အခန်း (၁)
အဲ.. ဒုတိယကိုယ်ဝန်ဆိုတော့ ဘယ်လိုပြောမလဲ အတွေ့အကြုံရှိပြီးသားပေါ့နော.. ။ သားဦးတုန်းကတော့ မနူးမနပ်နဲ့ ကိုယ်ဝန်ရှိနေမှန်းတောင်မသိဘူး။ တခါတခါ မောမောနေလို့ ဆေးခန်းသွားပြမှ ကိုယ်ဝန် (၆)လကျော်လောက် ရှိနေမှန်းသိတာ။ သြော်.. အဲဒီတုန်းကလည်း အိမ်ထောင်ဦးဘ၀ ရုန်းရကန်ရ ငွေကြေးကလည်း သိပ်မပြည့်စုံ.. ကိုယ့်ကျန်းမာရေးတောင် ကိုယ်သိပ်ဂရုစိုက် ဖြစ်နေတာမဟုတ်ဘူးလေ။ . ကိုယ်ဝန်ဆိုတာ အပ်ရကောင်းမှန်းမသိ .. တကယ့်တကယ် ဗိုက်နာလာတော့မှပဲ အရပ်ကူပါ လူဝိုင်းပါနဲ့ .. တော်သေးတာပေါ့ အရပ်လက်သည်ကြီး ကယ်ပေလို့.. ။
အခုတော့လည်း အကြီးမ တောင် နှစ်ခါလည်ကျော်ပြီ။ ဟဲဟဲ.. အကြီးမ လို့ ပြောရအောင် အငယ်ကောင်က တကယ်တော့ အခုမှ ဗိုက်ထဲမှာ.. ။ အင်းလေ သိပ်တော့ မထူးတော့ပါဘူး.. သန်ဘက်ခါ ဆိုရင် “ဂျုး” ပြီလို့ သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး မမအိုဂျီ က ပြောထားသားပဲ။ ဟုတ်ပါတယ်.. အခုတော့ အရင်တခေါက်လို မဟုတ်တော့ဘူးလေ.. အခြေအနေတွေက ပြောင်းသွားပြီ ။ အိမ်ထောင်သက် သုံးနှစ်လောက်အတွင်းမှာ စုထားဆောင်းထားတဲ့ ငွေလေးကလည်း မစို့မပို့ရှိ.. နှစ်ဖက်မိဘတွေနဲ့လည်း ပြန်လည်အဆင်ပြေ ၀င်ထွက် ခေါ်ပြော ဆိုတော့ ဒီတခါ ကိုယ်ဝန်ဆောင်ရတာကတော့ လိုလေသေးမရှိ။
ကိုယ်ဝန် (၆)ပါတ်လောက်ကတည်းက မမအိုဂျီ ဆီမှာ သွားအပ်ထားတာ.. အားဆေးတွေညွှန်တဲ့အတိုင်းသောက်.. ရှောင်စရာရှိတာတွေရှောင်.. ဆောင်စရာရှိတာတွေဆောင်နဲ့.. ။ ပြောရရင်တော့ လင်တော်မောင်တောင် ကိုယ်ဝန်ဆောင်လက်စွဲကျမ်း သုံးလေးအုပ်ဖတ်ပြီးနေပြီ။ ကိုယ်ဝန်ဆောင်တွေ သွေးအားကောင်းအောင် သံဓါတ်များများစား.. သန္ဓေသားအာရုံကြောအတွက် ဖိုလစ်အက်ဆစ်သောက်.. ဘယ်ရီဘယ်ရီမဖြစ်အောင် ဘီဝမ်းဓါတ်မချို့တဲ့စေနဲ့.. ညအိပ်ရင် ညာဖက်ကိုစောင်းအိပ်.. စတာတွေ။ သူ့ကိုယ်သူတောင် မဒ်ဒ၀ိုက် တစ်ယောက် လောက်နီးနီးတတ်နေပြီလို့ ကြွားတတ်သေးတယ်။
အာထရာဆောင်းရိုက်ပြီး သားလေးဆိုတာ သိလိုက်တဲ့ အချိန်ကတည်းက မြေးအထီး ရူးရူးနေတဲ့ နှစ်ဖက် အဘိုးအဘွားတွေက တရက်ကို နှစ်ကြိမ် ဖုန်းဆက်ပြီး ကိုယ်ဝန်ကို သတင်းမေးပါတော့တယ်။ အင်း.. ဒီအငယ်ကောင်လေးက တော်တော့ကို ကံထူးတာပဲ။ သူ့ကိုယ်ဝန်ရှိမှ စီးပွားလည်း ပိုတက်လာတယ်။ အကြီးမတုန်းကနဲ့များ ကွာပေ့။ ဒီလိုပဲပေါ့လေ.. တမိပေါက်ထဲမှာတောင် ကံ ခြင်း ဘယ်တူနိုင်မလဲ ဟုပြောပြောဆိုဆို သူမ၏ ဗိုက်စူစူလေးကို အသာအယာ ပွတ်လိုက်လေသည်။
ထိုသို့ပွတ်လိုက်မှပင် ဗိုက်ထဲက လှုပ်လှုပ် လှုပ်လှုပ်နဲ့.. မသိမသာလည်း ရစ်ပြီးနာလာသလိုပဲ။ မွေးချင်နေပြီလားမသိ.. မမအိုဂျီ တွက်ထားပေးတာတော့ သန်ဘက်ခါ တနင်္ဂနွေနေ့မှပဲဟာ.. မနက်ဖြန်မှဆေးရုံသွားတက်ရမှာ.. အခုမှ သောကြာနေ့ရှိသေးတာ။ အိမ်သာတက်ချင်လို့ဖြစ်မှာပါလေဆိုပြီး အိမ်သာထဲသွား.. ပြန်ထွက်လာ.. အိမ်သာထပ်သွား.. ပြန်ထွက်။ ဒီလိုနဲ့ အိမ်သာကိုဝင်ထိုင်လိုက် ထွက်လိုက်လုပ်နေရာမှ စတုထ္တအကြိမ်မြောက်မှာတော့ ..
“ဟယ်တော့.. ရေမွှာပေါက်ပြီလားမသိဘူးရှင့်.. ကိုကိုရေ.. လုပ်ပါဦး..”
အခန်း (၂)
ဆေးရုံ သားဖွားဌာနတွင် တာဝန်ကျနေသော အလုပ်သင်ဆရာဝန်မလေးသည် စမ်းသပ်ခန်းအတွင်းမှ ထွက်လာပြီး သူမ၏အထက် လက်ထောက်ဆရာဝန်မလေးအား..
“ မမရေ.. နိုးမင်ဘရိန်း.. အော့စ်က ဖူးလ်.. အယ်အိုအေ.. ကွန်ထရက်ရှင် ဂွတ်.. သိပ်မကြာတော့ပါဘူး”
“ ဟုတ်ပြီ.. ညီမလေး မွေးချင်လား.. ဘယ်နှစ်ယောက် မွေးဖူး ပြီးပြီလဲ”
“ ပတ်ဝမ်းမှာ ကွန်ဒါတ်ဆင်းတုန်းကတော့ အယောက် ၂၀ မွေးဖူးတယ်။ အခုဒီ ပိုစတင်းမှာတော့ ခြောက်ယောက် လောက်မွေးဖူးပြီ”
“ အိုကေလေ.. ဒီတစ်ယောက် မွေးဦးပေါ့ .. အမ အစစ် လုပ်ပေးမယ်.. လာသွားစို့ ”
ဟုပြောကာ မွေးခန်းကို နှစ်ဦးသား ခြေဦးတည့်လိုက်စဉ်မှာပင်.. မွေးခန်းမှ ထွက်လာသော အပြာဝတ်သူနာပြုဆရာမ ကလှမ်းပြီးပြောလေသည်။
“ဒေါက်တာတို့.. မမအိုဂျီကို အင်ဖေါင်းမလုပ်ဘူးလား.. သူက သူ့ကေစ့်ဆိုရင် ကိုယ်တိုင်မွေးရမှ”
“မမအိုဂျီက ဒီနေ့ညနေ (၄) နာရီအထိ ကျောင်းမှာ လက်ချာရှိတယ်လေ.. လူနာက အခုပဲမွေးတော့မယ့်ဟာ”
“ဒေါက်တာရယ်.. မမအိုဂျီ ဟင်းဖုန်းကိုဆက်ပြီး ပြောလိုက်ပါဦး.. မဟုတ်ရင် ကျမသိနေတယ်နော်.. လေဘာရွမ်းကြီး မိုးမီးလောင်တာထက်ဆိုးသွားမယ်..”
“ဟုတ်ပါပြီ ဆရာမရယ်” ဟု ပြောကာ လက်ထောက်ဆရာဝန်မလေးသည် စားပွဲပေါ်မှ ဖုန်းကိုကောက်ကိုင်လိုက်လေသည်။
အခန်း (၃/က)
အား.. ကျွတ်ကျွတ်..
ဒီတဗိုက်ကျမှ နဲနဲပိုနာနေသလိုပဲ..
တစ်မိနစ်တစ်ခါ သားအိမ်ထဲက ကြွက်သားတွေ ခုံးခုံးပြီး ထထလာရင် သေချင်စော်နံအောင်ကို နာရော..
အကြီးမကို မွေးတုန်းကတော့ အိမ်မှာဆိုတော့ အရမ်းနာလာရင် အမေ့လက်ကိုကိုင်ထားလို့ရသေးတယ်..
အခုတော့ သူတို့အားလုံး အပြင်ကအခန်းမှာ ကျန်ခဲ့ပြီ..
ကလေးကလည်း တိုးလိုက်တာ.. ခေါင်းတောင် တ၀က်လောက် ထွက်နေပြီလားမသိဘူး.. ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့မရ လို့သာပေါ့..
သူနာပြုဆရာမကတော့ မမအိုဂျီကို သွားခေါ်ပေးမယ်ဆိုပြီးထွက်သွားလေရဲ့..
အခုတော့ သူ့ဘေးမှာ ဆေးရုံကသန့်ရှင်းရေး ၀န်ထမ်းကောင်မလေးပဲ ရှိတယ်.. တော်သေးတာပေါ့ ဗိုက်ပွတ်ပေးမယ့်လူရှိပေသေးလို့.. ဒီကောင်မလေးကို မုန့်ဖိုးပေးဖို့ မမေ့နဲ့ဦး..။
အား.........
ဗိုက်က နာသထက် ပိုနာလာသလိုပဲ..
ဒေါက်တာရေ.. လာပါတော့..
အား............ကျွတ်ကျွတ်..
အခန်း (၃/ခ)
“မမအိုဂျီကပြောတယ်.. ခဏလေးထိန်းထားလိုက်ပါတဲ့.. သူနောက် နာရီဝက်လောက်ဆို ရောက်ပါပြီတဲ့..”
ဟု လက်ထောက်ဆရာဝန်မလေးသည် ဖုန်းကို စိတ်ပျက်လက်ပျက် ချရင်းပြောလေသည်။
“ဟင်.. ကျမတို့က သဘာဝအတိုင်း ထွက်လာနေတဲ့ ကလေးကို ထွက်မလာအောင် ဘယ်လိုထိန်းထားရမှာလဲ.. ခုဏက ကျမသွားကြည့်တာ ခေါင်းတောင် တော်တော်ထွက်နေပြီ.. အက်ပီကိုက်ပြီး အခုဆွဲထုတ်လိုက်ရင်တောင် ထွက်လာလောက်ပြီ..” ဟု အလုပ်သင်ဆရာဝန်မလေးက စိုးရိမ်ကြီးစွာမေး၏။
“အမလည်း မသိတော့ ပါဘူး ညီမလေးရယ်”
ဟု ပြောကာ လက်ထောက်ဆရာဝန်မလေးသည် အခန်းထောင့်ရှိ ခုံတစ်လုံးတွင် ပျော့ခွေခွေထိုင်ချလိုက်သည်။
လုပ်သက်ရင့် သူနာပြုဆရာမ တော့ အထာသိပ်မနပ်ကြသေးသော ဆရာဝန်မနှစ်ဦးကို ကြည့်ရင်း မသိမသာ သက်ပျင်းချလိုက်လေသည်။
နောက်ဆက်တွဲ (၁)
သားဖွားမီးယပ်အထူးကုဆရာဝန်မကြီး မမအိုဂျီသည် နောက် တစ်နာရီနှင့် ဆယ်ငါးမိနစ်မျှ ကြာသောအခါ ရေးကြီးသုတ်ပျာဖြင့် သားဖွားခန်းအတွင်းသို့ ရောက်လာပါသည်။
ထိုသို့မရောက်လာမီအထိ သန့်ရှင်းရေးဝန်ထမ်းကောင်မလေးမှ အတင်းတိုးတိုးထွက်လာနေသော ကလေး၏ ခေါင်းကို လက်ဖြင့် ပြန်တွန်းတင်ထားခြင်း တာဝန်ကို ကျေကျေပြွန်ပြွန် ထမ်းဆောင်ခဲ့ရသည်။
အနာလွန် အမောလွန်နေပြီဖြစ်သော မိခင်လောင်း နှင့် သန္ဓေသားအား ငဲ့ကွက်ပြီး သားဖွားမီးယပ်အထူးကု ဆရာဝန်မကြီးသည် ထိုကိုယ်ဝန်အား ဗိုက်ခွဲမွေးရန်ဆုံးဖြတ်လိုက်သည်။
နောက်ဆက်တွဲ (၂)
တပါတ်လောက် အကြာတွင် မီးနေသည် တို့မိသားစုသည် မမအိုဂျီကိုယ်တိုင် ခက်ခက်ခဲခဲ ဗိုက်ခွဲမွေးပေးခဲ့ရသော ကလေးငယ် ကိုပိုက်ပြီး ကွတကွတနှင့် ဆေးရုံမှ ဆင်းသွားကြလေသည်။
နောက်ဆက်တွဲ (၃)
ခိုင်လုံသော သတင်းရပ်ကွက် အဆိုအရ ဗိုက်ပွတ်/တွန်းတင် လုပ်ပေးသော ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် သန့်ရှင်းရေးဝန်ထမ်း ကောင်မလေးကိုလည်း မီးနေသည်မှ မုန့်ဖိုးကောင်းကောင်း စွန့်ကြဲသွားသည် ဟူသတတ်။
စာဒု.. စာဒု.. စာဒု..
Sunday, July 27, 2008
ဒုတိယမ္ပိမွေးဖွားခြင်း
Wednesday, June 25, 2008
Capsaicin အစပ် - ငရုတ်သီးဓါတ်
Asked by DD85 @MMCP
ကျွန်တော့်အသိတစ်ယောက်က ငရုတ်သီးတအားစားတယ်။ သူစားတာကိုသွားမြည်းကြည့်တော့စပ်တာမှ အရမ်းကိုပူစပ်ပြီးခါးတဲ့အခါးဓါတ်ဖက် ကိုတောင်ရောက်နေပြီ။ အဲ့ဒီလောက် အစပ်တွေနေ့တိုင်း စားရင် ဘာရောဂါတွေရနိုင်ပါသလဲ။
သိသူများ ဖြေကြားပေးပါ။
'It is a very good question'
မေးခွန်းတစ်ခုကို အမေးခံရတဲ့သူက ဒီလိုစပြီးပြောလိုက်ပြီဆိုရင် သူ့ဆီမှာ ရေရေရာရာ ဖြေစရာမရှိလို့ပါဟု ယူဆ၍ရလေသည်။ အခုလည်း ကျနော်ဒီလိုပဲစဖြေပါတော့မယ်။ အင်မတန်ကောင်းတဲ့မေးခွန်းပါပဲ။ ခပ်ဆင်ဆင် ဥပမာလေးတွေ အရင်ကြည့်ရအောင်..
