Sunday, August 17, 2008

မိမိကိုယ်ကို လက်ထပ်ခြင်း

အခန်း ၁။

“ရတာပေါ့ကွ”
ခင်မင်ဖွယ်ကောင်းလှသော သင်းအုပ်ဆရာ ဦးဇာတက ပြောလိုက်သော ထိုစကားလုံး လေးလုံးသည် ကျနုပ်၏ ဘ၀ကို တဆစ်ချိုးပြောင်းလဲစေခဲ့သည်။ ထိုကဲ့သို့ မပြောနိုင်မီ သင်းအုပ်ဆရာသည် နှစ်နာရီသာသာမျှ ဘုန်းတော်ကြီး ဖလဲမင်းနှင့် သမ္မာကျမ်းစာပါ အခန်းများကို အနုလုံ ပဋိလုံ အသေးစိတ် တယ်လီဖုန်းဖြင့် ဆွေးနွေးခဲ့ရသေးသည်။ လီဘီတီးကပ်စ် ခေါ် တတိယမြောက် ဟီဘရူး ကျမ်းစာထဲမှာတော့ ခရစ်ယာန်တွေဟာ ညီမ၊ အဒေါ်၊ အမေ၊ ယောက္ခမ၊ သမီး၊ မြေး စတဲ့သူတွေကို လက်မထပ်ရဘူး လို့ဆိုထားပါရဲ့။ သို့ပေငြားလည်း သမ္မာကျမ်းစာရဲ့ ဘယ်နေရာမှာမှ ကိုယ့်ကိုယ်ကို လက်မထပ်ရဘူးလို့ မတားမြစ်ထားပေဘူး။ ကောင်းလေစွတကား.. ကျနုပ်လုပ်ချင်နေသည်မှာလည်း ကိုယ့်ကိုယ်ကို လက်ထပ်ချင်နေတာလေ။ ကျနုပ်၏ စကားကိုကြားသောအခါ သင်းအုပ်ဆရာ ဦးဇာတက က အဆိုပါ စာလုံးလေးလုံးကို ပြောလေ၏။
“ရတာပေါ့ကွ”

ကြံကြံဖန်ဖန်ပြောကြေးဆိုရင်တော့ သမ္မာကျမ်းစာအုပ်ဟာ မိမိကိုယ်ကိုလက်ထပ်ခြင်းကို သာမက မိမိ၏ အဘေးမ၊ စားပွဲခုံ၊ အလှမွေး ရွှေငါး စတာတွေနဲ့လည်း လက်မထပ်ရဘူးလို့ မတားမြစ်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဘုန်းတော်ကြီး ဖလဲမင်း က သူ၏ ချစ်မြတ်နိုးလှစွာသော ပြင်သစ်အမွေးပွ ခွေးမလေးကို လက်ထပ်ခဲ့မယ်ဆိုရင် ကျနုပ်အနေနဲ့ လုံးဝ အံ့သြခြင်း ဖြစ်မိမှာမဟုတ်ပါဘူး.. ဒါမှမဟုတ် သူ့ရဲ့ သက္ကလပ်စောင်ထူထူကြီးနဲ့ ဆိုရင်လည်းပေါ့.. ဘုန်းတော်ကြီးခမျာ ဒါနဲ့ပဲ တူတူအိပ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့လှပေါ့။

ထားပါတော့လေ.. ကျနုပ်လည်း ကျနုပ်ရဲ့နှစ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ရတဲ့လူနဲ့ လက်ထပ်မယ့်ကိစ္စကို သင်းအုပ်ဆရာနဲ့ တိုင်ပင်ပြီးစီးခဲ့ပေမယ့်လည်း တခြားအသိပေးရမယ့်သူတွေရှိနေသေးတယ်.. ကျနုပ်ရဲ့ မိဘနှစ်ပါးပဲပေါ့။ နှစ်ပေါင်းနှစ်ထောင်လောက် ခိုင်ခိုင်မာမာ အခြေကျနေပြီဖြစ်တဲ့ ဘာသာရပ် ကိုးကွယ်ယုံကြည်မှုတစ်ခုနဲ့ ကျနုပ်ရဲ့ ဆန္ဒ ရပ်တည်မှုကို ရိုးအလှတဲ့ မိဘနှစ်ပါးနားဝင်အောင်ရှင်းပြရတာ တော်တော်ခက်တာပဲ။

ပြောစတုန်းကတော့ အမေက မယုံကြည်သလို ပေါ့ပေါ့လေးပဲပြန်ပြောပါတယ်။ အမေမှသာမဟုတ်ဘူးလေ ဘယ်သူမှလည်း စကြားကြားချင်း လေးလေးနက်နက် မယုံကြပါဘူး။ ဒီတော့လည်း ကျနုပ်အနေနဲ့ အမေ့ကို ဒီကိစ္စအပေါ် ကျနုပ်ဟာ အလေးအနက် ထားမှန်းသိအောင် သေသေချာချာ ရှင်းပြရပါတော့တယ်။ အဲဒီတော့မှ အမေလည်း သွေးရူးသွေးတန်းနဲ့ မဆီမဆိုင်မေးခွန်းတွေ လျှောက်မေးတော့တယ်။ “နေပါဦး.. ဘာလို့များ လက်ထပ်မလို့လည်း.. ဒီအတိုင်း ကိုယ့်ဖာသာကိုယ်နေလည်း ဖြစ်နေတာပဲဟာ” တို့ “ဒီလိုဆို မင်္ဂလာဆောင်ရင် မင်း ဘယ်လိုဝတ်မှာလည်း” တို့ စတဲ့မေးခွန်းတွေပေါ့။

နောက်ထပ် စိတ်မကောင်းစရာ တစ်ခုကတော့ ကျနုပ်ရဲ့ ကိစ္စဟာ ကျနုပ်ရဲ့ဖခင်ကို ရူးသွပ်စေခဲ့ပါတယ်။ တကယ့်ကို ရူးသွပ်သွားသလိုမျိုးပါ။ သူဟာ ကျနုပ်ရဲ့ မင်္ဂလာပွဲပြီး နှစ်ပေါင်းများစွာတိုင်အောင် ဆောင်းပါးတွေရေးပြီး သတင်းဂျာနယ်၊ စံချိန်မှတ်တမ်း၊ အာကာသထိန်းချုပ်ရေး စတဲ့နေရာတွေကို သူ့ရဲ့စာတွေကို ပို့နေခဲ့ပါတယ်။ သူရေးတဲ့ ဆောင်းပါး အားလုံးမှာ အကြောင်းအရာ တစ်ခုပဲပါပါတယ်.. ဘာလဲဆိုတော့ သူသည် အာကာသထဲမှာ လိင်ဆက်ဆံမှု ပထမဦးဆုံး ပြုလုပ်ဖူးသူဖြစ်တယ် ဆိုတဲ့အချက်ပါပဲ။ တကယ်တော့သူဟာ ဘယ်တုန်းကမှ အာကာသနဲ့ နီးစပ်ဖူးတဲ့သူမဟုတ်ပါဘူး။ အဲ.. အကယ်လို့ တစ်ယောက်ယောက်ကများ အတည်ဖြစ်ဖြစ် နောက်သလိုဖြစ်ဖြစ် နေစမ်းပါဦး.. ဒါဆို ခင်ဗျားကြီးက အာကာသထဲမှာ ဘယ်သူနဲ့များ လိင်ဆက်ဆံခဲ့တာလဲ.. လို့မေးခဲ့ရင်တော့ အဖေဟာ ပြောလက်စစကားကို ခဏလောက်နားလိုက်မယ်.. မေးလာတဲ့သူကို မျက်လုံးကြီးပြူးကြည့်လိုက်မယ်.. ပြီးတော့မှ အင်မတန်ပြတ်သားတဲ့လေသံနဲ့ တစ်လုံးချင်းပြန်ဖြေပါလိမ့်မယ်..
“ငါ့ဖာသာငါပေါ့ကွ”

ကျနုပ်ရဲ့ချစ်လှစွာသော သူငယ်ချင်းတွေအနေနဲ့ ကျနုပ်ရဲ့ အဖြစ်အပျက်ကို စာနာ နားလည်နိုင်မယ်လို့ ယူဆခဲ့ပေမယ့် အထင်နဲ့အမြင် ပါစင်အောင်လွဲခဲ့ပါတယ်။ ကျနုပ်ဟာ သူတို့အတွက် ပျက်လုံးကောင်းကောင်း တစ်ခုသာဖြစ်နေပါတယ်။ သူတို့ဟာ တချက်တချက်တော့လည်း ကူညီကြပါတယ်။ ဒါပေမယ့်လည်း များသောအားဖြင့်.. ဥပမာ မင်္ဂလာပွဲပြီးစအချိန်မျိုးမှာ နာရီပေါင်းများစွာ ကျနုပ်ကို လှောင်ပြောင်ရီမောနေခဲ့ကြပါတယ်။ ကျနုပ်ရရှိခဲ့တဲ့ တချို့သောလက်ဖွဲ့ပစ္စည်းများကတော့ တော်တော့ကို အဓိပ္ပါယ်မရှိတာတွေပါ.. ညစ်ညမ်းပုံတွေပါတဲ့ မဂ္ဂဇင်းတစ်စောင်၊ ပိုးသားလက်အိပ်တစ်စုံ စတာတွေဖြစ်ပါတယ်။ မျက်နှာကြက်မှာ တပ်ရတဲ့ ကြည့်မှန်တစ်ချပ်တောင် ပါလိုက်သေးတယ်။ အဆိုးဆုံးအချက်ကတော့ ဒီကောင်တွေဟာ ကိုယ့်သူငယ်ချင်းရဲ့အရေးကြီးတဲ့ မင်္ဂလာကျမ်းကျိန်ချိန် မှာတောင် အိနြေ္ဒ မဆယ်ကြတာပဲဖြစ်ပါတယ်.. ။ သင်းအုပ်ဆရာဦးဇာတက က..

“သင့်ကိုယ်သင် လင်ယောက်ျားအဖြစ်နဲ့ယူပြီး လက်ထပ်ပြီးချိန်မှာ တပေါင်းတစည်းထဲ နေနိုင်ပါ့မလား.. သင့်ကိုယ်သင်ချစ်ပြီး နူးညံ့ကြင်နာမှုကို ပေးနိုင်ပါ့မလား.. သင်ကိုယ်တိုင်ရဲ့ နာဖျား ကျန်းမာ စတဲ့ ကိစ္စအ၀၀ တို့မှာ သင့်အနေနဲ့ ချီးမြောက်ဆောင်ရွက်ခြင်းပြုနိုင်ပါမည်လား.. သင်အသက်ရှင်နေသရွေ့ သင့်ကိုယ်သင် သစ္စာရှိရှိ ပေါင်းဖက်သွားနိုင်ပါမည်လား..”

လို့ မင်္ဂလာဆောင်တစ်ခုရဲ့ အရေးအကြီးဆုံး အမေးအဖြေပြုလုပ်နေချိန်မှာ လူမှုရေးနားမလည်တဲ့ သူငယ်ချင်းတွေ ခွက်ထိုးခွက်လန်ကို ရယ်ကြပါတယ်။ တစ်ယောက်ဆိုရင် ရှူရှူးတွေတောင် ထွက်ကျကုန်တယ်လို့ နောက်ပိုင်းပြန်ကြားရတယ်။


အခန်း ၂။

လာ့စ်ဗီးဂတ် ကိုသွားခဲ့တဲ့ ကျနုပ်ရဲ့ ပျားရည်ဆမ်းခရီးဟာ ပျော်ရွှင်ဖွယ်အတိပါ။ ကျနုပ်ဟာ ကိုယ့်မှာ ပါလာသမျှ တက်တက်ပြောင်သွားအောင် လောင်းကစားပစ်လိုက်ပေမယ့်လည်း ဘယ်သူကမှ ကျနုပ်ကို နားပူနားဆာလုပ်ခြင်းမရှိပါ။ မင်္ဂလာဦးညက တည်းတာကတော့ လပ်ဆာ ဆိုတဲ့ ကြယ်ငါးပွင့်ဟော်တယ်ရဲ့ အကောင်းဆုံး ပင့်ဟောက်စ် အခန်းမှာလေ။

ကျနုပ်မှာ အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းတွေ တော်တော်များများ ခိုင်ခိုင်လုံလုံကို ရှိပါတယ်။ အမြတ်တော်ကြေး သက်သာချင်တဲ့ အကြောင်းကလွဲရင်ပေါ့။ (စကားမစပ်.. အမြတ်တော်ကြေးဝန်ကို ကျနုပ်ဟာ ကျနုပ်ကိုယ်တိုင်ရဲ့ အိမ်ထောင်ဖက် ဖြစ်တဲ့အကြောင်း တော်တော်အချိန်ယူ ရှင်းပြဖူးသေးတယ်။) ကျနုပ်ဟာ အိမ်ထောင်တစ်ခု ခိုင်မြဲတည်ဆောက်ရေးဆိုတဲ့ အချက်ကို စတင်စဉ်းစားမိကတည်းက ကိုယ်တိုင် တသက်လုံးယုံကြည်ရမယ့် အိမ်ထောင်ဖက်တစ်ယောက်ကို လိုချင်ခဲ့ပါတယ်။ ကိုယ့်ကို စာနာနားလည်နိုင်မယ့်သူ၊ ကိုယ့်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို မချွင်းမချန် တိုင်ပင်လို့ရမယ့်သူ၊ ကိုယ်နဲ့ အမြဲအတူတကွ ရှိနေနိုင်မယ့်သူ စတဲ့လူမျိုးပေါ့။ မိန်းကလေးတွေနဲ့ တွဲခြင်း၊ ရည်းစားသနာထားခြင်း စတာတွေဟာ ကျနုပ်အတွက် အပန်းမကြီးလှပေမယ့် တဖြည်းဖြည်း ခံစားလို့မရတော့ပါဘူး။ ကျနုပ်တစစသိလာတာက ကျနုပ်ရဲ့အိမ်ထောင်ဖက်ဟာ ကျနုပ်ရဲ့ ပတ်ဝန်းကျင်နဲ့ အများကြီးနီးစပ်နေဖို့ လိုတယ်ဆိုတာပဲ။

ကျနုပ်ရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှုဟာ ကျနုပ်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီးပဲဖြစ်ပါတယ်။ ကြည့်လေ.. ကျနုပ်ဟာ အိမ်ထောင်ဖက်နဲ့ တော်ရုံအငြင်းပွားလေ့မရှိပါဘူး.. ကျနုပ်ရဲ့ စကားသည်သာ အတည်ဖြစ်တယ်.. ဒီအိမ်ထောင်မှာ ကျနုပ်သာလျှင် သြဇာတက္ကိမ ရှိသူဖြစ်တယ်..။ ရံဖန်ရံခါတော့လည်း အငြင်းပွားစရာတွေရှိပါတယ်.. ဒါပေမယ့်လည်း ငြင်းတိုင်း ကျနုပ်သာ အမြဲနိုင်ပါတယ်။ အိမ်ထောင်မှု သာယာရေး အပိုင်းဆိုရင်လည်း ကျနုပ်လုပ်သမျှ အတိုင်းသာဖြစ်ပါတယ်.. ပြဿနာမရှိပါ။ စိတ်အနှောက်အယှက် ဖြစ်စရာတွေကတော့ မီဒီယာအုပ်စုပဲဖြစ်ပါတယ်။ ကျနုပ်ထံလာလာပြီး ဒီသာမန်မဟုတ်တဲ့ ပေါင်းသင်းနေထိုင်မှု ပုံစံသစ်ကို လာရောက်ဆွေးနွေး လေ့လာပြီး သူတို့ရဲ့ အပေါစားမီဒီယာတွေမှာ မှတ်ချက်အမျိုးမျိုးနဲ့ ဝေဖန် ရှုံ့ချ လှောင်ပြောင် သရော်ကြပါတယ်။ မဂ္ဂဇင်းတစ်ခုဆိုရင် ကျနုပ်ဟာ ကိုယ့်ကိုယ်ကိုပြန်ချစ်သူ အစွန်းရောက်အတ္တ၀ါဒီ တစ်ဦးအဖြစ်လွန်လွန်ကျူးကျူး ပုတ်ခတ်ရေးသားဖူးပါတယ်။ ကျနုပ်ဟာ ကိုယ့်ကိုယ်ကို ပြန်ချစ်နေသူ တစ်ဦးမဟုတ်ပါ.. ကျနုပ်၏ အိမ်ထောင်ဖက်နှင့် ပျော်ရွှင်စွာ လက်တွဲ နေထိုင်နေသူ တစ်ဦးမျှသာဖြစ်ပါတယ်။


