Sunday, September 28, 2008

တောင်

အခုတလော စာတွေပဲ အဖတ်များနေတယ်။ ရေးချင်စိတ်က သိပ်မရှိလှဘူး။ ဖန်တီးမှုစိတ်အင်အား ကျဆင်းနေတယ်ပဲ ဆိုပါတော့။ ဒီတော့ ဘာဖြစ်လဲ.. အဖတ်များပြီး အရေးမရှိတော့ အ၀င်များပြီး အထွက်မရှိ၊ တိုက်ရိုက် ဥပမာပေးရရင်တော့ စာပေ၀မ်းချုပ်ခြင်း ဖြစ်နေတယ်ပေါ့ဗျာ။ ခက်တာက ဒီကိစ္စမှာ ပြောရရင် စာပေ၀မ်းနှုတ်ဆေး ဆိုတာ မှမရှိပဲ။ အဲ.. ရှိရင်လည်း ၀မ်းနှုတ်ဆေးစားပြီး ရေးထွက်လာတဲ့ စာတွေကတော့ မွှေးရနံ့ လှိုင်လှိုင်ပျံ့မှာတော့ မဟုတ်ပေဘူး။

ဖတ်ဖြစ်တဲ့စာတွေကတော့ အများကြီးပဲ။ မြန်မာ ဘလော့ဂ်ပေါင်း တစ်သောင်းခြောက်ထောင်၊ ဖိုရမ်ကတော့ လေး ငါး ခြောက်ခု၊ နိုင်ငံခြား ၀က်ဆိုက်တွေကိုတော့ ထည့်မပြောတော့ပါဘူး.. (မြန်မာလို ရေးထားတဲ့ စာကလေးတွေကိုတောင် တော်တော် နားလည်အောင်ဖတ်နေရတာ အင်္ဂလိပ်လိုရေးထားတဲ့စာတွေဆိုရင်တော့ ချာချာကိုလည်ရော။) ဒါပေမယ့်လည်း တစ်ခါတစ်လေ မြန်မာမဟုတ်တဲ့သူတွေရေးထားတဲ့ စာပေလက်ရာလေးတွေက တမျိုးလေးဆန်းသစ်နေတတ်ပြန်ရော။ ဒီတော့လည်း ကိုယ်တတ်သမျှ ခြေတစ်ပေါင်ကျိုး အင်္ဂလိပ်အခြေခံကလေးနဲ့ ထောင့်တောင့်တောင့် လေငန်းဆွဲနေတဲ့ ထောင့်မကျိုးလှတဲ့ ကိုယ်ပိုင်မြန်မာစကားပြေ အရေးအသားနဲ့ ကြိုးစားပန်းစား ဘာသာပြန်ဖြစ်သွားကော။

အခုအောက်မှာ ဘာသာပြန်ထားတာကတော့ ကျူးဘားစာရေးဆရာ ဗာဂျီလစ်ယို ပြင်ညဲရိယာ ရဲ့ “တောင်” ဆိုတဲ့ ၀တ္တုတိုကလေးပဲဖြစ်ပါတယ်။ ၁၉၅၇ က လက်ရာပါ။