၁၉၅၀-၆၀ ခုနှစ်လောက်အထိ ဆေးလိပ်သောက်ခြင်းသည် ဥာဏ်ပွင့်လန်းစေပြီး အတွေးအခေါ်ကောင်းစေသည် ဟုယူဆကြတုန်းပါပဲ။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုတာ နှစ်ဆယ်ရာစုနှောင်းပိုင်းမှ စတင်ခေတ်စားလာတာပါ။ ဘယ်အချိန်ကြရင် ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ကောင်းစေသည် လို့ပြန်ဖြစ်ဦးမလဲ မသိဘူး။
ဆရာမြသန်းတင့် ဘာသာပြန်တဲ့ သုခမြို့တော်ဆိုတဲ့ ၀တ္ထုထဲကဇာတ်ကောင် လန်ချားဆွဲတဲ့ကုလားက တစ်ခြားလန်ချားကုလားတစ်ယောက်ကို ကြည့်ပြီး ဒီလိုတွေးပါတယ်.. “ဒီကောင်နှယ် သန်လိုက်တာ.. လန်ချားအလေးကြီးကို ဆွဲသွားတာများ ပေါ့ပေါ့လေး ထင်ရတယ်.. ဘယ်လို ငရုတ်သီးတွေများစားပြီး ဒီလိုအားရှိနေပါလိမ့်” (ဤစာသားအတိုင်းမဟုတ်ပါ.. မှတ်မိသလိုပြန်ရေးထားတာပါ)။ အဲဒီဝတ္ထုကဇာတ်ကောင်က တကယ်ကို ငရုတ်သီးစားရင် အားရှိတယ်လို့ ထင်နေတာပါ။
အဆုတ်ထဲသွေးခဲရောက်တဲ့ ရောဂါတစ်မျိုးရှိပါတယ်။ Pulmonary Embolism လို့ခေါ်ပါတယ်။ သေတတ်ပါတယ်။ အနောက်နိုင်ငံတွေမှာ မကြာခဏတွေ့ရတဲ့ရောဂါပါ။ မြန်မာ၊ အိန္ဒိယ၊ ပါကစ်စတန်၊ ဘင်္ဂလားဒေရှ့်၊ ထိုင်း စတဲ့ အစပ်စားတဲ့ အာရှနိုင်ငံတွေမှာ သိပ်မတွေ့ရပါဘူး။ အဖြူကောင်ဆရာဝန်တွေကတော့ ပြောပါတယ်၊ ဒီရောဂါမျိုး မင်းတို့ဆီမှာလည်း ရှိမှာပါ၊ မင်းတို့က သေသေချာချာ မရှာကြလို့ပါတဲ့။ မဟုတ်ပါဘူး။ အသက်ရှင်စဉ်မှာ ဒီရောဂါလွတ်သွားတယ်ထားဦး သေပြီးရင်ခွဲကြည့်ရင်တော့ မလွတ်တော့ပါဘူး။ ကျနော်တို့နိုင်ငံတွေမှာ တကယ်ကိုဒီရောဂါရှားတာပါ။
အရင်တုန်းကတော့ အစပ်စားရင် ပါးစပ်၊ လျှာ၊ လည်ချောင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက် ရောင်ခြင်း၊ အနာဖြစ်ခြင်း၊ ကင်ဆာဖြစ်ခြင်း တို့ပိုမိုဖြစ်စေတယ်ဆိုတဲ့ အယူအဆ ရှိခဲ့ပါတယ်။ အခုအချိန်ထိလည်း တော်တော်များများ ဒီအယူအဆကို လက်ခံကြတုန်းပါပဲ။ သက်သေသက္ကာယပြဖို့ဆိုရင်လည်း တုတ်ထမ်းပြီးဆွေးနွေးမှရပါလိမ့်မယ်။ ကျနော်ရဲ့ခံယူချက်ကတော့ အနာမရှိတဲ့သူ အစပ်စားရင်ပြဿနာမရှိပေမယ့် လျှာ-အစာအိမ်-အူ စသည်တို့မှာ အနာတစ်ခုခုရှိမယ်ဆိုရင်တော့ အစပ်စားရင် မသင့်တော်ဘူးလို့ထင်ပါတယ်။ ကျနော့်အထင်ပဲဖြစ်တဲ့အတွက်ကြောင့် မှားနိုင်ပါတယ်။ ခိုင်လုံတဲ့ သုသေသနစာတမ်း စမ်းသပ်ချက်တွေပေါ်လာရင်တော့ လိုအပ်ရင် အယူအဆပြောင်းရမှာပါ။ အစာအိမ်နာ ဖြစ်ရခြင်း ဇစ်မြစ်ကတော့ အစပ်ကြောင့်မဟုတ်ပဲ H pylori ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဆိုတာတော့ တွေ့ရှိထားတာကြာပါပြီ။
အခုတစ်လောမှာမှ အစပ်နဲ့ ပါတ်သက်တဲ့ အယူဝါဒကွဲလေးတွေ ကြိုကြားကြိုကြားစတွေ့လာရတယ်။ အထင်ရှားဆုံးကတော့ Capsaicin လို့ခေါ်တဲ့ ငရုတ်သီးမှာပါတဲ့ အစပ် ဓါတ်ပါပဲ။ ကင်ဆာဆဲလ်တွေကို Capsaicin နဲ့ Nottingham, UK ဓါတ်ခွဲခန်းမှာ တွေ့ပေးတယ့်အခါ ကင်ဆာဆဲလ်တွေ သေကုန်ပါတယ်။ ဓါတ်ခွဲခန်းမဟုတ်တဲ့ လူသက်ရှိပေါ်မှာ တိုက်ရိုက်စမ်းသပ်ခြင်းရဲ့ ရလဒ်ကိုတော့ မသိကြသေးပါဘူး။ ဒီတော့ အစပ်စားရင် ကင်ဆာပျောက်မယ်လို့တော့ တိတိကျကျ သတ်မှတ်လို့မရသေးပါဘူး။
ဒီ capsaicin ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြန်လာစေပြီး ကိုယ်ခန္ဓာအတွင်း အပို ကယ်လိုရီများကို လျှော့ကျစေဖို့ အထောက်အကူပေးတယ်လို့ တစ်ချို့ကဆိုပြန်ပါတယ်။ တနည်းပြောရရင်တော့ အစပ်စားရင် အဆီကျမယ်ပေါ့။ ပြန်ဆက်စပ်ကြည့်ရရင် အစပ်စားတဲ့တိုင်းပြည်တွေမှာ အ၀လွန် လူဦးရေနည်းပါးတာကိုတွေ့ရပါတယ်။ ဆင်းရဲလို့မ၀ကြတာပါလို့မပြောနဲ့၊ ချမ်းသာပြီး အစပ်စားတဲ့ ရေနံသူဌေးတိုင်းပြည်တွေမှာလည်း အ၀လွန်လူဦးရေဟာ အဖြူကောင်တွေနိုင်ငံလောက်မများပါဘူး။ နောက်တစ်ခုက မိန်းကလေးတွေ အဆီကျအောင် လိမ်းတဲ့ဆေးတစ်မျိုးဟာ ငရုတ်ရည်နဲ့ ဖေါ်ထားတယ်လို့ကြားဖူးပါတယ်။ လိမ်းလိုက်ရင် အလွန်ပူဆိုပဲ။
ထိုင်းနိုင်ငံမှာ လုပ်တဲ့သုသေသနတစ်ခုမှာတော့ capsaicin ဟာ သွေးခဲခြင်းကို ကာကွယ်ပေးတယ်လို့တွေ့ရှိလာပါတယ်။ အထက်မှာ ကျနော်ပြောခဲ့သလို အစပ်စားတဲ့တိုင်းပြည်တွေမှာ သွေးခဲခြင်းရောဂါ အဖြစ်နည်းတယ်ဆိုတာ နဲ့ ကိုက်ညီပါတယ်။
capsaicin ဟာ နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ရေယုန်ပေါက်ပြီး စပ်ဖျင်းဖျင်း နာနေတဲ့နေရာကို capsaicin ပါသော လိမ်ဆေးလိမ်းပေးရင်သက်သာပါတယ်။ ကိုယ်ခန္ဓာမှာနာကျင်ကိုက်ခဲနေမှုကို capsaicin နဲ့ထိန်းဖို့လည်း စမ်းသပ်နေကြပါတယ်။
အခုလို ပေါ်ပင်ဖြစ်နေတဲ့ capsaicin အစပ် ငရုတ်သီးဓါတ်ဟာ သုသေသန အဆင့်ဆင့်တွေကို ကျော်ဖြတ်ပြီးရင်တော့ တကယ်ကို ကျန်းမာရေးအတွက်ကောင်းစေသလား၊ ဒါမှမဟုတ် ကျန်းမာရေးအတွက်ဆိုးစေသလား ကို အမှန်အကန် သိလာမယ့် တချိန်ချိန်ကိုပဲ စောင့်ကြည့်ရမှာပါ။ ဒီအတောအတွင်းမှာတော့ တန်ဆေးလွန်ဘေး ပါပဲ။
Thursday, June 19, 2008
ဝက်ခြံအကြောင်း (Acne)
ဘယ်သူမှ မပေါက်ချင်တဲ့ ၀က်ခြံအကြောင်းကို လူတိုင်းသိသင့်ပါတယ်။ သာမန်လူတစ်ယောက် အနေနဲ့ သိသင့်တဲ့ ၀က်ခြံနဲ့ဆိုင်တဲ့ အကြောင်းအရာများ အားလုံးကို ဒီဆောင်းပါးမှာဖေါ်ပြထားပါတယ်။ ကိုယ်တိုင်လည်းဖတ်တဲ့အပြင် အခြားသူများကိုလည်း ဖတ်ရှူနိုင်ရန် ညွှန်ပေးစေလိုပါတယ်။
ဝက်ခြံ
ဝက်ခြံဆိုတာ အင်မတန် အဖြစ်များကြပြီး အများအားဖြင့်တော့ ပျောက်ကင်းအောင် ကုသလို့ရပါတယ်။ ၀က်ခြံဖုများ ကင်းစင်သွားအောင် ကုသရာမှာ အချိန်အတော်ယူရလို့ စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။ ဒါ့အပြင် ၀က်ခြံဖုများ ပျောက်သွားပြီဆိုရင်တောင် နောက်ထပ် ၀က်ခြံများ ထပ်မထွက်လာအောင် နှစ်နဲ့ချီပြီး “ထိန်းသိမ်းကုထုံး” ကိုဆက်လုပ်ရပါမယ်။
ဘယ်သူတွေ ၀က်ခြံပေါက်ကြသလဲ
လူတိုင်းမှာ ၀က်ခြံပေါက်နိုင်ပါတယ်။ အဖြစ်များတာကတော့ ၁၅နှစ် နဲ့ ၂၅နှစ်ကြားလူငယ်တွေပါ။ ၀က်ခြံတော်တော်များများဟာ မျက်နှာမှ ပေါက်တာဖြစ်ပေမယ်လို့ ကျောကုန်း၊ လည်ပင်း နဲ့ ရင်ဘတ် စတဲ့နေရာတွေမှာလည်း ၀က်ခြံပေါက်နိုင်ပါတယ်။ ၀က်ခြံအထူအပါးကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ဆယ်ကျော်သက် ၁၀ယောက်မှာ ၉ယောက် ၀က်ခြံပေါက်ကြပါတယ်။ အဲဒီထဲက ၃ယောက်လောက်ကတော့ ၀က်ခြံများတဲ့အတွက် နောင်အခါ အမာရွတ်များ မထင်ကျန်ခဲ့ရန် ကုသခြင်းခံဖို့ လိုအပ်နေပါတယ်တဲ့။ ၀က်ခြံကို မကုသပဲထားမယ် ဆိုရင်တော့ ၄-၅နှစ်လောက်ကြာရင် သက်သာသွားမှာပါ။ ဒါပေမယ့်လည်း တချို့တွေမှာတော့ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိသွားတတ်ပါတယ်။
ဘာကြောင့်ဝက်ခြံဖြစ်ရသလဲ
အရေပြားအကြောင်း တစေ့တစောင်း
အရေပြားအောက်မှာ အဆီအိတ်လေးတွေရှိပါတယ်။ အဲဒီအဆီအိပ်များထဲမှ အဆီများဟာ အရေပြားပေါ်ကို အလွန်သေးငယ်တဲ့ အပေါက်ကလေးများကနေ စိမ့်ထွက်နေပါတယ်။ ဒီအဆီများဟာ အရေပြား ကြမ်းရှ ချောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။ အဆီစိမ့်ထွက်သော အပေါက်များမှာ ဆံပင်၊ အမွေး များလည်း ပေါက်နိုင်ပါတယ်။ ဆယ်ကျော်သက်အရွယ်သို့ ရောက်လာသောအခါ အရေပြားမှ အဆီထုတ်လုပ်မှုသည် ကလေးအရွယ်မှာထက် သိသိသာသာများလာသည်။ ဒါကတော့ ကြီးကောင်ဝင်ခြင်းရဲ့ ခန္ဓာကိုယ်ဟော်မုန်းဓါတ် အပြောင်းအလဲ ဖြစ်စဉ်ကြောင့် ဖြစ်ရပါတယ်။ အဆီများများထွက်လေ အရေပြားအဆီများများပြန်လေ ၀က်ခြံပိုဆိုးရလေဖြစ်ပါတယ်။ သတိထားကြည့်ရင် တချို့လူတွေကလည်း သူများထက်ကို ပိုအဆီပြန်လွယ်ပါတယ်။
ဝက်ခြံ သာမန် မှ မနည်းမများ အဆင့် - ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ
အရေပြားပေါ်သို့ အဆီများထွက်ရာ အပေါက်ဝလေးများ၏ ပတ်ဝန်းကျင်ရှိ အရေပြားဟောင်းများ၊ ဆဲလ်အသေများကြောင့် အဆီစိမ့်ထွက်သော အပေါက်ငယ်ကလေးများ ပိတ်သွားတတ်သည်။ ထိုဝက်ခြံဖုကလေးများကို သေချာကြည့်မည်ဆိုလျှင် ဆို့ပိတ်နေသော အသွင်သဏ္ထာန်ကို တွေ့နိုင်ပါသည်။ ၀က်ခြံခေါင်းမည်းများတွင် အမည်းရောင် အစက်ကလေးများကို တွေ့ရမည်ဖြစ်ပါသည်။ ထို အဆီပေါက်ကို ပိတ်သည့် အမည်းရောင်အစက်များသည် အများထင်သလို ချေး (ဂျီး) မဟုတ်ပါ။ အရေပြား၏ အရောင်သာဖြစ်ပါတယ်။ အရေပြားပေါ်ကိုထွက်လာရမယ့် အဆီများကတော့ ထွက်ပေါက်ပိတ်နေတဲ့အတွက် အပြင်ကိုမထွက်ရတော့ပဲ အတွင်းမှာပဲ စုနေရတော့ ကြာလာတော့ အဆီအိပ်သာ တဖြည်းဖြည်း ကြီးလာပါတော့တယ်။ သာမန်အားဖြင့်တော့ ၀က်ခြံတွေဟာ ဒီအဆင့်လောက်ထိပဲ ဖြစ်တတ်ပါတယ်။ ၀က်ခြံခေါင်းမည်း၊ ၀က်ခြံခေါင်းဖြူ၊ ဆားဝက်ခြံ လို့ အမျိုးမျိုး ခေါ်ကြပါတယ်။
ဝက်ခြံ အပြင်းစားများ -
ထွက်ပေါက်ပိတ်နေတဲ့ အဆီအိတ်တွေကတော့ P. acne လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုး အလွန်နှစ်သက်တဲ့ ရှင်သန်ပေါက်ပွားရာနေရာပါပဲ။ ပုံမှန်အားဖြင့်ကတော့ အဲဒီဘက်တီးရီးယားဟာ အရေပြားပေါ်မှာနေပါတယ်။ အရေအတွက်လည်း နည်းပါတယ်။ အဆီအိတ်ထဲမှာ ပိတ်မိသွားရင်တော့ ခဏချင်းအတွင်း အဆပေါင်းများစွာပွားလာပါတော့တယ်။ အနာကို ပိုးဝင်တာနဲ့ သဘောခြင်းတူတူပါပဲ။ နောက်ဆုံးကျတော့ ၀က်ခြံဖုဟာ ကြီးလာပြီး နီရဲ ယောင်ကိုင်း ပြည်တယ် ပါတော့တယ်။
ဒီလို ယောင်ကိုင်းနေတဲ့ ပြည်တယ်နေတဲ့ ၀က်ခြံအဖုတိုင်း အဖုတိုင်းဟာ တချိန်ချိန်မှာတော့ တဖြေးဖြေး သက်သာ ပျောက်ကင်းသွားပါတယ်။ အဖုဖြစ်ခဲ့ဘူးတဲ့နေရာမှာတော့ အမာရွတ်ကလေးတွေ ကျန်ရစ်တတ်ပါတယ်။ အသားညိုတဲ့သူတွေမှာ ၀က်ခြံအမာရွတ်များကို ပိုပြီးသိသာစွာတွေ့ရပါတယ်။ တချို့မှာကြတော့ အမာရွတ်အစား အရေပြားပေါ်မှာ ကျောက်ပေါက်မာလို အချိုင့် သေးသေးလေးတွေ ကျန်ခဲ့တတ်ပါတယ်။ ဒီအချိုင့်ကလေးတွေကတော့ အချိန်ကာလကြာသော်လည်း ပျောက်ချင်မှ ပျောက်တော့မှာပါ။
မိန်းကလေး တန်မယ့် ယောက်ျားဟော်မုန်း အထွက်များနေသော အခြေအနေမျိုး eg Polycystic Ovary Syndrome ဆိုရင်တော့ သာမန်ထက် ၀က်ခြံပိုများများပေါက်ပါတယ်။ အမျိုးသားဟော်မုန်းများနေတဲ့ အမျိုးအမီးတွေဆိုရင် ခေါင်းကဆံပင်ပါးသော်လည်း နှုတ်ခမ်းမွေးစစ၊ ခြေသလုံးမွေးရေးရေးနဲ့ တွေ့ရတတ်ပါတယ်။ Halogenated Hydrocarbon စတဲ့ ဓါတ်ငွေ့တွေနဲ့ ထိတွေလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးလုပ်တဲ့သူတွေမှာလည်း ၀က်ခြံပိုပေါက်ပါတယ်။
ဝက်ခြံကို ပိုဆိုးစေသော အချက်များ
၁။ ပရိုဂျက်စရိုဂျင်တစ်မျိုးထဲပါသော သန္ဓေတားဆေးကဒ်။
၂။ အမျိုးသမီးများ ရာသီပေါ်ခါနီးတ၀ိုက်တွင် ၀က်ခြံဖုများပို “ထ” တတ်ပါတယ်။
၃။ မိတ်ကပ်ထူထူ၊ အဆီများသောမိတ်ကပ် များ ကြောင့်လည်း ၀က်ခြံပိုဆိုးနိုင်ပါတယ်။ မိတ်ကပ်ပါးပါးလိမ်းခြင်း၊ အဆီမပါသောမိတ်ကပ်ကို အသုံးပြုခြင်းတို့နဲ့ ကာကွယ်နိုင်ပါတယ်။
၎။ ဆိတ်ဆွခြင်းကြောင့် ၀က်ခြံဖုများကို ပိုမိုယောင်ကိုင်းလာစေပြီး နောင်အခါ အနာရွတ်များဖြစ်စေပါတယ်။
၅။ သာမန်ထက်ပိုပြီး ပူအိုက်စွတ်စိုမှုကြောင့် လွန်လွန်ကဲကဲ ချွေးထွက်များခြင်းဟာလည်း အဆီပေါက်ကလေးတွေ ပိုပိတ်စေပါတယ်။ ဥပမာ - တနေကုန် မီးဖိုချောင်တွင် ပူပူတွင် လုပ်ကိုင် ချက်ပြုတ်နေသူများ။
၆။ အ၀တ်အစားကျပ်ကျပ်ကြောင့် ချွေးထွက်များခြင်း၊ ပွန်းစားခံရခြင်းများကြောင့်လည်း ၀က်ခြံဖုများထွက်စေပါတယ်။ ဥပမာ - နဖူးစည်းကျပ်ကျပ်၊ ဘရာစီယာကြိုးကျပ်ကျပ်၊ လည်ပင်းကော်လာကျပ်ကျပ်တို့အောက်မှာ ၀က်ခြံဖုတွေထွက်နိုင်ပါတယ်။
၇။ တချို့သော ဆေးဝါးများကြောင့် ၀က်ခြံပိုထွက်ပါတယ်။ ဖီနက်တွိုင်း ဆိုတဲ့ ၀က်ရူးပြန်အတက်ကျဆေး၊ ၀ဲနှင်းခုကိုလိမ်းရသော စတီးရွိုက်လိမ်းဆေးများ၊ ကာယဗလအတွက် (တရားမ၀င်) အသုံးပြုသော စတီးရွိုက်ဆေးများ ပဲဖြစ်ပါတယ်။
ဝက်ခြံနှင့်ပတ်သက်သော အယူအဆ အလွဲများ ကိုဖြေရှင်းခြင်း။
၁။ ၀က်ခြံဟာ ညစ်ပတ်လို့ဖြစ်ရတာမဟုတ်ပါဘူး။ ခဏခဏ မျက်နှာသစ်ခြင်းကြောင့် ပိုတောင်ဆိုးနိုင်ပါတယ်။
၂။ အစားအသောက်နဲ့ ၀က်ခြံပေါက်ရတာ ဆက်နွယ်မှုမရှိပါ။ ချောကလက်၊ အချို၊ အဆီများသော အစားအစာများနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။
