Sunday, July 27, 2008

ဒုတိယမ္ပိမွေးဖွားခြင်း

အခန်း (၁)

အဲ.. ဒုတိယကိုယ်ဝန်ဆိုတော့ ဘယ်လိုပြောမလဲ အတွေ့အကြုံရှိပြီးသားပေါ့နော.. ။ သားဦးတုန်းကတော့ မနူးမနပ်နဲ့ ကိုယ်ဝန်ရှိနေမှန်းတောင်မသိဘူး။ တခါတခါ မောမောနေလို့ ဆေးခန်းသွားပြမှ ကိုယ်ဝန် (၆)လကျော်လောက် ရှိနေမှန်းသိတာ။ သြော်.. အဲဒီတုန်းကလည်း အိမ်ထောင်ဦးဘ၀ ရုန်းရကန်ရ ငွေကြေးကလည်း သိပ်မပြည့်စုံ.. ကိုယ့်ကျန်းမာရေးတောင် ကိုယ်သိပ်ဂရုစိုက် ဖြစ်နေတာမဟုတ်ဘူးလေ။ . ကိုယ်ဝန်ဆိုတာ အပ်ရကောင်းမှန်းမသိ .. တကယ့်တကယ် ဗိုက်နာလာတော့မှပဲ အရပ်ကူပါ လူဝိုင်းပါနဲ့ .. တော်သေးတာပေါ့ အရပ်လက်သည်ကြီး ကယ်ပေလို့.. ။

အခုတော့လည်း အကြီးမ တောင် နှစ်ခါလည်ကျော်ပြီ။ ဟဲဟဲ.. အကြီးမ လို့ ပြောရအောင် အငယ်ကောင်က တကယ်တော့ အခုမှ ဗိုက်ထဲမှာ.. ။ အင်းလေ သိပ်တော့ မထူးတော့ပါဘူး.. သန်ဘက်ခါ ဆိုရင် “ဂျုး” ပြီလို့ သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး မမအိုဂျီ က ပြောထားသားပဲ။ ဟုတ်ပါတယ်.. အခုတော့ အရင်တခေါက်လို မဟုတ်တော့ဘူးလေ.. အခြေအနေတွေက ပြောင်းသွားပြီ ။ အိမ်ထောင်သက် သုံးနှစ်လောက်အတွင်းမှာ စုထားဆောင်းထားတဲ့ ငွေလေးကလည်း မစို့မပို့ရှိ.. နှစ်ဖက်မိဘတွေနဲ့လည်း ပြန်လည်အဆင်ပြေ ၀င်ထွက် ခေါ်ပြော ဆိုတော့ ဒီတခါ ကိုယ်ဝန်ဆောင်ရတာကတော့ လိုလေသေးမရှိ။

ကိုယ်ဝန် (၆)ပါတ်လောက်ကတည်းက မမအိုဂျီ ဆီမှာ သွားအပ်ထားတာ.. အားဆေးတွေညွှန်တဲ့အတိုင်းသောက်.. ရှောင်စရာရှိတာတွေရှောင်.. ဆောင်စရာရှိတာတွေဆောင်နဲ့.. ။ ပြောရရင်တော့ လင်တော်မောင်တောင် ကိုယ်ဝန်ဆောင်လက်စွဲကျမ်း သုံးလေးအုပ်ဖတ်ပြီးနေပြီ။ ကိုယ်ဝန်ဆောင်တွေ သွေးအားကောင်းအောင် သံဓါတ်များများစား.. သန္ဓေသားအာရုံကြောအတွက် ဖိုလစ်အက်ဆစ်သောက်.. ဘယ်ရီဘယ်ရီမဖြစ်အောင် ဘီဝမ်းဓါတ်မချို့တဲ့စေနဲ့.. ညအိပ်ရင် ညာဖက်ကိုစောင်းအိပ်.. စတာတွေ။ သူ့ကိုယ်သူတောင် မဒ်ဒ၀ိုက် တစ်ယောက် လောက်နီးနီးတတ်နေပြီလို့ ကြွားတတ်သေးတယ်။

အာထရာဆောင်းရိုက်ပြီး သားလေးဆိုတာ သိလိုက်တဲ့ အချိန်ကတည်းက မြေးအထီး ရူးရူးနေတဲ့ နှစ်ဖက် အဘိုးအဘွားတွေက တရက်ကို နှစ်ကြိမ် ဖုန်းဆက်ပြီး ကိုယ်ဝန်ကို သတင်းမေးပါတော့တယ်။ အင်း.. ဒီအငယ်ကောင်လေးက တော်တော့ကို ကံထူးတာပဲ။ သူ့ကိုယ်ဝန်ရှိမှ စီးပွားလည်း ပိုတက်လာတယ်။ အကြီးမတုန်းကနဲ့များ ကွာပေ့။ ဒီလိုပဲပေါ့လေ.. တမိပေါက်ထဲမှာတောင် ကံ ခြင်း ဘယ်တူနိုင်မလဲ ဟုပြောပြောဆိုဆို သူမ၏ ဗိုက်စူစူလေးကို အသာအယာ ပွတ်လိုက်လေသည်။