အခန်း ၃။

သက်ရှိသတ္တ၀ါတွေရဲ့ သက်တမ်း တချိန်ချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ ဟော်မုန်းဓါတ် အပြောင်းအလဲကြောင့် ဖြစ်ရတာလို့ထင်ပါတယ်.. ဒါကတော့ အခု ကျနုပ်ဟာ ကျနုပ်ရဲ့ မျိုးဆက်သစ်ကို လိုလားတောင့်တနေပါပြီ။ ကျနုပ်ဟာ သက်ရှိဖြစ်တယ်.. ဒါပေမယ့် သေမျိုးဖြစ်တယ်.. ကျနုပ်မသေခင် ကျနုပ်ရဲ့ မျိုးရိုးဗီဇကို ဆက်လက် ထိန်းသိမ်းသွားမယ့်သူ လိုနေပြီ။ ကျနုပ်အနေနဲ့ အပြန်ပြန် အလှန်လှန် ကောင်းကျိုး ဆိုးကျိုးများကို စဉ်းစားပြီး နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်.. ကျနုပ်၏လက်ရှိ လင်ယောက်ျားနှင့် ကွာရှင်းပြတ်စဲပြီး မိန်းမယူမည် ကလေးမွေးမည် ဖြစ်ပါတယ်။ ကျနုပ်ရဲ့ ခင်မင်လှစွာသော သင်းအုပ်ဆရာ ဦးဇာတက နဲ့တိုင်ပင်သောအခါ ဦးဇာတက က အိမ်ထောင်တစ်ခုကွဲဖို့ဆိုတာ အခုလိုလွယ်လွယ်လေးနဲ့ ချက်ခြင်းလုပ်လို့ရတာမျိုးမဟုတ်ဘူး.. တရားဥပဒေနည်းလမ်းအရ ကွာရှင်းဖို့ အချိန်ယူ လျှောက်ထားရတာ.. လို့ပြောလေသည်။ ထူးဆန်းတဲ့အချက်က ကလေးရလိုခြင်းဟာ ကွာရှင်းဖို့ လုံလောက်တဲ့ အချက်တချက် မဟုတ်ဘူးဆိုတာပဲ။

သင်းအုပ်ဆရာပြောပြတဲ့ တခြားကွာရှင်းဖို့ ရလောက်တဲ့ အခြေအနေတွေကတော့ .. ကျနုပ်ဟာ ကျနုပ်ရဲ့ အိမ်ထောင်ဖက်နဲ့ တစ်နှစ်အတိ လုံးဝ အတူမနေခြင်း (ဒီအချက်အရတော့ ကျနုပ်အတွက် ဆိုရင် ခွဲစိတ်မှုအကြီးစားလုပ်ဖို့ လိုပါလိမ့်မယ်)၊ အိမ်ထောင်ဖက်က မိမိအပေါ် ရက်စက်စွာ ပြုမူဆက်ဆံခြင်း၊ အိမ်ထောင်ဖက် အကျဉ်းထောင် အနည်းဆုံး တစ်နှစ်ကျခြင်း စတာတွေပဲဖြစ်ပါတယ်။ ကျနုပ်ဟာ ကိုယ့်ကိုယ်ကို အညိုအမည်းစွဲအောင် ရိုက်နှက်ညှင်းပန်း နှိပ်စက်ဝံ့ပါမည်လား.. ဒါမှမဟုတ် ထောင်ထဲမှာပဲ တစ်နှစ်လောက်သွားနေရမလား မဝေခွဲနိုင်ဖြစ်နေပါတယ်။ အဲ.. ဒါပေမယ့်လည်းပေါ့ဗျာ.. နောက်ဆုံးတစ်ချက်တော့ ကျန်ပါသေးတယ်.. ဒါကတော့ အိမ်ထောင်ရေး ဖေါက်ပြန်မှုပါပဲ.. ရှင်းရှင်းပြောရရင်တော့ ကျနုပ်ဟာ ကျနုပ်ကလွဲလို့ တခြားလူသား တစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံရမယ်.. ဒါဆိုရင်ပြီးပြီ.. ကွာရှင်းဖို့အတွက် လုံလောက်သွားပါပြီ..။


အခန်း ၄။

ဒီလိုနဲ့ပဲ ကျနုပ်ဟာ ကျနုပ်ရဲ့ လက်ထပ်လက်စွပ်ကို မလုံမလဲချွတ်ထားပြီး ကျနုပ်ရဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် အိပ်ဖေါ်တစ်ယောက်ကို ရှာရပါတော့တယ်။ ကျနုပ်ရဲ့ သူငယ်ချင်းများကတော့ ကျနုပ်ကို ရက်ရက်စက်စက် ဝေဖန်ကျပါတယ်.. ကျနုပ်ဟာ အသိဥာဏ်လုံးဝ ကွယ်ပျောက်မသွားသေးခင် နှစ်ကိုယ်ခွဲပြီး ကိုယ့် ကိုယ်ကို ကယ်တင်နေတာပဲလို့ပြောကြပါတယ်။ ကျနုပ်ရဲ့အမေကတော့ ကျနုပ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လှိုက်လှိုက်လှဲလှဲ လက်ခံပါတယ်။ ကျနုပ်ရဲ့ ဖခင်ကတော့ သူရဲ့ ပြောလက်စ စကားကို ခဏနားလိုက်ပြီး မျက်လုံးပြူးတွေနဲ့ ကျနုပ်ကိုစိုက်ကြည့်ပါတယ်.. ပြီးတော့မှ အသံသေးအသံကြောင်နဲ့ “ငါ့ဖာသာငါပေါ့ကွ” လို့ပြောပါတယ်။ တကယ်ကိုပဲ သူဟာ အာကာသထဲက တခြားကမ္ဘာကိုရောက်နေတာ ဖြစ်နိုင်ပါတယ်။

ကျနုပ်အနေနဲ့ အိပ်ဖေါ်ကို ဒီလောက်မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်ခဲ့မယ်လို့ မထင်ထားဘူး။ အနည်းဆုံးတော့ သူမဟာ လိုလိုလားလား ကျနုပ်နဲ့ အိပ်ရမယ်.. နောက်တချက်က သတင်းစာ ဖတ်လေ့မရှိတဲ့သူဖြစ်ရမယ်.. ဒါမှသာ သတင်းစာတွေထဲကနေတဆင့် ကျနုပ် မင်္ဂလာဆောင်ဖူးကြောင်း မသိနိုင်မှာပေါ့။ ဒီလိုအချက်တွေနဲ့ ပြည့်စုံတဲ့သူကို တော်တော်ရှာရ လိမ့်မယ်လို့ထင်နေတာ နောက်ဆုံးတော့လည်းတွေ့ပါပြီ.. ရိုးရှင်းတဲ့မျက်နှာလေးနဲ့ မလေးရှားမလေးတစ်ဦးပါ။ သူမကို သွေးဆောင်ဖျားယောင်းရတာ ထင်သလောက် မခက်ပါဘူး။ အမှန်အတိုင်းဝန်ခံရရင် အဲဒီညကတော့ တော်တော့ကို စိတ်ပျက်စရာပါပဲ..။ အဲဒီကောင်မလေးဟာ ယောက်ျားတစ်ယောက် နိုးထ အသက်ဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လုံးဝမသိပါဘူး..။ ပြောရရင်တော့ ယောက်ျားတွေနဲ့ ပါတ်သက်ရင် ဒီကိစ္စမှာ ကျနုပ်ဟာ ဆရာတစ်ဆူ ဖြစ်နေပါပြီ။ တဖက်ကနေကြည့်ပြန်ရင်လည်း မလေးရှားမလေးလည်း တော်တော်စိတ်ပျက်မှာပါ.. ဘာလို့လဲဆိုတော့ မိန်းမတွေနဲ့ပါတ်သက်ပြီး ကျနုပ်မှာ ဘာအတွေ့အကြုံမှ မရှိပဲကိုး..။

ဒီအဖြစ်အပျက်အပြီးမှာတော့ ကျနုပ်ရဲ့ ကွာရှင်းပြတ်စဲရေးဟာ တော်တော်လွယ်ကူသွားပါတယ်။ ဘုရားကျောင်းအနေနဲ့လည်း ကျနုပ်ရဲ့ မင်္ဂလာပွဲဟာ အစကတည်းက အမှားကြီးလိုလို ယူဆထားဟန်ရှိပါတယ်.. ဒါကြောင့်လည်း အခုလို ကွာရှင်းတဲ့ကိစ္စကို သိပ်ဂဂျီဂဂျောင်မကျပဲ အဆင်ပြေအောင် လုပ်ပေးလိုက်တာဖြစ်မှာပါ။ ပြတ်စဲကွာရှင်းပြီး ရက်ပေါင်းများစွာတိုင်အောင် ကျနုပ်ဟာ အထီးကျန်နေသလို ခံစားနေရပါတယ်။ အပါတ်စဉ် ပုံမှန် ကြေညာတွေ ပို့နေကျ အိမ်နားက စိတ်ရောဂါအထူးကု ဆီကတောင် ကြေညာအသစ် ထပ်မလာတော့တာလည်း တစ်ချက် အပါအ၀င်ပါ။

ကျနုပ်အတွက် လက်ထပ်မယ့် မိန်းမကိုရှာရတာဟာ ဆယ်စုနှစ်တခု နီးပါးကို ကြာမြင့်သွားပါတယ်။ အရေးကြီးတာက အဲဒီမိန်းမဟာ ကျနုပ်ကိုလက်ထပ်လိုက်ခြင်းဖြင့် လင်မယားနှစ်ယောက်အား တပြိုင်နက် လက်ထပ်လိုက်ရတယ်လို့ အတွေးမျိုး ခံစားချက်မျိုး မရှိသူဖြစ်ရပါမယ်။ ဒါကြောင့်လည်း “ဖွ” ကြတဲ့ မီဒီယာတွေရဲ့ မေ့လောက်တဲ့အချိန်ထိကို စောင့်နေခဲ့ရတာပေါ့။ ဒီကြားထဲမှာတော့ ကျနုပ်ဟာ “မိမိကိုယ်ကို လက်ထပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ်တိုင်ရေး အထုပ္ပတ္တိတစ်အုပ် ရေးသားခဲ့ပါသေးတယ်။ ကိုယ့်ကိုယ်ကိုလက်ထပ်ခြင်းရဲ့ အသေးစိတ်အချက်များ၊ ကြုံဆုံခဲ့ရတဲ့ ဘ၀ရဲ့ အနိမ့်အမြင့်များ၊ ကျနုပ်နှင့် ကျနုပ်ရဲ့ ယောက်ျားအပေါ် သူတပါးဝေဖန်ချက်များ ကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခြင်း၊ အိမ်ထောင်ရေးသုခ အ၀၀ စတဲ့ အခန်းတွေပါတဲ့ ကျနုပ်ရဲ့စာအုပ်ဟာ အောင်မြင်မှုအတိုင်းအတာ တစ်ခုထိရခဲ့ပါတယ်။ အဓိကအချက်ကတော့ လူတွေဟာ စပ်စပ်စုစု ကျနုပ်ရဲ့ သာမန်မဟုတ်တဲ့ စုံတွဲတတွဲရဲ့ အကြောင်းကို စိတ်ဝင်စားတာပါပဲ။ စာအုပ်ကိုဖတ်ပြီးချိန်မှာတော့ လူတော်တော်များများဟာ ငါဆိုရင်ကော ငါ့ကိုယ်ငါ အိမ်ထောင်ပြုလို့ ဖြစ်နိုင်ပါ့မလား အဆင်ပြေနိုင်မလား ဆိုပြီး လက်ရှိ သမီးရည်းစားများနေရာမှာ မိမိကိုယ်တိုင်အစားထိုးပြီး စဉ်းစားကြပါတော့တယ်။


အခန်း ၅။

ကျနုပ်ကို ပုံတူကူးချတဲ့ လက်ထပ်ခြင်းတွေကိုတော့ တစ်ခါမှ မကြားဖူးသေးပါဘူး။ မီဒီယာလောကသားတွေရဲ့ စိတ်ဝင်စားမှု လျော့ကျသွားတာလား.. ဒါမှမဟုတ် ဘုရားကျောင်းကပဲ ဒီလိုအဖြစ်အပျက်အလွဲမျိုး နောက်တစ်ခါ ထပ်ဖြစ်ခွင့် မပေးတော့တာလားမသိနိုင်ပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားပါတော့လေ.. ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ.. ။ အခုဆိုရင် ကျနုပ်နဲ့ ကျနုပ်ရဲ့ အမျိုးသမီးဟာ အရင်ကထက် ပိုမိုကြီးမားတဲ့ အိမ်ကို ပြောင်းရွှေ့နေထိုင်ပါတယ်။ ကျနုပ်တို့ရဲ့ မွေးလာတော့မယ့်ကလေး ကျယ်ကျယ်ဝန်းဝန်း နေရအောင်ပေါ့။ ကျနုပ်ပျော်ပါတယ်.. တကယ်ကို ပျော်ပါတယ်။ အခုလောလောဆယ်ဆို မျက်နှာပိုးမသတ်နိုင်အောင် ပြုံးဖြီးဖြီးဖြစ်နေပါတယ်.. ။ ဘာကြောင့်လဲသိလား.. ဟိုဖက်ခြံမှာနေတဲ့ ဘုန်းတော်ကြီး ဖလဲမင်းနဲ့ သူ့ရဲ့ ပြင်သစ်အမွေးပွ ခွေးမလေးကို တွေ့လိုက်ရလို့ပေါ့။



(Charlie Fish ရဲ့ The Man Who Married Himself ကို ခံစား ဘာသာပြန်ထားတာပါ။)

Wednesday, August 13, 2008

နှလုံးသားအာဟာရ ပုံပြင်လေးတစ်ပုဒ်

ဟိုးရှေးရှေးတုန်းကပေါ့..

မြို့ငယ်လေးတစ်မြို့ရဲ့ ဆိတ်ငြိမ်ရပ်ကွက်မှာ နှစ်ထပ်အိမ်ကြီးတစ်လုံး ရှိသတဲ့လေ။ အိမ်ကြီးရဲ့ ခြံဝန်းတံခါးမြင့်မြင့်ကြီးကတော့ အမြဲလိုလို ပိတ်ထားတာပဲ တွေ့ရတတ်တယ်တဲ့။ တကယ်တန်း ပြောရရင်တော့ ဒီတစ်ရပ်ကွက်လုံး အိမ်ကြီးကြီးတွေနဲ့ ခြံတံခါးမြင့်မြင့်တွေချည်းပါပဲ။ ဒါကြောင့်လည်း ဒီရပ်ကွက်ကို သူဌေးရပ်ကွက် လို့ ခေါ်ကြတာ ပေါ့ကွယ်..