၃။ စိတ်ဖိစီးမှုနှင့် ၀က်ခြံ ဆက်စပ်မှုမရှိပါ။
၎။ ၀က်ခြံဟာ တစ်ယောက်မှတစ်ယောက်ကို မကူးစက်နိုင်ပါ။
၅။ ရေများများသောက်ခြင်းဖြင့် ၀က်ခြံပျောက်အောင်လုပ်မရပါ။
၆။ ၀က်ခြံကို ဆေးဝါးများဖြင့်ကုလို့ မပျောက်ဘူးဆိုတာ မဟုတ်ပါ။ သေသေချာချာကုရင် ပျောက်ကိုပျောက်ပါတယ်။
ဝက်ခြံရှိသူများအတွက် အရေပြားထိန်းသိမ်းနည်း
၁။ မျက်နှာကို ပုံမှန်ထက် အကြိမ်ပိုများများ သစ်စရာမလိုပါ။ တစ်နေ့ ၂ ကြိမ်ဆိုတော်ပါပြီ။ ပျော့သောဆပ်ပြာနှင့် မပူမအေးသောရေဖြင့် သစ်ရမယ်။ (ပူသောရေ၊ အေးသောရေ များဟာလည်း ၀က်ခြံကိုပိုဆိုးစေပါတယ်။) ၀က်ခြံပေါက်နေသောနေရာကို ကြမ်းတမ်းစွာပွတ်တိုက်ခြင်းကိုလည်း ရှောင်ပါ။ သဲဆပ်ပြာ၊ လောင်စားစေသောဆပ်ပြာ၊ အရေခွံကွာထွက်စေသောဆပ်ပြာ များ လုံးဝ မသုံးရပါ။ ကြမ်းတမ်းစွာပွတ်တိုက် သန့်စင်စေခြင်းကြောင့် ၀က်ခြံဖုများ ပိုမိုယောင်ကိုင်းလာနိုင်ပါတယ်။
၂။ ပိုးသတ်ဆေးပါဝင်သော ဆေးဆပ်ပြာများလည်း သိသိသာသာ ထိရောက်မှုမရှိပါဘူး။
၃။ ၀က်ခြံခေါင်းမည်းမှ အမည်းစက်များကို ဘယ်လိုမှပျောက်အောင်လုပ်လို့ မရပါဘူး။ တကယ်တော့ အဲဒီအမည်းစက်ကလေးတွေဟာ (မှဲ့ လိုမျိုး) အရေပြားရဲ့ အရောင်ပါပဲ။
၎။ အောက်တွင်ဖေါ်ပြမည့် ၀က်ခြံပျောက်လိမ်းဆေး တချို့ဟာ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီအခါမှာ အနံ့မပါသော ရေဓါတ် အစိုထိန်းလိမ်းဆေး (fragrance free water based moisturiser cream) များကို သာသုံးပါ။ အဆီပါသော အရာများကိုမလိမ်းပါနဲ့။
ဝက်ခြံကို ကုသခြင်းရဲ့ ရည်ရွယ်ချက်
ဝက်ခြံကို ကုနေကြရတဲ့ အဓိကရည်ရွယ်ချက်တွေကတော့ ၀က်ခြံဖုများ တတ်နိုင်သရွေ့နည်းပါးသွားစေရေးနဲ့ အမာရွတ်များ မထင်ကျန်ခဲ့ရေးပဲဖြစ်ပါတယ်။ ၀က်ခြံအထူအပါးပေါ်မှာ မူတည်ပြီး ကုထုံးတွေကွဲပါတယ်။ လိမ်းဆေး သို့မဟုတ် လိမ်းဆေး နဲ့ သောက်ဆေးတွဲ သို့မဟုတ် သောက်ဆေး စသည်ဖြင့် ကွာခြားပါတယ်။
ယေဘူယျအားဖြင့်ဆိုရင်တော့ လူတော်တော်များများမှာ ဖြစ်နေကြတဲ့ ၀က်ခြံအပျော့စား (၀က်ခြံခေါင်းမည်း၊ ဆားဝက်ခြံ) စတာတွေကို ကုစရာမလိုပါဘူး။ အချိန်တန်ရင် သူ့ဖာသာသူပျောက်သွားမှာပါ။ အမာရွတ်လည်း ကျန်လေ့မရှိပါဘူး။ ကုဖို့လိုတဲ့ ၀က်ခြံတွေကတေ့ ယောင်ကိုင်း၊ နီရဲ၊ ပြည်တည်၊ ၀က်ခြံဖုကြီးတွေပါပဲ။ ဒါတွေကတော့ မြန်မြန်ကုနိုင်မှသာ အမာရွတ်ကြီးကြီးကျန်ခဲ့ခြင်းက ကာကွယ်နိုင်မှာပါ။ ဘယ်ဆေးကမှတော့ အရေပြားကို “ပြစ်မျိုးမှဲ့မထင်” ပြန်ပြီးမကောင်းသွားစေနိုင်ပါဘူး။
ဝက်ခြံပျောက်လိမ်းဆေးများ
ဝက်ခြံပျောက်လိမ်းဆေးတွေ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ ဂျယ်လီ၊ ဆေးရည်၊ ကရင်မ် စတာတွေပါ။ မတူတဲ့ဆေးတွေဟာ တခုနဲ့တခု ထိရောက်ပုံခြင်းလည်း မတူကြပါဘူး။ ဘယ်ဆေးကို လိမ်းလိမ်း အရေးအကြီးဆုံးကတော့ ဆေးမလိမ်းမှီ အညွှန်းစာရွက်ကို သေသေချာချာ ဖတ်ဖို့ပါပဲ။ ဘယ်လိုလိမ်းရမလဲ၊ ဘယ်နှကြိမ်လဲ၊ ဘာတွေရှောင်ရမလဲ စတာတွေပါ။ နောက်အရေးကြီးတာတခုကတော့ ၀က်ခြံပျောက်ဆေးလိမ်းရင် ဆေးကို ၀က်ခြံဖုတစ်ခုခြင်းစီ လိမ်းရတာမဟုတ်ပါဘူး။ ၀က်ခြံပေါက်နေတဲ့ အရေပြားတ၀ိုက်လုံးကို လိမ်းပေးရပါမယ်။
ဘင်ဇွိုင်းပါရောက်ဆိုက် (Benzyl peroxide)
ဒီဆေးကတော်တော် အသုံးများကြပါတယ်။ သူက သုံးမျိုးလုပ်ပေးပါတယ်။ ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကို သတ်ပေးတယ်၊ ယောင်ခြင်းကို ကျစေတယ်၊ အ၀ပိတ်နေတဲ့ အဆီအိတ်တွေကို ပွင့်စေတယ်။ ၀က်ခြံခေါင်းမည်း/ဖြူ တွေကိုလည်း ပျောက်စေတယ်။ အင်မတန်ကောင်းတဲ့ဆေးပေပဲ။ ပြင်းအားအနေနဲ့ ၂.၅%၊ ၄%၊ ၅%၊ ၁၀% စသည်ဖြင့်ထုတ်လုပ်ပါတယ်။ မြန်မာပြည်မှာဝယ်လို့ရပါတယ်။ Oxy 5, Oxy 10 စသည်ဖြင့်လာပါတယ်။ Oxy နောက်က 5, 10 ဆိုတာ ပြင်းအားကို ညွန်းပါတယ်။ နိုင်ငံခြားကဆေးဆိုင်တွေမှာလည်း ဆရာဝန်လက်မှတ်မပါပဲ ၀ယ်လို့ရပါတယ်။
- ဆေးမလိမ်းခင် မိနစ် ၂၀ - ၃၀ ကြိုပြီး မျက်နှာသစ်ထားပါ။
- ဆေးနဲ့ထိမိရင် ဆံပင်တို့၊ အ၀တ်အစားတို့ ဆေးရောင်ကျွတ်တတ်ပါတယ်။ သတိထားပါ။
- တချို့လူတွေမှာ ဆေးလိမ်းလိုက်ရင် အရေပြား စပ်ဖျင်းဖျင်းဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ ဆေးလိမ်းတာကို ရပ်ထားလိုက်ပါ။ နောင်ကျမှ ဆေးပြင်းအား အပျော့ဖြင့် ပြန်စမ်းကြည့်ပါ။ ဒါမှမဟုတ် မျက်နှာပေါ်မှာ ဆေးလိမ်းထားချိန်ကို လျော့လိုက်ပါ။
- အကောင်းဆုံးကတော့ အပျော့ဆုံး ၂.၅% နှင့်စပါ။ နောက်ပိုင်း ကိုယ်ခံနိုင်ရည်အပေါ်မူတည်ပြီး ဆေးပြင်းအားကို တိုးတိုးသွားပါ။
- Water based preparation ရေဓါတ်အခြေခံကို သုံးပါ။ (အရက်ပျံ အခြေခံ ထက်ပိုကောင်းပါတယ်)
- စလိမ်းကာစမှာတော့ တရက်ကို တကြိမ်ပဲလိမ်းပါ။ ဆေးလိမ်းထားပြီး နာရီတော်တော်ကြာရင် မျက်နှာသစ်ပြစ်လိုက်ပါ။
- နောက်ပိုင်းဆိုရင်တော့ မျက်နှာပေါ်မှာ ဆေးလိမ်းထားတဲ့ အချိန်ကို တိုးတိုးသွားပါ။
- တဖြည်းဖြည်း ကျင့်ရင်းနဲ့ နောက်ဆုံး တရက်ကို နှစ်ကြိမ်လိမ်းနိုင်သွားရင်တော့ အကောင်းဆုံးပါပဲ။
ရက်တီးနွိုက် (Retinoids - adapalene, tretinoin, and isotretinoin)
နောက်ပိုင်းမှ ခေတ်စားလာပေမယ့် တော်တော်စွမ်းတဲ့ဆေးပါပဲ။ သူကျတော့ နိုင်ငံခြားမှာဆိုရင် ဆရာဝန်လက်မှတ်နဲ့မှ ၀ယ်လို့ရပါတယ်။
- လိမ်းခါစ အခန့်မသင့်ရင် မျက်နှာကြီး နီရဲယောင်ကိုင်းပြီး အရေပြားတွေ အလွှားလိုက်ကွာထွက်တတ်ပါတယ်။ နောက်ပိုင်းတော့ အသားကျသွားမှာပါ။
- တချို့ကျတော့ လိမ်းခါစမှာ ၀က်ခြံဖုတွေပိုယောင်လာတယ်၊ ပိုဆိုးလာတတ်ပါတယ်။ ဒါလည်းနောက်ပိုင်း သက်သာသွားမှာပါ။
- ဆေးလိမ်းထားပြီးနေရောင်ထဲသွားရင် ပိုပြီနေလောင်တတ်ပါတယ်။ ဒါကြောင့် ညဖက်မှာပဲလိမ်းသင့်ပါတယ်။
- ဆေးလိမ်းသူများ အဖြစ်များတဲ့ အချက်တွေကတော့ အရေပြား ပူခြင်း၊ ယားခြင်း၊ ခြောက်သွေ့ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အစပိုင်းတော့ ထုံးစံအတိုင်း ဆေးပြင်းအား အပျော့စားနဲ့စသင့်ပါတယ်။
- ကိုယ်ဝန်ရှိသောသူများ၊ ကိုယ်ဝန်ဆောင်လတ္တံ့သောသူများ မသုံးသင့်ပါဘူး။ သန္ဓေသား ကိုယ်လက်အင်္ဂါချို့ယွင်းနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးများ ဆေးသုံးနေစဉ် သန္ဓေတားခြင်းပြုလုပ်သင့်ပါတယ်။
ပိုးသတ်ဆေးလိမ်းဆေးများ
ဝက်ခြံပျောက်ဆေးထဲမှာ ပိုးသတ်ဆေးလိမ်းဆေး အမျိုးမျိုး ဈေးကွက်ထဲမှာရှိပါတယ်။ ပိုးသတ်ဆေးဆိုတဲ့အတိုင်း အဆီအိတ်ထဲ ပိတ်မိနေတဲ့ ပိုးကိုသတ်ပေးတယ်၊ ယောင်တာကို ကျစေတယ်။ ဒါပေမယ့် ပိတ်နေတဲ့ဟာတွေတော့ ပွင့်အောင်မလုပ်ပေးပါဘူး။ အဲဒါကြောင့် ၀က်ခြံခေါင်းမည်း နဲ့ ဆားဝက်ခြံတွေမှာ အသုံးမ၀င်ပါဘူး။ ဒီဆေးတွေလည်း လိမ်းကာစမှာ တချို့လူတွေ မျက်နှာ စပ်ဖျင်းဖျင်းဖြစ်စေပါတယ်။ သူတို့လည်း ဆေးလက်မှတ်ပါမှ ၀ယ်လို့ရပါတယ်။ မြန်မာပြည်မှာတော့ ပိုးသတ်ဆေး Clindamycin ပါတဲ့ Dalacin-T ဆိုတာ နာမည်ကြီးပါတယ်။
အဇီးလရစ်အက်ဆစ် (Azelaic Acid)
သူလည်း အထက်ကပြောခဲ့တဲ့ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ လိုပါပဲ။ ဒါပေမယ့်နည်းနည်းပျော့ပါတယ်။ ဘင်ဇွိုင်းပါရောက်ဆိုက်တို့ ရက်တီးနွိုက်တို့ နဲ့ မတဲ့သူများမှာသုံးပါတယ်။
ဆေးပေါင်းများ
အပေါ်မှာပြောခဲ့တဲ့ဆေးတွေကို ရောစပ်လိုက်တာပါ။ ဘင်ဇွိုင်းပါရောက်ဆိုက် နဲ့ ပိုးသတ်ဆေး ရော၊ ရက်တီးနွိုက် နဲ့ ပိုးသတ်ဆေး အရော၊ စသည်ဖြင့်ပါ။ နှစ်မျိုးပေါင်းလိုက်တော့ တစ်မျိုးခြင်းစီထက် ပိုစွမ်းသွားတာပေါ့။
သောက်ဆေးများ
ဝက်ခြံအတွက် ပိုးသတ်ဆေးများကို သောက်လို့လည်း ရပါတယ်။ ပိုးသတ်ဆေးဖြစ်တဲ့အတွက် ပိုးများကိုသတ်ပေးပါတယ်၊ ၀က်ခြံဖုယောင်ရမ်းခြင်းကို လည်း ကျစေပါတယ်။ အဆီအိတ် အပေါက်ပိတ်ခြင်းကိုတော့ မထူးခြားစေပါဘူး။ အသုံးများတဲ့ ပိုးသတ်ဆေးတွေကတော့ တက်ထရာဆိုင်ကလင်း အုပ်စုပဲဖြစ်ပါတယ်။ oxytetracycline, tetracycline, doxycycline, lymecycline and minocycline စတာတွေဖြစ်ပါတယ်။ ဒီ တက်ထရာဆိုင်ကလင်းအုပ်စုဆေးတွေကို
- ၁၂ နှစ်အောက် ကလေးသူငယ်များ မသောက်သင့်ပါဘူး။
- ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်ရန်အစီအစဉ်ရှိသူများ မသောက်သင့်ပါ။
- အစာနဲ့ ဝေးဝေး အချိန်မှာ ရေနဲ့ သောက်ရပါမယ်။ နွားနို့၊ အစာ စတာတွေနဲ့ တွဲမသောက်ရပါ။ အာနိသင်ကျပါတယ်။
- သန္ဓေတားဆေးကဒ်၏ အာနိသင်ကို ကျစေပါတယ်။ တားဆေးကဒ် စားနေသော အမျိုးသမီးများအနေနဲ့ ဆေးစသောက်သော ပထမသုံးပါတ်အတွင်း ကွန်ဒုံးသုံးခြင်းဖြင့် အပိုကာဘာယူထားသင့်ပါတယ်။
တစ်ခြားသော ပိုးသတ်ဆေးများ Erythromycin, Trimethoprim စတဲ့ဆေးတွေကိုလည်း ၀က်ခြံအတွက်သုံးကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရလဒ်ခြင်း မတူကြပါဘူး။
ဟော်မုန်းကုထုံးများ
အီစရိုဂျင်ပါတဲ့ တားဆေးတွေကတော့ ဟော်မုန်းမညီညွတ်မှုကြောင့်ဖြစ်တဲ့ ၀က်ခြံများကို သက်သာစေပါတယ်။ အီစရိုဂျင်နဲ့ အင်တီ-အင်ဒရိုဂျင်ပါတဲ့ ဆေးတွေကိုလည်း သုံးကြပါတယ်။
အိုင်ဆို ထရီတီနိုအင် (Isotretinoin)
အိုင်ဆို ထရီတီနိုအင် ဆိုတာ ရက်တီးနွိုက် နဲ့ အုပ်စုတူပါတယ်။ ဒီဆေးကိုသောက်ရင် အဆီပြန်တာ တော်တော်သိသိသာသာ လျော့သွားပါတယ်။ ဒါပေမယ့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက တော်တော်များလို့ ကျွမ်းကျင်သူ ဆရာဝန်များ ညွှန်ကြားမှသာ သောက်သင့်ပါတယ်။
ဘယ်လောက်ကြာကြာကုရမှာလည်း
ဆေးကို လိမ်းလိမ်း သောက်သောက် ပုံမှန်အားဖြင့်တော့ ၄ ပါတ် ကနေ ၆ ပါတ် ကြာမှ ဆေးရဲ့ ထူးခြားမှုဟာ စသိသာလာမှာပါ။ တချို့တွေဆိုရင် ၄လ လောက်ကြာမှ စတင် သိသာလာပါတယ်။ လူတော်တော်များများ က တပါတ် နှစ်ပါတ် စမ်းကြည့်ရုံနဲ့ မသိသာဘူး၊ မသက်သာဘူးဆိုပြီး လက်လျော့လိုက်ကြတာများကြပါတယ်။ ဒါကြောင့်ပဲ ၀က်ခြံဟာ ပျောက်အောင်ကုလို့မရဘူး လို့ထင်နေကြတာပါ။ ဒီတော့ ဆေးနည်းတစ်ခုကို စသုံးမယ်ဆိုရင် အနည်းဆုံး ၆ ပါတ်လောက် သုံးကြည့်ပြီးမှ သက်သာ မသာ အကဲဖြတ်ပါ။ မသက်သာဘူးဆိုရင် စိတ်မပျက်ပါနဲ့။ တခြားတနည်းကို ပေါင်းထည့်ခြင်း၊ ဒါမှမဟုတ် ပိုစွမ်းတဲ့ နည်းကို အသုံးပြုခြင်းတို့ပြုလုပ်နိုင်ပါတယ်။
စိတ်ရှည်လက်ရှည်နဲ့ ကုရင်းနဲ့ ၀က်ခြံဟာ တဖြည်းဖြည်းပါးလာပြီး နောက်ဆုံးပျောက်သွားမှာပါ။ ၀က်ခြံဖုများလုံးဝပျောက်ကင်းသွားရင်တောင်မှ အရင်က ဖြစ်ခဲ့တဲ့ အမာရွတ်များ ကျန်နေနိုင်ပါတယ်။ ကုထုံးရပ်လိုက်ရင် ၀က်ခြံတွေ စုပြုံထွက်လာတတ်ပါတယ်။ ဒီတော့ နောက်ထပ် ၀က်ခြံထပ်မထွက်တော့အောင်တော့ ထိန်းထားရပါလိမ့်မယ်။ အသုံးအများဆုံးကတော့ ဘင်ဇွိုင်းပါရောက်ဆိုက် အပျော့စား ကို နေ့စဉ်လိမ်းပေးခြင်းပါပဲ။ ၄ - ၅ - ၆ နှစ်လောက်တော့ ဆက်သွားရပါမယ်။ သဘာဝအရ ၀က်ခြံများ ငြိမ်သွားတဲ့ အသက် ၂၀ ကျော်ကျော်အထိ ထိန်းနေရမှာပါ။ တစ်ချို့ အသက် ၃၀ ကျော်အထိ ၀က်ခြံများ ထွက်တဲ့သူတွေကတော့ နောင်နှစ်ပေါင်းတော်တော်ကြာတဲ့အထိ စွဲသုံးရပါလိမ့်မယ်။
Original Content: http://www.patient.co.uk/showdoc/23068674/
Monday, June 16, 2008
သွေးအားနည်းခြင်း
“ဆရာ.. ကျမ လုံးဝအမောမခံနိုင်ဘူးရှင့်၊ ဟိုနားဒီနားသွားလည်း မောတာပဲ၊ လှုပ်လှုပ်ရှားရှားလုပ်ရင် လည်းမောတာပဲ၊ ရင်ကလဲ အမြဲလှပ်လှပ် လှပ်လှပ်နဲ့”
“ခင်ဗျားမှာ သွေးအားနည်းရောဂါ ရှိတယ်ဗျ”
“ဟုတ်တယ်ဆရာရယ်.. ကျမ သွေးပေါင်ချိန်ဟာ ဘယ်တော့မှ ၁၀၀ မကျော်ပါဘူး”
ဒီပြဿနာဟာ မြန်မာပြည်က လူနာနဲ့ ဆရာဝန်တွေကြားမှာ ခဏခဏ တွေ့ရလေ့ရှိပါတယ်။ ဆရာဝန်ပြောချင်တာက လူနာမှာ အနီးမီးယား (Anaemia) လို့ခေါ်တဲ့ သွေးအားနည်းခြင်း၊ တနည်းဆိုရရင် သွေးအနီရောင်ဖျော့တော့ခြင်း ရှိနေတယ်လို့ဆိုလိုတာပါ။ ဒါကို လူနာက သွေးပေါင်ချိန်လျော့နည်းခြင်း (Hypotension) နဲ့မှားတာပါ။ ဒီလိုအခြေအနေမျိုးရောက်ပြီဆိုရင် တချို့သောဆရာဝန်များက လူနာကို အချိန်ကုန်ခံ လေအကုန်ခံပြီး မရှင်းပြတော့ပါဘူး။ ကိုယ့်ဝတ္တရားကိုယ်သိတဲ့ ဆရာဝန်တချို့သာ သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်း ယေဘူယျအားဖြင့် ရှင်းပြပါတယ်။ ဘာဆက်ဖြစ်သလဲကြည့်ရအောင်။ နှစ်လ၊ သုံးလလောက် အကြာမှာ ခုနကလူနာအမျိုးသမီး ဆရာဝန်ဆီ ပြန်ရောက်လာပါတယ်။