တောင်

ကျနော်ပြောမယ့် တောင် က အမြင့်ပေ ၃၀၀၀ ကျော်တယ်လို့ ဆိုကြပါတယ်။ ဒီတောင် တစ်တောင်လုံးကို ကျနော် တစစီ ၀ါးစား ပြစ်မယ်လို့ ဆုံးဖြတ်ထားပြီးပါပြီ။ တောင်ကတော့ သာမန်တောင် တစ်ခုပါပဲ။ တောင်ရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ ချုံနွယ် ပိတ်ပေါင်း၊ သစ်ပင်ဝါးပင်၊ မြေဆီ ကျောက်တုံး နဲ့ တောရိုင်းသတ္တ၀ါတွေလည်း အစုံအလင်ရှိပါရဲ့။ ပြေလျောလျော တောင်စောင်းတွေမှာ စုံဆန် တက်ချေ ဆင်းချေ ပြုနေကြတဲ့ လူ ဆိုတဲ့ သတ္တ၀ါတွေလည်း ရှိသေးတာပေါ့။ အခုဆို မနက်တိုင်း တောင် ဆီကို သွားပြီး ကျနော့် မျက်စိထဲ အရင်ဆုံး ရောက်လာတဲ့ အရာဝတ္တုကို ၀ါးစားနေပါတယ်။ တစ်နေ့တစ်နေ့ အချိန်များစွာယူပြီး တကယ်ကို လေးလေးနက်နက် လုပ်နေတာပါ။ အိမ်ပြန်ချိန်ရောက်လာရင်တော့ ကျနော့်တစ်ကိုယ်လုံး မောပန်းနွမ်းလျလှပါတယ်။ ပါးစောင်တွေဆို ရောင်ကိုင်းပြီး ဟမရလောက်အောင်ဖြစ်နေပေါ့။ ခဏတဖြုတ်နားပြီးရင်တော့ ဖိနပ်ချွတ်မှာထိုင်ပြီး အဝေးတစ်နေရာက တောင်ပြာတန်းကို မျှော်ကြည့်ရတာ အရသာတစ်မျိုးပါပဲ။ ကျနော်ဘာတွေလုပ်နေလဲဆိုတာကို ကျနော့်ရဲ့ အိမ်နီးချင်းကို ပြောပြလိုက်ရင်တော့ ခပ်လှောင်လှောင်လေး ရယ်ပြီး ကျနော့်ကို အရူးစာရင်းထဲ သွတ်သွင်းလိုက်မလားပဲ။ ဒါပေမယ့် ကျနော်က စိတ်ဖေါက်ပြန် ရူးသွပ်နေတဲ့သူမှ မဟုတ်ပဲ။ ကျနော် ဘာလုပ်နေလဲဆိုတာ ကိုယ်တိုင် ကောင်းကောင်းသိပါ့။ အခုဆိုကြည့် ကျနော်စားစားနေတဲ့တောင်ရဲ့ အမြင့်ကော အကျယ်ကော တဖြည်းဖြည်း လျော့နည်းလာတာကို သေသေချာချာ ကြည့်တတ်ရင် သိသိသာသာ ကိုမြင်နိုင်နေပြီ။ နောက်ပိုင်းဆိုရင်တော့ လူတော်တော်များများ သိလာပြီး မှ ဒီလိုဖြစ်တာဟာ ဘူမိဗေဒဆိုင်ရာ အပြောင်းအလဲတွေကြောင့်လို့ ဆိုကြလိမ့်မယ်။ တကယ်တော့ ဒါဟာကျနော့်ရဲ့ ပရိယာယ်ပဲလေ.. အမြင့်ပေ ၃၀၀၀ကျော်ရှိတဲ့ တောင်ကြီး တစ်လုံး လုံးပါးပါးသွားတာ ကျနော့်ကြောင့်ပါလို့ ရိုးရိုးသားသား ၀န်ခံချင်စိတ် ရှိမယ့်လူ ဒီလောကမှာ မရှိသေးဘူး မဟုတ်လား။

ဖေါက်ပြန်နေသော အမှတ်တံဆိပ်များ

သူမ၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ် ထိုမွှေ့ယာထက်ဝယ် လဲလျောင်းနေခဲ့သည်မှာတော့ အတန်ငယ်ပင် ကြာမြင့်ပါချေပြီ။

သူမသည် မှောက်ရက် အနေအထားဖြင့် ဖြစ်ပါသည်။ အချိန်တော်တော်ကြာ နေရာမရွေ့ တည်ငြိမ်သော အလောင်းကောင်များတွင် ကမ္ဘာ့ဆွဲအားကြောင့် ဖြစ်လေ့ရှိသော သွေးအနည်ထိုင်ခြင်း ဖြစ်စဉ်သည် သူမ၏ ကျောကုန်းကို သဘာဝမကျစွာ ဆွတ်ဆွတ်ဖြူနေစေသည်။ အခုအချိန်တွင် ခပ်တောင့်တောင့် ဖြစ်စပြုနေပြီဖြစ်သော ဒီခန္ဓာကိုယ်ကြီးကို ဆွဲမပြီး ပက်လက်လှန်လိုက်မည်ဆိုပါက ကိုယ်အရှေ့ခြမ်းတွင် နီညိုရင့်ရင့် သွေးအနည်ထိုင်ကွက်များကို တွေ့ရမည်မှာ သေချာပါသည်။ သွေးအများစု အနည်ထိုင်သော လက်ချောင်းများတွေကတော့ ပုံမှန်ထက် ခပ်တုတ်တုတ် ဖြစ်နေပြီး မျက်နှာနှင့် ခေါင်းပိုင်းကတော့ လူမြင်မကောင်းအောင် မည်းနက်နေပါသည်။

