Wednesday, October 22, 2008

ဘာကြောင့် ဘလောဂ့်ကြသတုန်း

အလွန်ကြီးမားလှသော နိုင်ငံ တစ်ခု၏ တစ်နေရာတွင် အပြာရောင်တောင်တန်းများရှိ၏။ ထိုတောင်တန်းပြာပြာ တို့၏ တောင်ကြားလွင်ပြင် တစ်နေရာတွင် မြို့သေးသေးတစ်ခုသည် ရှိ၏။ ထိုမြို့သေးသေး၏ လမ်းကျဉ်းကျဉ်း တစ်ခုထဲတွင် အိမ်သေးသေးတစ်လုံးသည် ရှိ၏။ ထိုအိမ်သေးသေး၏ ဘက်ရပ် ဟုခေါ်သော အိမ်နောက်ဖေးခြံထဲတွင် လွန်စွာသေးငယ်လှစွာသော မြက်ခင်းတစ်ခုသည် သပ်ရပ်ရိတ်သင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်သောကြောင့် ထိုးထိုးထောင်ထောင် နှင့် ယခုခေတ် မြီးကောင်ပေါက်ကောင်လေးများ၏ ဆံပင်ပုံကဲ့သို့ပင်ရှိ၏။

ထိုကဲ့သို့စာတစ်ပိုဒ်ကို ၂မိနစ်အတွင်း အားသွန်ခွန်စိုက် ကျိုက်ထီးရိုးသေနတ်ပစ်သလို တရစပ် ဖြစ်ညှစ်ရေးချပြီးသောအခါ မည်ကဲ့သို့များ ဇာတ်လမ်း ဆက်ရလေအံ့ဟု အကြံခေါင်းပါးသည်နှင့် အတွေးလွန်သော ယောက်ျားသားများ၏ မသိစိတ်က လှုံ့ဆော်ချက်အရ ကီးဘုတ်ပေါ်တွင်ရှိနေသောလက်သည် အလိုအလျောက် မေးစေ့ဆီသို့သွားပြီး “ပွတ်” နေလေ၏။ ထိုသို့ ပွတ်နေရာမှ အတန်ငယ်အကြာတွင် လက်သည် ကြမ်းရှရှ ခံစားရသည်ဖြစ်မှ မိမိ၏ သုံးလေးရက်မျှ မရိတ်သင်ရသေးသော မုတ်ဆိတ်ကျင်စွယ်တို့ကို သတိရလေသည်။ ထိုအခါတွင် ကျနုပ်သည် မမှားသော သစ္စာတရား တစ်ခုကို မတော်တဆ ရှာဖွေတွေ့ရှိသွားလေသည်။

သြော်.. ခြံထဲက မြက် တစ်ပါတ်လောက် မရိပ်ပဲပစ်ထားလိုက်တာနဲ့ ထိုးထိုးထောင်ထောင်ဖြစ်ရော.. မြက်မပြောပါနဲ့ဦး ကိုယ့်ခန္ဓာကိုယ်က မုတ်ဆိတ်တောင် ၃ - ၄ ရက် ပစ်ထားရင် သွားရော.. ။ ဒါပေမယ့် ငါ့ဘလောဂ့်လေးကိုတော့ ပစ်ထားတာကြာလှပါပေါ့.. ဒါပေမယ့် ဘလောဂ့်ကတော့ ထိုးထိုးထောင်ထောင်လည်းမဖြစ်၊ ပျက်လည်းမပျက်စီးသွားသေးပဲကိုး.. ဒါကြောင့်လူတွေက ဘာမှ ဂရုစိုက်စရာမလိုတဲ့ ဘလော့ဂ် ကိုကြိုက်ကြတာ။