“ ဆရာ.. ကျမရဲ့ မောတာက မသက်သာလို့ပါ”
“ ကျနော်ညွှန်ပေးလိုက်တဲ့ သွေးအားဖြည့်ဆေး သောက်ရဲ့လား”
“ အဲဒီဆေး အနီအတောင့်ကြီးတွေပေါ့ ဆရာရယ်.. ကျမတစ်ခါ၊ နှစ်ခါလောက်သောက်လိုက်တာ ခေါင်းထဲကမူးသလိုလို ဖြစ်တယ်.. လမ်းထိပ်ဆေးဆိုင်ကတော့ အဲဒီသွေးအားတိုးဆေးတွေဟာ သောက်နေကျမဟုတ်ပဲ သောက်ရင် အခန့်မသင့်ရင် သွေးပေါင်ချိန်တွေ အရမ်းတက်တယ်ပြောတာပဲ။ ကျမလဲ သွေးတိုးရောဂါရမှာစိုးလို့ မသောက်ဖြစ်တော့ဘူး”
ဆရာဝန်က သွေးအားပြန်ပြည့်လာရန်၊ သွေးအနီရောင်ပြန်ရင့်လာရန် သွေးအားဖြည့်ဆေး/သွေးအားတိုးဆေး (Hematinic) ညွှန်ပေးလိုက်ပါတယ်။ သို့သော်ငြားလည်း အရပ်ပြောအရ သွေးအားဖြည့်ဆေးသောက်လျှင် သွေးပေါင်ချိန်တိုးမည်စိုးသဖြင့် မသောက်ပါချေ။ ဒီတော့လည်း ဆရာဝန်ခမျာ သွေးအားနည်းခြင်းနဲ့ သွေးပေါင်ကျခြင်းမတူကြောင်း၊ သွေးအားဖြည့်ဆေးသည် သွေးပေါင်မတက်စေနိုင်ကြောင်း စသည်ဓါတ်ပြားဟောင်းကြီးကိုပဲ ပြန်ဖွင့်ရပြန်သည်။ ဆရာဝန်တန်မဲ့ လျှာရှည်လှသော ထိုဆရာဝန်ထံသို့ လူနာသည် နောက်တစ်ကြိမ် ပြန်မလာတော့ချေ။
ဘာဆက်ဖြစ်ကြသနည်း။ လျှာရှည်သောအမှုကြောင့် လူနာမရတော့သော ထိုဆရာဝန်သည် အင်တာနက်ပေါ်တက်လာပြီး အောက်တွင်ဖေါ်ပြလတ္တံသော စာကိုရေးလေတော့သည်။
သွေးအားနည်းခြင်း (Anaemia) အကြောင်းသိကောင်းစရာ
သွေးအားနည်းခြင်း အမျိုးမျိုးရှိသည့် အနက် ယခုဖေါ်ပြမည့် အကြောင်းအရာများမှာ သွေးအားနည်းခြင်းများ အကြောင်း ယေဘူယျခြုံပြီး ရေးထားခြင်းဖြစ်ပါသည်။ သံဓါတ်ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း၊ ဗိုက်တာမင် ဘီ၁၂ ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း၊ ဖေါလစ်ဓါတ်ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း စသည့် သီးသန့် အကြောင်းအရာများကိုတော့ နောင်အလျှင်းသင့် သလို ရေးပြပါ့မယ်။
သွေးအကြောင်း တစေ့တစောင်း။
သွေးအရည်နီရဲရဲမှာ ဘာတွေပါသလဲဆိုတော့ -
၁။ သွေးနီဥ (Red Blood Cells) - ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ကို သယ်ဆောင်ပေးသူ
၂။ သွေးဖြူဥ (White Blood Cells) - ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်/တပ်မတော်
၃။ သွေးဥမွှာ(Platelets) - ထိခိုက်ရှနာများတွင် သွေးခဲ/သွေးတိတ်စေသူများ
၎။ အသားဓါတ်များ (Proteins) - အလုပ်တာဝန်များ အမျိုးမျိုးကွဲပြားကြသည်
သွေးနီဥများကို ရိုးတွင်းချင်ဆီထဲမှာ ပြုလုပ်ကြသည်။ နေ့စဉ် ပျက်စီးသွားသော သန်းပေါင်းများစွာသော သွေးနီဥများကို အစားထိုးရန် ရိုးတွင်းချင်ဆီမှ သွေးနီဥအသစ်များသည် သွေးကြောများအတွင်းသို့ စဉ်ဆက်မပြတ် ၀င်ရောက်နေပါသည်။ သွေးနီဥများတွင် ဟေမိုဂလိုဘင် (Haemoglobin) ဟုခေါ်သည် အနီရောင် ဓါတ်တမျိုးပါရှိသည်။ ထို ဟေမိုဂလိုဘင်သည် ခန္ဓာကိုယ် အတွက်မရှိမဖြစ်သော အောက်စီဂျင်ကို အဆုတ်မှတဆင့် တကိုယ်လုံးသို့ ပို့ဆောင်ပေးသည်။
နေ့စဉ် သန်းပေါင်းများစွာသော ဟေမိုဂလိုဘင်ပါသည့် သွေးနီဥအသစ်များကို တည်ဆောက်နိုင်ရန် သံဓါတ်၊ ဗိုက်တာမင်ဓါတ်နှင့် အခြားအာဟာရဓါတ်များကို စားသုံးလိုက်သော အစားအသောက်များမှ ရယူပါသည်။
သွေးအားနည်းခြင်း ဆိုတာဘာလဲ။
နှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်။
၁။ ပုံမှန်ထက် သွေးနီဥ အရေအတွက်နည်းနေခြင်း (ခန္ဓာကိုယ်ထဲ သွေးနီဥ စုစုပေါင်း နည်းမှတော့ သွေးနီဥထဲပါတဲ့ ဟေမိုဂလိုဘင် စုစုပေါင်းလည်း နည်းပြီပေါ့။)
၂။ သွေးနီဥအရေအတွက် ပုံမှန်ဖြစ်သော်လည်း သွေးနီဥထဲတွင်ပါဝင်သော ဟေမိုဂလိုဘင်(အနီရောင်)ဓါတ် ချို့တဲ့နေခြင်း
အထက်ပါနှစ်မျိုးမှာ ဘာကြောင့်ပဲ သွေးအားနည်းနည်း (ဟေမိုဂလိုဘင်နည်းသွားတဲ့အတွက်ကြောင့်) အောက်စီဂျင်သယ်ယူပို့ဆောင်ရေးကတော့ ကျသွားပါတယ်။
သွေးအားနည်းခြင်း၏ ရောဂါလက္ခဏာများ။
အဓိကလက္ခဏာတွေကတော့ သွေးအားနည်းရောဂါမှာ အောက်စီဂျင်လျော့နည်းစွာရခြင်းကြောင့် “လေငတ်” တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ မောတယ်၊ ပန်းတယ်၊ တရိပ်ရိပ်ဖြစ်တယ်၊ လှုပ်လှုပ်ရှားရှားလုပ်တာနဲ့မောတယ်၊ အမောမစေ့ဘူး စတာတွေပေါ့။
တခါတလေတော့လည်း ခေါင်းကိုက်တယ်၊ ရင်တုန်တယ်၊ ပါးစပ်ကအရသာတစ်မျိုးကြီးဖြစ်နေတာတို့၊ နားထဲ တ၀ီဝီဖြစ်နေတာတို့ စတာတွေလည်းဖြစ်တတ်ပါတယ်။
သေသေချာချာကြည့်ရင်တော့ အသားအရောင်၊ နှုတ်ခမ်း၊ လက်ဖ၀ါး ခြေဖ၀ါး ဖျော့တော့တော့ ဖြစ်နေမယ်ပေါ့။ (မီးနေသည်နှုတ်ခမ်းကို မြင်ဘူးပါသလား။)
သွေးအားနည်းခြင်းဖြစ်ရတဲ့ အခြေခံရောဂါတွေကြောင့်လည်း အခြားရောဂါလက္ခဏာများ တွေ့ရနိုင်ပါတယ်။
သွေးအားနည်းရောဂါဖြစ်စေတဲ့ အကြောင်းများ
က။ သံဓါတ်ချို့တဲ့ခြင်း
သွေးအားနည်းခြင်းဖြစ်ရတဲ့ အကြောင်းတွေထဲမှာ အဖြစ်အများဆုံးပါပဲ။ သာမန်အားဖြင့်တော့ နေ့စဉ် အစားအသောက်ကို ပုံမှန်စားမယ်ဆိုရင် လိုအပ်တဲ့ သံဓါတ်ကို အစားအသောက်ထဲကရနေလို့ သံဓါတ်ချို့တဲ့ခြင်းဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့် အောက်ပါအခြေအနေတွေမှာတော့ သံဓါတ်ချို့တဲ့သွားနိုင်ပါတယ်။
၁။ ကိုယ်ဝန်ဆောင်များနဲ့ ဖွံ့ဖြိုးကြီးထွားဆဲကလေးသူငယ်များ
- ဒီလိုအချိန်တွေမှာ ပုံမှန်အစားအသောက်ကရတဲ့ သံဓါတ်ဟာ မလုံလောက်ဖြစ်တတ်ပါတယ်။
၂။ ရာသီသွေးပေါ်များခြင်း
- တစ်လတစ်ကြိမ် ရာသီသွေးကြောင့်ဆုံးရှုံးသွားတဲ့ သွေးနီဥများနေရာကို သွေးနီဥအသစ်များ လုံလောက်စွာ အစားမထိုးနိုင်ခြင်း
၃။ သံဓါတ်စုပ်ယူမှုမကောင်းခြင်း
- အစားအသောက်ထဲတွင် သံဓါတ်လုံလောက်စွာပါသော်လည်း အစာအိမ်နဲ့ အူလမ်းကြောင်းမှ စုပ်ယူမှုမကောင်းသဖြင့် သံဓါတ်ချို့တဲ့နိုင်ပါတယ်။
၎။ အစာအိမ်/အူလမ်းကြောင်းသွေးစိမ့်ခြင်း
- ခန္ဓာကိုယ်အခြားနေရာမှာသွေးစိမ့်နေရင် သိသာပေမယ့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာသွေးစိမ့်နေရင် တတိတိနဲ့ မသိမသာ အချိန်ကြာလာတဲ့အခါ သွေးတော်တော်ဆုံးရှုံးသွားနိုင်ပါတယ်။
၅။ အာဟာရဓါတ်မျှတသော အစာမစားခြင်း
- အစားအသောက်တွင် သံဓါတ်လုံလောက်စွာမပါခြင်း။
၆။ သန်ကောင်၊ တုတ်ကောင်များရှိခြင်း။
ခ။ တစ်ခြားသော အကြောင်းများ
၁။ ဗိုက်တာမင်ဓါတ်ချို့တဲ့ခြင်း
- ဘီ၁၂ B12၊ ဖေါလစ် Folic acid စသည်
၂။ သွေးနီဥ ပြဿနာများ
- သွေးနီဥ ပုံသဏ္ထန် Abnormal RBC, Fragile RBC ပုံမှန်မဟုတ်လျှင် သွေးနီဥများပျက်စီးလွယ်သည့် အတွက်ကြောင့် ဖြစ်ရပါသည်။ ဥပမာ - ငှက်ဖျားပိုးဝင်နေသော သွေးနီဥ Malaria၊ သာလစမီးယား Thalassaemia ၊ တံစဉ်ကွေးသွေးနီဥ Sickle Cell Anaemia၊ စက်လုံးပုံသွေးနီဥ
၃။ ရိုးတွင်းချင်ဆီပြဿနာများ
- သွေးကင်ဆာ Leukaemia ကြောင့်ဖြစ်ရခြင်း (ရှားပါးသော်လည်း ဖြစ်နိုင်ပါတယ်)
၎။ အခြားနာတာရှည်ရောဂါများ
- သွေးလေးဖက်နာ Rheumatoid Arthritis ၊ ကျောက်ကပ်မကောင်းခြင်း Kidney failure၊ စသည် နာတာရှည်ရောဂါများကြောင့်လည်း သွေးအားနည်းခြင်းဖြစ်စေပါသည်။
မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရတာကတော့ အစားအသောက်ရှောင်ခြင်း၊ ကိုယ်ဝန်ဆောင်၊ ငှက်ဖျားရောဂါ နဲ့ သန်ကောင် တုတ်ကောင် တွေကြောင့်ပါပဲ။
တရားခံကိုရှာခြင်း နဲ့ ကုသခြင်း
သွေးအားနည်းကြောင်းကို စမ်းသပ်ရတာလွယ်ပါတယ်။ သွေး အနည်းငယ်ယူလိုက်ပြီး သွေးနီဥအရေအတွက်ပုံမှန်ရှိမရှိစစ်ဆေးခြင်း နဲ့ ဟေမိုဂလိုဘင်ဓါတ်ပြည့်မပြည့် စစ်လိုက်ရင် ပြောလို့ရပါပြီ။ သို့သော်လည်း ဒီလိုသွေးစစ်ကြည့်ရုံလောက်နဲ့တော့ ဘာကြောင့်သွေးအားနည်းရလည်းဆိုတဲ့ အဓိကလက်သည်ကို မသိနိုင်ပါဘူး။
တခါတလေတော့လည်း သွေးအားနည်းရခြင်းရဲ့ အကြောင်းဟာ ကွင်းကွင်းကြီးပေါ်နေတတ်ပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်၊ ဒါမှမဟုတ် ရာသီသွေးပေါ်များခြင်း စတာတွေပေါ့။ ဒီလိုဆိုရင်တော့ သွေးအားနည်းရခြင်း အကြောင်းအရင်းကို တခြားထူးထူးထွေထွေရှာမနေတော့ပဲ သံဓါတ်ပါဝင်သော သွေးအားဖြည့်ဆေး ကလေးတွေ ပေးကြည့်ပါတယ်။ အကယ်လို့ သွေးအားနည်းရခြင်း အကြောင်းကို တိတိပပမသိဘူးဆိုရင်တော့ သေသေချာချာ စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။ တချို့သော သွေးအားနည်းရခြင်းတွေရဲ့ အခြေခံအကြောင်းဟာ မထင်မှတ်ပဲ ဆိုးဝါးနေနိုင်ပါတယ်။ ဥပမာ သွေးကင်ဆာလိုဟာမျိုးပေါ့။
သွေးအားနည်းခြင်းကို ကုသခြင်းတွေမှာလည်း လူနာပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ များသောအားဖြင့်ကတော့ သံဓါတ်ပါသော သွေးအားဖြည့်ဆေး (သွေးအားတိုးဆေး ဆိုတဲ့ အခေါ်အဝေါ်ကို မသုံးပါနှင့်) များဖြင့်ကုခြင်းဖြစ်ပါတယ်။ တစ်ခု သတိထားရမှာက သွေးအားဖြည့်ဆေး သောက်ရင် စသောက်ပြီး ရက်ပေါင်း ၃၀ လောက် အကြာမှာမှ စတင်သိသာလာမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ပုံမှန် သွေးနီဥ ပြုလုပ်ချိန်ဟာ အနည်းဆုံး ရက် ၃၀ ကြာလို့ပါပဲ။ သွေးအားအရမ်းနည်းနေတဲ့သူ ဆိုရင်တော့ သွေးသွင်းကုသခြင်းမျိုးနဲ့ စရပါတယ်။
သံဓါတ်ချို့တဲ့ခြင်းကြောင့်မဟုတ်တဲ့လူတွေဆိုရင်တော့ သက်ဆိုင်ရာ ဗိုက်တာမင်ဆေးများပေးခြင်း ဖြစ်ပါတယ်။ ရံဖန်ရံခါလည်း အခြားရှုပ်ထွေးသော ကုထုံးများဖြင့်လည်း လိုအပ်ရင် ကုကြပါတယ်။
Ref: http://www.patient.co.uk/showdoc/23068888/
Friday, June 13, 2008
အဆစ်အမြစ် ယောင်ခြင်း နာခြင်း
အင်္ဂလိပ်လို Arthritis ဆိုတဲ့စကားဟာ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း နဲ့ ယောင်ကိုင်းလာခြင်း စတာတွေ အားလုံးကို ယေဘူယျခြုံပြောလိုက်တာပါ။ တဆစ်ပဲနာနာ နှစ်ဆစ်ပဲနာနာ အဆစ်နာရောဂါပါပဲ။ ဆရာဝန်များ ယခုအချိန်ထိ ရှာဖွေတွေ့ရှိထားသလောက်ဆိုရင်တော့ အဆစ်နာရောဂါပေါင်းဟာ ၁၀၀ ကျော်ကျော်ရှိပါသတဲ့။ အဆစ်နာရောဂါဟာ ဘယ်လောက်အဖြစ်များသလဲဆိုရင် ကမ္ဘာပေါ်က လူ ၅ ယောက်မှာ ၁ ယောက် နှုန်းဖြစ်နေပါတယ်။ အဆစ်နာအမျိုးပေါင်း ၁၀၀ ကျော်ထဲက အဓိက ဖြစ်လေ့ရှိတာကတော့ Osteoarthritis လို့ခေါ်တဲ့ ပွန်းစားအဆစ်နာဖြစ်ပြီး နောက်တစ်ခုကတော့ မြန်မာပြည်မှာ သိပ်တွေ့ရလေ့မရှိသော်လည်း အနောက်တိုင်းအဖြစ်များတဲ့ Rheumatiod arthritis ခေါ် သွေးလေးဖက်နာပဲဖြစ်ပါတယ်။
ဝမ်းနည်းစရာကောင်းတာကတော့ အဆစ်နာရောဂါကို လုံးဝပျောက်ကင်းအောင်ကုလို့ရတဲ့ ဆေးမရှိသေးပါဘူး။ ဆေးဝါးလေးနဲ့ နဲနဲထိန်း၊ တဖက်ကလည်း လေ့ကျင့်ခန်းလေး ဘာလေးလုပ် စသည်ဖြင့်တော့ အဆစ်နာခြင်းကို သက်သာအောင် ကြံဖန်လုပ်နေကြရတာပါပဲ။ အဲဒီအထဲမှာမှ ကျန်းမာရေးအသိရှိခြင်း နဲ့ ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်းတို့ကလည်း အင်မတန်အရေးကြီးပါတယ်။
အဆစ်နာခြင်းရဲ့လက္ခဏာများ
အဆစ်နာခြင်းဟာ ကျားမ မရွေး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ သို့သော် တချို့သော အဆစ်နာရောဂါတွေကတော့ ဒုတိယအရွယ်နဲ့ တတိယအရွယ်တွေမှာ ပိုအဖြစ်များကြပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ -
- အချိန်ပြည့် အဆစ်ထဲမှ ကိုက်ခဲနေခြင်း နှင့် လှုပ်ရှားမှုပြုသည့် အခါ ပိုဆိုးဝါးစွာနာခြင်း
- အဆစ်နှင့် အနီးတ၀ိုက်တွင် ယောင်ခြင်း၊ တောင့်ခြင်း၊ နီခြင်း၊ ပူခြင်း
- အဆစ်ကို ပုံမှန်အတိုင်း ကွေး ဆန့် မရတော့ခြင်း
- အဆစ် ၏ ပုံသဏ္ထာန် ပျက်ယွင်းသွားခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အဖျားတက်ခြင်း
- အကွေးအဆန့်ပြုလုပ်ရာတွင် အဆစ်အတွင်းမှ ပုံမှန်မဟုတ်သော အသံများထွက်ခြင်း စသည်တို့ပဲဖြစ်ကြပါတယ်။ ဒီရောဂါလက္ခဏာတွေကို တချို့က လေးဖက်နာလက္ခဏာတွေလို့ သတ်မှတ်ပြီး ရောဂါကိုလည်း လေးဖက်နာရောဂါလို့ နာမည်တပ်ကြပါတယ်။ တကယ်ကတော့ လေးဖက်နာရောဂါဆိုတာ အဆစ်နာရောဂါတွေထဲက အချို့ပါပဲ။
အဆစ်ဆိုတာဘာလဲ