သူမ၏ ခန္ဓာကိုယ်တွင် ရှိသော ဆေးမှင်ကြောင်များကတော့ ဖျော့တော့ ဖြူဆွတ်နေသော အရေပြားပေါ်တွင် ထင်ထင်ရှားရှား ကြီးကို ပေါ်လွင်နေပါ၏။

မှုခင်းစစ်ဆေးရေးအဖွဲ့သည် အခန်းထဲတွင် မီးများကို ထွန်းညှိလိုက်သည်။ ပလတ်စတစ်ဘွတ်ဖိနပ်နှင့် စက္ကူအပေါ်ရုံအင်္ကျီများကို ၀တ်ဆင်ထားသော အဖွဲ့ဝင်များသည် လက်ကိုင် ခရမ်းလွန်ရောင်ချည် မီးအိမ်များ အကူအညီဖြင့် အမှုသက်သေခံ သွေးစသွေးနများ၊ သုက်သွေး အစွန်းအကွက်များကို လိုက်လံရှာဖွေနေကြသည်။ အဝေးပြေးကားလမ်းနံဘေးက အပေါစားဟိုတယ်တစ်ခုရဲ့ ဒီလိုအခန်းမျိုးမှာ အဖွဲ့ဝင်တွေ ရှာနေကြတဲ့ အရာနှစ်မျိုးလုံးကိုတော့ ဖေါဖေါသီသီ အချိန်မရွေး ရှာတွေ့နိုင်ပါရဲ့။ ဟော်တယ်မန်နေဂျာက မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်ကျဖို့ ဆော်သြနေပါပေါ့။ ဒင်းကများ လူသတ်မှု စစ်ဆေးနေတဲ့ ရဲအဖွဲ့ကို သူ့ရဲ့ဟော်တယ်မှာ အခန်းဝင်ရှင်းနေတဲ့ သန့်ရှင်းရေး အလုပ်သမတွေကို ဆက်ဆံသလို အပေါက်မျိုးနဲ့။

ကျနုပ်သည် ကုတင်ပေါ်မှ အလောင်းကောင်ကို စေ့စေ့ကြည့်လိုက်သည်။ သေဆုံးသွားတဲ့ ကောင်မလေးဟာ လွန်ရောကျွံရော အသက် ၂၄ နှစ်လောက်ပဲရှိဦးမှာဖြစ်ပေမယ့် ဒီထက် အများကြီးပိုပြီးရင့်ရော်နေတဲ့ ပုံပေါက်နေပါတယ်။ အိပ်ခ်ျအိုင်ဗီ ပေါ့စတစ်ဖြစ်ပြီးကတည်းက သွေးရောင်းစားလို့ မရတော့သော သူမအနေဖြင့် သူမ၏ ရှင်သန်ရေးအတွက် ခန္ဓာကိုယ်ကို စီးပွားရေးကုမ္ပဏီများထံ ၀ကွက်အပ်နှံထားခဲ့ရပုံရှိလေသည်။ လှတပတ၊ ကြည့်ပျော်ရှုပျော်ရှိသော မိန်းမပျိုလေးများ၊ ယောက်ျားပျိုလေးများ အနေဖြင့် “ကြီးငါးကြီးကုမ္ပဏီ” မှ ထုတ်လုပ်သော ပစ္စည်းတမျိုးမျိုးကို နှစ်သက်ရာရွေးချယ်ပြီး ၄င်း၏ ကြေငြာဆေးမှင်ကြောင်ရုပ်ကို မိမိတို့ကိုယ်တွင် ထိုးနှံလိုက်ခြင်းဖြင့် ကြီးငါးကြီးမှ သောင်းဂဏန်းမျှသော ထောက်ပံ့ကြေးကိုရနိုင်ပါသည်။