တစ်ရက်ကျတော့ အဲဒီရပ်ကွက်ထဲကို အိုမင်း ကြုံလှီ နေတဲ့ အဘိုးအိုတစ်ယောက် တောင်ဝှေးတစ်ချောင်း တတောက်တောက်ထောက်လို့
တုန်ချိနဲ့နဲ့ လျှောက်ဝင်လာသတဲ့။ ချေးညှော်အထပ်ထပ် ဖာတစ်ရာတေ ဟောင်းနွမ်းလှတဲ့ အ၀တ်တွေ ၀တ်ဆင်ထားတဲ့ အဘိုးအိုရဲ့ အသွင်ဟာ သူအခုရောက်ရှိနေတဲ့ သူဌေးရပ်ကွက်နဲ့ လားလားမှ အပ်စပ်ခြင်းမရဘူးပေါ့။ သူစိမ်းအနံ့ရရင် ၀တ္တရားမပျက်ဟောင်လေ့ရှိတဲ့ အိမ်စောင့်ခွေးတွေတောင် ဟောင်ဖို့မေ့ပြီး ခြံတံခါးနောက်ကွယ်ကနေ အမြီးကုတ်ပြီး အဘိုးအိုကို ကြောင်တက်တက်နဲ့ ငေးကြည့်နေကြသတဲ့။

ဒီလိုနဲ့ ဖြေးဖြေးချင်းလျှောက်လာခဲ့တာ နှစ်ထပ်အိမ်ကြီးရဲ့အရှေ့ကျတော့ အဘိုးအိုခမျာ အားပြတ်ပြီး ရုတ်တရက် လဲကျသွားပါရောတဲ့။ ဆိတ်ငြိမ်ရပ်ကွက်ပီပီ လူချေတိတ်ဆိတ်လှတော့ အဘိုးအို လဲကျသွားတာကို လည်း ဘယ်သူမှ သတိမထားမိဘူးပေါ့ကွယ်။ အဲဒီလို ဘယ်သူမှမသိပဲ လဲနေတာ ငါးမိနစ် ဆယ်မိနစ်လောက်တောင် ကြာမလားပဲ။ နောက်ဆုံးတော့လည်း တောင်ဝှေးရဲ့ အကူအညီနဲ့ပဲ အဘိုးအိုခမျာ တဆင့်ခြင်း ပြန်ထယူရတာပေါ့။ ပြီးတော့မှ နှစ်ထပ်အိမ်ကြီးရဲ့ ခြံဝန်းတံခါးက ခေါင်းလောင်းကြိုးကို တစ်ချက် နှစ်ချက် အသာဆွဲလိုက်သတဲ့။

မကြာခင်မှာပဲ နှစ်ထပ်အိမ်ထဲကနေ နှုတ်ခမ်းမွေးသေးသေးကို ကော့နေအောင် ဖယောင်းတိုက်ထားတဲ့ လူကောင်ညှက်ညှက် တစ်ယောက် ထွက်လာပါတယ်။ လူညှက်လေးက ခေါင်းကို ဆီရွှဲရွဲသုတ်ပြီး နောက်လှန်ဖြီးထားပါတယ်။ ဖြူဆွတ် သန့်ရှင်းတဲ့ အင်္ကျီကို ၀တ်ဆင်ထားပြီး သူဟာ အိမ်ကြီးရဲ့ အလွန်အရေးပါတဲ့သူလိုမျိုး မျက်နှာထားကို ချွတ်စွပ် ကူးချထားပါတယ်။ ဒါပေမယ့်လည်း အဲဒီလူရဲ့ အဆင့်ဟာ အလွန်ဆုံး အိမ်တော်ထိန်း အဆင့်ထက် မကျော်ဘူးဆိုတာ လူတိုင်းခန့်မှန်းလို့ရပါသတဲ့။ အဲသလို ဟန်ကြီးပန်ကြီး အယောင်ဆောင်တတ်ကြတဲ့ သူတွေများဟာ သူတပါးတွေကိုလည်း တွေ့တွေ့ချင်း အထင်မသေးရဲကြဘူး။ အဘိုးကြီးကိုတွေ့တဲ့အခါ အိမ်တော်ထိန်းက ဒီအဘိုးကြီးဟာ ပညာရှိကြီးလား၊ သူတော်စင်ကြီးလား၊ အယောင်ဆောင်ထားတဲ့ သူဌေးကြီးလား ခွဲခြားမတတ်ဘူးဆိုပါတော့။ ဒီတော့ အိမ်တော်ထိန်းက ထီးနန်းဆန်ဆန် ယဉ်ကျေးစွာမေးပါသတဲ့။

“အို.. ဘေးလောင်းတော်.. ပဇာအကြောင်းကြောင့်များ မြစိမ်းရိပ်မြိုင် ကို ကြွလာတော်မူပါသလဲ”

“ဘာကြောင့်မှတော့ မဟုတ်ပါဘူး အိမ်တော်ထိန်းကြီးရယ်.. အဘိုး စားစရာမရှိတာ ၂ရက် ၃ရက်ရှိပါပြီ.. ခုနလေးတင်ကတောင် ဒီအိမ်ရှေ့မှာ အားပြတ်ပြီးလဲသွားပါသေးတယ်.. အဲဒါ စားစရာ အကြွင်းအကျန်လေးများ ရလိုရညားပါ ကွယ်..”

အာ.. ဒါ သူတောင်းစားကြီးပဲ.. စောစောက နန်းဆန်မိတာတောင် မှားပေါ့..

“ဟုတ်ပီ.. အဘိုးကြီး၊ ဒါဆိုရင်ခနစောင့်.. မြစိမ်းသခင်မကို လျှောက်ထားကြည့်ပေးမယ်” ဟုဆိုကာ လူ့ဖလံလေးသည် ကြွစောင်းကြွစောင်းနှင့် နှစ်ထပ်အိမ်ကြီး အတွင်းသို့ ပြန်ဝင်သွားသတဲ့။

ရွှေရောင်အချိန်တုန်းက လူကြီးတစ်ယောက်ရဲ့ စကင်းလေး ရာထူး ရှိခဲ့သူ မြစိမ်းသခင်မဆိုသူကား အခုတော့ အသက်လေးဆယ်စွန်းစွန်း လိပ်ခါး၊ ဖါးဖင်၊ ပေါင်လုံးတုတ်တုတ်၊ မေးစေ့နှစ်ထပ် နှင့် ဖြစ်ပါ၏။ ခုနက မှန်တင်ခုံထိုင်ပြီး သူမရဲ့ နှုတ်ခမ်းမွေးစိမ်းစိမ်းကို ဇာဂနာနှင့် ပြောင်စင်အောင် နှုတ်နေစဉ်ကပင် အောက်ထပ်တွင်ပြောဆိုနေသော အဘိုးကြီး၏ အကြောင်းဖြစ်စဉ်အလုံးစုံကို ကြားပြီးဖြစ်ပါသတဲ့။

“ဟဲ့.. မောင်ပေါက်ကျိုင်းရေ.. မနေ့က မုန့်အကျန်လေး ဘာလေးရှိရင် ပေးလိုက်စမ်းပါ့ကွယ်။ တမြန်နေ့ကကျန်တဲ့မုန့်ဆိုရင် ပိုကောင်းတယ်ကွဲ့”

အိမ်တော်ထိန်း မေါင်ပေါက်ကျိုင်းလဲ သခင်အားရ ကျွန်ပါးဝ ဆိုသလိုပင် လေး ငါးရက်ခန့်ကြာနေပြီဖြစ်သော မုန့်လုံးကြီးကျော်မှိုတက် အနည်းငယ်ကို သတင်းစာစက္ကူဖြင့်ထုပ်ပြီးသကာလ အဘိုးကြီးအား သဒ္ဓါကြည်ဖြူ စွန့်လှူလိုက်လေသည်။ အဘိုးကြီးလည်း သာဓု ပေါင်းများစွာခေါ်ပြီး မုန့်ထုပ်ကို ပိုက်လျှက် ၀ါးတီးဖွင့်ရန် နီးစပ်ရာ အပင်ရိပ်အောက်သို့ အသော့နှင်တော့ သတဲ့။

ရက်လွန်မုန့်လုံးကြီးတွေက အတော်မာတဲ့ အတွက်ကြောင့် ဇီဝိတဒါန သောက်ရေအိုးစင်ထဲက ရေတကျိုက် မုန့်တကိုက် စားရပါတယ်။ အစားအစာနဲ့ ၂ရက် ၃ရက် ကင်းဝေးနေခဲ့သူဆိုတော့လည်း ဒီကျောက်တုံးလို မာခေါက်ခေါက် အုန်းယိုသိုးသိုးနဲ့ မုန့်လုံးကြီး မှိုတက်အတွေကတော့ နတ်သုဒ္ဓါပေါ့ကွယ်။ ဒီလိုနဲ့ နောက်ဆုံးပိတ် မုန့်လုံးကြီးကို အားရပါးရ အကိုက် မုန့်လုံးကြီးထဲက အမာထည်တစ်ခုကို ကိုက်မိလို့ အဘိုးကြီးခမျာ မရှိမဲ့ရှိမဲ့ အံသွားတစ်ချောင်းကျိုးသွားပါသတဲ့။ သေသေချာချာကြည့်တော့မှ.. အလို.. စိန်လက်စွပ်တစ်ကွင်းပါလား.. မှန်းစမ်း.. လက်စွပ်အောက်မှာလည်း စာရေးထားတယ် “မစ”ဆိုပဲ.. ဘယ်သူ့လက်စွပ်ပါလိမ့်.. ဟို.. “မြစိမ်းရိပ်မြိုင်”က “မြစိမ်းသခင်မ” နဲ့များ ဆိုင်နေမလား..။ ဒါမှမဟုတ် အကျော်သည် “မယ်စိန်” ရဲ့လက်စွပ်လား။ ဒီလိုနဲ့ပဲ ဟိုတွေးဒီတွေး နှင့် တစ်ရက်တိတိ ကြာလေသထဲ့။

နောက်နေ့ကျတော့ ဆာသောဝမ်းကို အမှူးထားပြီး စိန်လက်စွပ်တကွင်းကိုကိုင်ကာ မြစိမ်းရိပ်မြိုင် ကို တုန်နဲ့တုန်နဲ့ ချီတက်လာပြန်လေသည်။

“ဟော.. မိုးတောင်စင်စင် မလင်းချင်သေးဘူး.. ဘယ်သူများ ခေါင်းလောင်းကြိုးလာဆွဲသလဲ အောက်မေ့တယ်.. အဘိုးကြီး.. ခင်ဗျားကြီးကိုး.. စောစောစီးစီး မလာပါနဲ့ဗျာ.. အိမ် လာဘ်တိတ်လွန်းလို့ပါ” ဟု အဘိုးကြီးကို မောင်ပေါက်ကျိုင်းခေါ် မြစိမ်းရိပ်မြိုင် အိမ်တော်ထိန်းက ဆီးကြိုထောမနာပြုလေသတဲ့။

“မဟုတ်ပါဘူး မောင်ရင်ရယ်.. မနေ့က မုန့်လုံးကြီးထဲမှာ စိန်လက်စွပ်တစ်ကွင်းပါလာလို့ ဒီအိမ်ကများလားလို့ လာပြန်မေးကြည့်တာပါ”

ဒီတော့မှာ လူ့ဖလံလေးရဲ့ မျက်နှာထားက ပြောင်းပြန်ဖြစ်အောင် ပြောင်းသွားသတဲ့.. ဖယောင်းတိုက်ထားတဲ့ နှုတ်ခမ်းမွေးတွေတောင် နားရွက်နားကပ် အောင် “ထောင်” သွားတယ်လို့ ထင်ရတယ်လို့ နောက်ပိုင်းကျတော့ အဘိုးကြီးပြန်ပြောပြသေးတယ်။

“ဒါဆိုလည်း အဲဒီလက်စွပ်ကျနော့်ကိုပေး.. မြစိမ်းသခင်မကို သွားပြပေးမယ်” ဟုဆိုကာ လက်စွပ်ကို ကိုင်ပြီး အိမ်ပေါ်ထပ်သို့ အသော့နှင်လေသတဲ့။

လက်စွပ်ကို သေသေချာချာကြည့်ပြီးမှ မြစိမ်းသခင်မက “ဒီလက်စွပ်ပျောက်နေတာ ၃-၄-၅ရက်ရှိပြီ မှတ်ပါတယ်.. ဒင်းက မုန့်လုံးကြီး လုံးတုန်းက ကျွတ်ပါသွားတာကိုး.. ကောင်းပါလေ့ကွယ် အခုလို ရိုးရိုးသားသား ပြန်လာပေးတဲ့သူရှိပေလို့.. .. အော်.. ဒါနဲ့ မောင်ပေါက်ကြိုင်းရေ.. လက်စွပ်ပြန်လာပေးတဲ့ အဘိုးကြီးကို မုန့်လုံးကြီးကျော်တွေ ပိုသေးရင် နည်းနည်းထပ်ပေးလိုက်ပါဦး.. မနေ့ တနေ့က ကျန်တာတွေဆိုပိုကောင်းတယ်ဟေ့..”

ဒါနဲ့ပဲ အဘိုးကြီးလည်း ဒီနေ့အတွက်စားဖို့ မုန့်လုံးကျော်တွေထပ်ရသွားတာပေါ့။ အဘိုးကြီးဟာ နေ့လည်ကျတော့ မုန့်လုံးကြီးကျော်ကို ဗိုက်ဆာဆာနဲ့ ကိုက်လိုက်တာ ထူးထူးဆန်းဆန်း စိန်လက်စွပ်နောက်တကွင်း ဖြစ်နေပြန်သတဲ့။ “မစ” ဆိုတဲ့ အမှတ်အသားလည်း ပါပြန်တယ်။

နောက်နေ့ကျတော့ ထုံးစံအတိုင်း အဖိုးကြီးလည်း နှစ်ထပ်အိမ်ကြီးဆီပြန်သွား လက်စွပ်ပြန်ပေးတော့ မှိုတက်နေတဲ့ မုန့်လုံးကြီးကျော် အနည်းငယ်ထပ်ရပြန်သတဲ့။ ဒီတစ်ခါလည်း ကိုက်လိုက်တာ နောက်ထပ် “မစ” လို့ရေးထားတဲ့ စိန်လက်စွပ်တစ်ကွင်း ရပြန်သတဲ့။ အဲ.. နောက်နေ့ကျတော့ထုံးစံအတိုင်း စိန်လက်စွပ်သွားပြန်ပေး မုန့်လုံးကြီးကျော်ယူပြီး ပြန်ခဲ့ပြန်သတဲ့ .. ။ ဒီတစ်ခါလည်း စိန်လက်စွပ်ပါလာပြန်သတဲ့။ အဲသလို နဲ့ ပါလာတဲ့ စိန်လက်စွပ်တွေကို ပြန်ပေးတိုင်း မုန့်နည်းနည်းစီထပ်ရနဲ့ ကံကောင်းလှတဲ့ အဘိုးကြီးဟာ နောက်ပိုင်းကျတော့ ဘယ်တော့မှ အစားအစာမပြတ်တော့ဘူးပေါ့။ ဒီလိုနဲ့ သံသရာလည်နေလိုက်တာ အဘိုးကြီးရဲ့ ကံမကောင်းတဲ့တစ်ရက်
လူကြီးရောဂါနဲ့ ဆုံး မသွားခင်အထိပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

Sunday, July 27, 2008

ဒုတိယမ္ပိမွေးဖွားခြင်း

အခန်း (၁)