အရိုးနှစ်ခုဆက်တဲ့နေရာဟာ အဆစ် ပေါ့လို့ လွယ်လွယ်ပြောရင်ရပါတယ်။ အဆစ်တစ်ခု လှုပ်ရှားနိုင်ဖို့ ဘာတွေပါရသလဲ ဆိုတာတော့ သိထားရင် ပိုကောင်းပါတယ်။
- Muscles ကြွက်သားများ - အဆစ်ဖြစ်ပေါ်စေသည့် အရိုးများနှင့် ဆက်နွယ်နေသည့် ကြွက်သားများသည် လှုပ်ရှားမှု အတွက် အရေးကြီးပါသည်။
- Tendons အရွတ်များ - ကြွက်သားများ နှင့် အရိုးများကို ဆက် ထားသော အရာကို အရွတ် ဟုခေါ်သည်။
- Ligaments အကြောများ - သည် အရိုးတစ်ခုနှင့် တစ်ခု အလွယ်တကူ ပြုတ်မထွက်သွားရန် တွဲဆက်ထားပေးသည်။
- Cartilage အရိုးနု - များသည် အရိုး တစ်ခုနှင့်တစ်ခု တိုက်ရိုက်ထိတွေရာတွင် ပွန်းစားမှုသက်သာစေသည်။
- Synovial membrane - အဆစ်အတွက် သဘာဝချောဆီ ကိုထုတ်ပေးသည်။
- Bursa - ကြွက်သားအချင်းချင်း အကြား၊ ကြွက်သားနဲ့ အရိုးကြား အကြားလှုပ်ရှားမှုကောင်းစေသည်။
အဆစ်နာရခြင်း အကြောင်း
အပေါ်မှာပြောခဲတဲ့ အဆစ်တစ်ခုမှာပါတဲ့ ပစ္စည်းတွေ တစ်ခုခုဖြစ်ရင် အဆစ်နာတော့တာပါပဲ။ သွေးလေးဖက်နာရောဂါ Rheuamtiod arthritis မှာဆိုရင် အဆစ်အမြှေးပါးယောင်လို့ဖြစ်တာပါ။ Ankylosing spondylosis ဆိုရင်တော့ ခြေဖနောင့်နဲ့ ခါးဆစ်တွေမှာရှိတဲ့ အရိုးနဲ့ ဆက်နေတဲ့ အရွတ်တွေ ယောင်လို့ဖြစ်တာပါ။ အဆစ်အတွင်း ပုံဆောင်ခဲ အနယ်ကျခြင်းကြောင့်ဖြစ်တဲ့ရောဂါကိုတော့ ဂေါက်ရောဂါလို့ အသိများကြပါတယ်။ အဆစ်တစ်ခုခုထဲကို အခန့်မသင့်ပဲ ရောဂါပိုးဝင်သွားခြင်းကြောင့်လည်း အဆစ်နာနိုင်ပါတယ်။ အရိုးနှစ်ခု တိုက်ရိုက်မထိတွေ့ရအောင် ကြားခံထားပေးတဲ့ အရိုးနုတွေ ကာလကြာမြင့်သည်နှင့်အမျှ ပွန်းစားသွားသောကြောင့် ဖြစ်ရတဲ့ ပွန်းစားအဆစ်နာရောဂါကတော့ အဖြစ်အများဆုံးပါပဲ။ ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း၊ အခြားသော အကြောင်းများကြောင့် သော်လည်းကောင်း အဆစ်နာခြင်းများဖြစ်တတ်ပါသေးတယ်။
အဆစ်နာကုထုံးများ
တစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်းမတူသလို ကုထုံးများလည်း ကွဲပြားကြပါတယ်။ တစ်ယောက်ထဲတောင် တစ်ရက်နဲ့ တစ်ရက် ရောဂါလက္ခဏာ အပြင်းအပျော့ခြင်း တူချင်မှတူမှာပါ။ ကုထုံးတွေလည်း အမျိုးမျိုး အဖုံဖုံ ရှိပါတယ်။
- လေ့ကျင့်ခန်းကုထုံး - အလေးမခြင်း၊ ရေပူနှင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ ထိုက်ချိ
- အပ်စိုက်ကုခြင်း
- အထောက်အကူပစ္စည်းများ သုံးပြီးကုခြင်း
- တရားထိုင်ခြင်း
- ဆေးဝါးများ အကူအညီယူခြင်း - အကိုက်အခဲပျောက်ဆေး၊ လေးဖက်နာဆေး စသည်တို့ဖြစ်ပါတယ်။
(ဆေးဝါး အမည်များကိုတော့ မဖေါ်ပြတော့ပါ။)
အဆစ်နာအတွက်ဆေးဝါးများသောက်မည်ဆိုပါက နီးစပ်ရာဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာ သောက်ရန်ဖြစ်ပါတယ်။
နိဂုံးချုပ်
အဆစ်နာအကြောင်း အရှည်ကြီးပြောခဲ့ပြီးပြီ။ မမေ့ရမယ့် အချက်ကလေး ၃ချက်ပဲရှိပါတယ်။
- အဆစ်နာ ဆိုတာ အဆစ်နာတဲ့ ရောဂါအကုန်လုံးကို ယေဘူယျခြုံခေါ်ထားတာပါ။ (လေးဖက်နာဆိုတာက အဆစ်နာရောဂါရဲ့ အစိတ်အပိုင်းလေး တစ်ခုပါ။ ကျနော်တို့မြန်မာ အများစုက အရိုးအဆစ်နာပြီဆိုရင် လေးဖက်နာလို့ လွယ်လွယ်ခေါ်ချင်ကြပါတယ်။ လေးဖက်နာကို ဆရာဦးချစ်စိုးက ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ စသည်ဖြင့် ခွဲပြဘူးပါတယ်။)
- အဆစ်နာအမျိုးပေါင်း ၁၀၀ကျော်ရှိပါတယ်။
- အဆစ်နာအများစုမှာ နာကျင်ကိုက်ခဲတဲ့ အဆစ်ကို ငြိမ်ငြိမ်လေးထားမယ့် အစား လှုပ်လှုပ်ရှားရှားလုပ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ နောင်တစ်ချိန် အဆစ်တောင့်ခဲသွားခြင်းနဲ့ ကြွက်သားသိမ်သွားခြင်းတို့ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Thursday, June 12, 2008
စိတ်ကျခြင်း
စိတ်ကျခြင်း (Depression)
(www.crystalrays.net မှ ကိုMonster ရဲ့ပိုစ့်ကို ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။)
လူအများစုဟာ ဘ၀တစ်သက်တာမှာ တစ်ခါတစ်ရံစိတ်ဓာတ်ကျဆင်းတာနဲ့ ကြုံရတတ်ပါတယ်။ အဲဒီစိတ်ဓာတ်ကျဆင်းတာဟာ တာရှည်သွားရင် ဒါမှမဟုတ် အလွန်ဆိုးရွားသွားရင် ရောဂါရသွားတတ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းက ဥပမာ မိသားစုဝင်တွေ ဒါမှမဟုတ် ရင်းနှီးတဲ့မိတ်ဆွေတွေ သေဆုံးသွားတာ၊ အလုပ်မှာ အဆုံးအရှုံးများတာတွေ ရှိတတ်ပေမယ့် တစ်ခါတစ်ရံမှာ သိသာတဲ့အကြောင်းရင်း မရှိတတ်ဘဲ စိတ်ကျတဲ့လက္ခဏာ ပြတတ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လူသားအားလုံးရဲ့ ၂%ဟာစိတ်ကျရောဂါခံစားရပြီး ဆေးဝါးကုသခံနေရပါတယ်။ အသက် ၂၀ နဲ့ ၄၅ နှစ်အရွယ်အတွင်း အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။
ရောဂါလက္ခဏာ
- ပုံမှန်လုပ်နေကျလုပ်ငန်းတွေကို စိတ်ဝင်စားမှုနည်းခြင်း
- အရည်အချင်းမရှိသလို ခံစားရခြင်း
- အလုပ်တွင် လုပ်ဆောင်ချက် မကောင်းခြင်း
- အကြောင်းမရှိဘဲ မကြာခဏ ငိုခြင်း
- အစာစားချင်စိတ် မရှိခြင်း၊ စိတ်ဝင်စားမှုမရှိခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊
- အိပ်ရေးပျက်ခြင်း၊ နံနက်စောစော အိပ်ရာမှ နိုးနေခြင်း၊ ပြန်အိပ်လို့ မရခြင်း
- စိတ်နေစိတ်ထား ပြောင်းလဲလာခြင်း
- သိပ်ဆိုးရွားလာပါက မိမိကိုယ်ကို သတ်သေခြင်း
ရောဂါကြာချိန်
ရက်အနည်းငယ်မှ လပေါင်းများစွာထိ တာရှည်တတ်ပါတယ်။ ဖြစ်စမှ ရောဂါဆိုးလာတယ်လို့ ထင်ရပေမယ့် လူနာအများစုဟာ ကုသမှုမခံယူဘဲနဲ့တောင် ရောဂါသက်သာသွားတတ်ပါတယ်။
ဘာကြောင့်ဖြစ်သလဲ
- ဘ၀မှာ ကြီးမားတဲ့ပြောင်းလဲမှုတွေကြောင့် ဥပမာ လင်မယားကွဲတာ၊ အလုပ်ပြုတ်သွားတာ၊ မိသားစုဝင်တွေ သေဆုံးသွားတာ။
- တချို့ရောဂါများ ဥပမာ လေဖြတ်တာ၊ ဗိုင်းရပ်စ်ပိုးဝင်တာ၊ ဂျွတ်ပွေး (Psoriasis)၊ ရေယုန်။
- ဟော်မုန်း မညီမျှမှု၊ ဥပမာ ဓမ္မတာ မပေါ်ခင်၊ ကလေးမွေးပြီး၊ မီးယပ်သွေးဆုံးချိန်။
- တချို့ဆေး (ဥပမာ အိပ်ဆေး၊ သန္ဓေတားသောက်ဆေး။)
- ဦးနှောက်အတွင်း ဓာတုပစ္စည်း (Biochemical) မညီမျှမှု။
- အားနည်းခြင်း၊ မတည်ငြိမ်ခြင်း (မိဘနဲ့သားသမီး ဆက်ဆံရေး မပြေပြစ်ခြင်း)
အိမ်မှာ ဘယ်လိုကုမလဲ
- ဝေဒနာခံစားရသူတွေ ပုံမှန်အနေအထားပြန်ရောက်အောင် အားပေးခြင်း။
- စိတ်ဓာတ်ကျနေသူကို ချစ်ခင်နေကြောင်းနဲ့ သူ့ကို လိုအပ်ကြောင်း ပြောပြပါ။
- အလုပ်မှ ခေတ္တနားပြီး ခရီးထွက်ခိုင်းပါ။
- ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ အေရိုးဗစ်လေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်မှ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးပါတယ်။
- အရက်မသောက်ပါနဲ့။
- စိတ်ဖြေလျှော့တာတွေ လုပ်ပေးပါ။ ဟာသရုပ်ရှင်ကြည့်တာ၊ ရယ်မောစရာ စာအုပ်ဖတ်တာတွေ လုပ်ပါ။
- သင်နဲ့ နီးနီးကပ်ကပ်နေသူတွေမှာ စိတ်ဓာတ်ကျနေတယ်လို့ သံသယရှိခဲ့ရင် သူရဲ့ပြဿနာတွေ နားထောင်ပေးပြီး သူ့ကို အကြံဉာဏ်ပေးပါ။
ဆရာဝန်ကို ဘယ်အချိန်ပြမလဲ
- ရောဂါဖြစ်တာ နှစ်ပတ်ကျော်နေပြီး သက်သာမှုမရှိခဲ့ရင်
- ဝေဒနာခံစားရသူရဲ့ ကျန်းမာရေး ချို့ယွင်းလာရင်
- ဝေဒနာခံစားရသူကို နှစ်သိမ့်မှု မပေးနိုင်ရင်
- မိမိကိုယ်မိမိ သတ်သေနိုင်တယ်လို့ ထင်မြင်ခဲ့ရင်
ဆရာဝန် ဘာလုပ်ပေးမလဲ
- လူနာရဲ့ရာဇ၀င်ကို သေသေချာချာ မေးမြန်းပြီး ပြဿနာကို ဖြေရှင်းပေးပါမယ်။
- စိတ်ဓာတ်ကျပျောက်ဆေး (Anti-depressants) တွေ ပေးမယ်။
- ဝေဒနာသိပ်ဆိုးတယ်လို့ထင်ရင် စိတ်ရောဂါကုဆရာဝန်ထံ လွှဲပေးမယ်။
Thursday, June 5, 2008
ဟောက်ခြင်းအကြောင်း
ဟောက်ခြင်း။
ဟောက်ခြင်းသည် အိပ်နေစဉ် ပါးစပ်နှင့် နှာခေါင်းတို့မှ ထွက်ပေါ်လာသော အသံဖြစ်ပါသည်တဲ့။ ဘာကြောင့်ဖြစ်ရသလဲဆိုတာကတော့ အိပ်နေတုန်း အသက်ရှူတဲ့ အခါ ရှူသွင်း ရှူထုတ်သော လေလမ်းကြောင်း ရှင်းရှင်းလင်းလင်း မရှိလို့ပါပဲ။ ရှင်းရှင်းလင်းလင်းမရှိတဲ့ လမ်းကြောင်းမှာသွားရတဲ့လေဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း စတာတွေရဲ့ နံရံတွေကို တိုက်ခတ်တုန်လှုပ်စေခြင်းဖြင့် ဟောက်တဲ့ အသံတွေထွက်လာရတာပါ။ လေလမ်းကြောင်းပိတ်ဆို့ခြင်းဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း တလျှောက် အသားပို အဆီပိုတွေများနေခြင်း နဲ့ သက်ဆိုင်သလို၊ လူရဲ့ အိပ်တဲ့ပုံစံအနေအထား၊ အခြားရောဂါရှိမရှိနဲ့လည်း ဆိုင်ပါတယ်။
အများသိကြတဲ့အတိုင်း ဟောက်တဲ့သူအတွက် ဟောက်ခြင်းဟာ တော်ရုံ ဒုက္ခပေးလေ့မရှိပါဘူး။ သူဟောက်တတ်တယ်ဆိုတာတောင် သူ့ကိုယ်သူ သိချင်မှသိမှာပါ။ အဲ.. ဒုက္ခရောက်တာကတော့ သူ့ရဲ့ အိမ်ထောင်ဖက်၊ မိသားစု၊ အိမ်နီးနားချင်းစတာတွေပေါ့ဗျာ။ ကိုယ်ကလည်း အိပ်မပျော်တဲ့ညမှာ ဟောက်တတ်တဲ့သူက ဘေးမှာဆိုရင်တော့ .. ခံစားရပြီပေါ့။
ဟောက်ခြင်းထက် တဆင့်ပိုလာရင်တော့ အိပ်နေစဉ်လေငတ်ခြင်း Sleep Apnoea ဖြစ်တတ်ပါတယ်။ ဒါကတော့ တော်တော်ဆိုးပါတယ်။ ကျဉ်းကျဉ်းကျပ်ကျပ် အသက်ရှူလေလမ်းကြောင်း နဲ့ အားပါးတရဟောက်ပြီး အသက်ရှူနေရတဲ့ အချိန်မှာ အခန့်မသင့်ရင် လေလမ်းကြောင်းလုံးဝ ပိတ်သွားတတ်ပါတယ်။ ဒီလိုအချိန်မှာဆိုရင် ဟောက်တဲ့သူဟာ အသက်ရှူ စက္ကန့်ပိုင်းလောက် ရပ်ရပ်သွားပါတယ်။ တခါတလေ အသက်ရှူရပ်ပြီးလန့်နိုးပါတယ်။ ခဏခဏ လန့်လန့်နိုးလို့ နောက်ဆို အဲသလို နိုးတာကိုတောင် သတိမထားမိနိုင်တော့ပါဘူး။ သူ့ဖာသာမသိပဲ တစ်ညလုံး ဟောက်လိုက်၊ အသက်ရှူရပ်လိုက်၊ လန့်နိုးလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် ဟောက်တဲ့လူ တချို့ ဆို ဘယ်တော့မဆို အိပ်ရေးမ၀ ဖြစ်နေပြီး နေ့ခင်းဖက်လည်း တချက်တချက် ငိုက်ငိုက်သွားတတ်ပါတယ်။
ဘယ်သူတွေဟောက်ကြလဲ။
သာမန်လူတွေရဲ့ ၅၀% လောက် ဟောက်တတ်ကြပါတယ်။ ၂၅% ကတော့ ပုံမှန် ဟောက်သူများဖြစ်ကြပါတယ်တဲ့။ ကဲ.. ဟောက်တဲ့သူများ အားမငယ်ကြပါနဲ့။
ဟောက်ခြင်းရဲ့အနုပညာ။
တစ်ယောက်နဲ့တစ်ယောက် ဟောက်တာခြင်းမတူကြပါဘူး။ ကျနော်ကတော့ Soundbox ဆိုက်ကွာလို့ထင်ပါတယ်။ အသံ အတိုးအကျယ်အပြင်၊ အနုအကြမ်းလည်း ကွာပါတယ်။ အတက် အဆင်းလဲရှိပါတယ်။ ဂီတလိုပြောရရင် Crescendo, Descendo ဖြစ်ပါတယ်။Timing လည်းကွာပါတယ်။ ဟောက်တဲ့ အသံကိုသေသေချာချာ လိုက်နားထောင်ရင်Human Beatbox (Classical) ဖြစ်ပါတယ်။
ဟောက်ရာကနေ အပေါ်မှာပြောခဲ့သလို အသက်ရှူရပ်ရပ်သွားတဲ့ Obstructive Sleep Apnoea (OSA) အဆင့်ကိုရောက်နေပြီဆိုရင်တော့ အရေးကြီးလာပါပြီ။ ဆရာဝန်နဲ့ပြသင့်ပါပြီ။
ဘာကြောင့်ဟောက်တာလဲ။
လူတစ်ယောက် အိပ်ပျော်သွားတဲ့ အချိန်မှာ ပုံမှန်တင်းနေတဲ့ ကြွက်သားတွေဟာ ယေဘူယျအားဖြင့် လျော့သွားပါတယ်။ အာခေါင်၊ လည်ပင်း၊ နှာခေါင်း စသည် အသက်ရှူလမ်းကြောင်းတစ်လျှောက် ကြွက်သားတွေ လျော့ရဲသွားခြင်းကြောင့် လေရှူသွင်း ရှူထုတ်တဲ့ အခါ ကြွက်သားနံရံတွေကို တုန်ခါမှုတွေဖြစ်စေပါတယ်။ ရူပဗေဒမှာ ပြောသလိုပါပဲ တုန်ခါမှု = အသံ။
ဝသောသူများမှာ အသက်ရှူလမ်းကြောင်း တလျှောက်အသားပိုအဆီပိုများ စုလာခြင်းကြောင့် လေလမ်းကြောင်းပိုကျဉ်းပါတယ်။ ဒါကြောင့်ပုံမှန်သူများထက် ပိုဟောက်နိုင်ပါတယ်။
အသက်ကြီးသူများကတော့ ကြွက်သားများပိုမို လျော့ရဲတဲ့ အတွက် ပိုဟောက်ကြပါတယ်။
အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းကြောင့်လည်း အိပ်ပျော်နေစဉ် ကြွက်သားများပိုမိုလျော့ရဲပါတယ်။
ပက်လက်အိပ်သူများကျတော့ လျှာက အနောက်ကို ပျော့ကျပြီး အသက်ရှူလမ်းကြောင်းကို သွားဖိထားသလိုဖြစ်လို့ အသက်ရှူလမ်းကြောင်း ကျဉ်းပြီးဟောက်ပါတယ်။
အအေးမိ၊ နှာစေး၊ နှာခေါင်းပိတ်နေသူများလည်း အသက်ရှူရခက်ခဲလို့ ဟောက်ပါတယ်။
ပုံမှန် ဆေးလိပ်သောက်ရင် အသက်ရှူလမ်းကြောင်းနံရံများ ယောင်နေတတ်ပါတယ်။ ဒီအခါမှာ လေလမ်းကြောင်းကျဉ်းသွားစေပြီး ဟောက်နိုင်ပါတယ်။
ရုပ်ခန္ဓာချို့ယွင်းချက်အရ အသက်ရှူလမ်းကြောင်းပုံမှန်မဟုတ်သူများ၊ အာသီးယောင်သူများ၊ အာသီးကြီးသူများ၊ အာခေါင်စောက် တိမ်သူများ လည်းဟောက်ကြပါတယ်။