ဆေးစွဲနေသော မိန်းမပျက် တစ်ဦးအတွက်တော့ အတော်အတန်များသော ငွေကြေးပင်ဖြစ်သည်။

သူမရဲ့ခန္ဓာကိုယ်ပေါ်မှာလည်း များပြားလှစွာသော ကြေငြာဆေးမှင်ကြောင်ရုပ်များသည် တစ်ခုနှင့်တစ်ခု ထိကပ်လုနီးစွာတည်ရှိနေကြသည်။ မက်စ်အချိုရည်၊ သရီးဒီသွားတိုက်ဆေး၊ ဂေါ်ဇီလာခြင်ဆေး နှင့် အခြားသော အမှတ်တံဆိပ်များလည်း ပါသေး၏။ ဒီလိုမြောက်များလှစွာသော အမှတ်တံဆိပ်ရိုက်နှိပ်ထားသော ပစ္စည်းထုတ်ရန်အသုံးပြုသည့် ပလတ်စတစ်စအဟောင်းများကို ကားပါကင်ကွင်း၊ ရေမြောင်းများထဲတွင် ကျနုပ်အကြိမ်ကြိမ် အဖန်ဖန်တွေ့ခဲ့ဖူးသည်။ ဒီ ကုမ္ပဏီတံဆိပ်များက သူမကိုယ်ခန္ဓာကို အမှိုက်ပုံ နှင့် အလားသဏ္ဍာန်တူစေလေသည်။ တကယ်ဆိုရရင် သူမ၏ ယခုလက်တွေ့ ဖြစ်စဉ်သည်လည်း အမှိုက်ပုံ တစ်ခုနှင့် သိပ်မခြားလှချေ။

တစ်စုံတစ်ယောက်က သူမကို စိတ်ကြိုက် အသုံးပြုပြီး ဒီအခန်းထဲမှာ လက်လွတ်စပယ် လုံးချေ လွှင့်ပစ်ထားခဲ့ခြင်း ပင်ဖြစ်သည်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးတစ်လေကသာ ရှာရှာဖွေဖွေ ရင်ခွဲရုံထဲထိ လိုက်လာပြီး သူမ၏နောက်ဆုံး ခရီးကို နှုတ်မဆက်ခဲ့ပါက ကျနုပ်တို့အနေဖြင့် သူမ၏ နာမည်ကိုပင် သိနိုင်ရန် သိပ်အခွင့်အလန်းမရှိပါ။

သူမရဲ့ တင်ပါးခွက် တစ်ဖက်တစ်ချက်စီမှာတော့ “ဂွတ်မောနင်း ပေါင်မုန့်” ဆေးမှင်ကြောင်ကို တွေ့ရလေသည်။ ဒါဟာ သူမ၏ ကိုယ်ပိုင်စိတ်ကူးလား၊ ကုမ္ပဏီ၏ စိတ်ကူးလားတော့ မသိနိုင်တော့ပါ။

သူတို့၏ ဘန်းစကားနှင့်ဆိုလျှင်တော့ ဒါကို “ကိုယ့်ကိုကိုယ်ဈေးကွက်တင်ခြင်း” ဟု ခေါ်ပါသည်။ အစပိုင်းမှာတော့ ကုမ္ပဏီခပ်ကြီးကြီးတစ်ခုရဲ့ အထင်ကရ အမှတ်တံဆိပ်ကိုသာ ဆေးမှင်ကြောင်ထိုးပါသည်။ တစ်ကိုယ်လုံးတွင်မှ တစ်ခုတည်းသာဖြစ်၏။ အဲ.. နောက်တော့ သိပ်မကြာပါဘူး.. နှစ်ခုဖြစ်လာသည်။ ရုန်းမထွက်နိုင်သော ဆေးမှင်ကြောင် စီးပွားရေးဈေးကွက် မှာတ၀ဲဝဲလည်ရင်း နောက်တော့ သူမတို့၏ ခန္ဓာကိုယ်သည် ကြေငြာသင်ပုန်းဟောင်း တစ်ခုဖြစ်လာပေသည်။ ထိုအခါ သိပ်ပြီးဆွဲဆောင်မှု မရှိတော့သော သူမတို့၏ ဆေးစွဲနေသော ခန္ဓာကိုယ် ဖျော့တော့တော့ကို ကြီးငါးကြီး မှ စိတ်ဝင်စားခြင်း မရှိတော့ပါ။