အဲ.. ဒုတိယကိုယ်ဝန်ဆိုတော့ ဘယ်လိုပြောမလဲ အတွေ့အကြုံရှိပြီးသားပေါ့နော.. ။ သားဦးတုန်းကတော့ မနူးမနပ်နဲ့ ကိုယ်ဝန်ရှိနေမှန်းတောင်မသိဘူး။ တခါတခါ မောမောနေလို့ ဆေးခန်းသွားပြမှ ကိုယ်ဝန် (၆)လကျော်လောက် ရှိနေမှန်းသိတာ။ သြော်.. အဲဒီတုန်းကလည်း အိမ်ထောင်ဦးဘ၀ ရုန်းရကန်ရ ငွေကြေးကလည်း သိပ်မပြည့်စုံ.. ကိုယ့်ကျန်းမာရေးတောင် ကိုယ်သိပ်ဂရုစိုက် ဖြစ်နေတာမဟုတ်ဘူးလေ။ . ကိုယ်ဝန်ဆိုတာ အပ်ရကောင်းမှန်းမသိ .. တကယ့်တကယ် ဗိုက်နာလာတော့မှပဲ အရပ်ကူပါ လူဝိုင်းပါနဲ့ .. တော်သေးတာပေါ့ အရပ်လက်သည်ကြီး ကယ်ပေလို့.. ။

အခုတော့လည်း အကြီးမ တောင် နှစ်ခါလည်ကျော်ပြီ။ ဟဲဟဲ.. အကြီးမ လို့ ပြောရအောင် အငယ်ကောင်က တကယ်တော့ အခုမှ ဗိုက်ထဲမှာ.. ။ အင်းလေ သိပ်တော့ မထူးတော့ပါဘူး.. သန်ဘက်ခါ ဆိုရင် “ဂျုး” ပြီလို့ သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး မမအိုဂျီ က ပြောထားသားပဲ။ ဟုတ်ပါတယ်.. အခုတော့ အရင်တခေါက်လို မဟုတ်တော့ဘူးလေ.. အခြေအနေတွေက ပြောင်းသွားပြီ ။ အိမ်ထောင်သက် သုံးနှစ်လောက်အတွင်းမှာ စုထားဆောင်းထားတဲ့ ငွေလေးကလည်း မစို့မပို့ရှိ.. နှစ်ဖက်မိဘတွေနဲ့လည်း ပြန်လည်အဆင်ပြေ ၀င်ထွက် ခေါ်ပြော ဆိုတော့ ဒီတခါ ကိုယ်ဝန်ဆောင်ရတာကတော့ လိုလေသေးမရှိ။

ကိုယ်ဝန် (၆)ပါတ်လောက်ကတည်းက မမအိုဂျီ ဆီမှာ သွားအပ်ထားတာ.. အားဆေးတွေညွှန်တဲ့အတိုင်းသောက်.. ရှောင်စရာရှိတာတွေရှောင်.. ဆောင်စရာရှိတာတွေဆောင်နဲ့.. ။ ပြောရရင်တော့ လင်တော်မောင်တောင် ကိုယ်ဝန်ဆောင်လက်စွဲကျမ်း သုံးလေးအုပ်ဖတ်ပြီးနေပြီ။ ကိုယ်ဝန်ဆောင်တွေ သွေးအားကောင်းအောင် သံဓါတ်များများစား.. သန္ဓေသားအာရုံကြောအတွက် ဖိုလစ်အက်ဆစ်သောက်.. ဘယ်ရီဘယ်ရီမဖြစ်အောင် ဘီဝမ်းဓါတ်မချို့တဲ့စေနဲ့.. ညအိပ်ရင် ညာဖက်ကိုစောင်းအိပ်.. စတာတွေ။ သူ့ကိုယ်သူတောင် မဒ်ဒ၀ိုက် တစ်ယောက် လောက်နီးနီးတတ်နေပြီလို့ ကြွားတတ်သေးတယ်။

အာထရာဆောင်းရိုက်ပြီး သားလေးဆိုတာ သိလိုက်တဲ့ အချိန်ကတည်းက မြေးအထီး ရူးရူးနေတဲ့ နှစ်ဖက် အဘိုးအဘွားတွေက တရက်ကို နှစ်ကြိမ် ဖုန်းဆက်ပြီး ကိုယ်ဝန်ကို သတင်းမေးပါတော့တယ်။ အင်း.. ဒီအငယ်ကောင်လေးက တော်တော့ကို ကံထူးတာပဲ။ သူ့ကိုယ်ဝန်ရှိမှ စီးပွားလည်း ပိုတက်လာတယ်။ အကြီးမတုန်းကနဲ့များ ကွာပေ့။ ဒီလိုပဲပေါ့လေ.. တမိပေါက်ထဲမှာတောင် ကံ ခြင်း ဘယ်တူနိုင်မလဲ ဟုပြောပြောဆိုဆို သူမ၏ ဗိုက်စူစူလေးကို အသာအယာ ပွတ်လိုက်လေသည်။

ထိုသို့ပွတ်လိုက်မှပင် ဗိုက်ထဲက လှုပ်လှုပ် လှုပ်လှုပ်နဲ့.. မသိမသာလည်း ရစ်ပြီးနာလာသလိုပဲ။ မွေးချင်နေပြီလားမသိ.. မမအိုဂျီ တွက်ထားပေးတာတော့ သန်ဘက်ခါ တနင်္ဂနွေနေ့မှပဲဟာ.. မနက်ဖြန်မှဆေးရုံသွားတက်ရမှာ.. အခုမှ သောကြာနေ့ရှိသေးတာ။ အိမ်သာတက်ချင်လို့ဖြစ်မှာပါလေဆိုပြီး အိမ်သာထဲသွား.. ပြန်ထွက်လာ.. အိမ်သာထပ်သွား.. ပြန်ထွက်။ ဒီလိုနဲ့ အိမ်သာကိုဝင်ထိုင်လိုက် ထွက်လိုက်လုပ်နေရာမှ စတုထ္တအကြိမ်မြောက်မှာတော့ ..

“ဟယ်တော့.. ရေမွှာပေါက်ပြီလားမသိဘူးရှင့်.. ကိုကိုရေ.. လုပ်ပါဦး..”


အခန်း (၂)

ဆေးရုံ သားဖွားဌာနတွင် တာဝန်ကျနေသော အလုပ်သင်ဆရာဝန်မလေးသည် စမ်းသပ်ခန်းအတွင်းမှ ထွက်လာပြီး သူမ၏အထက် လက်ထောက်ဆရာဝန်မလေးအား..

“ မမရေ.. နိုးမင်ဘရိန်း.. အော့စ်က ဖူးလ်.. အယ်အိုအေ.. ကွန်ထရက်ရှင် ဂွတ်.. သိပ်မကြာတော့ပါဘူး”

“ ဟုတ်ပြီ.. ညီမလေး မွေးချင်လား.. ဘယ်နှစ်ယောက် မွေးဖူး ပြီးပြီလဲ”

“ ပတ်ဝမ်းမှာ ကွန်ဒါတ်ဆင်းတုန်းကတော့ အယောက် ၂၀ မွေးဖူးတယ်။ အခုဒီ ပိုစတင်းမှာတော့ ခြောက်ယောက် လောက်မွေးဖူးပြီ”

“ အိုကေလေ.. ဒီတစ်ယောက် မွေးဦးပေါ့ .. အမ အစစ် လုပ်ပေးမယ်.. လာသွားစို့ ”

ဟုပြောကာ မွေးခန်းကို နှစ်ဦးသား ခြေဦးတည့်လိုက်စဉ်မှာပင်.. မွေးခန်းမှ ထွက်လာသော အပြာဝတ်သူနာပြုဆရာမ ကလှမ်းပြီးပြောလေသည်။

“ဒေါက်တာတို့.. မမအိုဂျီကို အင်ဖေါင်းမလုပ်ဘူးလား.. သူက သူ့ကေစ့်ဆိုရင် ကိုယ်တိုင်မွေးရမှ”

“မမအိုဂျီက ဒီနေ့ညနေ (၄) နာရီအထိ ကျောင်းမှာ လက်ချာရှိတယ်လေ.. လူနာက အခုပဲမွေးတော့မယ့်ဟာ”

“ဒေါက်တာရယ်.. မမအိုဂျီ ဟင်းဖုန်းကိုဆက်ပြီး ပြောလိုက်ပါဦး.. မဟုတ်ရင် ကျမသိနေတယ်နော်.. လေဘာရွမ်းကြီး မိုးမီးလောင်တာထက်ဆိုးသွားမယ်..”

“ဟုတ်ပါပြီ ဆရာမရယ်” ဟု ပြောကာ လက်ထောက်ဆရာဝန်မလေးသည် စားပွဲပေါ်မှ ဖုန်းကိုကောက်ကိုင်လိုက်လေသည်။


အခန်း (၃/က)

အား.. ကျွတ်ကျွတ်..
ဒီတဗိုက်ကျမှ နဲနဲပိုနာနေသလိုပဲ..
တစ်မိနစ်တစ်ခါ သားအိမ်ထဲက ကြွက်သားတွေ ခုံးခုံးပြီး ထထလာရင် သေချင်စော်နံအောင်ကို နာရော..
အကြီးမကို မွေးတုန်းကတော့ အိမ်မှာဆိုတော့ အရမ်းနာလာရင် အမေ့လက်ကိုကိုင်ထားလို့ရသေးတယ်..
အခုတော့ သူတို့အားလုံး အပြင်ကအခန်းမှာ ကျန်ခဲ့ပြီ..
ကလေးကလည်း တိုးလိုက်တာ.. ခေါင်းတောင် တ၀က်လောက် ထွက်နေပြီလားမသိဘူး.. ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့မရ လို့သာပေါ့..
သူနာပြုဆရာမကတော့ မမအိုဂျီကို သွားခေါ်ပေးမယ်ဆိုပြီးထွက်သွားလေရဲ့..
အခုတော့ သူ့ဘေးမှာ ဆေးရုံကသန့်ရှင်းရေး ၀န်ထမ်းကောင်မလေးပဲ ရှိတယ်.. တော်သေးတာပေါ့ ဗိုက်ပွတ်ပေးမယ့်လူရှိပေသေးလို့.. ဒီကောင်မလေးကို မုန့်ဖိုးပေးဖို့ မမေ့နဲ့ဦး..။
အား.........
ဗိုက်က နာသထက် ပိုနာလာသလိုပဲ..
ဒေါက်တာရေ.. လာပါတော့..
အား............ကျွတ်ကျွတ်..


အခန်း (၃/ခ)

“မမအိုဂျီကပြောတယ်.. ခဏလေးထိန်းထားလိုက်ပါတဲ့.. သူနောက် နာရီဝက်လောက်ဆို ရောက်ပါပြီတဲ့..”
ဟု လက်ထောက်ဆရာဝန်မလေးသည် ဖုန်းကို စိတ်ပျက်လက်ပျက် ချရင်းပြောလေသည်။

“ဟင်.. ကျမတို့က သဘာဝအတိုင်း ထွက်လာနေတဲ့ ကလေးကို ထွက်မလာအောင် ဘယ်လိုထိန်းထားရမှာလဲ.. ခုဏက ကျမသွားကြည့်တာ ခေါင်းတောင် တော်တော်ထွက်နေပြီ.. အက်ပီကိုက်ပြီး အခုဆွဲထုတ်လိုက်ရင်တောင် ထွက်လာလောက်ပြီ..” ဟု အလုပ်သင်ဆရာဝန်မလေးက စိုးရိမ်ကြီးစွာမေး၏။

“အမလည်း မသိတော့ ပါဘူး ညီမလေးရယ်”
ဟု ပြောကာ လက်ထောက်ဆရာဝန်မလေးသည် အခန်းထောင့်ရှိ ခုံတစ်လုံးတွင် ပျော့ခွေခွေထိုင်ချလိုက်သည်။

လုပ်သက်ရင့် သူနာပြုဆရာမ တော့ အထာသိပ်မနပ်ကြသေးသော ဆရာဝန်မနှစ်ဦးကို ကြည့်ရင်း မသိမသာ သက်ပျင်းချလိုက်လေသည်။


နောက်ဆက်တွဲ (၁)

သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး မမအိုဂျီသည် နောက် တစ်နာရီနှင့် ဆယ်ငါးမိနစ်မျှ ကြာသောအခါ ရေးကြီးသုတ်ပျာဖြင့် သားဖွားခန်းအတွင်းသို့ ရောက်လာပါသည်။

ထိုသို့မရောက်လာမီအထိ သန့်ရှင်းရေးဝန်ထမ်းကောင်မလေးမှ အတင်းတိုးတိုးထွက်လာနေသော ကလေး၏ ခေါင်းကို လက်ဖြင့် ပြန်တွန်းတင်ထားခြင်း တာဝန်ကို ကျေကျေပြွန်ပြွန် ထမ်းဆောင်ခဲ့ရသည်။

အနာလွန် အမောလွန်နေပြီဖြစ်သော မိခင်လောင်း နှင့် သန္ဓေသားအား ငဲ့ကွက်ပြီး သားဖွားမီးယပ်အထူးကု ဆရာဝန်မကြီးသည် ထိုကိုယ်ဝန်အား ဗိုက်ခွဲမွေးရန်ဆုံးဖြတ်လိုက်သည်။


နောက်ဆက်တွဲ (၂)

တပါတ်လောက် အကြာတွင် မီးနေသည် တို့မိသားစုသည် မမအိုဂျီကိုယ်တိုင် ခက်ခက်ခဲခဲ ဗိုက်ခွဲမွေးပေးခဲ့ရသော ကလေးငယ် ကိုပိုက်ပြီး ကွတကွတနှင့် ဆေးရုံမှ ဆင်းသွားကြလေသည်။


နောက်ဆက်တွဲ (၃)

ခိုင်လုံသော သတင်းရပ်ကွက် အဆိုအရ ဗိုက်ပွတ်/တွန်းတင် လုပ်ပေးသော ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် သန့်ရှင်းရေးဝန်ထမ်း ကောင်မလေးကိုလည်း မီးနေသည်မှ မုန့်ဖိုးကောင်းကောင်း စွန့်ကြဲသွားသည် ဟူသတတ်။


စာဒု.. စာဒု.. စာဒု..