ဘယ်လိုကုကြမလဲ။
ဟောက်ခြင်းအတွက် ဥုံဖွ ကုထုံးမရှိပါဘူး။ လူတွေကတော့ အမျိုးမျိုး စမ်းလုပ်ကြည့်နေကြတာပါပဲ။ အဒိကလုပ်ရမှာတွေကတော့ -
၁။ ၀နေရင် ၀ိတ်ချပါ။ ပုံမှန်ဆိုရင်တော့ ထိန်းထားပါ။
၂။ ကာယလေ့ကျင့်ခန်းများပုံမှန်လုပ်ပြီး တစ်ကိုယ်လုံးက ကြွက်သားများ တောင့်တင်းနေရန် လုပ်ပါ။
၃။ ပက်လက်အိပ်မယ့်အစား ဘေးစောင်းအိပ်ပါ။
၎။ အိပ်ခါနီး အရက်သောက်ခြင်းကိုရှေုာင်ပါ။
၅။ ဆေးလိပ် ဖြတ်ပါ၊ မဖြတ်နိုင်သေးရင် လျှော့ပါ။
နှာစေးပြီး နှာခေါင်းမပိတ်ပါစေနဲ့။ နှာခေါင်းပိတ်နေပြီး ပါးစပ်နဲ့ အသက်ရှူခြင်းမလုပ်ပါနဲ့။ နှာခေါင်းပွင့်အောင် ပရုတ်ဆီ၊ ယာပန်းဆီ ရှူခြင်းလုပ်ပါ။ ယာပန်းဆီ တစက် နှစ်စက် ခေါင်းအုံးတွင်ဆွတ်ထားပါ။ နှာခေါင်းပိတ်ခြင်းအတွက် နှာခေါင်းထဲ ပန်းဆေးများကို အသုံးပြုနိုင်ပါတယ်။ မြန်မာပြည်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ်။
ဘယ်နည်းနဲ့မှ မရရင်တော့ ဆရာဝန်နဲ့ပြပါတော့။ တခါတလေ ဟောက်ခြင်းအတွက် ခွဲစိတ်မှု တောင်လုပ်ရင် လုပ်ရတတ်ပါတယ်။
နောက်ဆက်တွဲများ။
သာမန်ဟောက်ခြင်းကတော့ ညညကျ မိန်းမ ထထဆိတ်ခြင်း ခံရတာကလွဲလို့ ပြဿနာ အထူးအထွေမရှိပါ။ ဒါပေမယ့် အသက်ရှူရပ်ရပ်သွားတဲ့ Obstructive Sleep Apnoea ဆိုရင်တော့ အိပ်ရေးမ၀ခြင်း၊ နေ့ဖက်အိပ်ငိုက်ခြင်းတွေအပြင် မကုသပဲထားမယ်ဆိုလျှင် သွေးတိုး၊ နှလုံး၊ လေဖြတ် ရောဂါတွေ နောက်ဆက်တွဲ ဖြစ်တတ်ပါတယ်။ မပေါ့ပါနဲ့၊ အရေးကြီးပါတယ်။
Original content http://cks.library.nhs.uk/patient_information_leaflet/snoring
Tuesday, June 3, 2008
Premature Ejaculation အချိန်မတန်ပဲ သုက်လွှတ်ခြင်း
PE လို့ အတိုကောက်ခေါ်ကြတဲ့ အချိန်မတန်ပဲသုက်လွှတ်ခြင်း ဆိုတဲ့ရောဂါဟာ ယောက်ျားတွေမှာ အများဆုံးတွေ့ရတဲ့ လိင်မှုဆိုင်ရာ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ အတွက် မိမိ(သို့)အဖေါ် ၏ ဆန္ဒမပါပဲ စောလွန်လျှက် သုက်ထွက် သွားခြင်းဖြစ်ပါတယ်။ ဘယ်လောက်စောစော လွတ်ထွက်သွားကြသလဲကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ တစ်ချို့ဆိုရင် Foreplay ကနဦးပွတ်သပ်မှုပြုစဉ်မှာပင် သုက်လွှတ်ခြင်းဖြစ်တတ်ကြသလို ထိထွက်၊ တေ့ထွက်၊ တပ်ထွက် စသည်စသည် အဆင့်ဆင့် လူအမျိုးမျိုး ကွဲကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို ချိန်ခါမဟုတ်ပဲ မိုးရွာလိုက်ရင်တော့ နှစ်ဦးနှစ်ဖက် အနည်းနဲ့အများတော့ မျက်နှာပျက်ရဖွယ်ရှိပါတယ်။
ဒီလိုမျိုး ကိုယ့်ကိုယ်ကို မထိန်းနိုင်ခြင်းမျိုးဟာ ရံဖန်ရံခါတော့ သာမန်ယောက်ျားတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဥပမာ ပထမဆုံးအကြိမ်ဆက်ဆံခြင်းမျိုး၊ မဆက်ဆံဖြစ်တာအတော်ကြာမှ ပြန်ဆက်ဆံခြင်းမျိုး စတာတွေမှာလည်း ကိုယ့်ကိုယ်ကို ထိန်းမနိုင် ဖြစ်တတ်ပါတယ်။ တခါတလေ ဖြစ်လေ့ရှိတာက ပုံမှန်ပါပဲ။ အမြဲတမ်း အချိန်မကျပဲ မိုးထထ ရွာနေမှသာလျှင် PE လို့ခေါ်ပါတယ်။
အချိန်မကျပဲသုက်လွှတ်ခြင်းဟာ ရှင်းရှင်းပြောရရင်တော့ စိတ် ကြောင့်ပါပဲ။ ရုပ်ခန္ဓာ မှားယွင်း ချို့ယွင်းနေလို့ ဖြစ်ရခြင်း လုံးဝမဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်ရသလဲလို့ တိတိပပ မပြောနိုင်သေးပေမယ့် အောက်ပါစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ နဲ့ တနည်းနည်း သက်ဆိုင်နေတယ်လို့ လေ့လာတွေ့ရှိကြပါတယ်။
၁။ စိတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်း (အထူးသဖြင့် ငါလုပ်နိုင်ပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်)
၂။ အငြင်းခံလိုက်မည်ကို စိုးရိမ်နေခြင်း
၃။ (ဒီတစ်ခါလည်း) အောင်မြင်မှာမဟုတ်ပါဘူးကွာ ဟု စစ်မရောက်မီ မျှားကုန်နေခြင်းမျိုး
၎။ လိင်ဆက်ဆံမှုကို ကြောက်ရွံနေခြင်း (ငါနာမှာလား)
၅။ ကလေးဘ၀တွင် လိင်နှင့်ပါတ်သက်သော အရိပ်တစ်ခုခု စိုးမိုးနေခြင်း
၆။ ဘာသာရေးယုံကြည်မှု
၇။ စိတ်ဖိစီးမှု
၈။ မိမိ၏ အဖေါ်နှင့် ဆက်ဆံရေး အဆင်မပြေ ဖြစ်နေချိန်များ .. ဒါတွေပဲဖြစ်ပါတယ်။
ရောဂါကုထုံးတွေကတော့ အမျိုးမျိုးရှိကြပါတယ်။ လေ့ကျင့်ခန်းကုထုံး၊ စိတ်ကုထုံး၊ ဆေးဝါးကုထုံး စတာတွေဖြစ်ပါတယ်။ ကုထုံးတွေထဲက အသုံးအများဆုံးကတော့ ကမ္ဘာကျော်လိင်သုသေတီတွေဖြစ်ကြတဲ့ မာစတာနဲ့ဂျွန်ဆင်တို့ရဲ့ “ကိုယ်တိုင်ရပ်” လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ကိုယ့်ဖာသာကိုယ်သိသော မိုးရွာလုရွာခင်အချိန်မျိုးမှာ ဒက်စတော့ ရပ် လိုက်ရမှာပါ။ ကြိမ်ဖန်များစွာ “ကိုယ်တိုင်ရပ်” လေ့ကျင့်ခန်းကို လေ့ကျင့်လိုက်ရင် မိမိကိုယ်မိမိ ဘယ်အချိန်မှာ ဘယ်အခြေအနေ ရောက်နေပြီလည်းဆိုတာ သိနိုင်ပြီမို့ ထိန်းချုပ်ရတာ လွယ်သွားမှာပါ။
နောက်လေ့ကျင့်ခန်းတစ်မျိုးကတော့ Pelvic floor ကြွက်သားလေ့ကျင့်ခန်းဖြစ်ပါတယ်။ ဘယ်ကြွက်သားတွေလည်းဆိုတာ သိချင်ရင်တော့ ဆီးသွားနေရင်းတစ်ဝက်မှာ အတင်းကျုံ့ပြီး ရပ်ထားကြည့်လိုက်ပါ။ အဲဒီအချိန်မှာ ကျုံ့နေတဲ့ ကြွက်သားတွေကိုမှတ်ထားပါ။ အဲဒီကြွက်သားတွေကိုကျင့်ပေးရပါမယ်။ တကယ်ကျင့်ရင်တော့ ဆီးသွားနေတုန်းကျင့်စရာမလိုပါဘူး။ ဆီးအိမ်ထဲဆီးမရှိတဲ့အချိန်ကျင့်ရင်ပိုကောင်းပါတယ်။ ကြွက်သားတွေကို တင်းတင်းကျုံ့ပါ၊ ၁၀ စက္ကန့်ကျုံ့ထားပါ၊ ပြီးလျှင်ကျုံ့ထားတာကိုဖြေလိုက်ပါ။ တစ်ခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။ တစ်ရက်ကို အနည်းဆုံး ၃ကြိမ် (စုစုပေါင်း ကျုံ့ လွှတ် အကြိမ် ၃၀) ရအောင်ကျင့်ပါ။
လေ့ကျင့်ခန်းကုထုံး ပြီးတော့ နောက်ကုထုံးက စိတ်ကုထုံးပါ။ ကျနော်အပေါ်မှာရေးခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာတွေကို သက်သာ ပျောက်ကင်းအောင်လုပ်ဖို့ပါပဲ။ လိုအပ်ရင်တော့ စိတ်ရောဂါအထူးကုနဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။
ဆေးဝါးအကူအညီယူတာလည်းရှိပါတယ်။ SSRI Antidepressant ဆိုတဲ့ စိတ်ကျရောဂါအတွက်ဆေးတစ်မျိုးရဲ့ ဘေးထွက်အကျိုးဟာ သုက်လွှတ်ခြင်းကို နှေးစေပါတယ်တဲ့။
ပြန်ချုပ်ရရင်-
- ဒီရောဂါဟာ ယောက်ျားတွေအတွက် အဖြစ်အများဆုံး လိင်နဲ့ဆိုင်သောရောဂါပါပဲ
- ရံဖန်ရံခါ ထိန်းမရခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်
- လေ့ကျင့်ခန်း၊ စိတ်ကုထုံး၊ ဆေးဝါးတို့နဲ့ကုနိုင်ပါတယ်။
သတိထားရမှာက - PE နဲ့ ပန်းသေ၊ပန်းညှိုးရောဂါနဲ့ မမှားမိဖို့ပါပဲ။
Monday, June 2, 2008
ခါးအရိုးနုပြားကျွံခြင်း
Prolapsed Disc (သို့) အရိုးနုပြားကျွံခြင်း
လူရဲ့ ကျောရိုးမကြီးဆိုတာ ကျောရိုးဆစ်ကလေးတွေ တစ်ခုနဲ့တစ်ခုဆက်ထားသလိုမျိုး ဖြစ်နေတာကိုသိကြပါလိမ့်မယ်။ အဲဒီကျောရိုးဆစ်ကလေးတွေ တစ်ခုနဲ့တစ်ခုကြားမှာတော့ အရိုးနုပြားလေးတွေရှိပါတယ်။ အရိုးနုပြားကလေးတွေက ၀ါရှာသဘောမျိုး ကျောရိုးဆစ်နှစ်ခုကြားမှာခံထားပေးခြင်းဖြင့် ကျောရိုးတွေရဲ့လှုပ်ရှားမှုကို လွယ်ကူစေပြီး ကျောရိုးဆစ်များပွန်းစားမှုကို သက်သာစေပါတယ်။ အရိုးနုပြားရဲ့ အပြင်ဖက်(fibrous outer ring of disc) ဟာပိုမာပြီး အတွင်းဖက် (middle of disc) ကတော့ ဂျယ်လီလိုပျော့စိစိပါ။ ပုံကိုကြည့်ပါ။
အခန့်မသင့်ရင် အရိုးနုပြားရဲ့ အတွင်းဖက် ဂျယ်လီလိုအပိုင်းဟာ အပြင်ဖက်ကို ကျွံထွက်လာတတ်ပါတယ်။ ကျွံထွက်လာတဲ့ အပိုင်းက အနီးအ၀ိုက်မှာရှိတဲ့ အာရုံကြောတစ်ခုကို ဖိမိထားခြင်းကြောင့် ခါးနာခြင်း စသည့်လက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။ အရိုးနုပြားကျွံတာများရင် များများနာပြီး ကျွံတာနဲရင် နဲနဲနာပါတယ်။
ဒီရောဂါဟာ အသက် ၃၀ - ၅၀ ကြား ယောက်ျားတွေမှာပိုဖြစ်တတ်ပါတယ်။ အလေးအပင်မခြင်းနဲ့ ဆိုင်တယ်လို့ဆိုပေမယ့် အခြားအကြောင်းအချက်များလည်း ပါဝင်နိုင်ပါတယ်။ အလေးမရတဲ့ အလုပ်တူတူလုပ်တာတောင် ဖြစ်ချင်တဲ့သူပဲဖြစ်တာပါ။ အနေအထားမမှန်စွာထိုင်ခြင်း (ကိုယ်ခန္ဓာကို ခွေခေါက်ထိုင်တာ)၊ အရှေ့ကိုကုန်းရာမှ အခန့်မသင့်သွားခြင်း၊ ၀ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စတာတွေလည်း ပါပါတယ်။ နှာချေတာ ကြမ်းကြမ်းချေရင်တောင်မှ အခန့်မသင့်ရင် အရိုးနုပြားကျွံနိုင်တယ်လို့ဆိုပါတယ်။
ရောဂါလက္ခဏာများ
၁။ ခါးနာခြင်း - ရုတ်တရက်ပိုပိုဆိုးတတ်ပါတယ်။ ခါးလှည့်လိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကြောင့် ပိုဆိုးပါတယ်။ ပက်လက်လှဲပြီး ခပ်စန့်စန့် အိပ်ချလိုက်ရင် သက်သာသွားတတ်ပါတယ်။
၂။ အာရုံကြောညပ်ခြင်း - တစ်ချို့လူတွေမှာတော့ ခါးနာတာထက် အာရုံကြောညပ်လို့ နာတာပိုဆိုးပါတယ်။ ကျနော်အပေါ်မှာပြောခဲ့သလို အာရုံကြောတစ်ခုခုကို အရိုးနုပြားကဖိမိတဲ့အခါ အဲဒီအာရုံကြောနဲ့ ဆိုင်တဲ့နေရာမှာ နာပါတယ်။ များသောအားဖြင့် ခြေထောက်ကိုသွားတဲ့ အာရုံကြောညပ်လေ့ရှိပြီး အဲဒီအာရုံကြောနဲ့ဆိုင်တဲ့ ခြေထောက် ပေါင်ရင်း၊ပေါင်နောက်၊ ခြေသလုံးနောက်၊ ခြေဖ၀ါး စသည်နေရာတို့မှာ နာပါတယ်။
၃။ အာရုံကြောညပ်ရင် နာတာအပြင် ညပ်တဲ့အာရုံကြောနဲ့ဆိုင်တဲ့ နေရာတွေမှာ ထုံတာ၊ ကျင်တာ၊ အားနည်းသွားတာ တွေလည်းဖြစ်တတ်ပါတယ်။
၎။ သတိထားရမယ့်အချက် - အပေါ်ကနာတာတွေအပြင် ရုတ်တရက် ဆီးသွားလို့မရတော့တာ၊ ၀မ်းသွားလို့မရတော့တာ မျိုးဆိုရင် ဆေးရုံကို တန်း ပြေးပါ။
၅။ အရိုးနုပြားကျွံသော်ငြားလည်း အာရုံကြောကိုသွားမဖိ ဘူးဆိုရင် ဘာရောဂါလက္ခဏာမျိုးမှ မပြပါဘူး။
များသောအားဖြင့်တော့ ကျွံထွက်နေတဲ့ အရိုးနုပြားဟာ တဖြည်းဖြည်းနဲ့ ကျုံ့ကျုံ့ ပြီး အထဲကိုပြန်ဝင်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့် တပါတ်ကနေ ၆ပါတ်ကြာတတ်ပါတယ်။ ၆ပါတ်ထက်ပိုပြီး နာနေရင်တော့ တမျိုးစဉ်းစားရပါမယ်။
သက်သာစေမယ့်ကုထုံးများ
၁။ များများသွားလာ လှုပ်ရှားပါ။ အရင်တုံးကတော့ ဒီလိုရောဂါမျိုးကို များများနားဖို့ ပြောကြပေမယ့် နောက်ပိုင်းတွေ့ရှိချက်များအရ လှုပ်လှုပ်ရှားရှားနေလိုက်ရင် နောက်ဆက်တွဲ နာတာရှည်ခါးနာရောဂါကျန်ခဲ့မယ့် ရာနှုန်းနည်းသွားတယ်ဆိုပါတယ်။ လှုပ်လှုပ်ရှားရှားနေတယ်ဆိုတော့ လှုပ်ရှားမှုကြောင့် နဲနဲတော့နာပါမယ်။ သို့သော်လည်း အလွန်တရာနာကျင်စေမယ့် ကိစ္စမျိုးကိုတော့ ဇွတ်မှိတ်မလုပ်ပါနဲ့။
၂။ သက်တောင်သက်သာ ဖြစ်စေမယ့် အိပ်ရာ၊ အနေအထားနဲ့ အိပ်ပါ။ အရင်ကတော့ ကြမ်းပြင် (သို့) မှို့ယာ အမာပေါ်မှာ အိပ်ခိုင်းပါတယ်။ အခုတော့ အဲဒီအယူအဆ ခေတ်မစားတော့ပါဘူး။
၃။ အကိုက်အခဲပျောက်ဆေးများ - ပါရာစီတမော အပါအ၀င် အကိုက်အခဲပျောက်ဆေးများ ကို ကိုယ်နဲ့ကိုက်ညီမယ့်ဆေးကိုသောက်နိုင်ပါတယ်။ နာမှသောက်မယ့်အစား ပုံမှန် တစ်ရက်ကို သုံးကြီမ်၊ လေးကြီမ်၊ စသည်ဖြင့် အညွှန်းအတိုင်း သောက်သင့်ပါတယ်။
၎။ ကြွက်သားတွေ အရမ်းတင်းနာနေရင်တော့ ကြွက်သားပျော့အောင် ဒိုင်ယာစီပင် တစ်ရက်၊နှစ်ရက်ခန့်သောက်နိုင်ပါတယ်။
၅။ လေ့ကျင့်ခန်းကုထုံးများ physiotherapist, chiropractor, or osteopath for manipulation နဲ့လည်း ရောဂါကိုသက်သာအောင်လုပ်နိုင်ပါတယ်။
နောက်ဆုံးဘာနဲ့မှ မသက်သာဘူး၊ နာတာလည်း ကာလရှည်လာပြီဆိုရင်တော့ - ခွဲစိတ်မှုလုပ်ရပါမယ်။ ခွဲစိတ်တဲ့ ရည်ရွယ်ချက်ကတော့ ကျွံထွက်နေတဲ့ အရိုးနုပြားအပိုင်းကလေးကို ဖြတ်ထုတ်ပစ်လိုက်တာပါပဲ။
original content http://www.patient.co.uk/showdoc/27000885/
Sunday, June 1, 2008
ကြို့ထိုးခြင်း
ကြို့ထိုးတာကို Hiccup, Hiccough လို့ခေါ်ပါတယ်။ ဗမာအယူအဆကတော့ ကလေးတွေကြို့ထိုးရင် မီးဖိုချောင်ထဲက တစ်ခုခု လူကြီးတွေမသိအောင် (ခိုးစား) ထားလို့ဖြစ်ပါတယ်။ အစာအိမ်ချဲ့တယ်လို့လည်း ပြောတတ်ကြပါတယ်။ လူလတ်ပိုင်းအရွယ်ကြို့ထိုးရင်တော့ သူငယ်ချင်းတွေက “ဟေ့ကောင်.. ဒီနေ့ မသောက်ရသေးဘူးလား” လို့စတတ်ပါတယ်။ လူကြီး လူမမာ ကြို့ထိုးပြီဆိုရင်တော့ ရုပ်ရှင်ထဲမှာဆို မျောက်မင်းအူသံဆိုင်း စတင်တီးပါတော့တယ်။
ကဲ.. အင်္ဂလိပ်ဆေးပညာဘက်ကနေ ကြည့်ရအောင်..
