ၊ အရက်၊ ချောကလက်၊ ခရမ်းချဉ်သီး စတာတွေကတော့ လူတော်တော်များများမှာ ဖြစ်စေပါတယ်။

ဆေးဝါးအချို့ - Aspirin, Ibuprofen စသော အကိုက်အခဲပျောက်ဆေးအချို့၊ Diazepam, Nifedipine, Nitrate စသော ဆေးများကလည်း ဖြစ်စေနိုင်ပါတယ်။

အ၀လွန်ခြင်းကြောင့်လည်း ဖြစ်စေတာမို့ ၀ိတ်ချရပါမယ်။

အနေအထိုင် - ပက်လက်လှဲခြင်း၊ အရှေ့သို့ကုန်းထိုင်ခြင်း၊ ပုဆိုး တင်းတင်းစည်းထားခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ညဖက်ဖြစ်တတ်တဲ့သူများ အနေဖြင့် မအိပ်ခင် ၃နာရီအလိုကတည်းက ဘာမှမစားသင့်ပေ၊ ၂နာရီ အလိုကတည်းက ဘာမှ မသောက်သင့်ပေ။ ကုတင်ရဲ့ခေါင်းပိုင်းကိုမြှင့်ထားသင့်တယ်။

ကုသခြင်း
၁. Antacids
- Digene, Gelmag, Hydrosil, Ulta, Kremil-S, Gaviscon
စသော ၀ါးစားရတဲ့ လေဆေးတွေဖြစ်ပါတယ်။ အညွှန်းထက်မများစေပဲ လိုအပ်သလောက် စားရပါမယ်။

၂. Acid Suppressing Medicine - ဆရာဝန်ညွှန်မှသောက်သင့်ပါတယ်
- Proton Pump Inhibitor (PPI) - meprazole, lansoprazole, pantoprazole, rabeprazole, and esomeprazole
- H2 antagonist - cimetidine, famotidine, nizatidine, and ranitidine



၃. Prokinetics - ဆရာဝန်ညွှန်မှသောက်သင့်ပါတယ်
- domperidone, metoclopramide

၎. ခွဲစိတ်ကုသခြင်း - အစာရေမျိုအောက်ပိုင်း ရှုံကြွက်သားကို နဲနဲလေး ဆွဲတင်းလိုက်တဲ့ ခွဲစိတ်မှုမျိုးလုပ်လို့ရနေပါပြီ။

အစာရေမျိုယောင်ခြင်းရဲ့နောက်ဆက်တွဲပြဿနာများ
၁။ ခဏခဏယောင်လိုက် အနာဖြစ်လိုက်ဆိုရင် အစာရေမျိုရဲ့ အောက်ပိုင်းနားဟာ အနာရွတ်တက်လာပြီး ပုံမှန်ထက်ကျဉ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါမျိုးဖြစ်တာ ရှားပါတယ်။

၂။ အစာရေမျိုအောက်ပိုင်းက ဆဲလ်တွေ ပုံပြောင်းသွားပါတယ်။Barrett's Oesophagus လို့ခေါ်ပါတယ်။ အဲသလို ဆဲလ်တွေပုံပြောင်းသွားရင် ကင်ဆာဖြစ်ဖို့ပိုပြီး အခွင့်အလမ်းများလာပါတယ်။Barrett's Oesophagus ဖြစ်နေတဲ့လူ ၁၀၀ မှာ ၁ ယောက် ၂ ယောက်လောက် ကင်ဆာဘက်ပြောင်းသွားတတ်ပါတယ်။

၃။ အစာရေမျိုကင်ဆာ ဟာသာမန်လူတွေမှာထက် အခုလို အစာရေမျိုယောင်ရောဂါရှိတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။

များသောအားဖြင့်တော့ အခုလို ဆိုးဝါးတဲ့နောက်ဆက်တွဲတွေ မဖြစ်ကြပါဘူး။ အစာမျိုချရင်နာနေမယ်၊ အစာမျိုရခက်မယ်၊ အစာလည်ချောင်းတနေရာရာမှာ ကပ်နေတယ်လို့ ခံစားရရင်တော့ ဆရာဝန်ကို ပြောပြရပါမယ်။


Original Content http://www.patient.co.uk/showdoc/23068673

မြန်မာကျူးပစ်ဖိုရမ်တွင် တင်ပြီးဖြစ်သည်။