Saturday, July 26, 2008

လစာမဲ့ခွင့်ယူခြင်း

ဘလော့ဂ်ပိုစ့်တင်ခြင်းမှ တစ်လခန့် လစာမဲ့ခွင့်ယူထားပါကြောင်း အသိပေးအပ်ပါသည်။ လာလည်သူအပေါင်းကို ကျေးဇူးများစွာတင်ပါသည်။

Sunday, June 29, 2008

ဝါယောင်္ဂ၀ိဇ္ဇာ ဆြာဟ၀ှါ ၏ ထူးခြားဆန်းကြယ် ဖြစ်ရပ်မှန်

အခန်း ၁။ ဆြာဟ၀ှါ ၏ ပြဿနာများ

ဆြာဟ၀ှါ ဆိုသည်မှာကား အသက်လေးဆယ်ခန့် ရှိပြီဖြစ်ပြီး ကုမ္ပဏီကြီးကြီးတစ်ခု၏ မန်နေဂျာတစ်ဦးပင်ဖြစ်သည်။ သူ၏ ၀ိသေသမှာ စကားကို ဟိုဒင်း နဲ့ ဟ၀ှါ မပါအောင် မပြောတတ်ချေ။

“ဟေ့.. မောင်ဟိုဒင်းရေ.. မင်းမနေ့တုန်းက ဟ၀ှါပြုထားတဲ့ ဟိုဒင်းစာရင်းတွေ အဆင်သင့်ဖြစ်ပြီလားဟေ့.. တော်တော်ကြာ ဒီညနေ အစည်းအဝေးကျမှ ဟိုဒင်းဟ၀ှါတွေ တောင်မမှီမြောက်မမှီ ဖြစ်ကုန်ဦးမယ်”

ဤသို့ဖြင့် ရုံးရောက်ကာစ ကတည်းကပင် သူသည် ကိုဟိုဒင်းဟ၀ှါ ဟူသော နာမည်ပြောင်ကို တစ်ဦးတည်းမူပိုင် ရသွားလေသည်။ လုပ်သက်ကြာ၍ မန်နေဂျာအဆင့်သို့ ရောက်လာသော်လည်း ဒီနာမည်ပြောင်မှာ မတိမ်မြုပ်သွားပေ။ ယခုဆိုလျှင် မနေ့တနေ့ကမှ ရုံးရောက်လာသော လက်အောက်ငယ်သားများကပင် အများသံယောင်လိုက်၍ ဆြာဟ၀ှါ ဟုပေါ်ပေါ်တင်တင် ခေါ်ဝေါ်ကြလေ၏။ ကြာလာတော့လည်း တဖြည်းဖြည်းနဲ့ အောင်ကြီး ဆိုတဲ့ နံမည် အရင်းတောင် မေ့တေ့တေ့ဖြစ်နေပေပြီ။ ဗေဒင်ဆရာတစ်ယောက် ဟောဘူးတာကတော့ အောင်ကြီးဆိုတဲ့ သူ့နာမည်ကြောင့် ကက်ကင်းကျပြီး အိမ်ထောင်ရေးမှာ ဒုက္ခရောက်မယ်ဆိုလားပဲ။ သူ့အတွက်ကတော့ ဒီကိစ္စက ပြဿနာမဟုတ်ပါချေ။

သူ့အတွက် လောလောလတ်လတ် ဖြေရှင်းစရာ ပြဿနာ နှစ်ခုရှိနေသည်။ ပြဿနာနှစ်ခု အနက် တစ်ခုကိုကား အသိဥာဏ်ရှိသူ မည်သူမဆို မှန်ကန်အောင် ခန့်မှန်းနိုင်ပါသည်။ အသက်လေးဆယ်အရွယ် အလုပ်အကိုင်ရှိပြီး ၀င်ငွေကောင်းသော (အခြောက်မဟုတ်သော) လူပျိုကြီးတစ်ယောက်တွင် မည်သည့် ပြဿနာ ရှိပါသနည်း။ ဒီလောက်ဆို စာဖတ်သူလည်း ပထမ ပြဿနာကို ခန့်မှန်း၍ရလောက်ပြီ။ ဒါဆို ဒုတိယ ပြဿနာကကော ဘာလည်း။

ဒုတိယပြဿနာကတော့ သိမ်မွေ့နက်နဲသည်ပဲ ပြောရမလား၊ ရှုပ်ထွေး နက်ရှိုင်းသည်ပဲ ပြောရမလား၊ ထူးဆန်းအံ့ဖွယ်ဖြစ်သည်ပဲ ပြောရမလား သူ့ဖာသာသူ မသိချေ။ ဘယ်သူမျှ ယုံကြည်နိုင်ဖွယ်ရာမရှိ၍ ယခုအချိန်ထိ မည်သူ့ကိုမှ ပြောမပြဘူးချေ။ သူကိုယ်တိုင်ပင် ၄င်းအရာသည် ထူးဆန်းသည့် အတတ်ပညာတစ်ရပ်လား၊ ဆဌမအာရုံတစ်ခုလား ဝေေ၀၀ါးဝါးပင်။ သူဟာ အာရုံပေါက်နေသူတစ်ယောက်လား၊ မှော်အောင်နေသူတစ်ယောက်လား။ ကဲ.. စာဖတ်သူတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့။ ဇာတ်လမ်းက ဒီလို..


အခန်း ၂။ ဆြာဟ၀ှါနဲ့ ၀ါယောင်္ဂ၀ိဇ္ဇာ ပညာ

မောင်ဟ၀ှါသည် ငယ်စဉ်ကတည်းက ဂန္ဓာရုံဟုခေါ်သော အနံ့အာရုံကို အများထက်ထူးပြီး ကောင်းသူဖြစ်သည်။ ဥပမာ သာမန်လူတို့သည် အိမ်ရှေ့ခန်း၌ထိုင်နေစဉ်ပင် နောက်ဖေးမီးဖိုချောင်တွင် ဘာဟင်းချက်နေသည်ကို အနံ့ခံ၍ခွဲနိုင်ကြသည်။ မောင်ဟ၀ှါသည်ကား ရပ်ကွက်ထဲ လမ်းလျှောက်သွားလျှင်ပင် ဘယ်အိမ်က ဘယ်ဟင်း ချက်သလဲကို လမ်းပေါ်မှပင် တိတိကျကျ ပြောနိုင်ပါသတဲ့။ ဤကဲ့သို့ အနံ့ခံအာရုံကောင်းခြင်းကို မောင်ဟ၀ှါသည် ဂုဏ်လည်းယူသည် တန်ဖိုးလည်းထားလေသည်။ ဒီလိုနဲ့ ကိုဟ၀ှါဘ၀ ရောက်သောအခါတွင်လည်း အနံ့အာရုံ နှင့်ပါတ်သက်ပြီး ပို၍တိုးတက်လာအောင်လည်း တတ်သမျှ မှတ်သမျှ လေ့ကျင့်လေတော့သည်။ လောကဓါတ်တခွင် ရှိသော အနံ့အမျိုးမျိုးကို အချိန်အားရှိသရွေ့ စူးစမ်းဖေါ်ထုတ်လေသည်။ ရေမွှေးနံ့၊ စီးကရက်နံ့၊ မိတ်ကပ်နံ့၊ ကြက်သားဟင်းနံ့၊ ငပိရည်နံ့ စသည်တို့ကိုပင် အမျိုးအစား အမျိုးမျိုး ခွဲခြားသိနိုင်လာသည်။ ဤသို့ဖြင့် ရက်ကိုလစား၊ လကိုနှစ်စား သောအခါ ဆြာဟ၀ှါဘ၀သို့ရောက်လေပြီ။ အသက်ကလေးက စကားပြောလာပြီဖြစ်သဖြင့် ငယ်ငယ်တုန်းကလို ရေမွှေးနံ့တွေအစား လူတွေရဲ့အနံ့ကို ပို၍စိတ်ဝင်စားလာလေသည်။

အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ ဆိုတဲ့ စကားပုံတောင်ရှိတာပဲ။ ငါလည်း လူတွေရဲ့ အနံ့ကို အခြေခံပြီး ဒီလူရဲ့ အတွင်းသဘောကို သိအောင်လုပ်နိုင်ရမယ် ဟု သံဓိဌာန်ချပြီး လူအမျိုးမျိုးရဲ့ အနံ့ အထွေထွေနဲ့ အဲဒီလူတွေရဲ့ အတွင်းစိတ်ကို ဖေါ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ သို့သော်လည်း လူတို့မည်သည် အပေါ်ယံရွှေမှုန်ကြဲ အထဲကနောက်ချေးခံ ဆိုသည့်အတိုင်း သူတို့၏ ပကတိ အတွင်းရနံ့ကို မပေါ်အောင် ဆပ်ပြာ၊ ရေမွှေး၊ ဘော်ဒီစပရေး၊ စသည့် ပြင်ပ အမွှေးနံ့သာများ ဖြင့် လှိုင်လှိုင်ဖုံးကြသောကြောင့် လူတွေရဲ့ ပကတိသဘောကို ပကတိအနံ့မှ တဆင့် ခွဲခြမ်းလေ့လာချင်သော ကျနုပ်တို့၏ ဇာတ်လိုက်ကြီး ဆြာဟ၀ှါအတွက် များစွာ ခက်ခဲမှုများ ဖြစ်စေလေသည်။

သို့သော်.. လိုလျှင်ကြံဆ နည်းလမ်းရ ပင်တည်း။ နောက်ဆုံးတွင်တော့ ဆြာဟ၀ှါသည် လူတို့၏ အတွင်းရနံ့၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားလေတော့သည်။ သူ၏ ရှာဖွေတွေ့ရှိချက်ကို ဆြာဟ၀ှါတစ်ယောက် မည်သူ့ကိုမှမပြောပဲ လျှို့ဝှက်ထားခဲ့သည်။ နောင်နှစ်ပေါင်းများစွာ ဆြာဟ၀ှါ မကွယ်လွန်မီ အင်တာဗျူးတစ်ခုတွင်မှ ဤသို့ဖြေဆိုခဲ့လေသည်။

“လူတွေရဲ့ ဟ၀ှါအတွင်းစိတ်ဆိုတာ ဟိုဒင်းရင်ညွန့်နားက ဟဒယနှလုံးအိမ်မှာ တည်တာပဲကွ။ ဒီတော့ အဲဒီ ဟ၀ှါဟဒယကို ပွတ်သပ်ထိမိလာတဲ့ ၀ါယောဓါတ်ဟာ ဟိုဒင်းအတွင်းစိတ်ရဲ့ ဟ၀ှါရနံ့ကို ရာနှုန်းပြည့် သယ်ဆောင်လာတာပေါ့ကွာ။”

“အဲဒီ ၀ါယောဓါတ်ကို ဘယ်လိုရမလဲ မိန့်ပါဦး ဆရာကြီး”

“ရင်ညွန့်နားက ဟိုဒင်းဟဒယကို တိုက်ရိုက်ပွတ်သပ်ထိ လာတဲ့ ဟ၀ှါ ၀ါယောဓါတ်ဟာ အစာအိမ်၊ အူသိမ်၊ အူမတို့ကို ဖြတ်ပြီး ဟိုဒင်း စအိုဝကနေ နောက်ဆုံးထွက်လာတော့ ဟ၀ှါ လေလည်တာလို့ခေါ်တာပေါ့ကွာ။ ရှင်းရှင်းပြောရရင်တော့ ဟ၀ှါ မင်းတို့ပြောပြောနေတဲ့ ဟိုဒင်း အီးပေါက်တာပေါ့ကွာ”

“အင်.. ဒါဆို ဆရာကြီးရဲ့ ပညာက အီးရှူပြီး လူတွေရဲ့ စိတ်ကိုသိအောင်လုပ်တာပေါ့နော်”

“ဟုတ်ပါ့ မောင်ဟိုဒင်းရာ.. ဒါကြောင့်လည်း ဟ၀ှါ ဒီပညာကို ၀ါယော နဲ့ အင်္ဂါဝိဇ္ဇာ ပေါင်းထားလို့ ၀ါယောင်္ဂ၀ိဇ္ဇာ လို့ ခေါ်ပေတာပေါ့ကွဲ့”


အခန်း ၃။ ဆြာဟ၀ှါ၏ အိမ်ထောင်ဖက် ရွေးခန်း

ထားပါတော့။ အတိတ်အကြောင်းကို ပြန်ဆက်ရရင် ဆြာဟ၀ှါတစ်ယောက် အီးမှော်အောင်သွားတာနဲ့ သူ့ရဲ့ ပထမပြဿနာဖက်ကို ခြေဦးလှည့်လာပြန်ရော။ အသက်လေးဆယ်ကျော်ပြီလေ၊ ဆေးပေးမီးယူ ကြင်သူသက်ထား တိုင်ပင်ဖေါ်တိုင်ပင်ဖက် ဇနီးမယားတစ်ယောက်တော့ ရှာဦးမှ။ အစွယ်ရှိသောသူသည် အစွယ်ကိုအားကိုးသည်၊ လက်နက်ရှိသောသူသည် လက်နက်ကိုအားကိုးသည်၊ ဆြာဟ၀ှါသည်ကော ဘာကို အားကိုးမည်နည်း။ ဟုတ်ပါသည်.. ဆြာဟ၀ှါသည် သူကျွမ်းကျင်ရာ ၀ါယောင်္ဂ၀ိဇ္ဇာ ကို အခြေခံ၍ သူ့အတွက် သတို့သမီးလောင်းကို ရှာလေတော့သည်။ မျက်မှန်းတည့်ရာ ရုံးက စာရေးမတွေနား ကုန်းကုန်းဖြင့် ဟဒယအနံ့ အရှာကောင်းသောကြောင့် ခဏခဏ အတိုင်ခံရပြီးလေပြီ။ တစ်နေ့ကလည်း ဈေးထဲမှာ ရလိုက်တဲ့ ဟဒယအနံ့ကောင်းလေး တစ်ခုကို ကုန်းကုန်းကွကွ နှာခေါင်းလေး တမမနဲ့ရှာနေတုန်း..

“ရှင်..ရှင်.. ကုန်းကုန်း ကုန်းကုန်းနဲ့ ဘာလုပ်နေတာလဲ.. လူကြီးက င်္သချိုင်းကုန်းတောင် ခြေနှစ်ဖက်လုံးရောက်နေပြီ.. ၀ါသနာကိုက..” ဘာညာနဲ့ ၀ိုင်းတွယ်လိုက်တာ ထိပ်ပေါက်ခေါင်းကွဲကို ဖြစ်လို့။

ဒီလိုနဲ့ပဲ ဆြာဟ၀ှါလည်း သူရဲ့ ကြုံတိုင်းရှူ နည်းဗျူဟာကို စွန့်လွှတ်လိုက်ပါတယ်။ လူကြီးလူကောင်းပီပီ ဣနြေ္ဒရရပဲ ရှာပါတော့တယ်။ ကိုယ်စိတ်ဝင်စားတဲ့ အပျိုကြီးတွေအိမ်ကို အလည်သွားတာပါ။ တပါတ်မှ တအိမ် နှစ်အိမ်လောက်ပဲ ရောက်နိုင်ပေမယ့် ဒီနည်းက တော်တော် အလုပ်ဖြစ်ပါတယ်။ သူ့အတွက် အဖြေမရမချင်း မျက်နှာပြောင်တိုက်ပြီး မပြန်ပဲနေရုံပဲ။ မိန်းမဆိုတာမျိုးကလည်း တစိမ်းယောက်ျားရှေ့မှာ တော်ရုံနဲ့တော့ လေလည်လေ့မရှိဘူး။ ဒီတော့ နည်းနည်းတော့ စိတ်ရှည်ရတာပေါ့။ အဲ.. အားတက်သရော ကြိုးစားလိုက်တာ ပြီးခဲ့တဲ့လမှာ အပျိုကြီး ငါးယောက်ကို လေ့လာပြီးသွားပါပြီ။ ၀ါယောင်္ဂ၀ိဇ္ဇာ အရ တစ်ယောက်မှ မရွေးဖြစ်ပါဘူး။ ဒီမိန်းမကြီးတွေ အပြင်မှာတော့ လှတပတနဲ့ အတွင်းစိတ်တွေက တယ်ပုပ်သကိုး။

ဒီနေ့တော့ ရုံးပိတ်တယ်။ ရေလာမြောင်းပေးနေတဲ့ အပျိုကြီးတစ်ယောက်က အိမ်မှာ နေ့လည်စာ လာစားပါလို့ ချိန်းထားတယ်။ အိမ်ရောက်တော့ အပျိုကြီးက ထမင်း ဟင်းတွေ ချက်ပြီးတဲ့ အပြင် ရေမိုးချိုး သနပ်ခါးလိမ်း မှုံနံ့သာတောင် ချယ်ကာသပြီးနေပြီ။ မီးဖိုထဲက ဟင်းအနံ့လည်း ရနေတယ် .. ငါးရံ့အူဆီပြန် ပဲ.. ကောင်းလေစွ။ ဗိုက်ထဲ တကြုပ်ကြုပ်ဆာနေတာတောင် အိမ်ရှင်က မဟသေးတော့ ဧည့်ခန်းထဲက ရေနွေးကြမ်းပဲ လှိမ့်သောက်နေရတယ်။ အပျိုကြီးကတော့ ဆက်တီခုံမှာထိုင်ရင်း ကြောင်တစ်ကောင်ကို ပေါင်ပေါ်တင် ပွတ်သီးပွတ်သပ်လုပ်ရင်း ဆြာဟ၀ှါနဲ့ အလာပ သလာပ တွေပြောနေလေရဲ့။ အပျိုကြီးတွေ ကြောင်ချစ်တတ်တယ်ဆိုတာ တကယ်ပါလား။ ကြောင်ကိုတောင် ဘာမဆိုင် ညာမဆိုင် သ၀န်တိုပြီး ဘုကြည့်ကြည့်တော့ ကြောင်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။