ကြို့ထိုးတာဟာ လူမျိုးမရွေး အသက်အရွယ်မရွေး အချိန်မရွေး ဖြစ်တတ်တယ်လို့ဆိုပါတယ်။ လူလောကထဲဝင်မလာခင် သန္ဓေသားဘ၀ ကစလို့ ကြို့ထိုးနိုင်ပါတယ်တဲ့။ ကြို့ထိုးတာဟာ လူတော်တော်များများမှာ အချိန်တိုအတွင်း ဘာမှ လုပ်စရာမလိုပဲ အလိုလို ပျောက်သွားလေ့ ရှိပါတယ်။ တော်ရုံနဲ့ မပျောက်ပဲ သံသရာရှည်နေတတ်တဲ့ ကြို့မျိုးကိုတော့ ဗမာလို ကြို့ကြီးထိုး တယ်လို့ပြောပါတယ်။ Intractable Hiccups လို့ခေါ်ပါတယ်။ အကြာဆုံး ကြို့ကြီး ကမ္ဘာ့စံချိန်ကတော့ နှစ်ပေါင်း ၆၀ ဖြစ်ပါတယ်။ သတိပြုရမှာက ၄၈နာရီထက်ပိုလာပြီဆိုရင်တော့ ကြို့ထိုးခြင်းကို သိပ်မပေါ့စေချင်ပါဘူး။
ကြို့ဘာကြောင့်ထိုးရလဲ။
ဖြစ်နေကြ ကြို့ကလေးတွေရဲ့ အများစုကတော့ အကြောင်းတစုံတရာမရှိပဲ အလိုလိုဖြစ်လာကြတာပါ။ အစားများသွားခြင်း၊ အရက် (သို့) အ၀င်စူးရှသည့် အရည်များသောက်မိခြင်း၊ အပူအစပ်စာ များစားခြင်း၊ ပတ်ဝန်းကျင် လေထု အပူအအေး ရုတ်တရက် ပြောင်းသွားခြင်း၊ မီးခိုး (သို့) ဆေးလိပ်ငွေ့ ကို အခန့်မသင့် ရှူရှိုက်မိခြင်း၊ ရုတ်တရက် စိတ်လှုပ်ရှားခြင်း စတာတွေဖြစ်ပါတယ်။
ဖြစ်ပုံကတော့.. ရင်တားကြွက်သားလို့ခေါ်တဲ့ ရင်ဘတ်ပိုင်းနဲ့ ၀မ်းဗိုက်ပိုင်း ကို ခြားထားတဲ့ ကြွက်သားပြင်ကြီးရှိပါတယ်။ အဲဒီကြွက်သားပြင်ကို အလိုအလျောက် လှုံဆော်ပေးတဲ့ အာရုံကြောတွေ IC ကြောင်သွားလို့ဖြစ်တာပါ။ ဒီအချိန်မှာ လည်ချောင်းအ၀က အစာရေမျိုအဆို့ရှင် အဖွင့်အပိတ်ကလည်း Rhythm မကိုက်တော့ပဲ တအိအိ ဆိုတဲ့ ကြို့သံထွက်ပေါ်လာရတာပါ။ ငါးဘ၀ကနေ လူမဖြစ်သေးခင်အချိန်က Primitive reflex အကြွင်းအကျန်လို့လည်း Revolution Theory ဘက်ကနေပြောလို့ရပါတယ်။ အိမ်မှာမွေးတဲ့ ရွှေငါးကလေးတွေ ပါးစပ်နဲ့ ပါးဟက်နဲ့ အသက်ရှူတာဟာ ကြို့ထိုးခြင်းဖြစ်စဉ်နဲ့တော်တော် နီးစပ်ပါတယ်။ ထားပါလေ.. တော့ပစ်ကချော်သွားတော့မယ်။ အမှန်အတိုင်း ၀န်ခံရရင်တော့ အနောက်တိုင်းဆေးပညာမှာလည်း ကြို့ထိုးရခြင်းအကြောင်းကို မှုန်ဝါးဝါးပါပဲ။ Phrenic Nerve, Vagus Nerve, Sympathetic Chain T6-T12, Medullary Reticular, Hypothalmus စတာတွေကို အပြစ်ဖို့ကြပါတယ်။
သူ့ဖာသာမပျောက်နိုင်တဲ့ ကြို့ကြီးထိုးတာ နှစ်ရက်ထက် ပိုကြာပြီဆိုရင်တော့ ဖြစ်လေ့ရှိတဲ့ သာမန်အချက်တွေအပြင် အရေးကြီးတဲ့ ရောဂါတွေကိုပါ ထည့်သွင်းစဉ်းစားရပါတော့မယ်။ ရောဂါအမျိုးမျိုးကြောင့်လည်း ကြို့ကြီးထိုးနိုင်ပါသတဲ့။ ဒါတွေကတော့..
အဆုတ်ကင်ဆာ၊ အဆုတ်အအေးပတ်၊ အဆုတ်အမြှေးရောင်၊ ပန်းနာရင်ကြပ်၊
နှလုံးပုပ်၊ နှလုံးရောင်၊ ရင်ခေါင်းသွေးလွှတ်ကြောမနံရံဖောင်း၊
အစာအိမ်လေဆန်နာ၊ အစာအိမ်နာ၊ အူသိမ်နာ၊ အူအတက်ရောင်၊ အူမကြီးရောင်ရောဂါ၊
ကျောက်ကပ်အလုပ်မလုပ်ခြင်း၊ ကျောက်ကပ်ကင်ဆာ^အကြိတ်၊ ဆီးကျိတ်ကင်ဆာ၊
လေဖြတ်၊ လေဖြန်း၊ ဦးနှောက်ကင်ဆာ၊ ဦးနှောက်ပိုးဝင်၊ ဦးနှောက်ဒါဏ်ရာ၊
စိတ်လှုပ်ရှားခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ခြင်း၊
ရင်တားကြွက်သားအောက်ပြည်တည်ခြင်း၊ အစာအိမ် ရင်ခေါင်းထဲကျွံခြင်း၊
လည်ပင်းကြီး၊ အာခေါင်ရောင်၊ ဦးနှောက်အမှေးပါးရောင်၊ မျက်စိရေတိမ်၊
အစာအိမ်ခွဲစိတ်မှုလုပ်ပြီးကာစအချိန်၊ လည်ပင်းအမော့လွန်ခြင်း၊ သွေးထဲတွင် ယူရီးယားများခြင်း၊ ဆိုဒီယမ်နည်းခြင်း၊ ပိုတက်ဆီယမ်နည်းခြင်း၊ သကြားဒါတ်မမျှခြင်း၊ စတာတွေအပြင် ဒိုင်ယာဇီပင်၊ ဒက်ဆာမီသာဇုံး စတဲ့ ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကျနော်ရေးခဲ့တဲ့ ရောဂါတွေဖြစ်ပါပြီဆိုပြီး စိတ်မဆင်းရဲပါနဲ့၊ ဒါတွေကြောင့်လည်း ဖြစ်တတ်တယ်လို့ သိထားရင်ရပါပြီ။
ကြို့ရောဂါရဲ့ကုထုံးတွေကလည်း ထူးထွေဆန်းပြားပါတယ်။ များသောအာဖြင့် ဆေးမြီးတိုတွေနဲ့ အရင် စမ်းသပ်ကြပါတယ်။ လေ့လာကြည့်ရအောင်..
၁။ အသက်အောင့်နေစဉ် ရေကို ခုနှစ်ငုံတိတိ ဆက်တိုက်မျိုပါ။
၂။ ကြံရည်ခွက်ကိုင်းကို ညာလက်နဲ့ကိုင်ပါ၊ ထိုညာလက်ကို သင့်ရဲ့ ဘယ်ဖက်ပါးဆီသို့ လက်ကို လှည့်လိုက်ပါ(လက်ပြောင်းပြန်)၊ ထိုစဉ် ခွက်ထဲမှရေကိုသောက်ပါ။
၃။ တစ်ယောက်ယောက်အား သင်ရဲ့အလစ်မှာ သင့်ရဲ့ကျောကုန်းကို ဗုန်းကနဲနေအောင် ရိုက်ခိုင်းပါ။
၎။ ပလတ်စတစ်အိတ် အလောတော်ဆိုက်ကို ပါးစပ်မှာ ကပ်ထားပြီး အထဲသို့ ပါးစပ်ဖြင့် လေရှူသွင်း ရှူထုတ်လုပ်နေပါ။ နှာခေါင်းမသုံးရပါ။
၅။ မတ်တပ်ရပ်၍ ပါးစပ်အပြည့် ရေငုံပါ၊ ထို့နောက်ခါးကို ကြမ်းပြင်သို့ကိုင်းချလိုက်ပါ၊ ဦးခေါင်းသည် ဇောက်ထိုးဖြစ်နေပါမည်၊ ထိုအချိန်တွင် ပါးစပ်ထဲမှရေကို မျဉ်း၍မျိုပါ။
၆။ မိမိရဲ့ အရှိုက်ကို တယောက်ယောက်အား ခပ်ဆတ်ဆတ်ထိုးခိုင်းပါ(valsalva manoeuvre) ။ အားမလွန်ပါစေနှင့်။
ရ။ သကြားပါးစပ်အပြည့် ၀ါးစားတာပါ။ ရေမသောက်ရပါဘူး။ သကြားမရှိရင် ကော်ဖီမစ် အမှုန့် တစ်ထုပ်လုံး ပါးစပ်ထဲထည့် ၀ါးပါ။
ဒါတွေနဲ့မရသေးဘူးဆိုရင်တော့ ဆေးစသုံးရပါတော့မယ်။
ဆေးအပျော့ကနေစပါမယ် Metochlopramide (Maxalon), Domperidone (Motilium-M) အရင်သုံးကြည့်ပါ။ မရဘူးဆိုရင်တော့ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေမှာ ပေးလေ့ရှိတဲ့ Chlorpromazine (CPZ), Haloperidol, Phenytion, Sodium Valporate, Carbamazepine, Gabapentin တွေစမ်းပေးရပါတော့မယ်။ CPZ က တော်တော် ကောင်းတယ်လို့ ပြောကြပါတယ်။ ကျနော်ရေးထားတဲ့ ဆေးတွေအားလုံး ဟာ အသုံးမတတ်ရင် ဒုက္ခရောက်နိုင်ပါတယ်။ တစ်ခုခုမလုပ်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
Lignocaine ဆိုတဲ့ထုံဆေးကို အာခေါင်မှာဖြန်းတဲ့ စာအုပ်ထဲမှာ မတွေ့ဘူးတဲ့ ကုထုံးတစ်ခုလည်းရှိပါတယ်။ ကင်ဆာ၊အဖု၊အကြိတ် ကြောင့် အာရုံကြောပိပြီး ကြို့ထိုးနေသူတွေကိုတော့ ခွဲစိတ်ပြီး အာရုံကြောလွတ်သွားအောင်လုပ်ပေးနိုင်ပါတယ်။ တချို့ကင်ဆာရောဂါသည်တွေကိုတော့ Midazolam အိပ်ဆေးကို အကြောထဲသွင်းပေးပြီး ကြို့ထိုးသက်သာအောင်လုပ်ပေးပါတယ်။
ကြို့ထိုးခြင်းဟာ မကုသပဲ ကြာလာမယ်ဆိုရင်တော့ အစာအိမ်ရောဂါ၊ နှလုံးခုန်မမှန်ရောဂါ၊ စိတ်ကျရောဂါ၊ အဆုတ်ရောင်ရောဂါတွေအပြင် အစာ ရေခန်းခြောက်ခြင်းကိုလည်းဖြစ်စေနိုင်ပါသတဲ့။
ဘာပဲပြောပြော အင်မတန်မှ နေမထိ ထိုင်မသာဖြစ်စေတဲ့ ကြို့ထိုးခြင်းကို တတ်နိုင်သလောက် မဖြစ်အောင်ဂရုစိုက်ကြပါ။ အစာကို မဆန့်မပြဲစားခြင်း၊ အပူ အစပ်များစာခြင်း၊ စူးရှသော ဂက်စ်ပါသည့် အရည်များသောက်ခြင်း နဲ့ မပါရင်မပြီးတဲ့ ဆေးလိပ်၊အရက် အပြင် ဗမာဆေး၊ ဆေးမွှေး စတာတွေနဲ့ ကွမ်းစားခြင်းကိုလည်း တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါကြောင်း။
Saturday, May 31, 2008
Acid reflux, Oesophagitis, Gastro-Oesophageal Reflux Disease (GORD)
လေပူလှန်ခြင်း၊ အချဉ်ပြန်ခြင်း၊ အစာရေမျိုယောင်ခြင်း
ဒီရောဂါမျိုးဟာ အစာအိမ်ထဲက အစာချေရည် အက်ဆစ်အချဉ်ရည်ဟာ အစာအိမ် (Stomach) ကနေ အစာရေမျို (Oesophagus) ထဲကို ပြောင်းပြန်စိမ့်ဝင်လာရင်ဖြစ်ပါတော့တယ်။ ရင်ပူခြင်း အပါအ၀င် တခြားရောဂါလက္ခဏာတွေဖြစ်တတ်ပါတယ်။ အစာချေရည် အက်ဆစ် အထွက်ကို ထိန်းချုပ်ပေးတဲ့ ဆေးဝါးများနဲ့ ကုသရပါတယ်။ တစ်ချို့လူများအဖို့ ဆေးကို ရက်တိုသောက်ရုံဖြင့် သက်သာသွားနိုင်ပေမယ့် တစ်ချို့အဖို့မှာတော့ ဆေးကို စွဲသောက်ရတတ်ပါတယ်။
အစာရေမျို (Oesophagus) နှင့် အစာအိမ် (Stomach) တို့ အကြောင်း
ကျနော်တို့ အစာစားလိုက်တဲ့အခါ အစာများဟာ လည်ချောင်းမှတဆင့် အစာရေမျိုကို ဖြတ်ပြီး အစာအိမ်ထဲ ၀င်ရောက်သွားကြပါတယ်။ အစာအိမ်နံရံမှာရှိတဲ့ ဆဲလ်များဟာ အက်ဆစ်အပါအ၀င် အစာချေရည်များကို ထုတ်လုပ်ကြပါတယ်။ အက်ဆစ်တွေနဲ့ အမြဲလိုထိတွေ့နေရတဲ့ အစာအိမ်နံရံကဆဲလ်များကို အက်ဆစ်ဒါဏ်ကိုခံနိုင်အောင် (mucus) လို့ခေါ်တဲ့ ပြစ်ချွဲချွဲ အရာတစ်မျိုးနဲ့ ဖုံးအုပ် အကာအကွယ်ပြုထားပါတယ်။ ဒီလိုမျိုး အက်ဆစ်ကာကွယ်ရေးစနစ်ဟာ အစာရေမျိုနံရံကဆဲလ်တွေမှာ အလွန်နည်းပါတယ်။
အစာရေမျိုရဲ့ အဆုံး - အစာအိမ်ထဲဝင်လုဝင်ခင်လေးမှာတော့ တလမ်းသွားရှုံ့ကြွက်သား (sphincter) ရှိပါတယ်။ သူဟာ အစာတွေအစာရေမျိုကနေ ဆင်းလာရင် လျှော့ပေး^ဖွင့်ပေးပေမယ့် ပုံမှန်အားဖြင့်တော့ အစာအိမ်ထဲကအစာတွေ အစာရေမျိုထဲကို ပြောင်းပြန် ပြန်မလာနိုင်အောင် ကြုံ့ထားပြီး တင်းတင်းစိလျှက်ရှိပါတယ်။ (စအိုဝက ရှုံကြွက်သားနဲ့ သဘောတရားခြင်းတူတူပါပဲ။)
လေပူလှန်ခြင်း၊ အစာရေမျိုယောင်ခြင်းဆိုတာ ဘာလဲ
လေပူလှန်ခြင်း၊ အချဉ်ပြန်ခြင်းဆိုတာ အစာအိမ်ထဲက အက်ဆစ်တွေ အစာရေမျိုထဲ စိမ့်ဝင်လာလို့ဖြစ်ရတာပါ။ စိမ့်ဝင်လာတဲ့ အက်ဆစ်တွေဟာ အက်ဆစ်ကာကွယ်ရေးစနစ်ချို့တဲ့တဲ့ အစာရေမျိုနံရံကို သွားပြီး စားလောင်တဲ့အတွက် အစာရေမျိုယောင်ခြင်း ဖြစ်ရပါတယ်။ တစ်ချို့လူများရဲ့ အစာရေမျိုကတော့ အက်ဆစ်ဒါတ်ကို တော်တော်လေးခံနိုင်တဲ့ အတွက် အချဉ်ပြန်ခြင်းသာဖြစ်ပြီး အစာရေမျိုကတော်ရုံနဲ့ မယောင်ပါဘူး။ ဒီလို လေပူလှန်ခြင်း၊ အချဉ်ပြန်ခြင်း၊ အစာရေမျိုယောင်ခြင်း စတဲ့ဟာတွေကို တစ်ပေါင်း တစ်စည်းထဲ Gastro-Oesophageal Reflux Disease GORD လို့ခေါ်ပါတယ်။