ထိုသို့ပွတ်လိုက်မှပင် ဗိုက်ထဲက လှုပ်လှုပ် လှုပ်လှုပ်နဲ့.. မသိမသာလည်း ရစ်ပြီးနာလာသလိုပဲ။ မွေးချင်နေပြီလားမသိ.. မမအိုဂျီ တွက်ထားပေးတာတော့ သန်ဘက်ခါ တနင်္ဂနွေနေ့မှပဲဟာ.. မနက်ဖြန်မှဆေးရုံသွားတက်ရမှာ.. အခုမှ သောကြာနေ့ရှိသေးတာ။ အိမ်သာတက်ချင်လို့ဖြစ်မှာပါလေဆိုပြီး အိမ်သာထဲသွား.. ပြန်ထွက်လာ.. အိမ်သာထပ်သွား.. ပြန်ထွက်။ ဒီလိုနဲ့ အိမ်သာကိုဝင်ထိုင်လိုက် ထွက်လိုက်လုပ်နေရာမှ စတုထ္တအကြိမ်မြောက်မှာတော့ ..

“ဟယ်တော့.. ရေမွှာပေါက်ပြီလားမသိဘူးရှင့်.. ကိုကိုရေ.. လုပ်ပါဦး..”


အခန်း (၂)

ဆေးရုံ သားဖွားဌာနတွင် တာဝန်ကျနေသော အလုပ်သင်ဆရာဝန်မလေးသည် စမ်းသပ်ခန်းအတွင်းမှ ထွက်လာပြီး သူမ၏အထက် လက်ထောက်ဆရာဝန်မလေးအား..

“ မမရေ.. နိုးမင်ဘရိန်း.. အော့စ်က ဖူးလ်.. အယ်အိုအေ.. ကွန်ထရက်ရှင် ဂွတ်.. သိပ်မကြာတော့ပါဘူး”

“ ဟုတ်ပြီ.. ညီမလေး မွေးချင်လား.. ဘယ်နှစ်ယောက် မွေးဖူး ပြီးပြီလဲ”

“ ပတ်ဝမ်းမှာ ကွန်ဒါတ်ဆင်းတုန်းကတော့ အယောက် ၂၀ မွေးဖူးတယ်။ အခုဒီ ပိုစတင်းမှာတော့ ခြောက်ယောက် လောက်မွေးဖူးပြီ”

“ အိုကေလေ.. ဒီတစ်ယောက် မွေးဦးပေါ့ .. အမ အစစ် လုပ်ပေးမယ်.. လာသွားစို့ ”

ဟုပြောကာ မွေးခန်းကို နှစ်ဦးသား ခြေဦးတည့်လိုက်စဉ်မှာပင်.. မွေးခန်းမှ ထွက်လာသော အပြာဝတ်သူနာပြုဆရာမ ကလှမ်းပြီးပြောလေသည်။

“ဒေါက်တာတို့.. မမအိုဂျီကို အင်ဖေါင်းမလုပ်ဘူးလား.. သူက သူ့ကေစ့်ဆိုရင် ကိုယ်တိုင်မွေးရမှ”

“မမအိုဂျီက ဒီနေ့ညနေ (၄) နာရီအထိ ကျောင်းမှာ လက်ချာရှိတယ်လေ.. လူနာက အခုပဲမွေးတော့မယ့်ဟာ”

“ဒေါက်တာရယ်.. မမအိုဂျီ ဟင်းဖုန်းကိုဆက်ပြီး ပြောလိုက်ပါဦး.. မဟုတ်ရင် ကျမသိနေတယ်နော်.. လေဘာရွမ်းကြီး မိုးမီးလောင်တာထက်ဆိုးသွားမယ်..”

“ဟုတ်ပါပြီ ဆရာမရယ်” ဟု ပြောကာ လက်ထောက်ဆရာဝန်မလေးသည် စားပွဲပေါ်မှ ဖုန်းကိုကောက်ကိုင်လိုက်လေသည်။


အခန်း (၃/က)

အား.. ကျွတ်ကျွတ်..
ဒီတဗိုက်ကျမှ နဲနဲပိုနာနေသလိုပဲ..
တစ်မိနစ်တစ်ခါ သားအိမ်ထဲက ကြွက်သားတွေ ခုံးခုံးပြီး ထထလာရင် သေချင်စော်နံအောင်ကို နာရော..
အကြီးမကို မွေးတုန်းကတော့ အိမ်မှာဆိုတော့ အရမ်းနာလာရင် အမေ့လက်ကိုကိုင်ထားလို့ရသေးတယ်..
အခုတော့ သူတို့အားလုံး အပြင်ကအခန်းမှာ ကျန်ခဲ့ပြီ..
ကလေးကလည်း တိုးလိုက်တာ.. ခေါင်းတောင် တ၀က်လောက် ထွက်နေပြီလားမသိဘူး.. ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့မရ လို့သာပေါ့..
သူနာပြုဆရာမကတော့ မမအိုဂျီကို သွားခေါ်ပေးမယ်ဆိုပြီးထွက်သွားလေရဲ့..
အခုတော့ သူ့ဘေးမှာ ဆေးရုံကသန့်ရှင်းရေး ၀န်ထမ်းကောင်မလေးပဲ ရှိတယ်.. တော်သေးတာပေါ့ ဗိုက်ပွတ်ပေးမယ့်လူရှိပေသေးလို့.. ဒီကောင်မလေးကို မုန့်ဖိုးပေးဖို့ မမေ့နဲ့ဦး..။
အား.........
ဗိုက်က နာသထက် ပိုနာလာသလိုပဲ..
ဒေါက်တာရေ.. လာပါတော့..
အား............ကျွတ်ကျွတ်..