ဒီအချိန်မှာပဲ လွန်စွာမှ အပြစ်ကင်းတဲ့ ဟဒယရနံ့ကို ဆြာဟ၀ှါတစ်ယောက် ရှူရှိုက်လိုက်ရပါတယ်။ ရိုးသားသန့်စင် ဖြူစင်သန့်ရှင်း ဟန်ဆောင်မှုကင်း မုသားမဆို သစ္စာလည်းရှိ .. အို အင်မတန်ကို ကောင်းလွန်းနေပါလား။ ဒါဟာ ငါ့ဆီကမဟုတ်ရင် အပျိုကြီးဆီကပဲ.. ဟုတ်ပါတယ်.. ငါးဟင်းနံ့လေးတောင် နဲနဲသင်းနေသေးတယ်.. ကြည့်စမ်း.. ညင်သာလိုက်တာ.. အသံတောင် မထွက်လိုက်ဘူး.. မျက်နှာကိုလည်းကြည့်ပါဦး.. ဣနြေ္ဒတချက်မပျက်ဘူး.. အဲဒါပေါ့.. ပညာရဲ့ရင့် ပွဲလယ်တင့်ဆိုတာ.. ။

ဆြာဟ၀ှါကတော့ အပျိုကြီးကို တော်တော် အထင်ကြီး လေးစားပြီး သကာလ.. ကဲ ကဲ .. စာဖတ်သူများ သဘောပေါက်လောက်ပါပြီ.. သူတို့နှစ်ယောက် ညားသွားကြတယ် ဆိုပါတော့။ (မင်္ဂလာဆောင်ဖိတ်စာမှတော့ နာမည်အရင်း အောင်ကြီး နဲ့ပဲ ထည့်ပါတယ်။ ။စကားချပ်)


အခန်း ၄။ ဇာတ်သိမ်း

မင်္ဂလာဆောင်ပြီး တစ်ပါတ်လောက် အကြာမှာတော့ လင်မယား နှစ်ယောက် တီဗွီထိုင်ကြည့်နေစဉ်မှာ ဆြာဟ၀ှါတစ်ယောက် အင်မတန် ဆိုးဝါး ဖေါက်ပြား လိမ်ညာ ကောက်ကျစ်တဲ့ ဟဒယအနံ့ကို ရပြန်ပါတယ်။ ဟေ.. ဘယ့်နှာကြောင့် ငါ့မိန်းမ အကောင်းစား ကနေ ဒီလောက်ဆိုးဝါးလှတဲ့ လေလည်နေရတုန်း။ ဒီမေးခွန်းကို ဆြာဟ၀ှါမဖြေတတ်တော့ပါဘူး။ အဲဒီအချိန်ကနေစပြီး နောက်ပိုင်း သူ့မိန်းမလည်သမျှ လေတိုင်းဟာ ၀ါယောင်္ဂ၀ိဇ္ဇာ အရ အင်မတန်ဆိုးဝါးပါတယ်။ အပြင်လောကမှာလည်း သူ့မိန်းမဟာ တကယ်ကို သြချလောက်အောင် ဆိုးရွားပါတယ်။ ဆြာဟ၀ှါလည်း မိန်းမဆိုးသမျှကို မခံနိုင်တဲ့ အဆုံး လူဝတ်ကြောင်ကို စွန့် ရသေ့ဝတ်ပြီး ဗိဿခေတ္တရာ တောအုပ်ထဲမှာ တစ်ကိုယ်တည်း နေပါတော့သတဲ့။ အဲ.. ၀ါယောင်္ဂ၀ိဇ္ဇာ ပညာကိုလည်း စိတ်နာပြီး ဒီတသက် အသုံးမပြုတော့ပါဘူးတဲ့။


နောက်ဆက်တွဲ

ဗိဿခေတ္တရာအပိုင် ရန်ပယ်ချောင်း တ၀ိုက်မှာ ရံဖန်ရံခါ ရသေ့အိုကြီးတစ်ယောက်ကို တွေ့ရတတ်ပါသတဲ့။ ကြေးစည်ကို တနောင်နောင်ထုပြီး လူအများ နားမလည်သော ဂါထာလိုလို အတိတ်တဘောင်လိုလို အောက်ပါ စာသားကိုရွတ်တတ်ပါသတဲ့။

အိမ်း.. အောင်ကြီး.. အောင်ကြီး.. ကြောင်အီး ကြောင့် ဟိုဒင်း အိမ်ထောင်ရေး ဒုက္ခရောက်မယ်လို့ ဟ၀ှါ ဆရာသမားတွေ ပြောထားတာကို ဟိုဒင်းက ဂရုမှမစိုက်တာကိုး.. ကြောင်အီး.. ကြောင်ရဲ့အီး.. ကြောင်ရဲ့အီးကြောင့် ငါမှားခဲ့ပါပေါ့..အိမ်း..

Wednesday, June 25, 2008

Capsaicin အစပ် - ငရုတ်သီးဓါတ်

Asked by DD85 @MMCP
ကျွန်တော့်အသိတစ်ယောက်က ငရုတ်သီးတအားစားတယ်။ သူစားတာကိုသွားမြည်းကြည့်တော့စပ်တာမှ အရမ်းကိုပူစပ်ပြီးခါးတဲ့အခါးဓါတ်ဖက် ကိုတောင်ရောက်နေပြီ။ အဲ့ဒီလောက် အစပ်တွေနေ့တိုင်း စားရင် ဘာရောဂါတွေရနိုင်ပါသလဲ။
သိသူများ ဖြေကြားပေးပါ။



'It is a very good question'
မေးခွန်းတစ်ခုကို အမေးခံရတဲ့သူက ဒီလိုစပြီးပြောလိုက်ပြီဆိုရင် သူ့ဆီမှာ ရေရေရာရာ ဖြေစရာမရှိလို့ပါဟု ယူဆ၍ရလေသည်။ အခုလည်း ကျနော်ဒီလိုပဲစဖြေပါတော့မယ်။ အင်မတန်ကောင်းတဲ့မေးခွန်းပါပဲ။ ခပ်ဆင်ဆင် ဥပမာလေးတွေ အရင်ကြည့်ရအောင်..

၁၉၅၀-၆၀ ခုနှစ်လောက်အထိ ဆေးလိပ်သောက်ခြင်းသည် ဥာဏ်ပွင့်လန်းစေပြီး အတွေးအခေါ်ကောင်းစေသည် ဟုယူဆကြတုန်းပါပဲ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုတာ နှစ်ဆယ်ရာစုနှောင်းပိုင်းမှ စတင်ခေတ်စားလာတာပါ။ ဘယ်အချိန်ကြရင် ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ကောင်းစေသည် လို့ပြန်ဖြစ်ဦးမလဲ မသိဘူး။

ဆရာမြသန်းတင့် ဘာသာပြန်တဲ့ သုခမြို့တော်ဆိုတဲ့ ၀တ္ထုထဲကဇာတ်ကောင် လန်ချားဆွဲတဲ့ကုလားက တစ်ခြားလန်ချားကုလားတစ်ယောက်ကို ကြည့်ပြီး ဒီလိုတွေးပါတယ်.. “ဒီကောင်နှယ် သန်လိုက်တာ.. လန်ချားအလေးကြီးကို ဆွဲသွားတာများ ပေါ့ပေါ့လေး ထင်ရတယ်.. ဘယ်လို ငရုတ်သီးတွေများစားပြီး ဒီလိုအားရှိနေပါလိမ့်” (ဤစာသားအတိုင်းမဟုတ်ပါ.. မှတ်မိသလိုပြန်ရေးထားတာပါ)။ အဲဒီဝတ္ထုကဇာတ်ကောင်က တကယ်ကို ငရုတ်သီးစားရင် အားရှိတယ်လို့ ထင်နေတာပါ။

အဆုတ်ထဲသွေးခဲရောက်တဲ့ ရောဂါတစ်မျိုးရှိပါတယ်။ Pulmonary Embolism လို့ခေါ်ပါတယ်။ သေတတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ မကြာခဏတွေ့ရတဲ့ရောဂါပါ။ မြန်မာ၊ အိန္ဒိယ၊ ပါကစ်စတန်၊ ဘင်္ဂလားဒေရှ့်၊ ထိုင်း စတဲ့ အစပ်စားတဲ့ အာရှနိုင်ငံတွေမှာ သိပ်မတွေ့ရပါဘူး။ အဖြူကောင်ဆရာဝန်တွေကတော့ ပြောပါတယ်၊ ဒီရောဂါမျိုး မင်းတို့ဆီမှာလည်း ရှိမှာပါ၊ မင်းတို့က သေသေချာချာ မရှာကြလို့ပါတဲ့။ မဟုတ်ပါဘူး။ အသက်ရှင်စဉ်မှာ ဒီရောဂါလွတ်သွားတယ်ထားဦး သေပြီးရင်ခွဲကြည့်ရင်တော့ မလွတ်တော့ပါဘူး။ ကျနော်တို့နိုင်ငံတွေမှာ တကယ်ကိုဒီရောဂါရှားတာပါ။

အရင်တုန်းကတော့ အစပ်စားရင် ပါးစပ်၊ လျှာ၊ လည်ချောင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက် ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ ကင်ဆာဖြစ်ခြင်း တို့ပိုမိုဖြစ်စေတယ်ဆိုတဲ့ အယူအဆ ရှိခဲ့ပါတယ်။ အခုအချိန်ထိလည်း တော်တော်များများ ဒီအယူအဆကို လက်ခံကြတုန်းပါပဲ။ သက်သေသက္ကာယပြဖို့ဆိုရင်လည်း တုတ်ထမ်းပြီးဆွေးနွေးမှရပါလိမ့်မယ်။ ကျနော်ရဲ့ခံယူချက်ကတော့ အနာမရှိတဲ့သူ အစပ်စားရင်ပြဿနာမရှိပေမယ့် လျှာ-အစာအိမ်-အူ စသည်တို့မှာ အနာတစ်ခုခုရှိမယ်ဆိုရင်တော့ အစပ်စားရင် မသင့်တော်ဘူးလို့ထင်ပါတယ်။ ကျနော့်အထင်ပဲဖြစ်တဲ့အတွက်ကြောင့် မှားနိုင်ပါတယ်။ ခိုင်လုံတဲ့ သုသေသနစာတမ်း စမ်းသပ်ချက်တွေပေါ်လာရင်တော့ လိုအပ်ရင် အယူအဆပြောင်းရမှာပါ။ အစာအိမ်နာ ဖြစ်ရခြင်း ဇစ်မြစ်ကတော့ အစပ်ကြောင့်မဟုတ်ပဲ H pylori ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဆိုတာတော့ တွေ့ရှိထားတာကြာပါပြီ။

အခုတစ်လောမှာမှ အစပ်နဲ့ ပါတ်သက်တဲ့ အယူဝါဒကွဲလေးတွေ ကြိုကြားကြိုကြားစတွေ့လာရတယ်။ အထင်ရှားဆုံးကတော့ Capsaicin လို့ခေါ်တဲ့ ငရုတ်သီးမှာပါတဲ့ အစပ် ဓါတ်ပါပဲ။ ကင်ဆာဆဲလ်တွေကို Capsaicin နဲ့ Nottingham, UK ဓါတ်ခွဲခန်းမှာ တွေ့ပေးတယ့်အခါ ကင်ဆာဆဲလ်တွေ သေကုန်ပါတယ်။ ဓါတ်ခွဲခန်းမဟုတ်တဲ့ လူသက်ရှိပေါ်မှာ တိုက်ရိုက်စမ်းသပ်ခြင်းရဲ့ ရလဒ်ကိုတော့ မသိကြသေးပါဘူး။ ဒီတော့ အစပ်စားရင် ကင်ဆာပျောက်မယ်လို့တော့ တိတိကျကျ သတ်မှတ်လို့မရသေးပါဘူး။

ဒီ capsaicin ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြန်လာစေပြီး ကိုယ်ခန္ဓာအတွင်း အပို ကယ်လိုရီများကို လျှော့ကျစေဖို့ အထောက်အကူပေးတယ်လို့ တစ်ချို့ကဆိုပြန်ပါတယ်။ တနည်းပြောရရင်တော့ အစပ်စားရင် အဆီကျမယ်ပေါ့။ ပြန်ဆက်စပ်ကြည့်ရရင် အစပ်စားတဲ့တိုင်းပြည်တွေမှာ အ၀လွန် လူဦးရေနည်းပါးတာကိုတွေ့ရပါတယ်။ ဆင်းရဲလို့မ၀ကြတာပါလို့မပြောနဲ့၊ ချမ်းသာပြီး အစပ်စားတဲ့ ရေနံသူဌေးတိုင်းပြည်တွေမှာလည်း အ၀လွန်လူဦးရေဟာ အဖြူကောင်တွေနိုင်ငံလောက်မများပါဘူး။ နောက်တစ်ခုက မိန်းကလေးတွေ အဆီကျအောင် လိမ်းတဲ့ဆေးတစ်မျိုးဟာ ငရုတ်ရည်နဲ့ ဖေါ်ထားတယ်လို့ကြားဖူးပါတယ်။ လိမ်းလိုက်ရင် အလွန်ပူဆိုပဲ။

ထိုင်းနိုင်ငံမှာ လုပ်တဲ့သုသေသနတစ်ခုမှာတော့ capsaicin ဟာ သွေးခဲခြင်းကို ကာကွယ်ပေးတယ်လို့တွေ့ရှိလာပါတယ်။ အထက်မှာ ကျနော်ပြောခဲ့သလို အစပ်စားတဲ့တိုင်းပြည်တွေမှာ သွေးခဲခြင်းရောဂါ အဖြစ်နည်းတယ်ဆိုတာ နဲ့ ကိုက်ညီပါတယ်။

capsaicin ဟာ နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ရေယုန်ပေါက်ပြီး စပ်ဖျင်းဖျင်း နာနေတဲ့နေရာကို capsaicin ပါသော လိမ်ဆေးလိမ်းပေးရင်သက်သာပါတယ်။ ကိုယ်ခန္ဓာမှာနာကျင်ကိုက်ခဲနေမှုကို capsaicin နဲ့ထိန်းဖို့လည်း စမ်းသပ်နေကြပါတယ်။

အခုလို ပေါ်ပင်ဖြစ်နေတဲ့ capsaicin အစပ် ငရုတ်သီးဓါတ်ဟာ သုသေသန အဆင့်ဆင့်တွေကို ကျော်ဖြတ်ပြီးရင်တော့ တကယ်ကို ကျန်းမာရေးအတွက်ကောင်းစေသလား၊ ဒါမှမဟုတ် ကျန်းမာရေးအတွက်ဆိုးစေသလား ကို အမှန်အကန် သိလာမယ့် တချိန်ချိန်ကိုပဲ စောင့်ကြည့်ရမှာပါ။ ဒီအတောအတွင်းမှာတော့ တန်ဆေးလွန်ဘေး ပါပဲ။

Thursday, June 19, 2008

ဝက်ခြံအကြောင်း (Acne)

ဘယ်သူမှ မပေါက်ချင်တဲ့ ၀က်ခြံအကြောင်းကို လူတိုင်းသိသင့်ပါတယ်။ သာမန်လူတစ်ယောက် အနေနဲ့ သိသင့်တဲ့ ၀က်ခြံနဲ့ဆိုင်တဲ့ အကြောင်းအရာများ အားလုံးကို ဒီဆောင်းပါးမှာဖေါ်ပြထားပါတယ်။ ကိုယ်တိုင်လည်းဖတ်တဲ့အပြင် အခြားသူများကိုလည်း ဖတ်ရှူနိုင်ရန် ညွှန်ပေးစေလိုပါတယ်။