ရောဂါလက္ခဏာတွေက ဘာတွေလဲ
ရင်ပူခြင်း (Heart burn) ဟာ အဒိကလက္ခဏာပါပဲ။ ရင်ညွန့်ကနေ လည်ပင်းထိ ပူနေပါတယ်။ံ(Heart burn) ဆိုပေမယ့် နှလုံးနှင့် လားလားမှ မဆိုင်ပါဘူး။
ရင်ညွန့်နားအောင့်ခြင်း၊ အန်ချင်ခြင်း၊ လေချဉ်တက်ခြင်း၊ ဗိုက်ကယ်၊ ရင်ပြည့်ခြင်း၊ ရေနွေးပူပူသောက်လျှင် လည်ချောင်းတလျှောက်ပူဆင်းသွားခြင်းတို့ဖြစ်ပါတယ်။ ဒီလက္ခဏာတွေဟာ ပေါ်လိုက်ပျောက်လိုက်ပါ။ အထူးသဖြင့် အစာစားပြီးစမှာ ဆိုးဝါးတတ်ပါတယ်။
ရှားရှားပါးပါးလက္ခဏာတွေကတော့ ညဖက်လည်ချောင်းယားပြီးချောင်းဆိုးခြင်းနဲ့ ရင်ဘတ်မတရားအောင့်ခြင်းတို့ပါပဲ။ (တစ်ခါတစ်လေ နှလုံးရောဂါနဲ့တောင် မှားနိုင်တယ်)
ဘာကြောင့် အက်ဆစ် ပြောင်းပြန် လှန်တက် ယိုစိမ့်ရသလဲ
ရှုံကြွက်သားကောင်းကောင်းအလုပ်မလုပ်တော့လို့ပါ။ ဘာကြောင့် အလုပ်ကောင်းကောင်းမလုပ်ရသလဲကတော့ တခါတလေ အကြောင်းရင်း ရှာမရပါ။ ဗိုက်ထဲမှာ တင်းအား များလာတဲ့ အခါမျိုးတွေမှာတော့ ဖြစ်တတ်ပါတယ်။ ဥပမာ အစာအများကြီးစားထားခြင်း၊ ကိုယ်ဝန်ဆောင်၊ အရှေ့ကိုကုန်းထိုင်နေခြင်း။ အနည်းဆုံး လူ၃ယောက်မှာ တစ်ယောက် မကြာခဏ ဒီရောဂါခံစားနေကြပါတယ်။
အ၀လွန်သူများ၊ ဆေးလိပ်သောက်သူများ၊ ကိုယ်ဝန်ဆောင်များ၊ အရက်သောက်များသူများ၊ အစာအိမ်ကျွံရောဂါ (hiatus hernia) ရှိသူများ၊ အသက် ၃၅-၆၄နှစ်ကြား တို့မှာပိုဖြစ်ပါတယ်။
ဘယ်လိုစမ်းသပ်မှုတွေရှိလည်း
ပုံမှန်ရောဂါလက္ခဏာများရှိရင်တော့ ဆေးဝါးလေးပဲ တန်းပေးပါတယ်။ သာမန်ကုထုံးနဲ့မသက်သာဘူး၊ ရောဂါလက္ခဏာပြင်းတယ်၊ သာမန်လက္ခဏာတွေနဲ့မတူတဲ့သူဆိုရင်တော့ အစာရေမျိုမှန်ပြောင်းကြည့်ရပါတယ်။ အစာရေမျိုနံရံမှာ အက်ဆစ်လောင်နေလို့ နီရဲရဲလေးဖြစ်နေတာကို တွေ့ရပါတယ်။
အစာရေမျိုရဲ့ အက်ဆစ်ဒါတ် ကိုလည်းစစ်လို့ရပါတယ်။
နှလုံးရောဂါ အပါအ၀င် တခြားရောဂါများနဲ့ ခွဲလို့မရရင်တော့ ECG, Chest Xray စတာတို့ လုပ်ဖို့လိုပါတယ်။
သက်သာအောင်ဘယ်လိုလုပ်ရမလဲ
ဆေးလိပ် - ဆေးလိပ်မှာပါတဲ့ ဒါတ်တချို့ဟာ ရှုံကြွက်သားကို လျော့စေတဲ့အတွက် ရောဂါပိုဆိုးစေပါတယ်။
အစားအသောက် - တစ်ချို့အစားအသောက်တွေကိုရှောင်ရပါမယ်။ တစ်ယောက်နဲ့တစ်ယောက် မတူကြတဲ့အတွက် မိမိဖာသာ သီးသန့် သတိထားပြီးရှောင်ဖို့လိုတာရှောင်ရမှာပါ။ ပူသော၊ စပ်သော၊ အစာများ၊ ပူသောအရည်များ၊ ကော်ဖီ၊ အရက်၊ ချောကလက်၊ ခရမ်းချဉ်သီး စတာတွေကတော့ လူတော်တော်များများမှာ ဖြစ်စေပါတယ်။
ဆေးဝါးအချို့ - Aspirin, Ibuprofen စသော အကိုက်အခဲပျောက်ဆေးအချို့၊ Diazepam, Nifedipine, Nitrate စသော ဆေးများကလည်း ဖြစ်စေနိုင်ပါတယ်။
အ၀လွန်ခြင်းကြောင့်လည်း ဖြစ်စေတာမို့ ၀ိတ်ချရပါမယ်။
အနေအထိုင် - ပက်လက်လှဲခြင်း၊ အရှေ့သို့ကုန်းထိုင်ခြင်း၊ ပုဆိုး တင်းတင်းစည်းထားခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ညဖက်ဖြစ်တတ်တဲ့သူများ အနေဖြင့် မအိပ်ခင် ၃နာရီအလိုကတည်းက ဘာမှမစားသင့်ပေ၊ ၂နာရီ အလိုကတည်းက ဘာမှ မသောက်သင့်ပေ။ ကုတင်ရဲ့ခေါင်းပိုင်းကိုမြှင့်ထားသင့်တယ်။
ကုသခြင်း
၁. Antacids
- Digene, Gelmag, Hydrosil, Ulta, Kremil-S, Gaviscon စသော ၀ါးစားရတဲ့ လေဆေးတွေဖြစ်ပါတယ်။ အညွှန်းထက်မများစေပဲ လိုအပ်သလောက် စားရပါမယ်။
၂. Acid Suppressing Medicine - ဆရာဝန်ညွှန်မှသောက်သင့်ပါတယ်
- Proton Pump Inhibitor (PPI) - meprazole, lansoprazole, pantoprazole, rabeprazole, and esomeprazole
- H2 antagonist - cimetidine, famotidine, nizatidine, and ranitidine
၃. Prokinetics - ဆရာဝန်ညွှန်မှသောက်သင့်ပါတယ်
- domperidone, metoclopramide
၎. ခွဲစိတ်ကုသခြင်း - အစာရေမျိုအောက်ပိုင်း ရှုံကြွက်သားကို နဲနဲလေး ဆွဲတင်းလိုက်တဲ့ ခွဲစိတ်မှုမျိုးလုပ်လို့ရနေပါပြီ။
အစာရေမျိုယောင်ခြင်းရဲ့နောက်ဆက်တွဲပြဿနာများ
၁။ ခဏခဏယောင်လိုက် အနာဖြစ်လိုက်ဆိုရင် အစာရေမျိုရဲ့ အောက်ပိုင်းနားဟာ အနာရွတ်တက်လာပြီး ပုံမှန်ထက်ကျဉ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါမျိုးဖြစ်တာ ရှားပါတယ်။
၂။ အစာရေမျိုအောက်ပိုင်းက ဆဲလ်တွေ ပုံပြောင်းသွားပါတယ်။Barrett's Oesophagus လို့ခေါ်ပါတယ်။ အဲသလို ဆဲလ်တွေပုံပြောင်းသွားရင် ကင်ဆာဖြစ်ဖို့ပိုပြီး အခွင့်အလမ်းများလာပါတယ်။Barrett's Oesophagus ဖြစ်နေတဲ့လူ ၁၀၀ မှာ ၁ ယောက် ၂ ယောက်လောက် ကင်ဆာဘက်ပြောင်းသွားတတ်ပါတယ်။
၃။ အစာရေမျိုကင်ဆာ ဟာသာမန်လူတွေမှာထက် အခုလို အစာရေမျိုယောင်ရောဂါရှိတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။
များသောအားဖြင့်တော့ အခုလို ဆိုးဝါးတဲ့နောက်ဆက်တွဲတွေ မဖြစ်ကြပါဘူး။ အစာမျိုချရင်နာနေမယ်၊ အစာမျိုရခက်မယ်၊ အစာလည်ချောင်းတနေရာရာမှာ ကပ်နေတယ်လို့ ခံစားရရင်တော့ ဆရာဝန်ကို ပြောပြရပါမယ်။
Original Content http://www.patient.co.uk/showdoc/23068673
မြန်မာကျူးပစ်ဖိုရမ်တွင် တင်ပြီးဖြစ်သည်။
အာသီးယောင်ခြင်း
အာသီးယောင်ခြင်း။
အာသီး - ပါးစပ်ရဲ့ အနောက်မှာ တဖက်တချက်စီမှာ ရှိတဲ့ ပျော့စိစိ အလုံး ၂ခုဖြစ်ပါတယ်။ ဒီပုံထဲက အာသီးဟာ မယောင်နေပါဘူး။ ဒါပေမယ့် သာမန်ထက်တော့ ကြီးနေပါတယ်။ (အာသီး ခဏခဏယောင် တဲ့သူတွေမှာ ပုံမှန်ထက် ကြီးလာတတ်ပါတယ်။)
အာသီးယောင်ခြင်း။
ရောဂါပိုးကြောင့် အာသီးယောင်ရပါတယ်။ လည်ချောင်းနာတာကတော့ အဒိကလက္ခဏာပါ။ ချောင်းဆိုး၊ ဖျား၊ ခေါင်းကိုက်၊ အန်ချင်၊ နွမ်းနယ်၊ အစာ^ရေ မျိုရခက်ပြီးတော့ လည်ပင်းအကြိတ်တွေလည်း ကြီးလာတတ်ပါတယ်။
အာသီး၂လုံးကတော့ နီပြီးယောင်လာမှာပါ။ အဖြူ^အ၀ါ ပြည်စလေးတွေလည်း အာသီးမှာကပ်နေနိုင်ပါတယ်။ ဖြစ်စကနေ ၂ -၃ ရက်အတွင်းမှာ အခံစားရဆုံးဖြစ်ပြီး တပါတ်အကြာမှာ တဖြည်းဖြည်း သက်သာသွားမှာပါ။
ဘယ်လိုကုမလဲ။
၁။ ဘာမှမလုပ်ပဲထားခြင်း
- များသောအားဖြင့် အနုစား အာသီးယောင်တာတွေက သူ့အလိုလို သက်သာသွားမှာပါ။
၂။ ရေများများသောက်ခြင်း
- အာသီးယောင်နေရင် ရေမျိုရခက်လို့ ရေသိပ်မသောက်ဖြစ်ကြပါဘူး။ ကိုယ်ပူဖျားကလည်းဖျားနေဦးမယ်ဆိုရင် ရေခန်းခြောက်ခြင်း ပိုမိုဖြစ်နိုင်ပါတယ်။ ရေခန်းခြောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းနဲ့ နုံးခြင်း ပိုဆိုးလာနိုင်ပါတယ်။
၃။ Paracetamol or Ibuprofen
- အကိုက်အခဲပျောက်ဆေးတွေဟာ နာ၊ ဖျား၊ ခေါင်းကိုက်တို့ကို သက်သာစေမှာပါ။ မခံမရပ်နိုင်အောင်နာမှ ဆေးထထသောက်ခြင်းမျိုးအစား ဆေးအညွှန်းအတိုင်း ပုံမှန်လေးသောက်နေတာက ပိုကောင်းပါတယ်။ ဥပမာ - Paracetamol တရက်လေးကြိမ် (၆နာရီခြား)
၎။ Asprin အာလုတ်ကျင်းခြင်း
- ဗျစမငည ရေဆူဆေးပြား (Disprin ဟုလာသည်) ကိုရေနဲ့ပျော်အောင်စိမ်ပြီး ရေကို အာလုတ်ကျင်းပေးပါ။ တစ်ခါလုပ်လျှင် ၃-၄မိနစ်လုပ်ပါ။ တရက်ကို ၃-၄ ခါလုပ်ပါ။
၅။ ငုံဆေးပြားများ
- ဈေးကွက်ထဲမှ ရှိသော ငုံဆေးပြားများကိုလည်း စမ်းကြည့်နိုင်ပါတယ်။
ပိုးသတ်ဆေးသောက်ဖို့လိုလား။ (eg. Amoxil)
မလိုပါ။ မိမိကိုယ်ခံအားက အလိုလို ပြန်လှန်တိုက်သွားမှာပါ။ သာမန်လူများအဖို့ ပိုးသတ်ဆေးသောက်ခြင်းကြောင့် ဘာမှ ထူးထူးခြားခြား မသက်သာစေပါဘူး။
ကိုယ်ခံအားကျဆင်းနေသူများ၊ ကင်ဆာဆေးသောက်နေသူများ၊ ဘေလုံးထုတ်ထားသူများ နဲ့ အရမ်းကိုဆိုးဆိုးဝါးဝါး အာသီးယောင်နေသူများဆိုရင်တော့ ပိုးသတ်ဆေးသုံးသင့်ပါသည်။
အာသီးယောင်ရင် သတိထားရမယ့်အချက်များ။
အာသီးယောင်ပိုးဟာ နား၊ နှခေါင်း၊ အဆုတ်တို့ကိုလည်း ၀င်ရောက်ကူးစက်နိုင်ပါတယ်။
အာသီးဘေးတ၀ိုက်မှာ ပြည်စုတတ်ပါတယ်။ အရမ်းနာပါတယ်။ တဖက်ထဲ အဖြစ်များပါတယ်။ ဆရာဝန်ပြရပါမယ်။ ပိုးသတ်ဆေးလိုပါတယ်။ လိုအပ်ရင် ပြည်ဖေါက်ထုတ်ရမှာပါ။
အာသီးယောင်ခြင်းကြောင့်မဟုတ်ပဲ အာသီးနာတတ်ပါတယ်။ အရေးအကြီးဆုံးကတော့ အာသီးကင်ဆာပါ။
ဒီတော့ ကိုယ့်ရဲ့အာသီးယောင်ခြင်းဟာ သာမန်လောက်မကပဲ ဆိုးဆိုးဝါးဝါးယောင်ခြင်း၊ ၃-၄ ရက်နဲ့မသက်သာလျှင်တော့ ဆရာဝန်ဆီပြေးပါ။
အာသီးခွဲထုတ်လိုက်ဖို့လိုလား။
ကိုယ်ရေးကိုယ်တာကိစ္စများ ထိခိုက်လောက်အောင် တစ်နှစ်ကို ၅ ကြိမ်အထက် ယောင်တယ်ဆိုရင်တော့ အာသီးခွဲထုတ်ပစ်ဖို့ စဉ်းစားပါ။ အာသီးကိုယ်တိုင်က ကိုယ်ခန္ဓာရဲ့ ခုခံအားယူနစ် ဆိုတော့ အာသီးမရှိတော့တဲ့အခါ လည်ချောင်းရောဂါပိုးဝင်ခြင်း ကို ကာကွယ်မှုလျှော့နည်းသွားတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း အများအားဖြင့်တော အာသီးထုတ်အပြီးမှာ လည်ချောင်းနာတဲ့ အကြိမ်ရေ လျှော့ကျသွားကြပါတယ်။
အာသီးခွဲထုတ်တာဟာ အသေးစားခွဲစိတ်မှုပါပဲ။ နေ့ချင်းပြီးပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဆရာဝန်တယောက်ယောက်ကိုမေးပါ။
Original Content http://www.patient.co.uk/showdoc/23068939
မြန်မာကျူးပစ်ဖိုရမ်တွင် တင်ပြီးဖြစ်သည်။