Sunday, September 28, 2008

တောင်

အခုတလော စာတွေပဲ အဖတ်များနေတယ်။ ရေးချင်စိတ်က သိပ်မရှိလှဘူး။ ဖန်တီးမှုစိတ်အင်အား ကျဆင်းနေတယ်ပဲ ဆိုပါတော့။ ဒီတော့ ဘာဖြစ်လဲ.. အဖတ်များပြီး အရေးမရှိတော့ အ၀င်များပြီး အထွက်မရှိ၊ တိုက်ရိုက် ဥပမာပေးရရင်တော့ စာပေ၀မ်းချုပ်ခြင်း ဖြစ်နေတယ်ပေါ့ဗျာ။ ခက်တာက ဒီကိစ္စမှာ ပြောရရင် စာပေ၀မ်းနှုတ်ဆေး ဆိုတာ မှမရှိပဲ။ အဲ.. ရှိရင်လည်း ၀မ်းနှုတ်ဆေးစားပြီး ရေးထွက်လာတဲ့ စာတွေကတော့ မွှေးရနံ့ လှိုင်လှိုင်ပျံ့မှာတော့ မဟုတ်ပေဘူး။

ဖတ်ဖြစ်တဲ့စာတွေကတော့ အများကြီးပဲ။ မြန်မာ ဘလော့ဂ်ပေါင်း တစ်သောင်းခြောက်ထောင်၊ ဖိုရမ်ကတော့ လေး ငါး ခြောက်ခု၊ နိုင်ငံခြား ၀က်ဆိုက်တွေကိုတော့ ထည့်မပြောတော့ပါဘူး.. (မြန်မာလို ရေးထားတဲ့ စာကလေးတွေကိုတောင် တော်တော် နားလည်အောင်ဖတ်နေရတာ အင်္ဂလိပ်လိုရေးထားတဲ့စာတွေဆိုရင်တော့ ချာချာကိုလည်ရော။) ဒါပေမယ့်လည်း တစ်ခါတစ်လေ မြန်မာမဟုတ်တဲ့သူတွေရေးထားတဲ့ စာပေလက်ရာလေးတွေက တမျိုးလေးဆန်းသစ်နေတတ်ပြန်ရော။ ဒီတော့လည်း ကိုယ်တတ်သမျှ ခြေတစ်ပေါင်ကျိုး အင်္ဂလိပ်အခြေခံကလေးနဲ့ ထောင့်တောင့်တောင့် လေငန်းဆွဲနေတဲ့ ထောင့်မကျိုးလှတဲ့ ကိုယ်ပိုင်မြန်မာစကားပြေ အရေးအသားနဲ့ ကြိုးစားပန်းစား ဘာသာပြန်ဖြစ်သွားကော။

အခုအောက်မှာ ဘာသာပြန်ထားတာကတော့ ကျူးဘားစာရေးဆရာ ဗာဂျီလစ်ယို ပြင်ညဲရိယာ ရဲ့ “တောင်” ဆိုတဲ့ ၀တ္တုတိုကလေးပဲဖြစ်ပါတယ်။ ၁၉၅၇ က လက်ရာပါ။


တောင်

ကျနော်ပြောမယ့် တောင် က အမြင့်ပေ ၃၀၀၀ ကျော်တယ်လို့ ဆိုကြပါတယ်။ ဒီတောင် တစ်တောင်လုံးကို ကျနော် တစစီ ၀ါးစား ပြစ်မယ်လို့ ဆုံးဖြတ်ထားပြီးပါပြီ။ တောင်ကတော့ သာမန်တောင် တစ်ခုပါပဲ။ တောင်ရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ ချုံနွယ် ပိတ်ပေါင်း၊ သစ်ပင်ဝါးပင်၊ မြေဆီ ကျောက်တုံး နဲ့ တောရိုင်းသတ္တ၀ါတွေလည်း အစုံအလင်ရှိပါရဲ့။ ပြေလျောလျော တောင်စောင်းတွေမှာ စုံဆန် တက်ချေ ဆင်းချေ ပြုနေကြတဲ့ လူ ဆိုတဲ့ သတ္တ၀ါတွေလည်း ရှိသေးတာပေါ့။ အခုဆို မနက်တိုင်း တောင် ဆီကို သွားပြီး ကျနော့် မျက်စိထဲ အရင်ဆုံး ရောက်လာတဲ့ အရာဝတ္တုကို ၀ါးစားနေပါတယ်။ တစ်နေ့တစ်နေ့ အချိန်များစွာယူပြီး တကယ်ကို လေးလေးနက်နက် လုပ်နေတာပါ။ အိမ်ပြန်ချိန်ရောက်လာရင်တော့ ကျနော့်တစ်ကိုယ်လုံး မောပန်းနွမ်းလျလှပါတယ်။ ပါးစောင်တွေဆို ရောင်ကိုင်းပြီး ဟမရလောက်အောင်ဖြစ်နေပေါ့။ ခဏတဖြုတ်နားပြီးရင်တော့ ဖိနပ်ချွတ်မှာထိုင်ပြီး အဝေးတစ်နေရာက တောင်ပြာတန်းကို မျှော်ကြည့်ရတာ အရသာတစ်မျိုးပါပဲ။ ကျနော်ဘာတွေလုပ်နေလဲဆိုတာကို ကျနော့်ရဲ့ အိမ်နီးချင်းကို ပြောပြလိုက်ရင်တော့ ခပ်လှောင်လှောင်လေး ရယ်ပြီး ကျနော့်ကို အရူးစာရင်းထဲ သွတ်သွင်းလိုက်မလားပဲ။ ဒါပေမယ့် ကျနော်က စိတ်ဖေါက်ပြန် ရူးသွပ်နေတဲ့သူမှ မဟုတ်ပဲ။ ကျနော် ဘာလုပ်နေလဲဆိုတာ ကိုယ်တိုင် ကောင်းကောင်းသိပါ့။ အခုဆိုကြည့် ကျနော်စားစားနေတဲ့တောင်ရဲ့ အမြင့်ကော အကျယ်ကော တဖြည်းဖြည်း လျော့နည်းလာတာကို သေသေချာချာ ကြည့်တတ်ရင် သိသိသာသာ ကိုမြင်နိုင်နေပြီ။ နောက်ပိုင်းဆိုရင်တော့ လူတော်တော်များများ သိလာပြီး မှ ဒီလိုဖြစ်တာဟာ ဘူမိဗေဒဆိုင်ရာ အပြောင်းအလဲတွေကြောင့်လို့ ဆိုကြလိမ့်မယ်။ တကယ်တော့ ဒါဟာကျနော့်ရဲ့ ပရိယာယ်ပဲလေ.. အမြင့်ပေ ၃၀၀၀ကျော်ရှိတဲ့ တောင်ကြီး တစ်လုံး လုံးပါးပါးသွားတာ ကျနော့်ကြောင့်ပါလို့ ရိုးရိုးသားသား ၀န်ခံချင်စိတ် ရှိမယ့်လူ ဒီလောကမှာ မရှိသေးဘူး မဟုတ်လား။