အခန်း (၃/ခ)

“မမအိုဂျီကပြောတယ်.. ခဏလေးထိန်းထားလိုက်ပါတဲ့.. သူနောက် နာရီဝက်လောက်ဆို ရောက်ပါပြီတဲ့..”
ဟု လက်ထောက်ဆရာဝန်မလေးသည် ဖုန်းကို စိတ်ပျက်လက်ပျက် ချရင်းပြောလေသည်။

“ဟင်.. ကျမတို့က သဘာဝအတိုင်း ထွက်လာနေတဲ့ ကလေးကို ထွက်မလာအောင် ဘယ်လိုထိန်းထားရမှာလဲ.. ခုဏက ကျမသွားကြည့်တာ ခေါင်းတောင် တော်တော်ထွက်နေပြီ.. အက်ပီကိုက်ပြီး အခုဆွဲထုတ်လိုက်ရင်တောင် ထွက်လာလောက်ပြီ..” ဟု အလုပ်သင်ဆရာဝန်မလေးက စိုးရိမ်ကြီးစွာမေး၏။

“အမလည်း မသိတော့ ပါဘူး ညီမလေးရယ်”
ဟု ပြောကာ လက်ထောက်ဆရာဝန်မလေးသည် အခန်းထောင့်ရှိ ခုံတစ်လုံးတွင် ပျော့ခွေခွေထိုင်ချလိုက်သည်။

လုပ်သက်ရင့် သူနာပြုဆရာမ တော့ အထာသိပ်မနပ်ကြသေးသော ဆရာဝန်မနှစ်ဦးကို ကြည့်ရင်း မသိမသာ သက်ပျင်းချလိုက်လေသည်။


နောက်ဆက်တွဲ (၁)

သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး မမအိုဂျီသည် နောက် တစ်နာရီနှင့် ဆယ်ငါးမိနစ်မျှ ကြာသောအခါ ရေးကြီးသုတ်ပျာဖြင့် သားဖွားခန်းအတွင်းသို့ ရောက်လာပါသည်။

ထိုသို့မရောက်လာမီအထိ သန့်ရှင်းရေးဝန်ထမ်းကောင်မလေးမှ အတင်းတိုးတိုးထွက်လာနေသော ကလေး၏ ခေါင်းကို လက်ဖြင့် ပြန်တွန်းတင်ထားခြင်း တာဝန်ကို ကျေကျေပြွန်ပြွန် ထမ်းဆောင်ခဲ့ရသည်။

အနာလွန် အမောလွန်နေပြီဖြစ်သော မိခင်လောင်း နှင့် သန္ဓေသားအား ငဲ့ကွက်ပြီး သားဖွားမီးယပ်အထူးကု ဆရာဝန်မကြီးသည် ထိုကိုယ်ဝန်အား ဗိုက်ခွဲမွေးရန်ဆုံးဖြတ်လိုက်သည်။


နောက်ဆက်တွဲ (၂)

တပါတ်လောက် အကြာတွင် မီးနေသည် တို့မိသားစုသည် မမအိုဂျီကိုယ်တိုင် ခက်ခက်ခဲခဲ ဗိုက်ခွဲမွေးပေးခဲ့ရသော ကလေးငယ် ကိုပိုက်ပြီး ကွတကွတနှင့် ဆေးရုံမှ ဆင်းသွားကြလေသည်။


နောက်ဆက်တွဲ (၃)

ခိုင်လုံသော သတင်းရပ်ကွက် အဆိုအရ ဗိုက်ပွတ်/တွန်းတင် လုပ်ပေးသော ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် သန့်ရှင်းရေးဝန်ထမ်း ကောင်မလေးကိုလည်း မီးနေသည်မှ မုန့်ဖိုးကောင်းကောင်း စွန့်ကြဲသွားသည် ဟူသတတ်။


စာဒု.. စာဒု.. စာဒု..

Saturday, July 26, 2008

လစာမဲ့ခွင့်ယူခြင်း

ဘလော့ဂ်ပိုစ့်တင်ခြင်းမှ တစ်လခန့် လစာမဲ့ခွင့်ယူထားပါကြောင်း အသိပေးအပ်ပါသည်။ လာလည်သူအပေါင်းကို ကျေးဇူးများစွာတင်ပါသည်။