ဒီလိုအခြေအနေမျိုးရောက်ပြီဆိုရင်တော့ ကြီးငါးကြီး နှင့် အလုပ်ဆက်လုပ်လို့မရတော့ပဲ ရပ်ကွက်ထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းပေါက်စလေး တွေနဲ့ပဲ ဆက်ဆံပြီး ငွေရအောင်ဆက်ရှာရပါတော့တယ်။

အခု မိန်းမပျိုလေးလည်း ဒီလိုဘ၀မျိုးထိရောက်ခဲ့ပါတယ်။ သူမရဲ့ ကျောကုန်းပေါ် လက်ပြင်ခွက်နှစ်ခုကြား နေရာမှာ “ရွှေစည်းစိမ် အသားကင်ဆိုင်” ကြေငြာနဲ့ ဘယ်လိုသွားရမယ်ဆိုတဲ့ မြေပုံငယ်လေး တစ်ခုကို တွေ့ရပါတယ်။ သူမရဲ့နောက်ပိုင်းက ဆက်ဆံတဲ့ ဖေါက်သည်တွေဆိုရင် ဒီကြေငြာလေးကို တွေ့မိပြီး အိမ်အပြန် ညစာအဖြစ် အဲဒီဆိုင်မှာ ၀င်စားဖြစ်ရင်တောင် စားဖြစ်နိုင်သေးတယ်။ ဒီလိုအတွေးမျိုးကို တွေးတာနဲ့တင် အော်ဂလီဆန်ပါ့။

တကယ်တော့ သူမဘ၀က ဘာနဲ့တူလည်းဆိုရင် အကြွေစေ့ထည့် အချိုရည်ဘူးရောင်းတဲ့ စက်လိုပါပဲ။ ဒါပေမယ့် စက်ဟာ သုံးမရအောင်ပျက်နေပြီး အထဲမှာလည်း ဘာအချိုရည်ဘူး၊ ဘာအကြွေစေ့မှ မရှိတော့ပါဘူး။ ဒီတော့ ဘယ်သူမှလည်း အရေးတယူ မပြုကျတော့ဘူးပေါ့။

သွေးစက်တွေ ဘေးဘီ စဉ်တာကို ကြည့်ရတာတော့ လူသတ်သမားဟာ အလေးချိန်ရှိပြီး တုံးတဲ့ လက်နက်ကို သုံးသွားခဲ့တယ်လို့ ကောက်ချက်ချလို့ရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာနဲ့ နှစ်လမ်းကျော်မှာတော့ စွန့်ပစ်ထားတဲ့ တင်းပုတ်တစ်ခုကို ရှာဖွေတွေ့ရှိပါတယ်။ တင်းပုတ်မှာ သူမရဲ့ ဆံပင်နဲ့ သွေးစအချို့ ကပ်နေပါတယ်။ လက်ဗွေရာ ဘာညာတော့ မတွေ့ရပါဘူး။

ကျနုပ်အနေနဲ့ မှုခင်းစုံစမ်းရေး ရဲတပ်ဖွဲ့မှာ လုပ်တာကြာပါပြီ။ ဒီလိုအမှုမျိုးဆိုရင် တရားခံကို ရှာမတွေ့ပဲ ထာဝစဉ် အမှုပွင့်ရက်ကြီးပဲ ဖြစ်သွားတတ်တယ်ဆိုတာလည်း သိနေလောက်အောင်ကို လုပ်သက်ရင့်နေပါပြီ။

ဘာဖြစ်လို့များ ကျနုပ်အနေနဲ့ ဒီအလုပ်မှာပဲ ဆက်လုပ်ဖြစ်နေသေးလဲကတော့ ဘုရားပဲသိပါတယ်။



(No Logo by Duncan Shield ကို ခံစားပြန်ဆိုထားပါသည်။)