ဝက်ခြံ

ဝက်ခြံဆိုတာ အင်မတန် အဖြစ်များကြပြီး အများအားဖြင့်တော့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ၀က်ခြံဖုများ ကင်းစင်သွားအောင် ကုသရာမှာ အချိန်အတော်ယူရလို့ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။ ဒါ့အပြင် ၀က်ခြံဖုများ ပျောက်သွားပြီဆိုရင်တောင် နောက်ထပ် ၀က်ခြံများ ထပ်မထွက်လာအောင် နှစ်နဲ့ချီပြီး “ထိန်းသိမ်းကုထုံး” ကိုဆက်လုပ်ရပါမယ်။


ဘယ်သူတွေ ၀က်ခြံပေါက်ကြသလဲ

လူတိုင်းမှာ ၀က်ခြံပေါက်နိုင်ပါတယ်။ အဖြစ်များတာကတော့ ၁၅နှစ် နဲ့ ၂၅နှစ်ကြားလူငယ်တွေပါ။ ၀က်ခြံတော်တော်များများဟာ မျက်နှာမှ ပေါက်တာဖြစ်ပေမယ်လို့ ကျောကုန်း၊ လည်ပင်း နဲ့ ရင်ဘတ် စတဲ့နေရာတွေမှာလည်း ၀က်ခြံပေါက်နိုင်ပါတယ်။ ၀က်ခြံအထူအပါးကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ဆယ်ကျော်သက် ၁၀ယောက်မှာ ၉ယောက် ၀က်ခြံပေါက်ကြပါတယ်။ အဲဒီထဲက ၃ယောက်လောက်ကတော့ ၀က်ခြံများတဲ့အတွက် နောင်အခါ အမာရွတ်များ မထင်ကျန်ခဲ့ရန် ကုသခြင်းခံဖို့ လိုအပ်နေပါတယ်တဲ့။ ၀က်ခြံကို မကုသပဲထားမယ် ဆိုရင်တော့ ၄-၅နှစ်လောက်ကြာရင် သက်သာသွားမှာပါ။ ဒါပေမယ့်လည်း တချို့တွေမှာတော့ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိသွားတတ်ပါတယ်။


ဘာကြောင့်ဝက်ခြံဖြစ်ရသလဲ


















အရေပြားအကြောင်း တစေ့တစောင်း

အရေပြားအောက်မှာ အဆီအိတ်လေးတွေရှိပါတယ်။ အဲဒီအဆီအိပ်များထဲမှ အဆီများဟာ အရေပြားပေါ်ကို အလွန်သေးငယ်တဲ့ အပေါက်ကလေးများကနေ စိမ့်ထွက်နေပါတယ်။ ဒီအဆီများဟာ အရေပြား ကြမ်းရှ ချောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ အဆီစိမ့်ထွက်သော အပေါက်များမှာ ဆံပင်၊ အမွေး များလည်း ပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်သို့ ရောက်လာသောအခါ အရေပြားမှ အဆီထုတ်လုပ်မှုသည် ကလေးအရွယ်မှာထက် သိသိသာသာများလာသည်။ ဒါကတော့ ကြီးကောင်ဝင်ခြင်းရဲ့ ခန္ဓာကိုယ်ဟော်မုန်းဓါတ် အပြောင်းအလဲ ဖြစ်စဉ်ကြောင့် ဖြစ်ရပါတယ်။ အဆီများများထွက်လေ အရေပြားအဆီများများပြန်လေ ၀က်ခြံပိုဆိုးရလေဖြစ်ပါတယ်။ သတိထားကြည့်ရင် တချို့လူတွေကလည်း သူများထက်ကို ပိုအဆီပြန်လွယ်ပါတယ်။


ဝက်ခြံ သာမန် မှ မနည်းမများ အဆင့် - ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ

အရေပြားပေါ်သို့ အဆီများထွက်ရာ အပေါက်ဝလေးများ၏ ပတ်ဝန်းကျင်ရှိ အရေပြားဟောင်းများ၊ ဆဲလ်အသေများကြောင့် အဆီစိမ့်ထွက်သော အပေါက်ငယ်ကလေးများ ပိတ်သွားတတ်သည်။ ထိုဝက်ခြံဖုကလေးများကို သေချာကြည့်မည်ဆိုလျှင် ဆို့ပိတ်နေသော အသွင်သဏ္ထာန်ကို တွေ့နိုင်ပါသည်။ ၀က်ခြံခေါင်းမည်းများတွင် အမည်းရောင် အစက်ကလေးများကို တွေ့ရမည်ဖြစ်ပါသည်။ ထို အဆီပေါက်ကို ပိတ်သည့် အမည်းရောင်အစက်များသည် အများထင်သလို ချေး (ဂျီး) မဟုတ်ပါ။ အရေပြား၏ အရောင်သာဖြစ်ပါတယ်။ အရေပြားပေါ်ကိုထွက်လာရမယ့် အဆီများကတော့ ထွက်ပေါက်ပိတ်နေတဲ့အတွက် အပြင်ကိုမထွက်ရတော့ပဲ အတွင်းမှာပဲ စုနေရတော့ ကြာလာတော့ အဆီအိပ်သာ တဖြည်းဖြည်း ကြီးလာပါတော့တယ်။ သာမန်အားဖြင့်တော့ ၀က်ခြံတွေဟာ ဒီအဆင့်လောက်ထိပဲ ဖြစ်တတ်ပါတယ်။ ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ လို့ အမျိုးမျိုး ခေါ်ကြပါတယ်။


ဝက်ခြံ အပြင်းစားများ -

ထွက်ပေါက်ပိတ်နေတဲ့ အဆီအိတ်တွေကတော့ P. acne လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုး အလွန်နှစ်သက်တဲ့ ရှင်သန်ပေါက်ပွားရာနေရာပါပဲ။ ပုံမှန်အားဖြင့်ကတော့ အဲဒီဘက်တီးရီးယားဟာ အရေပြားပေါ်မှာနေပါတယ်။ အရေအတွက်လည်း နည်းပါတယ်။ အဆီအိတ်ထဲမှာ ပိတ်မိသွားရင်တော့ ခဏချင်းအတွင်း အဆပေါင်းများစွာပွားလာပါတော့တယ်။ အနာကို ပိုးဝင်တာနဲ့ သဘောခြင်းတူတူပါပဲ။ နောက်ဆုံးကျတော့ ၀က်ခြံဖုဟာ ကြီးလာပြီး နီရဲ ယောင်ကိုင်း ပြည်တယ် ပါတော့တယ်။

ဒီလို ယောင်ကိုင်းနေတဲ့ ပြည်တယ်နေတဲ့ ၀က်ခြံအဖုတိုင်း အဖုတိုင်းဟာ တချိန်ချိန်မှာတော့ တဖြေးဖြေး သက်သာ ပျောက်ကင်းသွားပါတယ်။ အဖုဖြစ်ခဲ့ဘူးတဲ့နေရာမှာတော့ အမာရွတ်ကလေးတွေ ကျန်ရစ်တတ်ပါတယ်။ အသားညိုတဲ့သူတွေမှာ ၀က်ခြံအမာရွတ်များကို ပိုပြီးသိသာစွာတွေ့ရပါတယ်။ တချို့မှာကြတော့ အမာရွတ်အစား အရေပြားပေါ်မှာ ကျောက်ပေါက်မာလို အချိုင့် သေးသေးလေးတွေ ကျန်ခဲ့တတ်ပါတယ်။ ဒီအချိုင့်ကလေးတွေကတော့ အချိန်ကာလကြာသော်လည်း ပျောက်ချင်မှ ပျောက်တော့မှာပါ။

မိန်းကလေး တန်မယ့် ယောက်ျားဟော်မုန်း အထွက်များနေသော အခြေအနေမျိုး eg Polycystic Ovary Syndrome ဆိုရင်တော့ သာမန်ထက် ၀က်ခြံပိုများများပေါက်ပါတယ်။ အမျိုးသားဟော်မုန်းများနေတဲ့ အမျိုးအမီးတွေဆိုရင် ခေါင်းကဆံပင်ပါးသော်လည်း နှုတ်ခမ်းမွေးစစ၊ ခြေသလုံးမွေးရေးရေးနဲ့ တွေ့ရတတ်ပါတယ်။ Halogenated Hydrocarbon စတဲ့ ဓါတ်ငွေ့တွေနဲ့ ထိတွေလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးလုပ်တဲ့သူတွေမှာလည်း ၀က်ခြံပိုပေါက်ပါတယ်။


ဝက်ခြံကို ပိုဆိုးစေသော အချက်များ

၁။ ပရိုဂျက်စရိုဂျင်တစ်မျိုးထဲပါသော သန္ဓေတားဆေးကဒ်။

၂။ အမျိုးသမီးများ ရာသီပေါ်ခါနီးတ၀ိုက်တွင် ၀က်ခြံဖုများပို “ထ” တတ်ပါတယ်။

၃။ မိတ်ကပ်ထူထူ၊ အဆီများသောမိတ်ကပ် များ ကြောင့်လည်း ၀က်ခြံပိုဆိုးနိုင်ပါတယ်။ မိတ်ကပ်ပါးပါးလိမ်းခြင်း၊ အဆီမပါသောမိတ်ကပ်ကို အသုံးပြုခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။

၎။ ဆိတ်ဆွခြင်းကြောင့် ၀က်ခြံဖုများကို ပိုမိုယောင်ကိုင်းလာစေပြီး နောင်အခါ အနာရွတ်များဖြစ်စေပါတယ်။

၅။ သာမန်ထက်ပိုပြီး ပူအိုက်စွတ်စိုမှုကြောင့် လွန်လွန်ကဲကဲ ချွေးထွက်များခြင်းဟာလည်း အဆီပေါက်ကလေးတွေ ပိုပိတ်စေပါတယ်။ ဥပမာ - တနေကုန် မီးဖိုချောင်တွင် ပူပူတွင် လုပ်ကိုင် ချက်ပြုတ်နေသူများ။

၆။ အ၀တ်အစားကျပ်ကျပ်ကြောင့် ချွေးထွက်များခြင်း၊ ပွန်းစားခံရခြင်းများကြောင့်လည်း ၀က်ခြံဖုများထွက်စေပါတယ်။ ဥပမာ - နဖူးစည်းကျပ်ကျပ်၊ ဘရာစီယာကြိုးကျပ်ကျပ်၊ လည်ပင်းကော်လာကျပ်ကျပ်တို့အောက်မှာ ၀က်ခြံဖုတွေထွက်နိုင်ပါတယ်။

၇။ တချို့သော ဆေးဝါးများကြောင့် ၀က်ခြံပိုထွက်ပါတယ်။ ဖီနက်တွိုင်း ဆိုတဲ့ ၀က်ရူးပြန်အတက်ကျဆေး၊ ၀ဲနှင်းခုကိုလိမ်းရသော စတီးရွိုက်လိမ်းဆေးများ၊ ကာယဗလအတွက် (တရားမ၀င်) အသုံးပြုသော စတီးရွိုက်ဆေးများ ပဲဖြစ်ပါတယ်။


ဝက်ခြံနှင့်ပတ်သက်သော အယူအဆ အလွဲများ ကိုဖြေရှင်းခြင်း။

၁။ ၀က်ခြံဟာ ညစ်ပတ်လို့ဖြစ်ရတာမဟုတ်ပါဘူး။ ခဏခဏ မျက်နှာသစ်ခြင်းကြောင့် ပိုတောင်ဆိုးနိုင်ပါတယ်။

၂။ အစားအသောက်နဲ့ ၀က်ခြံပေါက်ရတာ ဆက်နွယ်မှုမရှိပါ။ ချောကလက်၊ အချို၊ အဆီများသော အစားအစာများနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။

၃။ စိတ်ဖိစီးမှုနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။

၎။ ၀က်ခြံဟာ တစ်ယောက်မှတစ်ယောက်ကို မကူးစက်နိုင်ပါ။

၅။ ရေများများသောက်ခြင်းဖြင့် ၀က်ခြံပျောက်အောင်လုပ်မရပါ။

၆။ ၀က်ခြံကို ဆေးဝါးများဖြင့်ကုလို့ မပျောက်ဘူးဆိုတာ မဟုတ်ပါ။ သေသေချာချာကုရင် ပျောက်ကိုပျောက်ပါတယ်။


ဝက်ခြံရှိသူများအတွက် အရေပြားထိန်းသိမ်းနည်း

၁။ မျက်နှာကို ပုံမှန်ထက် အကြိမ်ပိုများများ သစ်စရာမလိုပါ။ တစ်နေ့ ၂ ကြိမ်ဆိုတော်ပါပြီ။ ပျော့သောဆပ်ပြာနှင့် မပူမအေးသောရေဖြင့် သစ်ရမယ်။ (ပူသောရေ၊ အေးသောရေ များဟာလည်း ၀က်ခြံကိုပိုဆိုးစေပါတယ်။) ၀က်ခြံပေါက်နေသောနေရာကို ကြမ်းတမ်းစွာပွတ်တိုက်ခြင်းကိုလည်း ရှောင်ပါ။ သဲဆပ်ပြာ၊ လောင်စားစေသောဆပ်ပြာ၊ အရေခွံကွာထွက်စေသောဆပ်ပြာ များ လုံးဝ မသုံးရပါ။ ကြမ်းတမ်းစွာပွတ်တိုက် သန့်စင်စေခြင်းကြောင့် ၀က်ခြံဖုများ ပိုမိုယောင်ကိုင်းလာနိုင်ပါတယ်။

၂။ ပိုးသတ်ဆေးပါဝင်သော ဆေးဆပ်ပြာများလည်း သိသိသာသာ ထိရောက်မှုမရှိပါဘူး။

၃။ ၀က်ခြံခေါင်းမည်းမှ အမည်းစက်များကို ဘယ်လိုမှပျောက်အောင်လုပ်လို့ မရပါဘူး။ တကယ်တော့ အဲဒီအမည်းစက်ကလေးတွေဟာ (မှဲ့ လိုမျိုး) အရေပြားရဲ့ အရောင်ပါပဲ။

၎။ အောက်တွင်ဖေါ်ပြမည့် ၀က်ခြံပျောက်လိမ်းဆေး တချို့ဟာ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီအခါမှာ အနံ့မပါသော ရေဓါတ် အစိုထိန်းလိမ်းဆေး (fragrance free water based moisturiser cream) များကို သာသုံးပါ။ အဆီပါသော အရာများကိုမလိမ်းပါနဲ့။


ဝက်ခြံကို ကုသခြင်းရဲ့ ရည်ရွယ်ချက်

ဝက်ခြံကို ကုနေကြရတဲ့ အဓိကရည်ရွယ်ချက်တွေကတော့ ၀က်ခြံဖုများ တတ်နိုင်သရွေ့နည်းပါးသွားစေရေးနဲ့ အမာရွတ်များ မထင်ကျန်ခဲ့ရေးပဲဖြစ်ပါတယ်။ ၀က်ခြံအထူအပါးပေါ်မှာ မူတည်ပြီး ကုထုံးတွေကွဲပါတယ်။ လိမ်းဆေး သို့မဟုတ် လိမ်းဆေး နဲ့ သောက်ဆေးတွဲ သို့မဟုတ် သောက်ဆေး စသည်ဖြင့် ကွာခြားပါတယ်။

ယေဘူယျအားဖြင့်ဆိုရင်တော့ လူတော်တော်များများမှာ ဖြစ်နေကြတဲ့ ၀က်ခြံအပျော့စား (၀က်ခြံခေါင်းမည်း၊ ဆားဝက်ခြံ) စတာတွေကို ကုစရာမလိုပါဘူး။ အချိန်တန်ရင် သူ့ဖာသာသူပျောက်သွားမှာပါ။ အမာရွတ်လည်း ကျန်လေ့မရှိပါဘူး။ ကုဖို့လိုတဲ့ ၀က်ခြံတွေကတေ့ ယောင်ကိုင်း၊ နီရဲ၊ ပြည်တည်၊ ၀က်ခြံဖုကြီးတွေပါပဲ။ ဒါတွေကတော့ မြန်မြန်ကုနိုင်မှသာ အမာရွတ်ကြီးကြီးကျန်ခဲ့ခြင်းက ကာကွယ်နိုင်မှာပါ။ ဘယ်ဆေးကမှတော့ အရေပြားကို “ပြစ်မျိုးမှဲ့မထင်” ပြန်ပြီးမကောင်းသွားစေနိုင်ပါဘူး။


ဝက်ခြံပျောက်လိမ်းဆေးများ

ဝက်ခြံပျောက်လိမ်းဆေးတွေ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ ဂျယ်လီ၊ ဆေးရည်၊ ကရင်မ် စတာတွေပါ။ မတူတဲ့ဆေးတွေဟာ တခုနဲ့တခု ထိရောက်ပုံခြင်းလည်း မတူကြပါဘူး။ ဘယ်ဆေးကို လိမ်းလိမ်း အရေးအကြီးဆုံးကတော့ ဆေးမလိမ်းမှီ အညွှန်းစာရွက်ကို သေသေချာချာ ဖတ်ဖို့ပါပဲ။ ဘယ်လိုလိမ်းရမလဲ၊ ဘယ်နှကြိမ်လဲ၊ ဘာတွေရှောင်ရမလဲ စတာတွေပါ။ နောက်အရေးကြီးတာတခုကတော့ ၀က်ခြံပျောက်ဆေးလိမ်းရင် ဆေးကို ၀က်ခြံဖုတစ်ခုခြင်းစီ လိမ်းရတာမဟုတ်ပါဘူး။ ၀က်ခြံပေါက်နေတဲ့ အရေပြားတ၀ိုက်လုံးကို လိမ်းပေးရပါမယ်။

ဘင်ဇွိုင်းပါရောက်ဆိုက် (Benzyl peroxide)

ဒီဆေးကတော်တော် အသုံးများကြပါတယ်။ သူက သုံးမျိုးလုပ်ပေးပါတယ်။ ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို သတ်ပေးတယ်၊ ယောင်ခြင်းကို ကျစေတယ်၊ အ၀ပိတ်နေတဲ့ အဆီအိတ်တွေကို ပွင့်စေတယ်။ ၀က်ခြံခေါင်းမည်း/ဖြူ တွေကိုလည်း ပျောက်စေတယ်။ အင်မတန်ကောင်းတဲ့ဆေးပေပဲ။ ပြင်းအားအနေနဲ့ ၂.၅%၊ ၄%၊ ၅%၊ ၁၀% စသည်ဖြင့်ထုတ်လုပ်ပါတယ်။ မြန်မာပြည်မှာဝယ်လို့ရပါတယ်။ Oxy 5, Oxy 10 စသည်ဖြင့်လာပါတယ်။ Oxy နောက်က 5, 10 ဆိုတာ ပြင်းအားကို ညွန်းပါတယ်။ နိုင်ငံခြားကဆေးဆိုင်တွေမှာလည်း ဆရာဝန်လက်မှတ်မပါပဲ ၀ယ်လို့ရပါတယ်။

- ဆေးမလိမ်းခင် မိနစ် ၂၀ - ၃၀ ကြိုပြီး မျက်နှာသစ်ထားပါ။
- ဆေးနဲ့ထိမိရင် ဆံပင်တို့၊ အ၀တ်အစားတို့ ဆေးရောင်ကျွတ်တတ်ပါတယ်။ သတိထားပါ။
- တချို့လူတွေမှာ ဆေးလိမ်းလိုက်ရင် အရေပြား စပ်ဖျင်းဖျင်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ဆေးလိမ်းတာကို ရပ်ထားလိုက်ပါ။ နောင်ကျမှ ဆေးပြင်းအား အပျော့ဖြင့် ပြန်စမ်းကြည့်ပါ။ ဒါမှမဟုတ် မျက်နှာပေါ်မှာ ဆေးလိမ်းထားချိန်ကို လျော့လိုက်ပါ။
- အကောင်းဆုံးကတော့ အပျော့ဆုံး ၂.၅% နှင့်စပါ။ နောက်ပိုင်း ကိုယ်ခံနိုင်ရည်အပေါ်မူတည်ပြီး ဆေးပြင်းအားကို တိုးတိုးသွားပါ။
- Water based preparation ရေဓါတ်အခြေခံကို သုံးပါ။ (အရက်ပျံ အခြေခံ ထက်ပိုကောင်းပါတယ်)
- စလိမ်းကာစမှာတော့ တရက်ကို တကြိမ်ပဲလိမ်းပါ။ ဆေးလိမ်းထားပြီး နာရီတော်တော်ကြာရင် မျက်နှာသစ်ပြစ်လိုက်ပါ။
- နောက်ပိုင်းဆိုရင်တော့ မျက်နှာပေါ်မှာ ဆေးလိမ်းထားတဲ့ အချိန်ကို တိုးတိုးသွားပါ။
- တဖြည်းဖြည်း ကျင့်ရင်းနဲ့ နောက်ဆုံး တရက်ကို နှစ်ကြိမ်လိမ်းနိုင်သွားရင်တော့ အကောင်းဆုံးပါပဲ။


ရက်တီးနွိုက် (Retinoids - adapalene, tretinoin, and isotretinoin)

နောက်ပိုင်းမှ ခေတ်စားလာပေမယ့် တော်တော်စွမ်းတဲ့ဆေးပါပဲ။ သူကျတော့ နိုင်ငံခြားမှာဆိုရင် ဆရာဝန်လက်မှတ်နဲ့မှ ၀ယ်လို့ရပါတယ်။

- လိမ်းခါစ အခန့်မသင့်ရင် မျက်နှာကြီး နီရဲယောင်ကိုင်းပြီး အရေပြားတွေ အလွှားလိုက်ကွာထွက်တတ်ပါတယ်။ နောက်ပိုင်းတော့ အသားကျသွားမှာပါ။
- တချို့ကျတော့ လိမ်းခါစမှာ ၀က်ခြံဖုတွေပိုယောင်လာတယ်၊ ပိုဆိုးလာတတ်ပါတယ်။ ဒါလည်းနောက်ပိုင်း သက်သာသွားမှာပါ။
- ဆေးလိမ်းထားပြီးနေရောင်ထဲသွားရင် ပိုပြီနေလောင်တတ်ပါတယ်။ ဒါကြောင့် ညဖက်မှာပဲလိမ်းသင့်ပါတယ်။
- ဆေးလိမ်းသူများ အဖြစ်များတဲ့ အချက်တွေကတော့ အရေပြား ပူခြင်း၊ ယားခြင်း၊ ခြောက်သွေ့ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အစပိုင်းတော့ ထုံးစံအတိုင်း ဆေးပြင်းအား အပျော့စားနဲ့စသင့်ပါတယ်။
- ကိုယ်ဝန်ရှိသောသူများ၊ ကိုယ်ဝန်ဆောင်လတ္တံ့သောသူများ မသုံးသင့်ပါဘူး။ သန္ဓေသား ကိုယ်လက်အင်္ဂါချို့ယွင်းနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ ဆေးသုံးနေစဉ် သန္ဓေတားခြင်းပြုလုပ်သင့်ပါတယ်။


ပိုးသတ်ဆေးလိမ်းဆေးများ

ဝက်ခြံပျောက်ဆေးထဲမှာ ပိုးသတ်ဆေးလိမ်းဆေး အမျိုးမျိုး ဈေးကွက်ထဲမှာရှိပါတယ်။ ပိုးသတ်ဆေးဆိုတဲ့အတိုင်း အဆီအိတ်ထဲ ပိတ်မိနေတဲ့ ပိုးကိုသတ်ပေးတယ်၊ ယောင်တာကို ကျစေတယ်။ ဒါပေမယ့် ပိတ်နေတဲ့ဟာတွေတော့ ပွင့်အောင်မလုပ်ပေးပါဘူး။ အဲဒါကြောင့် ၀က်ခြံခေါင်းမည်း နဲ့ ဆားဝက်ခြံတွေမှာ အသုံးမ၀င်ပါဘူး။ ဒီဆေးတွေလည်း လိမ်းကာစမှာ တချို့လူတွေ မျက်နှာ စပ်ဖျင်းဖျင်းဖြစ်စေပါတယ်။ သူတို့လည်း ဆေးလက်မှတ်ပါမှ ၀ယ်လို့ရပါတယ်။ မြန်မာပြည်မှာတော့ ပိုးသတ်ဆေး Clindamycin ပါတဲ့ Dalacin-T ဆိုတာ နာမည်ကြီးပါတယ်။


အဇီးလရစ်အက်ဆစ် (Azelaic Acid)

သူလည်း အထက်ကပြောခဲ့တဲ့ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ လိုပါပဲ။ ဒါပေမယ့်နည်းနည်းပျော့ပါတယ်။ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ နဲ့ မတဲ့သူများမှာသုံးပါတယ်။


ဆေးပေါင်းများ

အပေါ်မှာပြောခဲ့တဲ့ဆေးတွေကို ရောစပ်လိုက်တာပါ။ ဘင်ဇွိုင်းပါရောက်ဆိုက် နဲ့ ပိုးသတ်ဆေး ရော၊ ရက်တီးနွိုက် နဲ့ ပိုးသတ်ဆေး အရော၊ စသည်ဖြင့်ပါ။ နှစ်မျိုးပေါင်းလိုက်တော့ တစ်မျိုးခြင်းစီထက် ပိုစွမ်းသွားတာပေါ့။


သောက်ဆေးများ

ဝက်ခြံအတွက် ပိုးသတ်ဆေးများကို သောက်လို့လည်း ရပါတယ်။ ပိုးသတ်ဆေးဖြစ်တဲ့အတွက် ပိုးများကိုသတ်ပေးပါတယ်၊ ၀က်ခြံဖုယောင်ရမ်းခြင်းကို လည်း ကျစေပါတယ်။ အဆီအိတ် အပေါက်ပိတ်ခြင်းကိုတော့ မထူးခြားစေပါဘူး။ အသုံးများတဲ့ ပိုးသတ်ဆေးတွေကတော့ တက်ထရာဆိုင်ကလင်း အုပ်စုပဲဖြစ်ပါတယ်။ oxytetracycline, tetracycline, doxycycline, lymecycline and minocycline စတာတွေဖြစ်ပါတယ်။ ဒီ တက်ထရာဆိုင်ကလင်းအုပ်စုဆေးတွေကို
- ၁၂ နှစ်အောက် ကလေးသူငယ်များ မသောက်သင့်ပါဘူး။
- ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိသူများ မသောက်သင့်ပါ။
- အစာနဲ့ ဝေးဝေး အချိန်မှာ ရေနဲ့ သောက်ရပါမယ်။ နွားနို့၊ အစာ စတာတွေနဲ့ တွဲမသောက်ရပါ။ အာနိသင်ကျပါတယ်။
- သန္ဓေတားဆေးကဒ်၏ အာနိသင်ကို ကျစေပါတယ်။ တားဆေးကဒ် စားနေသော အမျိုးသမီးများအနေနဲ့ ဆေးစသောက်သော ပထမသုံးပါတ်အတွင်း ကွန်ဒုံးသုံးခြင်းဖြင့် အပိုကာဘာယူထားသင့်ပါတယ်။

တစ်ခြားသော ပိုးသတ်ဆေးများ Erythromycin, Trimethoprim စတဲ့ဆေးတွေကိုလည်း ၀က်ခြံအတွက်သုံးကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရလဒ်ခြင်း မတူကြပါဘူး။


ဟော်မုန်းကုထုံးများ

အီစရိုဂျင်ပါတဲ့ တားဆေးတွေကတော့ ဟော်မုန်းမညီညွတ်မှုကြောင့်ဖြစ်တဲ့ ၀က်ခြံများကို သက်သာစေပါတယ်။ အီစရိုဂျင်နဲ့ အင်တီ-အင်ဒရိုဂျင်ပါတဲ့ ဆေးတွေကိုလည်း သုံးကြပါတယ်။


အိုင်ဆို ထရီတီနိုအင် (Isotretinoin)

အိုင်ဆို ထရီတီနိုအင် ဆိုတာ ရက်တီးနွိုက် နဲ့ အုပ်စုတူပါတယ်။ ဒီဆေးကိုသောက်ရင် အဆီပြန်တာ တော်တော်သိသိသာသာ လျော့သွားပါတယ်။ ဒါပေမယ့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက တော်တော်များလို့ ကျွမ်းကျင်သူ ဆရာဝန်များ ညွှန်ကြားမှသာ သောက်သင့်ပါတယ်။


ဘယ်လောက်ကြာကြာကုရမှာလည်း

ဆေးကို လိမ်းလိမ်း သောက်သောက် ပုံမှန်အားဖြင့်တော့ ၄ ပါတ် ကနေ ၆ ပါတ် ကြာမှ ဆေးရဲ့ ထူးခြားမှုဟာ စသိသာလာမှာပါ။ တချို့တွေဆိုရင် ၄လ လောက်ကြာမှ စတင် သိသာလာပါတယ်။ လူတော်တော်များများ က တပါတ် နှစ်ပါတ် စမ်းကြည့်ရုံနဲ့ မသိသာဘူး၊ မသက်သာဘူးဆိုပြီး လက်လျော့လိုက်ကြတာများကြပါတယ်။ ဒါကြောင့်ပဲ ၀က်ခြံဟာ ပျောက်အောင်ကုလို့မရဘူး လို့ထင်နေကြတာပါ။ ဒီတော့ ဆေးနည်းတစ်ခုကို စသုံးမယ်ဆိုရင် အနည်းဆုံး ၆ ပါတ်လောက် သုံးကြည့်ပြီးမှ သက်သာ မသာ အကဲဖြတ်ပါ။ မသက်သာဘူးဆိုရင် စိတ်မပျက်ပါနဲ့။ တခြားတနည်းကို ပေါင်းထည့်ခြင်း၊ ဒါမှမဟုတ် ပိုစွမ်းတဲ့ နည်းကို အသုံးပြုခြင်းတို့ပြုလုပ်နိုင်ပါတယ်။

စိတ်ရှည်လက်ရှည်နဲ့ ကုရင်းနဲ့ ၀က်ခြံဟာ တဖြည်းဖြည်းပါးလာပြီး နောက်ဆုံးပျောက်သွားမှာပါ။ ၀က်ခြံဖုများလုံးဝပျောက်ကင်းသွားရင်တောင်မှ အရင်က ဖြစ်ခဲ့တဲ့ အမာရွတ်များ ကျန်နေနိုင်ပါတယ်။ ကုထုံးရပ်လိုက်ရင် ၀က်ခြံတွေ စုပြုံထွက်လာတတ်ပါတယ်။ ဒီတော့ နောက်ထပ် ၀က်ခြံထပ်မထွက်တော့အောင်တော့ ထိန်းထားရပါလိမ့်မယ်။ အသုံးအများဆုံးကတော့ ဘင်ဇွိုင်းပါရောက်ဆိုက် အပျော့စား ကို နေ့စဉ်လိမ်းပေးခြင်းပါပဲ။ ၄ - ၅ - ၆ နှစ်လောက်တော့ ဆက်သွားရပါမယ်။ သဘာဝအရ ၀က်ခြံများ ငြိမ်သွားတဲ့ အသက် ၂၀ ကျော်ကျော်အထိ ထိန်းနေရမှာပါ။ တစ်ချို့ အသက် ၃၀ ကျော်အထိ ၀က်ခြံများ ထွက်တဲ့သူတွေကတော့ နောင်နှစ်ပေါင်းတော်တော်ကြာတဲ့အထိ စွဲသုံးရပါလိမ့်မယ်။


Original Content: http://www.patient.co.uk/showdoc/23068674/